Wednesday, April 11, 2012

ဘိုနတ်သ်





ဘိုနတ်သ်

ဘိုနတ်သ်ဆိုတာ သရဲပေါ့။ Lord of Ghosts ဆိုလား ၀ီကီမှာတွေ့တယ်။ Bhoothnath ဆိုတာလည်း အိန္ဒိယဇာတ်ကားပါပဲ။ လွန်ခဲ့တဲ့သုံးနှစ်လောက်က မလေးရှားသွားလည်ရင်း အဲဒီမှာကြည့်ခဲ့တဲ့ကားပဲ။မနေ့ညက နောက်တစ်ခါပြန်ကြည့်ဖြစ်တယ်။ မြန်မာတွေနဲ့ရင်းနှီးတဲ့ အမီတာဘဂျမ်းတို့ ရှရွတ်ခန်းတို့ပါပါတယ်။

မိန်းမသေသွားတဲ့ အိမ်မှာ တစ်ယောက်တည်းနေရတဲ့အဘိုးကြီး လှေကားပေါ်ကပြုတ်ကျပြီး သေရာက သရဲဖြစ်နေတယ်။ အဲဒီသူရဲက အမီတာဘဂျမ်းပေါ့။ နောက်တော့ ရှရွတ်ခန်းတို့မိသားစုက အဲဒီအိမ်မှာ လာနေရာက ဒီဇာတ်လမ်းလေးဖြစ်လာတယ်။ ရှရွတ်ခန်းကို ပိုက်ဆံမပေးနိုင်လို့ထင်တယ်။ ဒါရိုက်တာက ၁၅ မိနစ်လောက်ပဲထည့်သုံးတယ်။ သင်္ဘောသားအဖြစ်ခရီးထွက်နေတာ ဇာတ်လမ်းအစကတည်းကပဲ။ ဇာတ်လမ်းဆုံးခါနီးမှပြန်ရောက်လာတယ်။ အဲဒါဟာလည်းပညာပဲ။ မြန်မာဇာတ်လမ်းတွေမှာ အဲဒီလို မင်းသားစရိတ်ချွေတာလို့ရတယ်။

အဓိကဇာတ်ဆောင်က ရှရွတ်ခန်းရဲ့သားအဖြစ်သရုပ်ဆောင်တဲ့ Banku လို့ ချစ်စနိုးခေါ်တဲ့ ကောင်လေးပဲ။(Aman Siddiqui)။ သူ့နာမည်က အဲဒီကားမှာလည်း Aman ပဲ။ ဒါပေမယ့် အားလုံးက ဘန်ကုလို့ပဲခေါ်ကြတယ်။

ဒီဇာတ်ကားနဲ့ပတ်သက်ပြီး သဘောကျတာလေးနှစ်ခုသုံးခုလောက်ရှိတယ်။ လူကြီးမိဘတွေနဲ့ တစ်သက်လုံးခွဲနေကြတဲ့သားသမီးတွေအတွက် စဉ်းစားစရာလေးတွေရစေတယ်။ အဲဒီမှာတော့ ဘိုနတ်သ် ရဲ့သားအကြောင်းမှာတွေးစရာလေးတွေပါတယ်။ အမေရိကားကို ပညာသင်ဖို့လွှတ်လိုက်တယ်။ အဲဒီမှာ မိန်းမရပြီး ပြန်မလာတော့ဘူး။ သူ့အမေက သားကို သတိတရနဲ့ စောင့်နေတယ်။ ပြတင်းပေါက်ကနေမျှော်တယ်။ တယ်လီဖုန်းမျှော်တယ်။ အမေရိကားရောက်နေတဲ့သားတော်မောင်ကတော့ အားလုံးကိုမေ့နေတာပဲ။ အမေရိကားရောက်နေတာကို ပြချင်ရင်လွယ်လွယ်လေးဆိုတာ ဒီကားကနေ သိနိုင်တယ်။ စခထရီကောင်မလေးက လှေကားမှာ အလုပ်ကိစ္စအတွက် ဆိုင်းထိုးခိုင်းနေတာကို ပြလိုက်ရုံပဲ။ ဒါဟာ ကုန်ကျစရိတ်ချွေတာနေတဲ့ မြန်မာ့ရုပ်ရှင်လုပ်ငန်းအတွက်တော့ အတုယူစရာ အကွက်ပဲ။

