Monday, July 25, 2011

Monk and Me

Monk and Me


မနေ့က ကြည့်တဲ့ Monk Episode မှာ Monk တစ်ယောက် တစ်သက်နဲ့တစ်ကိုယ် မရခဲ့ဘူးတဲ့သူငယ်ချင်းတစ်ယောက်ရတယ်။ သူက သိပ်ကိုပျော်နေတယ်။ သူ့ကိုယ်ကြည့်ရင်း သနားလာတယ်။ သူငယ်ချင်းမရှိတဲ့လူငယ်လေးဘ၀ကို သူဖြတ်သန်းခဲ့ရလိမ့်မယ်။ တကယ့်ကို မိတ်ဆွေမရှိတဲ့ဘ၀ပေါ့။ ဘယ်လောက်များခြောက်သွေ့လိုက်မလဲ။ Monk ကနေ ဆန့်ထွက်လိုက်တယ်။ သူငယ်ချင်းမရှိခဲ့ကြတဲ့သူတွေနဲ့ သူငယ်ချင်းမရှိတော့တဲ့သူတွေ။ ဘ၀ဟာ ကန့်သတ်ခံလိုက်ရသလို ကျယ်ပြန့်မှုမရှိတော့ဘူး။

သူငယ်ချင်းဆိုတဲ့အဓိပ္ပာယ်ကလည်း တော်တော်လေး ရှည်လျားထွေပြားတယ်။ အဓိပ္ပာယ်ဖွင့်ဖို့ခက်တယ်။ Monk မှာသူငယ်ချင်းမရှိဘူး။ အဲဒါဟာ အခုရာစုရဲ့ပြဿနာတစ်ခုလည်းဖြစ်တယ်။ အသက်ကြီးလာလေ၊ ဘယ်သူမှ ကြည့်မရလေဖြစ်လေပဲ။ အဆင်မပြေဘူး။ အပေါက်အလမ်းမတည့်ဘူး။ နားလည်မှုမရှိဘူး ဆိုပြီးထင်လာကြတယ်။ ငယ်တုန်းက ပေါင်းခဲ့တဲ့သူတွေနဲ့ဆက်ပေါင်းလို့မရတော့ဘူး။ တန်ဖိုးတွေမတူတော့ဘူး။ ကြီးလာမှတွေ့တဲ့သူတွေနဲ့လည်း ရင်းရင်းနှီးနှီးပေါင်းလို့မရဘူး။ သူ့အကြောင်း၊ ကိုယ့်အကြောင်း သိပ်မသိကြလို့။ သူငယ်ချင်းဆိုတာထက် မိတ်ဆွေတွေပဲများလာမယ်။ သူငယ်ချင်းဆိုတာတော့ မရှိသလောက်ပဲ။ စိတ်ထဲမှာ ဘာဖြစ်နေလဲဆိုတာမျိုး ထုတ်ပြောရလောက်အောင် ယုံရတဲ့သူမျိုးမှ သူငယ်ချင်းဖြစ်နိုင်တယ်။ လက်ဖက်ရည်သောက်ဖို့၊ ဘောလုံးပွဲကြည့်ဖို့လောက် သူငယ်ချင်းတွေတော့ ပေါတယ်။ ဒါပေမယ့် အဲဒါတွေကလည်း သူငယ်ချင်းဆိုတဲ့ အနှစ်သာရကို ပြည့်ဝစေနိုင်တာမဟုတ်ဘူး။ သူငယ်ချင်းဖြစ်ဖို့ဆိုတာ သူ့အဆိုးအကောင်းတွေကို ကိုယ်ကလည်း သိ၊ ကိုယ့်အဆိုးအကောင်းတွေကို သူကလည်းသိပြီး နားလည်မှုမြင့်မားတဲ့ relationship ဖြစ်ဖို့လိုတယ်။ အဲဒါဟာမလွယ်ဘူး။ တကယ့်ကိုမလွယ်ဘူး။ သူငယ်ချင်း အစစ်တစ်ယောက်ရဖို့ဆိုတာ ဘုရားပွင့်ဖို့ခက်သလိုကို ခက်တယ်။ သူငယ်ချင်းနဲ့မိတ်ဆွေကို ရောထွေးမပြောဘဲ မြင်လိုက်တာနဲ့စိတ်ချမ်းသာရတဲ့သူငယ်ချင်းမျိုးရှိရင် သိပ်ပျော်ဖို့ကောင်းတယ်။

