နားလည်မှု
နားလည်မှုဆိုတာ ဘာလဲလို့မေးရင် ဖြေရခက်နိုင်တယ်။ တွေးကြည့်ရင် နားလည်မှုဆိုတာ အသိခက်တဲ့ အသိတစ်မျိုးဆိုတာ ပိုနားလည်လာနိုင်တယ်။ အရင်ကလည်း နားလည်မှုဆိုတာကို တခါမှ မစဉ်းစားခဲ့ဘူး။ ကိုယ့်စိတ်နဲ့ကိုယ်ပဲတွေးတယ်။ လုပ်တယ်။ မွေးကတည်းက အငယ်ဆုံးဖြစ်ခဲ့တဲ့လူတွေမှာ နားလည်မှုဆိုတာ အတော်လေး အားနည်းတယ်။ မွေးရာပါ ချွတ်ယွင်းချက်ကို ပြင်ဖို့ အချိန်မရလိုက်ဘူး။ အိမ်တွေက အလိုလိုက်ထားတာကို အကျင့်ပါသွားပုံရတယ်။ တစ်ဦးတည်းသောသားတွေမှာ ညီအကို၊မောင်နှမချို့တဲ့လို့ဖြစ်တတ်တဲ့ အခင်အမင်လွန်တတ်မှုလိုပဲ နားလည်မှုဆိုတာ အခွင့်သင့်မှ သင်ယူနိုင်တဲ့ လေ့ကျင့်ခန်းပဲ။ ဒီအတိုင်းလည်း နားလည်မှုဆိုတာကို အဓိပ္ပာယ်အမျိုးမျိုးဖွင့်ကြတယ်။ ကိုယ်ချင်းစာတရား နဲ့ ကရုဏာတရားပါတဲ့ အသိစိတ်ဟာ နားလည်မှုနဲ့ အတော်လေးနီးစပ်နိုင်တယ်။
နားလည်မှုမရှိလို့ ကမ္ဘာမှာ ပြဿနာတွေတက်တယ်။ နိုင်ငံနှစ်နိုင်ငံစစ်ဖြစ်တယ်။ ချစ်သူနှစ်ယောက်လမ်းခွဲတယ်။ ဇနီးနဲ့မယား ကွာရှင်းတယ်။ ဒါတွေဟာ ထင်သာမြင်သာတဲ့ ဥပမာတွေဖြစ်တယ်။
နားလည်မှုက အတ္တကို အနည်းဆုံး အသုံးပြုရတဲ့ ကစားပွဲလည်းဖြစ်တယ်။ နားလည်မှုဟာ ကိုယ့်ကိုယ်ကိုရော တစ်ဖက်သားကိုပါ နားလည်နိုင်တဲ့ စိတ်မှာပဲ ပြည့်ပြည့်ဝဝဖြစ်တည်နိုင်တဲ့အရာဖြစ်တယ်။ နားလည်မှုဆိုတာ အနစ်နာခံမှုသက်သက်လည်းမဟုတ်ဘူး။ နားလည်မှုက သဘောတူညီချက်တစ်ခုနဲ့တူတယ်။ မကြိုက်တာတစ်ခုကို နားလည်ပေးဖို့ ကြိုးစားရတဲ့အခက်အခဲဟာ နားလည်မှုကို ကျင့်သုံးလိုက်နာမယ့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းအတွက်တော့ စိမ်ခေါ်မှုတစ်ရပ်ပဲ။
နားလည်မှုဟာ ရေရှည်တည်ဆောက်ရမယ့်အရာ၊ ထာဝစဉ်ကျင့်သုံးရမယ့် အကျင့်ကောင်း၊ အမြဲလျှောက်လှမ်းရမယ့် လမ်းလည်းဖြစ်တယ်။ နားလည်မှုဟာ တစ်ဖက်တည်းနဲ့မြည်အောင်တီးရတဲ့ လက်ခုပ်သံလည်းဖြစ်တယ်။
