Thursday, November 17, 2011

ဒီမိုကရေစီနိုင်ငံတော်သစ်ဆီသို့ ထော့ကျိုးထော့ကျိုး

ဒီမိုကရေစီနိုင်ငံတော်သစ်ဆီသို့ ထော့ကျိုးထော့ကျိုး


အမှန်ကတော့ အပြေးတပိုင်းသွားတာပဲ၊ ပလက်ဖောင်း အက်နေ၊ကွဲနေတာတွေကို ရှောင်ပြီးချီတက်ရတာဆိုတော့ ထော့ကျိုးထော့ကျိုးဖြစ်သွားရတယ်။

အမျိုးသားခေါင်းဆောင်ပုံရောင်းလို့ရပြီ။

ဒီမိုကရေစီဆိုတာဘာလဲ။ အဲဒါကို Tကာချဲ့ဖို့မဟုတ်ပါဘူး။

မြန်မာပြည်မှာ ဒီမိုကရေစီရပြီဆိုတော့ ဘာတွေများထူးခြားလည်း လမ်းပေါ်မှာလေ့လာတယ်ပေါ့ခင်ဗျာ။

လေ့လာတော့ ဗိုလ်ချုပ်တို့သားအဖ လမ်းပေါ်ရောက်နေတာတွေ့ရတယ်။
ဖိုတိုရှော့ပ်ထားတဲ့ ပုံလှလှလေးတွေနဲ့အတူ၊ တိုင်းပြည်ခေါင်းဆောင်ကြီးကိုပြန်တွေ့ရတယ်။
သူကတော့ရုပ်တည်ကြီးနဲ့ပဲ။ မေးတွေဘာတွေ မထောက်ထားဘူး။ မြန်မာပြည်မှာပဲနေသွားတော့ ပဲတွေဘာတွေ သိပ်မပေးတတ်ဘူး။ ရုပ်တည်ကြီးနဲ့ မုန့်တီသောက်နေတဲ့ပုံတွေပေါ့ဗျာ။ အဲဒါကို ဘယ်လိုရောင်းလဲဆိုတာလည်း စိတ်ဝင်စားမိတယ်။ ဗိုလ်ချုပ် ဆိုပြီး ဈေးခေါ်ရောင်းသလား။ မသိဘူး။ အိမ်တွေမှာ ကပ်ထားကြသေးလား။ အဲဒါလည်းမသိဘူး။ ဘယ်နေရာတွေမှာကပ်ထားသလဲ။ အဲဒါလည်းမသိဘူး။

မကြာသေးမီက အရင်တစ်ယောက် (နာမည်တော့မေ့ပြီ)။ လူရွှင်တော် ဟာသမင်းသမီးကြီး မသန်းရွှေနဲ့ နာမည်ဆင်တဲ့တစ်ယောက်ပုံတွေတော့ ရုံး နံရံတွေ ညစ်ပတ်တယ်ဆိုပြီး ဖြုတ်လိုက်တာသိရတယ်။ ဗိုလ်ချုပ်ကိုရော ရုံးတွေက ပြန်လက်ခံပြီလားတော့မသိရသေးပါဘူး။

ဗိုလ်ချုပ်အောင်ဆန်းဆိုတာ သမိုင်းမှာတော့ အာရှရဲ့ ဂန္ဓီဂျီ ( Gtalk မှာ အမြဲစိမ်းနေလို့) နဲ့ တန်းတူသတ်မှတ်လေးစားရတဲ့ပုဂ္ဂိုလ်ကြီးပေမယ့် အစိုးရရုံးတွေမှာတော့ သိပ်ပေါ်ပြူလာမဖြစ်ဘူးဖြစ်နေတာတွေ့ရတယ်။ အဲဒါတွေကတော့ ၀ါသနာပါရင် ကပ်ထားသင့်တဲ့ အမျိုးသားခေါင်းဆောင်ပုံရဲ့နေရာမှန်ပါ။ လမ်းပေါ်မှာ အမျိုးသားခေါင်းဆောင်ပုံကို ရောင်းခွင့်ပြန်ရတဲ့အတွက်တော့ အင်မတန်ဝမ်းသာပါတယ်။