ဘိုနတ်သ်က သူ့မိန်းမကိုယ်တိုင် အလှဆင်ခဲ့တဲ့ အိမ်ကို စွဲပြီး သရဲဖြစ်တာပဲ။ အမှန်တော့ ပြိတ္တာဖြစ်တာဖြစ်မယ်။ တန်ခိုးတွေဘာတွေလည်းရှိတယ်။ အဲဒီအိမ်ကိုပဲစွဲနေတာ။ ဘယ်သူမှ လာနေလို့မရအောင် ခြောက်လှန့်တယ်။ ဘန်ကုကတော့ မကြောက်ဘူး။ သူကလည်း သူ့အဘိုးသေထားတာနဲ့ အဘိုးကြီးသရဲကိုခင်နေတယ်။ နောက်တော့ သူ့အမေပြောထားတဲ့ Ghost ဆိုတာမရှိဘူး။ Angel ပဲရှိတယ်ဆိုတာကိုလည်း သူမှတ်ထားပြီး သရဲကို Angel ထင်ပြီးခင်တယ်။ မိတ်ဆွေဖွဲ့တယ်။ သရဲနဲ့ခင်တယ်။ ကကြတယ်။ သီချင်းဆိုတယ်။ မြေးအဖိုးအချစ်ကိုတွေ့ရတယ်။ ကိုယ်တိုင်ကတော့ အဖိုးတွေနဲ့မနေခဲ့ရတော့ အဖိုးတွေချစ်စရာကောင်းမကောင်းမသိခဲ့။ သရဲအဖိုးကတော့ တော်တော်လေး ကရုဏာရှိတယ်။

အထူးပြုလုပ်ချက်တွေလည်းကောင်းတယ်။ သပ်ရပ်တယ်။ လူပိုသိပ်မပါပေမယ့် ရသမြောက်တယ်။ အဲဒါကလည်း မြန်မာကားတွေကို မြန်ကောင်းသက်သာ ရိုက်ဖို့လိုအပ်တဲ့ပရိယာယ်ပဲ။ ဟာသတွေကလည်း ရိုးရိုးလေးရဲ့ ရယ်ရတယ်။ ကလိထိုးဟာသတွေမပါဘူး။ သရဲဘိုနတ်သ်နဲ့ ကောင်လေး ဘန်ကု တွေ့တဲ့အခန်းမျိုးဟာ မြန်မာပရိတ်သတ်သေချာပေါက်ကြိုက်မယ့်ဟာသခန်းလေးတွေပဲ။ နောက်တစ်ခုက ဇာတ်လမ်းကို မသိမသာလေးမှီးလိုက်ရင် ဇာတ်လမ်းအတွက် ၀တ္ထုဝယ်ရတဲ့ပိုက်ဆံ ၅ သိန်းလောက်သက်သာသွားနိုင်သေးတယ်။ မြန်မာဆန်အောင်ပြောင်းစရာလည်းသိပ်မလိုဘူး။ အိန္ဒိယနဲ့မြန်မာကားက ရုပ်ရှင်ပေါ်ဦးစကတည်းက ခပ်ဆင်ဆင်ထွက်တယ်။ အထူးပြုလုပ်ချက်တွေကိုတော့ မီဖို့ ခက်သေးတယ်။ အဲဒါတွေကိုလည်း ထွေထွေထူးထူး မစဉ်းစားနေနဲ့။ မူရင်းကားနဲ့ ကာလာခပ်ဆင်ဆင်တွေရိုက်ပြီး ဖြတ်ညှပ်ကပ်လုပ်လိုက်ရင်ဖြစ်တယ်။ ပိုတောင်မှ သပ်ရပ်သွားဦးမယ်။