နားလည်မှုနဲ့ ပွားမေတ္တာမှာတူညီတာက စိတ်ကနေစရမှာပဲ။ ကိုယ်ပိုင်ဆိုင်တဲ့ စိတ်မဟုတ်ဘူးဆိုတာ ဆင်ခြင်မိရင် ကိုယ့်ရဲ့စိတ်လို့ ပြောဖို့ခက်လိမ့်မယ်။ အဲဒီ့ အနီးစပ်ဆုံး စိတ်လေး၊ ကိုယ်ပိုင်တာမဟုတ်ပေမယ့် ကိုယ်နဲ့ အနီးဆုံးစိတ်ကို နားလည်မှ ဒုတိယအနီးဆုံးစိတ်လေးကို နားလည်နိုင်မယ်။ မဟုတ်ရင်တော့ နားလည်မှုအစစ်မဖြစ်နိုင်ဘူး။ အောင့်ခံ၊ကြိတ်ခံ၊ အနစ်နာခံ ဆိုတဲ့ အောင့်ကြိတ်နစ်ခံပဲဖြစ်နေမယ်။ လွတ်လပ်သော လူရဲ့ ငြိမ်းချမ်းသော၊ နှောင်ကြိုးမဲ့သော နားလည်မှုမဖြစ်ဘူး။
လူတိုင်းမှာ ကိုယ်ပိုင်နည်းလမ်းဆိုတာရှိတယ်။ လူတိုင်းမှာ စိတ်ရဲ့မြင့်မြတ်မှုဆီသွားဖို့ ကိုယ်ပိုင်နည်းလမ်းဆိုတာရှိတယ်။ နားလည်မှုဆီကိုလည်း ကိုယ့်လမ်းနဲ့ကိုယ်ပဲသွားရမယ်။ စိတ်ချမ်းသာမှုဆီကိုလည်း ကိုယ့်ရဲ့စိတ်ကူးနဲ့ အသိတရားနဲ့ ကိုယ်တိုင်ပဲ စမ်းသပ်သွားလာရမယ်။ ဘာသာတရားတွေဟာ ဖော်မြူလာစာအုပ်တစ်အုပ်နဲ့တူတယ်။ တကယ့်ပုစ္ဆာတွေတွက်ဖို့ အသုံးဝင်နိုင်တာတွေ စုစည်းပေးထားတယ်။ ကိုယ်တွက်မယ့် ပုစ္ဆာကိုယ်ရွေးချယ်ရမယ်။ ကိုယ့်ကိုယ်တိုင် တွက်ရလိမ့်မယ်။ ကြောက်တတ်တဲ့ ၊ အထီးကျန်တဲ့ လူတွေဟာ ဘာသာတရားကို ပိုလိုအပ်တယ်။ ဘာသာတရားဟာ ဘ၀တူတွေ အများကြီးဆိုတဲ့ လုံခြုံတဲ့စိတ်ခံစားချက်ကိုပေးတယ်။ လုံခြုံတဲ့စိတ်ဟာ အင်အားကြီးတဲ့စိတ်ပဲ။ အင်အားကြည့်တဲ့သူဟာ နောက်က လျှောက်လို့မရဘူး။ ရှေ့ကလျှောက်တယ်။ သူတို့တွေဟာ ဘာသာတရားသစ်ရဲ့ ခေါင်းဆောင်တွေဖြစ်တယ်။ ငြိမ်းချမ်းမှုကို အစင်းသိတဲ့ သူတော်စင်တွေဖြစ်ခဲ့ကြတယ်။ ကြောက်တတ်တဲ့၊ အပြစ်မကင်းတဲ့ လောကရဲ့ မုန်းတီးမှုကို ခါးစည်းခံခဲ့ရတယ်။ အတုအယောင်တွေရဲ့ အစစ်ကိုမုန်းတဲ့ ဒေါသကို ခံခဲ့ကြရတယ်။ သူတို့ကြတော့ လောကကို နားလည်ခဲ့ကြတယ်။