Youtube ခွေများ

ရှေးရှေးတုန်းက မီဒီယာ လွတ်လပ်ခွင့်မရတဲ့အပြင်၊ ပြည်သူလူထုတွေ အတွေးအမြင်မှားယွင်းစေနိုင်တဲ့အတွက် နိုင်ငံတော်ရဲ့စေတနာအရ ပိတ်ဆို့ပေးထားတဲ့ youtube မှာတင်ထားတဲ့ ဦးခင်ညွှန့်ဇာတ်လမ်းတို၊ နာဂစ်တုန်းက ကလေးပုံတွေ စတာတွေကို အခွေတွေ ရောင်းဝယ်နေတာလည်းတွေ့ခဲ့ပါတယ်။ ဒါကို မီဒီယာလွတ်လပ်ခွင့်လို့ခေါ်ရင် အတော်လေး လွတ်လပ်ပါတယ်။ အခွေတွေကတော့ စုံတယ်။ အက်ရှင်မင်းသား Jason Statham ကို မြန်မာမှုပြုထားတဲ့နာမည်ကိုတော့ အတော်လေးကြိုက်သွားတယ်။ ပြောင်ကြီးတဲ့။ အကို ပြောင်ကြီးကားတွေရှိတယ်။ အသားကုန်မိုက်တယ်။ လန်းတယ်။ လုံးဝမဂွမ်းဘူး။ မကောင်းရင် နောက်နေ့ ပြန်လာပေး။ အလကားလဲပေးလိုက်မယ် ဆိုပြီး ပြောတာပဲ။ သုံးခွေ တစ်ထောင်နဲ့ သုံးလေးထောင်ဖိုး ၀ယ်ခဲ့မိတယ်။ ယူကျူ့ဘ်ကဟာတွေတော့ မ၀ယ်ခဲ့ဘူး။ ပုပ်သိုးနေတဲ့သတင်းတွေ။ News resurrections လို့တောင်ပြောလို့ရတယ်။

ဝန်ကြီးများရုံး

ဒီနေရာကတော့ အရင်က အတွင်းဝန်များရုံး၊နောက်ပိုင်းဝန်ကြီးများရုံး စသဖြင့် နာမည်တွေပြောင်းလာရင်း၊ နေပြည်တော်ကို ရုံးတွေရွှေ့သွားတော့ ဟိုတယ်အဖြစ်ပဲ ဖြတ်၊ဖောက်၊ချုပ်ရတော့မလိုလို၊ ပြတိုက်အဖြစ်နဲ့ပဲ လူပျိုကြီးဘ၀ကို အရိုးထုတ်ရတော့မလိုလို ဖြစ်နေတဲ့ နေရာပါပဲ၊ နှစ်ပေါင်းတစ်ရာကျော်ရှိပါပြီ။ အဲဒီအနီးအနားမှာရှိတဲ့ ဘုရားကျောင်းတောင် ရှေ့နှစ်မှာ နှစ်တစ်ရာပြည့်ပါမယ်။ နှစ်တစ်ရာဆိုတာ ထင်သလောက်တော့ အသက်မကြီးသေးပါဘူး။ ဒါပေမယ့် ဒီရုံးဟာ မြန်မာတစ်နိုင်ငံလုံးအတွက် sentimental value ရှိတယ်လို့ထင်တယ်။ heritage လို့တော့မပြောချင်ဘူး။ အင်္ဂလိပ်တွေဆောက်ထားတာဆိုတော့ မြတ်နိုးနေစရာတော့မရှိပါဘူး။ ဒါပေမယ့် ဒီရုံးဟာ သမိုင်းစာအုပ်တွေဖတ်လိုက်ရင် ရှိနေတုန်းပဲ။ မြင်းခွာတစ်ချက်ပေါက်လျှင် မီးဟုန်းဟုန်းတောက်စေရမည်ဆိုပြီး ဆန္ဒပြခဲ့တာလည်းအဲဒီနေရာပဲ။ ခရေပန်းကောက်ကြတဲ့ကလေးတွေ ကားတိုက်တာလည်း အဲဒီနေရာလေးတွေပဲ။ ရုံးကို ရှိုးနဲ့လာတုန်း ကျီးကန်းက ပေါ့ပေါ့ဆဆ အညစ်အကြေးစွန့်လို့ စိတ်တိုကြရတာလည်း အဲဒီရုံးနားလေးပဲ။

