Wednesday, December 31, 2008

ဂျက်ဆီလေးအတွက် လက်အိတ်တစ်စုံ


ကြင်နာစွာ ကိုယ်ချင်းစာလိုက်တဲ့ အပြုအမူတစ်ခုဟာ တစ်ခါတစ်ရံမှာ သူ့ဘာသာသူ အကျိုးပြန်ပေးတတ်ပါတယ် ...။
( ၀ီလျံ ဂျေ ဘန်းနက်)

ကျွန်တော်က နိုင်ငံအနှံ့စတိုးဆိုင်တွေရှိတဲ့ စာ့ခယ်ခေ(Circle K) ကော်ပိုရေးရှင်း အတွက် စီမံခန့်ခွဲမှုသင်တန်းတွေ အမြောက်အများ ပေးခဲ့ဖူးပါတယ်။ ကျွန်တော်ဟောပြောခဲ့တဲ့ ခေါင်းစဉ်တွေထဲမှာအရည်အချင်းပြည့်ဝတဲ့ ၀န်ထမ်းတွေကို ထိန်းသိမ်းထားခြင်းနဲ့ ပတ်သက်တဲ့ ခေါင်းစဉ်တစ်ခုလည်း ပါပါတယ် .. ။ ၀န်ဆောင်မှုလုပ်ငန်းတွေမှာ လစာနှုန်းထား သတ်မှတ်ပေးရတာဟာ မန်နေဂျာတွေအတွက်တော့ တကယ့်စိန်ခေါ်မှုကြီးတစ်ခုပါပဲ...။ အဲဒီဆွေးနွေးပွဲမှာ ... သင်တန်းသားတွေကို ကျွန်တော်မေးခွန်းတစ်ခုမေးခဲ့တယ်။

"မန်နေဂျာတစ်ယောက်ဖြစ်လာတဲ့အထိ ဒီအလုပ်မှာမြဲနေအောင် ဘယ်အရာက လုပ်ပေးခဲ့လဲ"

အချိန် အတော်လေးကြာတော့ မန်နေဂျာအသစ်လေးတစ်ယောက်က မေးခွန်းကို ဖြည်းဖြည်းလေး ဖြေတယ် ...၊ "၁၉ဒေါ်လာပေးရတဲ့ လက်အိတ်လေးတစ်စုံပါ" ..။

စင်သီယာဆိုတဲ့ အဲဒီမန်နေဂျာအသစ်လေးက ဒီကော်ပိုရေးရှင်းမှာ ယာယီအလုပ်သမားတစ်ယောက် အနေနဲ့ အလုပ်စ၀င်တော့ ဒီထက်ပိုကောင်းမယ့် အခွင့်အလမ်းကို ရှာခဲ့တဲ့အကြောင်း သင်တန်းသားတွေအားလုံးကို ပြောပြတယ်။ ကောင်တာနောက်မှာ နှစ်ရက်သုံးရက်ထိုင်ပြီးတဲ့နေ့မှာ သူမဆီကို ကိုးနှစ်အရွယ်ရှိနေပြီဖြစ်တဲ့ သူမသားလေး ဂျက်ဆီက ဖုန်းဆက်တယ်။ သူက ကလေး ဘေ့စ်ဘောပြိုင်ပွဲ အတွက် လက်အိတ်လေးတစ်စုံလိုတဲ့အကြောင်းပြောပြတယ် ...။ သူမကလည်း အမျိုးသားမရှိတော့တဲ့ တစ်ကိုယ်တည်း အမေတစ်ယောက် အနေနဲ့ ငွေပိုငွေလျှံ မရှိတဲ့ အကြောင်း၊ ပထမဆုံးရတဲ့ လခကလည်း ပေးစရာရှိတဲ့ အခွန်အခတွေ ပေးရမှာဆိုတဲ့အကြောင်း ၊ ဒုတိယလခ ဒါမှမဟုတ် တတိယလခ ရတဲ့ အခါလောက်မှ ၀ယ်ပေးနိုင်မယ် ဆိုတဲ့အကြောင်း သားလေးကို ရှင်းပြလိုက်တယ်။

သူမ နောက်တစ်နေ့  အလုပ်ဆင်းတဲ့အခါမှာ ကုန်လှောင်ရုံ မန်နေဂျာ ပတ်ထရစ်ရှားက စတိုးဆိုင်နောက်နားက ရုံးခန်းလုပ်ထားတဲ့ အခန်းကျဉ်းလေးထဲကို လာခဲ့ပါလို့ခေါ်လိုက်တယ်။ စင်သီယာက သူဘာများ အမှားလုပ်မိလို့ပါလိမ့်၊ မနေ့က လုပ်စရာရှိတာတစ်ခုခုများ မပြီးဘဲကျန်ခဲ့လို့လား ဆိုပြီး စိတ်ပူသွားတယ်။ စိတ်တွေက ရှုပ်ထွေးမွန်းကြပ်သွားတယ်...။

