စူပါမင်းမပျံတဲ့နေ့တွေ
အငြိမ့်ရှိတယ်
မုသားမပါ လင်္ကာမချော
ကျွန်တော်မညာပါဘူး
စူပါမင်းလို ပျံပြမယ်...
လူဆိုးတွေကို ထိုးပြမယ် ...
ပျောက်နေတဲ့ ရယ်မောစရာတွေ
ပြန်ရှာပေးချင်တာပါ
ဒါက စူပါမင်းထက် အရေးကြီးတယ်။
သုခမိန်လှိုင်ရဲ့ အငြိမ့်ထဲက ကဗျာချိုလေး/ကဗျာတိုလေးတစ်ပုဒ်ပါ။ အငြိမ့်ဆိုတာ ပျော်ဖို့လို့ထင်ပါတယ်။ အပြစ်ကင်းတဲ့ပျော်ရွှင်မှုတစ်ခုလို့ အကြမ်းဖျင်းဆိုနိုင်မယ်ထင်တယ်။ အပြစ်လုံးလုံးကင်းတယ်တော့မဟုတ်ဘူး၊ မောဟတစ်ချက်တစ်ချက်ဝင်သွားရင် အကုသိုလ် အပျော့စားလောက်တော့ဖြစ်ကောင်းဖြစ်မယ်။ ဒါပေမယ့် ပျော်တာဟာကောင်းတယ်။ ပျော်နေတဲ့သူတစ်ယောက်က တစ်ခြားတစ်ယောက်ကို ဒုက္ခပေးမယ်မထင်ဘူး။ ပျော်နေတဲ့သူတစ်ယောက်က မပျော်တဲ့သူတွေကို ပျော်စေချင်မှာပဲ။ ပျော်နေတဲ့သူတစ်ယောက်က မပျော်သူတွေကို စာနာနားလည်ပေးဖို့ အချိန်ပေးချင်စိတ်၊ နားထောင်ပေးချင်စိတ်ဖြစ်ကောင်းဖြစ်လာနိုင်တယ်။ ပျော်နေတာကို လေးစားတယ်။ ပျော်ရွှင်မှုဆိုတာလိုအပ်တယ်။ အမေရိကန်ရဲ့ ဖွဲ့စည်းပုံမှာ နိုင်ငံသားတိုင်းပျော်ရွှင်ဖို့ အခွင့်အရေးရှိတယ်လို့ပါတယ်။ ပျော်ရွှင်မှုဆိုတာ အစိုးရပေးရမယ့် အခွင့်မဟုတ်တဲ့အတွက် ဒါဟာ မဆီလျော်ဘူးလို့ အိုရှိုကထင်တယ်။ ပျော်ရွှင်မှုဆိုတာ လူတိုင်းရဲ့ အခြေခံစိတ်ထားလို့ ကျွန်တော်ကထင်တယ်။ ဦးလှိုင်ကလည်း ပျောက်နေတဲ့ ရယ်မောစရာတွေ ပြန်ရှာပေးချင်တာပါ လို့ပြောတယ်။ သူပြောတာကို ကျွန်တော်ခံစားရတယ်။ ပျောက်နေတဲ့ရယ်မောစရာတွေဆိုတာ ကျွန်တော့်အတွက်တော့ တော်တော်လေး ထိတဲ့စကားလုံးပဲ။ ကျွန်တော်တို့တွေ ရယ်မောစရာတွေ ပျောက်နေတာ တော်တော်လေးကြာသွားတယ်။ အခုမှ နည်းနည်းပြန်ပြုံးနိုင်တုန်းလေးရှိသေးတယ်။ ဒီင်္နေ့အငြိမ့်သွားကြည့်ဖြစ်တယ်။
အငြိမ့်ကြည့်မှာလား
အငြိမ့်ရှိတယ်
မင်းသမီးလေးချောလား
အငြိမ့်ရှိတယ်
လူပြက်ကြီးတွေ ရယ်ရလား
အငြိမ့်ရှိတယ်
ဆိုင်းကောင်းလား
အငြိမ့်ရှိတယ်
အငြိမ့်ကြည့်မှာလား
တရားသူကြီးလုပ်မှာလား
သုခမိန်လှိုင်
တရားသူကြီးမလုပ်ခဲ့ဘူး။ အငြိမ့်ကြည့်ခဲ့တယ်။ ပျော်ရွှင်ခြင်းကို စိတ်ထဲတင်ကြည့်တယ်။ ပျော်ခြင်း၊ အပြစ်ကင်းတဲ့ပျော်ခြင်း၊ လူတွေ များများလိုနေတာ ပျော်ရွှင်မှုဖြစ်မယ်။ အသံဖမ်းအင်ဂျင်နီယာ ရှိပုံမပေါ်လို့ spikes တွေ သေနတ်ပစ်သံလို ဖြစ်တော့ အရှေ့တန်းက လင်မယား ၀ပ်ဝပ်သွားတယ်။ အငြိမ့်ပွဲ၊ သေနတ်သံမကြောက်နဲ့။ ပျော်ပွဲ။ နားထဲ ဆောင့်ဝင်လာတဲ့သံချပ်သံ ... နည်းနည်းတိုးစေချင်သလား၊ ပျော်ပါစေ .....အငြိမ့်ပွဲ ...... ထားလိုက်တော့ ပျော်ကြရွှင်ကြ ကြည်နူးကြ။