ရုံးထဲမှာတော့ ပြေးလွှားဆော့လို့ရအောင်ကျယ်ပါတယ်။ အထဲမှာ ကားပါကင်တွေကို အကွက်ချထားတယ်။ အင်္ဂလိပ်တွေဟာ အဲဒီလို အကွက် အကွက်လေးတွေမှာ သပ်သပ်ရပ်ရပ်ရှိတာကို ကြိုက်ပုံရတယ်။ ကြမ်းပြင်နဲ့ အမိုးတွေနဲ့ဟာ ပေနှစ်ဆယ်လောက်ကွာမယ်ထင်တယ်။ ၀င်ပေါက်တွေကို လေးထောင့်မဟုတ်ဘဲ ဘုရားကျောင်းတွေကလို တြိဂံချွန်လိုမျိုး၊ စက်ဝိုင်းခြမ်းလိုမျိုးလေးတွေ လုပ်ထားတယ်။ အုတ်တွေကလည်း သာမန်အုတ်တွေထက် ထူတယ်။

ဗိုလ်ချုပ်တို့ အသတ်ခံရတယ်ဆိုတဲ့ အခန်းကတော့ အပေါ်ဘက်မှာပါ။ အဲဒီနေရာကို အမှတ်တရအဖြစ် ပြုပြင်မွမ်းမံသင့်တယ်။ အခန်းကို မှန်တွေနဲ့ပြန်ကာပြီး အပြင်ကနေကြည့်လို့ရအောင် သူ့အတိုင်းလေးထားထားသင့်တယ်။ ဟိုတယ်ဆောက်ချင်ရင်တော့ အဲဒီရုံးပတ်လည်က မလိုအပ်ဘဲ ကျယ်ဝန်းနေတဲ့ ပလက်ဖောင်းနဲ့ ခြံဝင်းကို ပတ်ပြီး ဆောက်သင့်တယ်။ ၀န်ကြီးများရုံးကိုတော့ ဟိုတယ်မလုပ်သင့်ဘူး။ ရုံးအထဲမှာကို အပင်တွေစိုက်ထားတဲ့အကွက်တွေမှာ နေရာလွတ်တွေရှိတယ်။ အဲဒီနေရာမှာ ဟိုတယ်ဆောက်ရင်တော့ Pile ရိုက်နေတုန်းမှာပဲ ရုံးပြိုနိုင်တယ်။ အက်ရာတွေရှိတယ်။ တစ်ချို့နေရာတွေမှာတော့ အုတ်တွေကွာကျနေတယ်။

ဇေကမ္ဘာဦးခင်ဇော်ကတော့ ပြတိုက်လုပ်သင့်တယ်ဆိုတဲ့သူတွေဟာ အဆိုးမြင်တွေလို့ပြောတယ်။ ကမ္ဘာမှာ tourists တွေဟာ ပြတိုက်ကို အရင်ဆုံးသွားကြတယ်လို့ဖတ်ဖူးတယ်။ ပြင်သစ်က အဆိုးမြင်တွေ၊ အီတလီက အဆိုးမြင်တွေနဲ့ လန်ဒန်က အဆိုးမြင်တွေရှိလို့ တော်သေးတာပေါ့လို့တွေးမိတယ်။ မဒမ်တူးဆော့တို့များ အဆိုးမြင်တတ်ပါပေတယ်တောင် ချီးကျူးမိတယ်။ တကယ်ဆိုရင် အဲဒါတွေကို ဟိုတယ်လုပ်လိုက်ရင် ပိုမကိုက်ဘူးလားလို့ အင်္ဂလန်သား၊ပြင်သစ်သားနဲ့ အီတလီသားများကိုလည်း မေးခွန်းထုတ်ပြိး အပြစ်တင်ကြည့်စေလိုကြောင်းပြောချင်ပါတယ်။

