Thursday, January 1, 2009

ကောင်းကင်ဘုံသို့လှမ်းတက်ခြင်း



တကယ်လို့ မေတ္တာတရား ကပေးတဲ့ ကိုယ်ချင်းစာနာမှုမရှိရင် ဘယ်သူမှ တစ်ခြားလူတွေရဲ့ နှလုံးသားကို နားလည်ပေးနိုင်မှာ မဟုတ်ဘူး ...။
( Henry Ward Beecher )


အရောင်းသမား ဘ၀တစ်လျှောက်လုံးမှာ ဆက်ဆံရခက်တဲ့ ဈေးဝယ်သူတွေကို ကျွန်မအံ့အားသင့်ခဲ့ရတယ် ...။ ဘာလို့သူတို့မှာ အမုန်းတရားတွေများနေတာလဲ...။ ဘာလို့ သူတို့ဟာ မကြင်နာတတ်တာလဲ။
ဘာလို့ စဉ်းစားဆင်ခြင်ဉာဏ်ကြီးသူတွေဟာ ရုတ်တစ်ရတ် လောက၀တ်တွေ မေ့လျော့သွားရတာလဲ ....။

တစ်နေ့မှာတော့ ဈေးဝယ်သူတွေရဲ့ အတွေးကို ကျွန်မ ထွင်းဖောင်နားလည်ခွင့် ရခဲ့ပါတယ်....။ ကျွန်မ အမျိုးသားရဲ့ တေးသံသွင်းဆိုင်ကို သွားလည်တုန်းကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်ပါ...။ အမျိုးသားက ဈေးဝယ်သူတစ်ယောက်ကို ရောင်းနေတုန်းမို့လို့ ... ကျွန်မလည်း ဇနီးကောင်းတွေရဲ့ ထုံးစံအတိုင်းပေါ့ ... ဆိုင်မှာ ကောင်တာထိုင်ပေးနေလိုက်တယ် ..။ အမျိုးသားရဲ့ဆိုင်မှာက အရောင်းဝန်ထမ်း အပိုလည်းမရှိဘူးဆိုတော့ ဒီလိုပဲ ကူညီရတာပါပဲ..။


ညစ်ပေနေတဲ့ John Deere ဦးထုပ်ကို အညိုရောင်ဆံပင်ပါးပါး ပေါ်မှာ ကြပ်နေအောင်ဆောင်းထားတဲ့ အဘိုးအိုတစ်ယောက်ဆိုင်ထဲဝင်လာပြီး "သီချင်းခွေ ရှာချင်လို့ပါ " လို့ပြောတယ် .. ။ "သီချင်းနာမည်က .."ဆိုပြီး .... အဘိုးအိုက ဟောင်းနွမ်းညစ်ထေးနေတဲ့ ပုံနှိပ်စက္ကူခေါက်လေးကို ဂျင်းဘောင်းဘီအိတ်ထဲက ထုတ်ပြီး "ကောင်းကင်ဘုံကိုသွားတဲ့လှေကား ၊ ... အဲဒီအခွေလေးများရှိလား ..." လို့ မေးလိုက်တယ် ..။

ကျွန်မလည်း နံရံမှာကပ်ထားတဲ့ သီချင်းတွေ၊သီချင်းခွေတွေကို စာရင်းလုပ်ထားတဲ့ ကဒ်တွေ ရှေ့မှရပ်ပြီး အဲဒီသီချင်းကို စေ့စေ့စပ်စပ်ရှာကြည့်လိုက်တယ်။ ကံကောင်းတဲ့နေ့တွေမှာဆိုရင် သီချင်း စာရင်းကဒ်တွေက အက္ခရာဝလိ စဉ်ထားတတ်ပေမယ့် ဒီနေ့မှာတော့ ကဒ်တွေက အစီအစဉ်လွဲနေတယ်...။ ကျွန်မ မိနစ်ပေါင်းများစွာ ရှာပေးနေတုန်း သူ့ရဲ့ မခံမရပ်နိုင်မှုဟာ ပိုပိုကြီးထွားလာတယ်...။

"ကျွန်မတောင်းပန်ပါတယ်ရှင်၊ ဒီသီချင်းက ဆိုင်မှာရှိပုံမရဘူး"

သူ့ရဲ့ အနောက်ကို ခွက်ဝင်နေတဲ့၊ အရည်လဲ့နေတဲ့ မျက်လုံးပြာတွေဟာ ကျဉ်းမြောင်းသွားတယ်..။ ဘယ်လိုမှ ခန့်မှန်းမတတ်အောင်ပါပဲ .. သူ့ဇနီးသည်က သူ့ရဲ့ အင်္ကျီလက်ကိုလှမ်းကိုင်လိုက်ပြီး သူ့ကို ဆိုင်အပြင်ထွက်ဖို့ ဆွဲခေါ်တယ်...။ အဖိုးအိုရဲ့ နှုတ်ခမ်းဟာဒေါသကြောင့် တွန့်လိမ်နေတယ်။

"ကောင်းပါပေ့ .. ဒီလောက်နာမည်ကျော်တဲ့ သီချင်းတောင်မရှိဘဲနဲ့ ဘာလို့ တေးသံသွင်းဆိုင်လို့ ဆိုင်းဘုတ်ထောင်ထားသေးလဲ ... ဒီလို သီချင်းမျိုးမရှိတဲ့ ဆိုင်က ဘာအသုံးကျတဲ့ဆိုင်လဲ .... ကလေးတိုင်း ဒီသီချင်းကို သိတယ်" ဆိုပြီး အဖိုးအိုက အော်ဟစ်ပေါက်ကွဲနေတော့တယ်...။