Monk က သူ့သူငယ်ချင်းအတွက် သူမကြိုက်တာတွေ သည်းခံပြီး လျှောက်လုပ်ပေးတယ်။ အဲဒါက နည်းလမ်းမမှန်ဘူး။ သိပ်မခင်ခင်လောက်ပဲညာလို့ရမယ်။ တကယ်ခင်ပြီး အစင်းသိတွေဖြစ်လာရင် ညာနေရတာသိပ်ပင်ပန်းတယ်။ လူဆိုတာ အကောင်းအဆိုးရောထွေးနေတယ်။ သူ့မှာလည်း ဆိုးတာရှိမယ်၊ ကိုယ့်မှာလည်းရှိမယ်။ ဆိုးတာမဟုတ်ရင်တောင် ကိုယ်မကြိုက်တာရှိမယ်။ တစ်ချို့လည်း စိတ်ထားကောင်းသလောက် အပြောဆိုးတယ်။ တမင်များပြောသလားထင်ရတယ်။ တချို့တွေလည်း လေနဲ့သိပ်ကောင်းကြတယ်။ တကယ်လိုရင်တော့ ဘယ်တော့မှ ပေါ်မလာဘူး။

Monk ခမျာ ကံဆိုးတော့ သူ့သူငယ်ချင်း Hal က လူသတ်သမားဖြစ်နေတယ်။ သူ့ကို အကြံအစည်နဲ့ လာပေါင်းနေတဲ့သူငယ်ချင်းဖြစ်နေတယ်။ ရုပ်ရှင်ထဲမှာမို့လို့မသိသာပေမယ့် ကိုယ့်ဆီက တစ်ခုခုလိုလို့ လာပေါင်းနေတတ်တဲ့ သူငယ်ချင်းတွေ အများကြီးကြုံဖူးမှာပဲ။ တစ်ချို့တွေကို ကိုယ်က သိပ်ခင်မိခဲ့တာမျိုးလည်းရှိမယ်။ ဒါပေမယ့် သူတို့ရဲ့ ခင်မင်မှု၊ ချစ်ခင်မှုဟာ မသန့်စင်ဘူး။ ၀က်တွေကို အသားတိုးအောင် အစားများများကျွေးထားသလိုမျိုး၊ တစ်ချိန်ကြရင် အကျိုးအမြတ်တစ်ခုအတွက် အနစ်နာခံပြီး ခင်နေသလိုမျိုးပေါ့။ မျှော်လင့်ချက်ကြီးတွေနဲ့ ခင်နေကြတယ်။ မျှော်လင့်တာ မဖြစ်လာရင် မခင်တော့ဘူး။ အဲဒီလိုမျိုး စိတ်တွေနဲ့ ပေသီးခေါက်ပြီး ခင်ကြတာမျိုး။ နောက်တစ်ခုက ကိုယ့်ဆီမှာ မရှိတဲ့အရည်အချင်းတစ်ခု သူ့ဆီမှာရှိရင် ကပ်ပြီး သုံးရအောင်ခင်တာမျိုး။ ၀က်သတ်သမားနှင့်တူသော သူငယ်ချင်းများ၊ သစ်ကပ်ပန်းများနှင့်တူသော သူငယ်ချင်းများလို့ဆိုနိုင်မယ်ထင်တယ်။ ရုပ်ရှင်ကြည့်ပြီးရင် ကိုယ်တိုင် ပါဝင်ရတဲ့ ဘ၀ကို ရုပ်ရှင်လို တစ်ခေါက်လောက်ပြန်စဉ်းစားကြည့်ရင် ပိုရသမြောက်တယ်။