ဒီမိုကရေစီမှာတော့ ဒီလိုပဲ။ နည်းနည်းတော့ အပြောအဆိုရှိမယ်။ ကိုယ်ပြောတာမှန်တယ်ထင်ရင် သတင်းစာကနေ (ဦးနုတို့ခေတ်ကလို) ရေးချင်လည်းရေးနိုင်တယ်။ မဟုတ်ဘူးထင်တဲ့သူတွေက မဟုတ်ဘူးငြင်းလိမ့်မယ်။ ကိုယ်နဲ့မတူတာဟာ အဆိုးမြင်ဆိုရင်တော့ အရှင်ဒေ၀ဒတ်အတွက် ဂေါတမမြတ်စွာဘုရားဟာ အဆိုးမြင်တစ်ယောက်ဖြစ်မယ်။ သူ့ပရိုပိုဆယ်တွေကို ဘုရားဗီတိုအာဏာနဲ့တောင်ပယ်လိုက်တာ တယ်အဆိုးမြင်တာပဲလို့ ဆိုစရာရှိတယ်။

Exchange Rate

Exchange Rate ဟာ FE bank နဲ့ Sedona မှာတော့ ပါးစပ်ထဲမှာရှိတယ်ဗျ။ FE bank မှာ ဇနီးသည်အတွက် အခွန်ဆောင်တော့ တစ်ဒေါ်လာဟာ ၈၅၀ ကျပ်တဲ့။ အခုနလေးတင် အစိုးရပေါက်ဈေး ၈၀၀ ဆိုတာတွေ့ခဲ့ပါတယ်ဆိုတာတောင်မှ မရဘူး။ အကျိုးဆောင်ခ ၂၀၀၀၀ ကျပ်။ exchange rate မှာ တစ်ဒေါ်လာ ငါးဆယ်ကျပ် ပိုပေးပြီး ဆောင်ခဲ့ရတယ်။ ဒီမိုကရေစီစနစ်ဟာလည်း အဆင်ပြေဖို့ရေလောင်းနေရတုန်း။

Sedona မှာလည်း 850 ကျပ်နဲ့တွက်သဗျ။ ဒီမိုကရေစီမှာ ညီညွတ်မှုကို ဦးစားပေးရမယ်မဟုတ်လား။ ဒီနေရာတွေမှာတော့ အစိုးရဌာနတွေနဲ့သဘောတူညီထားသလိုကို ညီမျှနေတာ။ တစ်ခန်းကို တစ်ရက် ၇၀$ ခင်မျာ့။ နည်းနည်းမှ လျှော့တော်မမူဘူး။ လျှော့တာလိုချင်ရင် tour agency တွေနဲ့လာမှရမယ်တဲ့။ (တစ်ရက်တည်းခဲ့ပါတယ်။တည်းဖူးတယ်ရှိအောင်။)

လာဘ်ပေးလာဘ်ယူကိစ္စ အနည်းငယ်

အရင်လိုတော့ဟုတ်ကိုမဟုတ်တော့ဘူး။ ဥပမာ စည်ပင်ရုံးမှာ ပိုက်ဆံသွားပေးရင် ခင်ဗျားကို။ ဟာဗျာ။ ခင်ဗျားဘယ်လိုလုပ်တာလဲဆိုပြီး ပြာပြာသလဲနဲ့ မယူဘူးပြန်သိမ်းဆိုပြီးပြောလိမ့်မယ်။ စည်ပင်မှာ web cam တွေရော အသံဖမ်းစက်တွေပါတပ်ထားတယ်။ ပေးချင်ရင် ရုံးပြင်ပ တစ်ခြားနေရာမှာပေး။ ရုံးထဲမှာပေးလို့ကတော့ ခင်ဗျားဟာ တို့ရန်သူအစစ်ပဲ။ လာဘ်ပေး၊လာဘ်ယူတို့ရန်သူ(စည်ပင်ရုံးအတွင်း) လို့ဆိုင်းဘုတ်ကို နည်းနည်းပြင်ပေးရမယ်။