နားလည်မှုတွေ ပျံသန်းလာဖို့မျှော်လင့်နေကြသူတွေဟာ နားလည်မှုတွေအစေ့အညှောက်တွေကို နင်းထားပြီး မှိုင်တွေနေသူတွေဖြစ်နေတတ်တယ်။ နားလည်မှုကို စိတ်နဲ့ခန္ဓာမှာ ကျင့်သုံးပြီးမှ ဝေးသောအရာ၊ ဝေးသောအကြောင်းတွေဆီ ဖြန့်ကျက်ရမယ်။ အနီးဆုံးစိတ်ကို နားမလည်နိုင်ရင် ဝေးသော အဖြစ်အပျက်၊ ဝေးသော အကြောင်းနဲ့ပတ်သက်ပြီး ဒေါမနဿများမယ်။ သောကပွားမယ်။ မောဟထားမယ်။ အဲဒီ အဆိုးစက်ဝန်းထဲ မိသွားရင် လူ့ဘုံမှာနေသော်လည်း ငရဲသားနဲ့မခြားတဲ့ ဒုက္ခကို ခံနေကြရမယ်။ စိတ်ရဲ့ပူလောင်မှုဟာ ငရဲမီးနဲ့ထပ်တူပါပဲ။ ဆဲလ်ပေါင်းများစွာ ဒေါသတစ်ချက်တည်းနဲ့ သေဆုံးသွားနိုင်တယ်။ အဆင့်မြင့်ဈာန်ရနေတဲ့ ဆာဒူးတစ်ယောက် ဒေါသထွက်ရင် မြို့ပျက်ရွာပျက်ဖြစ်တယ်၊ တစ်ရွာလုံး၊ တစ်မြို့လုံး လောင်မီးကျတယ်ဆိုတာကို အံ့သြကြတယ်။ ဒါပေမယ့် စိတ်ထဲမှာ ဒေါသမီးလေးတစ်စပျိုးလိုက်ရင် စိတ်ထဲမှာ ပြာကျသွားတာတွေကို မမြင်နိုင်တော့ မအံ့သြမိကြပါဘူး။
နားလည်မှုဟာ သစ်ပင်လေးတစ်ပင်စိုက်ရသလိုပဲ။ စိတ်ထဲမှာ သဘာဝအတိုင်းဖြစ်နေတာကို သဘာဝအတိုင်း လက်ခံလိုက်တဲ့အချိန်ကစပြီး နားလည်မှုသစ်စေ့လေးဟာ အညှောင့်ပေါက်လာတယ်။ နားလည်မှုလေး ရှင်သန်လာဖို့ နေ့တိုင်း စောင့်ရှောက်ရမယ်။ ဒီနေ့သစ်ပင်လေးကို ရေလောင်းမိရဲ့လား။ ဒီနေ့ ငရဲဘုံဆန်တဲ့ လောကမှာ နေခဲ့ရသေးလား၊စောင့်ကြည့်ပေးနေရမယ်။ နားလည်မှုဟာ အသက်ရှူမှုလို သဘာဝရဲ့ဖြစ်စဉ်တစ်ခုပဲဖြစ်တယ်။ ဝင်လေအတွက် အနှောက်အယှက်မဖြစ်သလို၊ ထွက်လေအတွက် မနှမြောမတွန့်တိုသလို၊ နားလည်မှုအတွက် တသီးတခြား စိတ်ထားမှန်အောင် ကြိုးစားနေဖို့မလိုဘဲ သဘာဝဓမ္မအတိုင်း အားစိုက်မှုမရှိဘဲ သိမ်သိမ်မွေ့မွေ့ နူးနူးညံ့ညံ့ နားလည်နိုင်သူတွေဖြစ်နိုင်ကြပါစေ။
ငြိမ်းချမ်းခြင်းဟာ စိတ်ရဲ့ အခြေခံလိုအပ်ချပ်ပဲဖြစ်ပါတယ်။
နားလည်မှုဟာ ငြိမ်းချမ်းခြင်း သစ်ပင်ရဲ့ အကိုင်းအခက်တစ်ခုပါပဲ။
ငြိမ်းချမ်းပါစေ၊
နားလည်ပါစေ၊
ငြိမ်းချမ်းနားလည်နိုင်ပါစေ။ ။
Regards,
The Gardener
Peace B with U.