ကျောင်းအုပ်ဆရာကြီးကလည်း ရယ်စရာကောင်းအောင်ဖြည့်လိုက်တဲ့အကွက်ပဲ။ ဇာတ်ပို့ကောင်းရင် ဇာတ်လမ်းပိုကောင်းလာတာပဲ။ ကလေးတွေကို မသိမသာလေး သင်ပေးလိုက်တာလေးတွေလည်းပါတယ်။ အဲဒါလေးတွေက အဆင့်မြင့်တယ်။ အတုံးအတစ်လိုက်ပေးတာမျိုးက ဘယ်သူမှ နားမထောင်ချင်ဘူး။ ပါးပါးလေး ပေးလိုက်တာ ကလေးတွေဆီရောက်သွားနိုင်တယ်။ ကြည့်မရတာတော့ တချို့မိဘတွေဟာ အင်မတန် ကလေးကို ညှင်းပမ်းတဲ့မိဘတွေပဲ။ စိတ်မထင်ရင် ပါးရိုက်ပစ်လိုက်တာတွေ့ရတယ်။ မြန်မာမျက်စိနဲ့တော့ အင်မတန်ရိုင်းတာပဲ။ လူမဆန်ဘူးလို့တောင်ပြောနိုင်တယ်။ စင်ကာပူမှာလည်းတွေ့တယ်။ တရုတ်မတစ်ယောက် Fair Price မှာ ကလေးကကြမ်းပြင်မှာ ခြင်းတောင်းကိုတွန်းပြီးဆော့နေတာ ပြောမရလို့ဆိုပြီး လက်နဲ့သုံးခါရိုက်ပြီး ခြေထောက်နဲ့နှစ်ချက်ဆင့်ကန်လိုက်သေးတာတွေ့ရတယ်။ ကိုယ့်သားသမီး ကိုယ်ဆုံးမပိုင်ခွင့်ဆိုတာကြီးကို အလွဲသုံးစားလုပ်နေတာပဲ။ စိတ်မရှည်တဲ့သူတွေရဲ့ သားသမီးဖြစ်ရတာ ငရဲကို လူ့ပြည်မှာ အချိန်ပိုကျခံနေရတာမျိုးပဲနေမှာ။ အခုနကလေးကို နှစ်ချက်ဆင့်ကန်လိုက်တဲ့အမေကိုလည်း သူ့အမေက နှစ်ချက်ဆင့်ကန်ခဲ့မှာပဲလို့တောင်တွေးမိသေးတယ်။ ဒါမျိုးတွေမကြာမကြာတွေ့မြင်ရတယ်။ ဇာတ်လမ်းထဲမှာလည်း လက်ယဉ်ယဉ်နဲ့ပါးရိုက်လိုက်တာပဲ။ ကိုယ့်ကိုယ်ကို မိဘဖြစ်ဖို့ အဆင်သင့်မဖြစ်သေးဘူးထင်ရင် ကလေးမယူတာကောင်းတယ်ထင်တာပဲ။

ကလေးတစ်ယောက်ဆီမှာ မေတ္တာ၊ကရုဏာနဲ့ တာဝန်သိစိတ်တွေရှိနေတယ်ဆိုတာလေးကို ဒီကားမှာပြတယ်လို့ထင်မိတယ်။ မိဘဂန်းစတားတွေသေချာကြည့်သင့်တယ်။

ဘိုနတ်သ်ရဲ့သားကတော့ ဗီလိန်ပဲ။ အမေသေလို့ပြန်လာတာတောင် အဖေ့အိမ်ကို ရောင်းခဲ့ဖို့ကြံတယ်။ သားသမီးတွေဟာ မိဘရဲ့စိတ်ကို နားလည်ဖို့မကြိုးစားကြတော့ဘူးဆိုတဲ့ ခေတ်ရဲ့ပုံရိပ်ကို ထင်ဟပ်တယ်လို့ထင်တယ်။ ရုပ်ရှင်ကားလေးတစ်ကားပေမယ့် ဒီကားကိုကြည့်ပြီး ဘ၀တွေကိုလည်းမြင်ရတယ်။ အဲဒါကို အနုပညာလို့ထင်တယ်။ အနုပညာဟာ တစ်ဆင့်ဆက်သွားစရာ စိတ်နယ်မြေကို လမ်းညွှန်တယ်။

ကလေးလေးကပြိုင်ပွဲမှာ သရဲ ဘိုနတ်သ်အကူအညီနဲ့နိုင်ချင်တယ်။ ဒါကို ဘိုနတ်သ်က မကူညီဘူး။ မျှမျှတတယှဉ်ပြိုင်ပြီး နိုင်တာကို တန်ဖိုးထားဖို့သင်ပေးတယ်။ အဲဒါဟာ ကလေးတွေအတွက်အရေးကြီးတယ်။ ဒီနေရာမှာတွေးမိတာက ကိုယ့်သားသမီးကို စူပါမန်းဖြစ်စေချင်တဲ့မိဘတွေဟာ သားသမီးရဲ့တကယ့်အရှိကို လက်ခံဖို့သိပ်ခက်တယ်လို့လည်းထင်မိတယ်။ ကိုယ့်သားသမီးမှာ ဘယ်ဘက်မှာ ပါရမီပါပြီး၊ ဘယ်ဘက်မှာ သူမစွမ်းဆောင်နိုင်ဘူးဆိုတာ သိဖို့လိုတယ်။ အဲဒါကိုမသိရင်တွန်းတယ်။ တွန်းတာများသွားရင် ကလေးက စိတ်လေသွားတယ်။ လေရင် ဘာလုပ်မလဲ။ ငေးမယ်။ ကလေးတွေ စိတ်မ၀င်စားနိုင်တော့ဘဲ ငေးနေရင် စိတ်ဒဏ်ရာရနေတာပဲ။ ကလေးတွေ ဆော့ဖို့လိုတယ်။ ပျော်အောင်နေဖို့လိုတယ်။ အားချိန်လေးလည်းရှိဖို့လိုတယ်။ ထိန်းကျောင်းပုံမဟုတ်တဲ့ မိဘတွေကြောင့်ပဲ ကလေးတွေဟာ သိမ်ငယ်စိတ်တွေနဲ့နေကြရတာများလာတယ်ထင်တယ်။