ကျန်တဲ့ဌာနတွေကတော့ အဆင်ပြေသလိုပဲယူပါတယ်။ အဆင်ပြေအောင် လက်ဖက်ရည်ဖိုးလေးဘာလေးပေးရတာလည်းရှိပါမယ်။ လက်ဖက်ရည် ခွက်လေးဆယ်ဖိုးလောက်ပေးရတာလည်းရှိသလို၊ လက်ဖက်ရည် ၁၆၇ ခွက်စာပေးရတာမျိုးလည်းရှိပါတယ်။ ကိုယ့်ကိစ္စပေါ်မူတည်တာပေါ့။ ကားအဟောင်းတွေ နာမည်ပေါက်တွေဘာတွေဆိုရင်တော့ လက်ဖက်ရည်ဖိုးမဟုတ်လောက်တော့ဘူး။ ဘီယာဖိုးလောက်ပေးရလိမ့်မယ်ထင်တယ်။

မပေးရင်ဘာဖြစ်လဲဆိုတော့။ ကြာတယ်ဗျာ။ ပိုက်ဆံမပေးဘဲ ရုံးကိစ္စတစ်ခုလုပ်တာ နှစ်ရက်ကြာတယ်။ ပိုက်ဆံပေးရင် ချက်ချင်းရတယ်။ အဲဒါမျိုးတွေကို အားနေတဲ့အခါ ပိုက်ဆံမပေးဘဲ စောင့်ယူခဲ့တယ်။

မီဒီယာခေတ်ရောက်လာပြီလို့ဆိုကြတယ်။ မြန်မာပြည်မှာကို ခေတ်က အမျိုးမျိုး။ အဲဒီတော့ မကျေနပ်ရင် ၀န်ကြီးကို ဖုန်းဆက်တိုင်လို့ရတယ်တွေ ဘာတွေဖြစ်လာတယ်။ ဘာလုပ်မလဲဗျာ။ လူတွေကို ဘာလို့ဒုက္ခပေးမလဲ။ ကိုယ်လည်းအဆင်ပြေ၊ သူလည်းအဆင်ပြေရင်ကောင်းတယ်။ အခု ညွှန်ကြားရေးမှုးတစ်ဝက်လောက်က စစ်ဘက်ကနေပြောင်းလာတဲ့သူတွေပဲ။ တော်ရုံနဲ့လည်း ပြုတ်စရာမရှိပါဘူး။ ကိုယ့်ကိစ္စအဆင်ပြေပြီး၊ ကိုယ်အဆင်ပြေတယ်ဆိုရင် ပေးလိုက်လို့ရတယ်။ သိပ်များများတောင်းတယ်ဆိုရင်တော့ အသိလေးမိတ်ဆွေလေးရှာပြီးသွားပေါ့။ မြန်မာပြည်မှာ မိတ်ဆွေက အရေးအကြီးဆုံးပဲ။ မိတ်ဆွေရဲ့အသိဆိုတာနဲ့ကို ကူညီချင်နေပြီ။ ဘယ်နေရာမှာမဆိုပါပဲ။

အရင်ကတော့ ဒီလိုကိစ္စတွေမှာ သိပ်အစွန်းရောက်တယ်။ နောက်တော့စဉ်းစားကြည့်တယ်။ ကျွန်တော်တို့တွေ အများစုဟာ ၀န်ထမ်းမိသားစုတွေကပဲ။ အရင်လို မဟုတ်တော့တဲ့ ကုန်ကျစရိတ်တွေနဲ့ဝန်ထမ်းလုပ်ရတာလည်းလွယ်မယ်မထင်ဘူး။ သူလည်းအဆင်ပြေ၊ ကိုယ်လည်းအဆင်ပြေတာကောင်းပါတယ်။ တစ်နေ့နေ့ သူတို့ရဲ့ဝင်ငွေတွေဟာ မိသားစုအတွက် လုံလောက်ပြီဆိုတဲ့ခေတ်ရောက်ရင်တော့ လာဘ်ပေးလာဘ်ယူစနစ်က ပိုပြီး ဆန့်ကျင်ဖို့လိုအပ်လာမယ်ထင်ပါတယ်။ တစ်သောင်းဆိုရင် စင်ကာပူဒေါ်လာနဲ့ဆိုရင်၂၀ SGD လောက်ပဲရှိမယ်။ အဲဒီလောက်ပေးပြီး ဒီမှာ ၁၄၀၀ SGD လောက်သက်သာသွားမယ်ဆိုရင် အဲဒီ ၂၀ SGD ကို ကျွန်တော်ပေးမိမှာပါပဲ။ ဒီမှာ အေးဂျင့်တွေကို ပေးတာထက်တောင် နည်းနေပါသေးတယ်။