Monk က ရာနှုန်းပြည့်ပေးဆပ်သူဖြစ်တယ်။ သူက သူ့သူငယ်ချင်းအတွက်ပဲအားလုံးစဉ်းစားနေတယ်။ အချစ်ခံချင်တာ သိပ်ကို အန္တရာယ်များတယ်။ One down နေရာက ချစ်နေ၊ ခင်နေကြရတဲ့ သူငယ်ချင်းတွေအကြောင်းလည်း စဉ်းစားမိတယ်။ တစ်ယောက်နဲ့တစ်ယောက် လေးစား အသိအမှတ်ပြုမှုမရှိရင် သူငယ်ချင်းကောင်းမဖြစ်နိုင်ဘူး။ အချစ်ခံချင်တဲ့သူတွေကို ပြန်မချစ်တာ တော်တော်လေးတွေ့ဖူးတယ်။ ကမ္ဘာကြီးဟာ အောက်ကျို့ပြီးလာတဲ့သူတွေကို အထင်သေးတဲ့ ဒေသကြီးလည်းဖြစ်တယ်။

Monk ဟာ ဟန်ဆောင်မှုတွေမှာ ပျော်ရွှင်ခဲ့တယ်။ သူထင်နေတဲ့ သူငယ်ချင်းအကောင်းစားရဲ့ ဟန်ဆောင်ဖော်ရွေမှုတွေကို အစစ်အမှန်လို့ထင်ခဲ့တယ်။ အဲဒီမှာစဉ်းစားမိတာက အတုတွေက အစစ်တွေထက်တောင် စစ်သလိုနေတတ်တယ်ဆိုတာပါပဲ။ သူငယ်ချင်းအတုတွေဟာ လိုတာရှိရင် ပိုခင်တတ်တယ်။ အကူအညီလိုရင် ဖုံးတဂွမ်ဂွမ်ဆက်တယ်။ မလိုတော့ရင် မဆက်တော့ဘူး။ ဆက်ပြီဆိုတာနဲ့ ဘာမှမစဉ်းစားနေနဲ့၊ အကူအညီတောင်းစရာရှိလို့လို့ပဲမှတ်။ အဲဒါမျိုးတွေကို ခဏခဏကြုံရရင် လူက စိတ်ကောင်းနည်းလာပြီး ချဉ်သထက် ချဉ်လာတတ်တယ်။

Monk ဟာ သူငယ်ချင်းရဲ့ပျော်ရွှင်မှုဟာ သူ့ရဲ့ပျော်ရွှင်မှုလို့ခံယူတယ်။ အဲဒီမှာစဉ်းစားမိတာ Eeyore လေးနဲ့တူတယ်ဆိုတာပါပဲ။ (အရင်တုန်းက Eeyore အကြောင်းရေးဖူးတယ်။ ဖတ်ချင်တဲ့သူတွေ ပြန်ရှာဖတ်လို့ရတယ်။) အဲဒီလိုလူတွေက မုန်းတီးသွားတတ်တယ်။ လိုတာထက် ပိုချစ်မိတဲ့သူတွေက မချစ်တဲ့အခါကြတော့လည်း မမြင်ချင်လောက်အောင်ဖြစ်သွားတယ်။ အစွန်းရောက်ကုန်တယ်ထင်တယ်။

Monk ဟာ သူငယ်ချင်းလူလိမ်ကို အလွန်အကျွံယုံခဲ့တယ်။ အဲဒါကလည်း ထုံးစံပဲ။ လူကောင်းတွေမှာ လူဆိုးတွေနဲ့တွေ့ဖို့ ဇာတာပါတယ်။ သိတတ်တဲ့သူတွေဟာ မသိတတ်တဲ့သူတွေနဲ့ သိဖို့ဇာတာပါတယ်။ ဇာတာထက် ၀ဋ်ကြွေးပါတယ်ပြောရမယ်။ အဲဒါက အမြဲလိုလိုမြင်နေရတဲ့ လူ့သဘာဝနဲ့တိုက်ဆိုင်မှုတွေပဲ။