နောက်ဆုံးခန်းလေးကလည်း လှလှပပပဲ။ ရှရွတ်ခန်းက သူ့သားကို စိတ်ရှည်လက်ရှည်နဲ့ရှင်းပြတာလေးလည်းမဆိုးဘူး။ ကလေးတွေ မသိနိုင်ဘူးဆိုပြီး မင်းမသိနိုင်သေးဘူးဆိုပြီးပြောတဲ့မိဘတွေမဟုတ်တာကြည့်ကောင်းတယ်။ Salvation ကို ကလေးတွေ အတန်းတက်သွားသလို ဥပမာနဲ့ရှင်းပြတယ်။ ကလေးလည်းကျေနပ်သွားတယ်။ သူချစ်တဲ့အဘိုးကို အဆင့်မြင့်တဲ့ ကြယ်နတ်သားဖြစ်တော့မယ်ဆိုပြီးလည်းပျော်သွားတယ်။ ကလေးတွေပျော်နေတာ ကြည့်လို့ပိုကောင်းပါတယ်။ စိတ်ပင်ပန်းနေတဲ့ကလေးတွေကိုမြင်ရရင်တော့ သနားမိတယ်။

ဘိုနတ်သ်ကို ကျွတ်အောင် မြန်မာလိုဆို ပရိတ်ရွတ်ပေးတယ်။ ဟိန္ဒူလိုဆိုရင်တော့ ဘာလုပ်တယ်ခေါ်လဲမသိဘူး။ ဆုတောင်းပွဲလေးလုပ်တယ်။ သူ့ရဲ့သားမိုက်ကြီးလည်းပြန်လာတယ်။ နောင်တတွေနဲ့။ ဇာတ်သိမ်းကတော့ အားလုံးကောင်းပါသည်ဆိုတဲ့ဇာတ်သိမ်းမျိုး။ တော်တော်လေးလှလှပပပဲ။

သရဲပေမယ့်ကြောက်စရာမကောင်းတဲ့သရဲလည်းရှိတယ်။
အဲဒီကားမှာ ဘိုနတ်သ်က ဘန်ကုကိုပြောတာလေးကြိုက်တယ်။ ငါ Angel ဟုတ်မဟုတ်တော့ငါမသိဘူး။ မင်းကတော့ Angel ပဲတဲ့။ ကလေးလေးတွေရဲ့စိတ်အဖြူလေးဟာ Angel ဆန်တာပဲမဟုတ်လား။

အို ဘယ့် မိဘအပေါင်းတို့ (အထူးသဖြင့် ဂန်းစတားမိဘအပေါင်းတို့) မိမိတို့အတ္တများ၏ ထွက်ပေါက်အဖြစ် သားသမီးများကို မမြင်ဘဲ ချစ်စရာကောင်းသော Angel လေးကို ချစ်ခြင်းဖြင့် ၀န်းရံပြီး မြေတောင်မြှောက်ပေးနိုင်ကြပါစေ။ စေတနာလွန်ပြီး ခြေထောက်နဲ့ကန်ပြီး ပြင်းပြင်းထန်ထန် မြေတောင်မြှောက်ပေးသော မိဘများ၊ မဟာကရုဏာဖြင့် ပါးရိုက်ကုန်သော မိဘများ မဖြစ်စေဘဲ၊ ချစ်ခြင်း၊နားလည်ခြင်းဖြင့် ဖြည့်ဆည်းပေးသော မိဘများဖြစ်နိုင်ကြစေကုန်သော်ဝ်။

ကဲကဲ တရားသိမ်းပြီ။
You are my angel လို့ မိမိတို့သားသမီးများကို ပြောနိုင်ကြသည် ဖြစ်စေသော်။

သာဓု multipled by 3.

Regards,
The Gardener

(လောလောဆယ်)အိန္ဒိယရုပ်ရှင်စောင့်ကြည့်လေ့လာသူ။


















Peace B with U.