ဘဏ်က မန်နေဂျာကတော့ ပိုက်ဆံလုံးဝမတောင်းပါဘူး။ ရှေ့မှာ ပင်စင်တွေထုတ်ပေးနေလို့ နောက်ကနေ၀င်သွားပြီး လက်မှတ်လေးထိုးစရာလိုလို့ပါဆိုတော့ တစ်ခါတည်းထိုးပေးလိုက်ပြီး၊ ဆက်လက်ခိုင်းရမယ့်သူကို တခါတည်းလုပ်ခိုင်းပြီး စောင့်ယူသွားပါလို့ပြောတယ်။ အဲဒီလိုလူမျိုးလည်းရှိပါတယ်။ သူတို့ရုံးအဖွဲ့ရဲ့ကထိန်အတွက်တောင် အမှတ်တရလှူခဲ့သေးတယ်။ ရုံးတိုင်းတော့ ပိုက်ဆံမတောင်းဘူးဆိုတာကိုပြောချင်တာပါ။

ပညာရေး ကုန်ကျစရိတ်များ

ဝင်ငွေကိစ္စကို ကျွန်တော်တို့ နည်းမှန်းသိတာကြာပါပြီ။ အဲဒါကို မြှင့်တင်ပေးဖို့ဆိုတာ တောင်းဆိုသင့်တဲ့အချိန်တောင်းဆိုတတ်ဖို့လည်းလိုပါတယ်။ လောလောဆယ် အဲဒီ တစ်ဦးချင်းဝင်ငွေတွေထက် အရေးကြီးတဲ့ ကုန်ကျစရိတ်တွေကိုပဲပြောချင်ပါတယ်။

ကျွန်တော်တို့ကျောင်းတက်တုန်းက ကျောင်းကားခက တစ်ထောင်အောက်မှာပဲရှိပါတယ်။ အခုဆိုရင်ဆယ်ဆလောက်ဖြစ်နေပြီ။ အဲဒါတွေကိုတော့ ပြောချင်ပါတယ်။ မြန်မာပြည်မှာ မိသားစုတွေက အားလုံးရင်းပြီး ပညာသင်ပေးကြတာ။ အထူးသဖြင့်ဆင်းရဲတဲ့မိသားစုတွေမှာ ၀န်ထုပ်ဝန်ပိုးလိုဖြစ်လာတာကို စိတ်မကောင်းပါဘူး။ ဘာမှ ရေရေရာရာ အနာဂတ်မသေချာလှတဲ့ နှစ်ရှည်တက်ပြီး ဘာမှဖြစ်မလာမှာကို သေသေချာချာ စဉ်းစားစေချင်တယ်။ အချိန်တွေရော ၊ ပိုက်ဆံတွေရောပိုနေလို့ ကျောင်းအကြာကြီးတက်တာ ပြဿနာမရှိပေမယ့် အချိန်နဲ့ငွေနဲ့တွက်ပြီး တက်ဖို့လိုတဲ့သူတွေက သင့်တော်တဲ့ကျောင်းကို ရွေးဖို့လိုတယ်။