မြန်မာပြည်ဟိန်းရာဇာ ရွှေတံဆိပ်ရှစ်ဆု ... ပီယာနိုတီးတယ်။ အငြိမ့်ပွဲ ... လျှပ်စစ်ဂီတကို ခဏမေ့ထားလိုက် ဆိုင်းသံအလှည့်နားထောင် ပျော်ဖို့အသင့်ပြင် .........တစ်.........နေရာယူကြ။
အရိုင်း စာသားမေ့တယ် ... ပျော်ပျော်ရွှင်ရွှင်သီချင်းဆိုရင်ရပြီ ...စာသားအရေးမကြီးဘူး၊ တီးလုံးအရေးမကြီးဘူး .... ပျော်ရွှင်ခြင်း .... အရေးသိပ်ကြီးတယ်။
ဇာဂနာ ဖျော်ဖြေတယ်.... မင်းကိုနိုင်တို့က သီချင်းရေး၊ သီချင်းဆို ဇေယျာသော်တို့က အမတ်လုပ်ပေါ့လို့ သူပြက်တယ်။ ..... ရယ်စရာကောင်းတဲ့ပြက်လုံးပဲ ... ပရိတ်သတ်တွေလက်ခုပ်တီးတယ် ......ပျော်လို့တဲ့။
အရယ်ရဆုံးပြက်လုံးတဲ့ ဇာဂနာကဖတ်ပြတယ်၊ စစ်သားအမတ်တွေအားလုံး လွှတ်တော်က ထုတ်ပစ်လိုက်တယ်တဲ့ ......၊ မျှော်လင့်ချက်ဟာ ရယ်စရာ ပျော်စရာပဲ .... မဖြစ်နိုင်ဖြစ်နိုင်ကို ခဏလေးမေ့ထား လူ့ဘုံကြီးမှာ ပျော်စရာကျန်သေးတယ်။
ငှက်ပျောကြော်ကပြက်တယ်။ အသံမကောင်းပေမယ့် ရုပ်နဲ့ထိန်းဆိုမယ်တဲ့ ..... လူတွေ ပျော်ကြတယ် ......မဟုတ်တာကို အဟုတ်လုပ်ပြောတာ ရယ်စရာကောင်းတယ် .... နှစ်နှစ်ဆယ်ကျော် ငါတို့ ရယ်ခဲ့ကြတယ် .... ၂၃ နှစ်တိုင်တိုင်။
သမ္မတကြီး ရယ်နေပြုံးနေသတဲ့ ..... မင့် အမေလင် အယောက်သုံးရာကို မလွှတ်သေးတာကရော ဘာလို့လဲတဲ့ .. ဇာဂနာကပြောတယ်။ အရိုင်းကဖောက်တယ် ..... လူတွေရယ်ကြ၊ လက်ဖ၀ါးနာအောင် လက်ခုပ်တီးကြ .........၊ ရင်ဘတ်ထဲက အသံ တစ်ခြားသူတွေ ထုတ်အော်/ထုတ်ဖော်ရင် ပျော်ကြတယ်။ ကိုယ့်ကိုယ်စား တစ်ခြားသူတွေ သံတိုင်ရဲ့ တစ်ဖက် ရောက်သွားတော့ ၀မ်းနည်းကြတယ်။ လူ့လောကကြီးဟာ အငြိမ့် .... လက်ခုပ်တီးကြ၊ သံတိုင်များနောက်က ညီအကိုများကို ကယ်တင်ကြ၊ သူတို့လည်းပျော်ချင်ကြမယ် ......၊ လာ ......အငြိမ့်ကြည့်ကြ .........ပျော်စရာကောင်းတယ်။
မြန်မာပြည်ရဲ့ ပေါ်ပင်စကားနှစ်ခွန်း အမေ နဲ့ အဘတဲ့ .... အရိုင်းကဖြေတယ်။ လူတွေရယ်ကြ ..... ပျော်နေကြတယ် ..............။ ထိုင်ခုံမထိုင်ခင် ကျမ်းကျိန်ဆိုတော့ ရယ်ကြပြန်တယ်။ ..............
