Friday, May 4, 2012

အ၀ါရောင်စာကလေးကြာ်။

အ၀ါရောင်စာကလေးကြာ်။

စားလို့တော့ အတော်ကောင်းမယ့်ပုံပေါက်တယ် (ဦးနှောက်)။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ၈ရာခိုင်နှုန်းသော အောက်လွှတ်တော် အဖွဲ့ဝင်တွေဟာ oath of the office မြန်မာအခေါ်တော့ ကျမ်းသစ္စာ (office ကိုတော့ဖျောက်ထားလိုက်တယ်။ ရုံးသစ္စာမဖြစ်တော့ဘူး) ကျိန်ဆိုခဲ့ကြတယ်။ စာသားမပြောင်းတော့ဘဲ အရင်အတိုင်းပဲဆိုတယ်ဆိုတော့ သီချင်းစကားနဲ့ပြောရရင် cover song(cover version) ဆိုတယ်ခေါ်တာပေါ့။ Tunes ကိုရောပြောင်းထားသေးလား ဆိုတာတော့ NLD မှပဲသိလိမ့်မယ်။

၄၄၀ တွေအတူတကွ လက်ရည်တစ်ပြင်တည်း Parilament တက်ကြတာ အပြုသဘောဆောင်တယ်ပဲပြောမလား၊။ USDP ကလူတွေအနေနဲ့တော့ လောင်းကြေး ၈:၆၀ ပေါက်နေသေးတဲ့ လက်ကျန်သုံးနှစ်ကို ရင်ခုန်မျှော်လင့်စွာဖြတ်သန်းလေမလား ဆိုတာကို ပိတ်ကားပေါ်မှာမျှော်ရပါလိမ့်မယ်

ဒီနေရာမှာ အလျဉ်းသင့်လို့ပြောရရင် မြန်မာနိုင်ငံရေးဟာ သူရဲကောင်းဝါဒကို အခြေခံတယ်လို့ သုံးသပ်ပါတယ်။ မုန်းတီးမှုကို အခြေခံပါတယ်။ ပြိုင်ဘက် အင်အားနည်းနေတုန်း ဖျာဝင်ခင်းထားတဲ့ ပြဇာတ်တစ်ခုနဲ့တူပါတယ်။ လောက်လောက်လားလားမဟုတ်တဲ့လူတစ်စုနဲ့ တစ်ယောက်လောက်လားပြီး ငှက်တစ်သောင်းနားထားတဲ့ပါတီနဲ့ရဲ့ အားပြိုင်ပွဲဖြစ်ပါတယ်။ လက်ဝှေ့စကားနဲ့ပြောရရင်တော့ သုံးချီလောက်ထိုးတဲ့ အပျော်တမ်းပွဲနဲ့ပဲတူပါတယ်။

သမ္မတကြီးကလည်း တစ်ချက်တစ်ချက် ထထကပေမယ့် တောပရိတ်သတ်ကြိုက်ကရမလား၊ မြို့သားတွေအလိုလိုက်ရမလား မသိတဲ့ မင်းသားကြီးတစ်လက်နဲ့တူပါတယ်။ ကနေတဲ့နေရာကလည်း တောပရိတ်သတ်ထောင်ထားတဲ့ အငြိမ့်စင်ဆိုတော့ ထိန်းထိန်းသိမ်းသိမ်းမကရင် ရှေ့လူတွေလို စိတ်ရောဂါကြောင့် အနားပေးလိုက်ရတယ်ဖြစ်မယ်။

နိုင်ငံရေးမှာ သဘောထားကြီးတယ် သေးတယ် ဆိုတာကိုတော့ ပြန်လည်သုံးသပ်သင့်ပါတယ်။ တစ်ဖက်က သဘောထားကြီးတယ်လို့ဆိုရင် တစ်ဖက်က သဘောထားသေးတယ်လို့ အဓိပ္ပာယ်ထွက်ပါတယ်။ ၃၈ တွေကတော့ သဘောထားကြီးလို့ ရှေးသီချင်းကို မူရင်းစာသားအတိုင်းပြန်ဆိုပေးလိုက်တာ။ နောက် ဂီတလောကမှာ အောင်မြင်သွား(ပေါက်သွား)တဲ့အခါမှ စာသားလည်းပြင်မယ်၊ တီးဝိုင်းလည်းပြင်မယ် ဆိုတဲ့ လူပြက်တစ်ချို့ရဲ့ပြက်လုံးတွေလည်းထွက်လာပါတယ်။

ဒီကြားထဲမှာ ကြည့်မကောင်းလို့ဝင်လာတဲ့ ဦးဇော်ခင်ရဲ့ သားလေးဖတ်လိုက်ပါဦးဆိုတဲ့ ဇာတ်ကားလည်း အောင်မြင်ပါတယ်။ part 1 နဲ့ 2 အောင်မြင်လို့ မကြာခင်မှာ sequel တွေနဲ့ အောင်ပွဲခံသွားမယ်လို့မျှော်လင့်ကြတယ်။ ဥပဒေသမားဟာ ဘယ်လောက်ပဲပိတ်ပိတ် ဖောက်ထွက်နိုင်ရမယ်ဆိုတဲ့ ရှေ့နေကြီးကို ၆၅ နှစ်တွေချတုန်းက ခုခံချေပခိုင်းဖို့ကောင်းတာပေါ့

အခုအချိန်မှာတော့ တစ်ချို့ NLD တွေဟာ ခွပ်ဒေါင်အစစ်တွေဖြစ်ကြပြီး၊ တစ်ချို့ကတော့ ဖွတ်ဒေါင်းတွေဖြစ်ပါတယ်။ အချိန်မီ evolution ဖြစ်လာတယ်ဆိုရပါမယ်။ နောက်သုံးနှစ်မှာလည်း ဒေါင်းတွေအခြေအနေကောင်းရင် အတောင်တုတပ်မယ့် ဖွတ်တွေရှိသလို၊ ဖွတ်တွေမင်းမူရင်လည်း အတောင်ပြန်ချွတ်မယ့် ဖွတ်ဒေါင်းတွေ ရှိနေမှာပါပဲ။
 နိုင်ငံရေးခံယူချက်များ  တယ်ပြင်လွယ်ပြောင်းလွယ် ရှိသော ယိမ်းအဖွဲ့ပေတကား။

ဒေါ်စုအနေနဲ့တော့ ကျမ်းကျိန်တာနဲ့ပတ်သက်ပြီး နိုင်ငံရေးဘ၀ ၂၃ နှစ်ရဲ့ ဆက်လက်လျှောက်လှမ်းမှုတစ်ရပ်လို့ပြောခဲ့ပါတယ်။ ဆက်လျှောက်သွားနိုင်ပါစေ။ ကိုယ့်လမ်းနဲ့ကိုယ် ဆက်လျှောက်သွားနိုင်ပါစေ။ ဖွတ်ခင်းသောလမ်းမှာလျှောက်နေတုန်းမှာလည်း သွားလမ်းသာလို့ လာလမ်းများဖြောင့်ဖြူးပါစေ။ ၂၀၁၅ အမီ NLD မှာ နိုင်ငံရေး Hip Hop ဆိုနိုင်သော အဆိုတော်တွေ များများ ပါဝင်နိုင်ပါစေ။

ဇေယျတုသဗ္ဗမင်္ဂလံ။                  ။


Regards,


The Gardener





Peace B with U.