ရုံးခန်းထဲရောက်တော့ ပတ်ထရစ်ရှားက သူမကို ဘူးလေးတစ်ဘူးပေးလိုက်တယ်။
"မနေ့က ရှင် သားလေးနဲ့ ပြောနေတာကို ကြားလိုက်မိလို့ပါ ၊ ကလေးတွေကို ရှင်းပြရတာ တကယ်ခက်ခဲမှန်း ကျွန်မ နားလည်ပါတယ်၊ ဒါလေးက ဂျက်ဆီလေးအတွက် ဘေ့(စ်)ဘော လက်အိတ်ပါ ... ကလေးအနေနဲ့ သူ့ကိုယ်သူ ဘယ်လောက်အရေးကြီးတဲ့သူမှန်း သိမှာမဟုတ်သေးဘူးလေ .. ရှင် က အခွန်ဆောင်စရာတွေကို အရင်ဆောင်ရတာမှန်ပေမယ့် ကလေးအတွက်ကတော့ နားလည်ချင်မှနားလည်မှာမို့လို့ပါ ...။ ပြီးတော့ ကျွန်မတို့အနေနဲ့လည်း အခုအချိန်အခါမှာ ၀န်ထမ်းတွေကို လစာတိုးပေးချင်သလောက် မတိုးပေးနိုင်သေးမယ့် ကျွန်မတို့ ဟာ ၀န်ထမ်းတစ်ဦးစီကို ဂရုစိုက်ပါတယ်၊ ရှင် ဟာ ကျွန်မတို့အားလုံးအတွက် အရေးပါတဲ့သူဆိုတာကိုလည်း သိစေချင်လို့ပါ ... ။"


...
....
.........


ကုန်လှောင်ရုံမန်နေဂျာ ရဲ့ အမြော်အမြင်ရှိမှု ၊ ကိုယ်ချင်းစာနာထပ်တူခံစားပေးတတ်မှု နဲ့ ချစ်ခြင်းမေတ္တာက ၀န်ထမ်းတွေဟာ အလုပ်ရှင်ကဘယ်လောက်ပေးတယ်ဆိုတာထက် အလုပ်ရှင်က ကိုယ့်ကို ဘယ်လောက် ဂရုစိုက်တယ်ဆိုတာကို ပို မှတ်မိတဲ့ အကြောင်းကွက်ကွက်ကွင်းကွင်း ဖော်ပြနေပါတယ်။ ဘေ့(စ်)ဘော လက်အိတ်လေးကပေးတဲ့ အရေးကြီးတဲ့ သင်ခန်းစာတစ်ခုပါပဲ ...။ ။

(Rick Phillins)



....အလ္လာပသလ္လာပ (အဓိပ္ပါယ်မရှိဘဲ ရောက်တတ်ရာရာ) စကားတွေပြောရရင်တော့ ... အခု Chicken Soup for the Soul At Work ဆိုတဲ့ စာအုပ်လေးဖတ်နေပါတယ် ...။ ဇာတ်လမ်း ၁၀၁ ခုပါတယ် ...။ အားတဲ့ အခါတိုင်း ဘာသာပြန်ပြီး တင်ပေးသွားပါမယ် ... ။ ဤမှန်သောသစ္စာစကားကြောင့် အလုပ်ရှာနေကြသော သူငယ်ချင်းအပေါင်း တို့သည် .. စိတ်ဖိစီးမှုနှင့် ကြွေးပူကင်း၍ ကျန်းမာ ထီပေါက် နိဗ္ဗာန်ရောက် ... အဲလေ ...

အင်တာဗျူးအောင် ...
ချက်ချင်းခန့်ခံရ ...
S-pass လည်း အမြန်ဆုံး approved ဖြစ်
ဆေးစစ်ရင်လည်း ပြဿနာမတက် ...
MOM မှာလည်း အဆင်ပြေ ...
Work Pass Center မှာလည်း မစောင့်ရ ...
အလုပ်မှာလည်း စိတ်ဖိစီးမှု နတ္ထိ ...
လခလည်းများများရ၍
သူငယ်ချင်းအပေါင်းကို စားပိုးနင့်အောင် ကျွေးနိုင်ကြပါစေလို့ ..
သာယာမှုနဲ့ သာသနာပြု .. အဲလေ .. ဆုတောင်းပတ္ထနာကို ဥုံသြောင်းမညံ ... ဇလုံ၊တောင်းမလှန် ဘဲ ... အကုန်တောင်းခံလိုက်ပေတယ် ... ။ ကဲ ရွာစားရေ ... စီရရီကံလေးတွေ ပွင့်သွားအောင် ၀ီစကီ အကျန်လေးကို ဗိန်းမောင်း နဲ့ဖွင့် .... ။ ။ :)



Peace B with U.