"ဟုတ်ပါလိမ့်မယ် ... ဒါပေမယ့် ကျွန်မတို့ အနေနဲ့လည်း သီချင်းအားလုံးတော့ ရှိမနေနိုင်ပါဘူး "လို့ကျွန်မကပြောလိုက်တယ်...။

"အိုး ... ခင်ဗျားကတော့လွယ်လွယ်လေးပြောတာပေါ့ ...။ ဆင်ခြေတွေက လည်းပေးရ လွယ်မှလွယ်ကိုး ...။"

သူ့ဇနီးသည်က သူ့အင်္ကျီလက်ဆွဲရင်း တိုးတိုးကြိတ်ကြိတ်ဖျောင်းဖျတယ်၊ သူကို စိတ်ပြေသွားအောင် ကြိုးပမ်းတယ် ... ဒေါသထွက်နေတဲ့ မြင်းရိုင်းကြီးကို မြင်းထိန်းက ချော့နေသလိုမျိုးပါပဲ ....။

အဘိုးအိုဟာ .... ကျွန်မဘက်ကို ငုံ့ကိုင်းပြီး .. သူ့ရဲ့အ ရေတွန့်နေတဲ့ လက်ချောင်းနဲ့ ကျွန်မမျက်နှာကို လက်ညှိုးထိုးပြီး " ငါသိပါတယ် ... မင်းဘယ်လိုမှ နားလည်နိုင်မှာမဟုတ်ဘူးဆိုတာ ငါသိပါတယ် ...။ မင်းကငါ့သားဆုံးသွားတာကို ဘယ်ဂရုစိုက်ချင်ပါ့မလဲ ...။သူက Camaro ကားမောင်းလာရင်းနဲ့ သစ်ပင်နဲ့ တိုက်မိပြီးဆုံးပါးသွားတယ် ..။ သူ့အတွက် သူအကြိုက်ဆုံး သီချင်းကို သူ့ ဈာပနမှာဖွင့်ပေးမလို့ .. အခုတော သားလေးဆုံးပြီကွ ... သူဆုံးရှာပြီ ... ၁၈ နှစ်ထဲရှိသေးတယ် ... သူဆုံးရှာပြီ ..."

ကျွန်မမျက်နှာရှေ့မှာ ဝှေ့ယမ်းနေတဲ့စာရွက်ငြိမ်သွားတော့ မှသေချာကြည့်မိတယ် .... ဈာပနအတွက် အောက်မေ့ဖွယ်အခမ်းအနား စာရွက်လေးဖြစ်နေတယ်...။

"မင်းငါ့ကိုနားလည်မှာမဟုတ်ဘူးဆိုတာ ငါရိပ်မိပါတယ် ..."
လို့ အဘိုးအိုက တိုးတိုးလေးပြောလိုက်တယ် ...။ သူခေါင်းကိုငိုက်စိုက်ချလိုက်တယ် .. သူ့ဇနီးသည်ကို သူ့လက်မောင်းကိုဆုပ်ကိုင်ရင်း သူ့နံဘေးမှာ တွေတွေလေးရပ်နေတယ် ...။

"အဘိုးရဲ့ ဆုံးရှုံးမှုကို ကျွန်မ ဘယ်လိုမှနားမလည်နိုင်ဘူးဆိုတာဖြစ်နိုင်ပါတယ်" လို့ကျွန်မက အေးအေးချမ်းချမ်းပဲပြောလိုက်တယ် ... " ဒါပေမယ့် ကျွန်မတို့လည်း လေးနှစ်ပဲရှိသေးတဲ့ ကျွန်မတိုတူလေး ပြီးခဲ့တဲ့လကတင် ဆုံးပါးသွားလို့ ဈာပနလိုက်ပို့ခဲ့ရပါသေးတယ် ...
အဲဒါဟာ ဘယ်လောက် ထိခိုက်ကြေကွဲစရာကောင်းလဲဆိုတာ ကျွန်မသိလိုက်ပါတယ် ..."


သူက ကျွန်မကို ကြည့်လိုက်တယ် ...။ ဒေါသအရိပ်အရောင်တွေလည်း လျောကျလွင့်စင်သွားပါတယ် ...။ "အဲဒါဟာ ရှက်ရွံ့စရာ ခံစားချက်ပဲမဟုတ်လား ...၊ ငါတို့မကာကွယ် ပေးလိုက်နိုင်ဘူးဆိုတဲ့ နောင်တနဲ့ညစ်ထေးနေတဲ့ ရှက်ရွံ့တဲ့ခံစားချက်ပဲပေါ့ ..." လို့နာနာကျင်ကျင်ခံစားရတဲ့အသံနဲ့တိုးတိုးလေးပြောလိုက်တယ် ... ... ကျွန်မတို့ဟာ စကားတစ်ခွန်းမှမဆိုဖြစ်တော့ပဲ အကြာကြီးရပ်နေမိကြတယ် ...။ နောက်တော့ အဘိုးအိုက သူ့ရဲ့ ဘောင်းဘီနောက်အိတ်ကို လက်နဲ့စမ်းပြီး .. ပိုက်ဆံအိတ်ကိုဆွဲထုတ်လိုက်တယ် ... ပြီးတော့ " ငါတို့ရဲ့သားလေးပုံကို ကြည့်ပါဦး" လို့ပြောလိုက်လေရဲ့...။

(Joanna Slan)




Peace B with U.