ကုန်ကျစရိတ်တွေကို ခေတ်အရ ဈေးတက်တာကို အစိုးရအနေနဲ့ subside လုပ်စေချင်တယ်။ ကျောင်းတွေမှာ ပိုက်ဆံလိုနေတာ မြန်မာနိုင်ငံမှာမှမဟုတ်ပါဘူး။ နိုင်ငံတကာက ကျောင်းကောင်းတွေမှာလည်း အစိုးရထောက်ပံ့မှပဲ လည်ပတ်နိုင်တာပါပဲ။ အထူးသဖြင့် တိုင်းပြည်ရဲ့ အဓိက ပညာတတ်အင်အားစုကို ရနိုင်ဖို့ ပညာရေးမှာ များများထောက်ပံ့စေချင်တယ်။ ဖောင်ဒေးရှင်းတွေ ဖွင့်ဖို့ကိုလည်း ကြိုဆိုမိတယ်။ အစိုးရမလုပ်နိုင်ရင်လည်း လုပ်နိုင်တဲ့သူတွေက လုပ်ဖို့ကြိုးစားသင့်တယ်။ ကလေးတွေခမျာ ကျောင်းတွေ အဝေးကြီးတွေမှာ ဘယ်လောက်ပင်ပင်ပန်းပန်းတက်နေကြရလဲဆိုတာကို နားလည်မိတယ်။ အရင်ခေတ်ကလို ကျောင်းသားတွေကို ကြောက်စရာ ရန်သူလို့ မြင်တဲ့လူတွေလည်းမရှိတော့တဲ့အတွက် ကျောင်းတွေကို နီးနီးနားနားမှာ စုစုဝေးဝေးထားနိုင်ဖို့ကို မျှော်လင့်တယ်။

ဆရာတွေကိုမွေးထုတ်ဖို့အကြောင်းကိုလည်း အခုလက်ရှိတာဝန်ထမ်းဆောင်နေတဲ့ ပါမောက္ခတစ်ယောက်နဲ့ စကားစမြည်ပြောဖြစ်ခဲ့တယ်။ စင်ကာပူက မြန်မာပြည်ကဆရာတွေကို လေ့ကျင့်ပေးဖို့ ကမ်းလှမ်းထားတာတွေရှိတယ်။ လွှတ်လိုက်ရင် ပြန်မလာမှာစိုးလို့ ဘယ်လိုလုပ်ရင်ကောင်းမလဲစဉ်းစားနေရတယ်လို့ပြောတယ်။

ပညာရေးနဲ့ပတ်သက်ပြီး ကမ္ဘာ့အဆင့်မီဖို့ နှစ်သုံးဆယ်လောက် အချိန်ယူပြီးလုပ်စေချင်တယ်။ ဈေးနှုန်းသက်သာပြီး အဆင့်မြင့်တဲ့ပညာရေးစနစ်ကို ကျွန်တော်တို့ ဒီမိုကရေစီနိုင်ငံသားတိုင်း ရစေချင်တယ်။


Regards,
Zephyr (ခေတ္တမြန်မာပြည်)

Notes:
ဒီနေ့စိတ်မကောင်းစရာသတင်းတစ်ခုကို အားလုံးနဲ့အတူကြားခဲ့ရပါတယ်။
တိုက်ပေါ်ကနေ ခုန်ချသွားတဲ့ ကလေးမလေးအတွက် စိတ်မကောင်းဖြစ်မိတယ်။ ကျွန်တော်တို့တွေ အားလုံး ကိုယ့်အချစ်ဆုံးသူငယ်ချင်းတစ်ယောက်ကို အချိန်နည်းနည်းစီပိုပေးဖို့ သတိပြုစရာပါပဲ။ ကျွန်တော်တို့တွေ သူငယ်ချင်းတစ်ယောက် တကယ်လိုအပ်နေတဲ့အချိန်မျိုးမှာ အသင့်ရှိနေတတ်ဖို့ သတိထားမိတယ်။
ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် နောက်ထပ် ဒီလို အဖြစ်ဆိုးမျိုးတွေ ထပ်ပြီးမဖြစ်စေချင်တော့ဘူး။ ကိုယ့်သူငယ်ချင်းတွေထဲမှာရော ဒီကလေးမလေးလို လူမသိသူမသိ အထီးကျန်နေတဲ့သူတွေရှိနေမလား ဆိုတာကို သေချာတွေးကြည့်မိတယ်။

သေခြင်းတရားဆိုတာ နောက်ထပ်ဆုတ်စရာမရှိတော့လို့ မှီကပ်ရပ်လိုက်တဲ့ နောက်ဆုံးက အုတ်နံရံတစ်ခုပါပဲ။ ဖြစ်လေရာဘ၀မှာ အေးချမ်း၊ငြိမ်းချမ်းပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။



Peace B with U.