ဇာဂနာက အမေခိုင်းတာဆိုပြီး ဘယ်အမေခိုင်းမှန်းမသိ လုပ်နေကြတာကိုလည်းပြက်တယ်။ ........ အငြိမ့်ဟာ ချစ်စရာကောင်းတယ်။ အငြိမ့်ဟာ ပျော်စရာကောင်းတယ်။ အငြိမ့်ဟာ ရင်ထဲမှာရှိပြီးသား တေးသီချင်းကို အသံချဲ့လိုက်တာဖြစ်မယ်။
အငြိမ့် .... အပြုံးတွေကို သယ်ဆောင်လာတဲ့ လေညင်းဖြစ်တယ်။ အောက်ဆီဂျင်အပြည့်ပါတယ် ........၊ ဖုံမှုန့်တွေရွေးမရှူနဲ့ .........အေးမြပါတယ်။
အငြိမ့် ....... လူရွှင်တော် အရိုင်းရဲ့သမီး ကလေးမလေး လှလှလေးကနေတယ်။ ပျော်ပျော်လေး ကနေတယ်။ သူ့အပျော်နဲ့ကိုယ့်အပျော် ချိတ်မိသွားကြတယ်။ ဒါပဲပေါ့ ....သူ ကနေတယ်။ ကျွန်တော်တို့ရဲ့စိတ်တွေ ကနေတယ်။ ငြိမ်းချမ်းမှုမှာ ပျော်ရွှင်နေတယ်။ ပျော်ရွှင်မှုမှာ စိမ်းလန်းနေတယ်။ စပျစ်နွယ်ဟာ ရှင်သန်ပွားများနေသလို ပျော်ရွှင်ခြင်းဟာ ပွားနေတယ်။ နောက်ထပ် ဒဂုန်တာရာရဲ့ အရိုင်း(သို့) အောင်ဆန်းရဲ့ သမီးလေး ကနေတယ်။ ....... သူပျော်ရဲ့လား ..........အငြိမ့်ဘယ်မှာလဲ။ ကျွန်တော်တို့ကြည့်နေတယ်။
အငြိမ့် .......ကျွန်တော်တို့ လက်ခုပ်တီးချင်တယ်။
အငြိမ့် ...... ကျွန်တော်တို့ပျော်ရွှင်ချင်တယ်။ (လက်ကျန် ညီအကို သုံးရာကိုလည်း ပွဲထွက်ကြည့်ခွင့်ရစေချင်တယ်။)
အငြိမ့် ...... ရယ်စရာလုပ်ရင် ဘယ်သူ့ကိုမဆို ရယ်လိုက်ချင်တယ်။
အငြိမ့် ...... လူပြက်ကြီးက အမှန်တွေပြောမယ်၊ ကျွန်တော်တို့ ........အမှန်တွေရယ်မယ် .......။
အငြိမ့် ... ကျွန်တော်တို့ရင်ထဲမှာ ........
ဆိုင်းဆရာ ဆိုင်းဆင့်တော့
ပီတိတွေ လေပင့်နေတယ် .............။
အငြိမ့် ....
အိမ်အပြန်လမ်းမှာ
ပျော်ရွှင်မှုတွေနဲ့ပြန်လာတော့
မပျော်ရွှင်တဲ့ ကမ္ဘာကြီးရဲ့
မျက်စောင်းခဲတာ
ခံကြရတယ်။
အခု အငြိမ့်ထဲ .... ပရိတ်သတ်နေရာကကြည့်ပြီး ..........ပျော်ရွှင်နေလိုက်တယ်။
၃၁ဘုံ အငြိမ့်ထဲ ... ကိုယ့်ပြက်လုံးတွေ ...........ကိုယ် မရယ်ဖြစ်ခဲ့တာ ဘယ်လောက်ကြာနေပါလိမ့်။
အငြိမ့် ..........အငြိမ့် .......................အငြိမ့်။ ။
With Regards,
The Gardener
Peace B with U.