သူငယ်ချင်းတစ်ယောက်နှစ်ယောက်ရှိရင်ကို လူ့ဘ၀ဟာ ဒုလ္လဘ အစစ်ဖြစ်တယ်ဆိုတာသေချာပါတယ်။ ခက်တာက သူငယ်ချင်းဆိုတဲ့ သံတူကြောင်းကွဲတွေ၊ နက်တူလုံးကွဲတွေကို မှန်မှန်ကန်ကန် စိတ်နဲ့ဘာသာပြန်ကြည့်ဖို့ပါပဲ။

Regards,
The Gardener

Notes:
သူငယ်ချင်းလို့ပဲ ဆက်၍ ခေါ်မည်ခိုင်ကိုလည်း review ရေးထားတာ သတိရပါတယ်။ သူငယ်ချင်းအကြောင်းအက်ဆေးတစ်ပုဒ်မနှစ်ကရေးထားတာလည်း ပြန်တင်ဖို့သတိရပါတယ်။ စာကတော့ တစ်နေ့နည်းနည်းနဲ့နေ့တိုင်းရေးဖြစ်ပါတယ်။ ရေးလက်စတွေထဲမှာတော့ ရန်ကုန်ဘဆွေစာအုပ်ထဲက အမြည်းတစ်ချို့နဲ့ ပေါ့ပေါ့ပါးပါး overview တွေရှိပါတယ်။

အခွေတွေငှားထားပြီး renew မလုပ်မိတာနဲ့ ၁၄ ကျပ်ထွက်သွားပါတယ်။ စာအုပ်လို တစ်ရက်ကို ၁၅ ပြားမဟုတ်ဘဲ တစ်ရက်ကို ပြား ၅၀ တောင်ပေးရတယ်။ တစ်ပတ်နောက်ကျသွားတဲ့အတွက် DVD လေးချပ်စာ၃.၅၀ x ၄ =၁၄ ကျပ်ဖြစ်သွားတယ်။

မနေ့ညက ၀ါဆိုသင်္ကန်းသွားကပ်ရင်း စင်္ကာပူမှာ ပိုနေတဲ့သင်္ကန်းတွေကို မြန်မာပြည်ကို ပြန်ပို့ပြီးလှူပေးတယ်လို့သိရတယ်။ အဲဒါကိုလည်းဝမ်းသာတယ်။ ၀ါဆိုသင်္ကန်းလှူတာဟာ သောတပန် ဗီဇာကို တုံးအတုနဲ့ဝင်သလို တစ်ဘ၀တော့ အပါယ်မလားဘူးလို့သိရပါတယ်။

ဒါပေမယ့် ပြန်ရှာဖတ်ကြည့်တော့ ၀ါဆိုသင်္ကန်းလှူလှူ၊ ကထိန်သင်္ကန်းလှူလှူ ကုသိုလ်ရတာတွေကိုဖော်ပြထားပေမယ့် အပါယ်မလားတဲ့အကြောင်းတော့ရှာမတွေ့လိုက်ပါဘူး။ အသားအရည်လှမယ်၊ အတော်ကြီးလေးတဲ့ မဟာလတာ branded တွေဝတ်ဆင်ခွင့်ရမယ်။ ဧဟိ ဘိက္ခု
Eligible ဖြစ်မယ်။ လိုတဲ့အချိန်မှာလှူလို့ လိုတဲ့အချိန်မှာ ရတဲ့ ကုသိုလ်မျိုးရမယ်။ ဆိုတာတော့တွေ့ပါတယ်။
8 (eight)သာခါ ကျောင်းအမကြီးထင်လို့သေချာဖတ်ကြည့်မှ ၀ိသာခါ ကျောင်းအမကြီးမှန်းတွေ့ရတယ်။ ၀ါဆိုသင်္ကန်းအလှူက ၀ိသာခါ patent လုပ်ထားတယ်လို့သိရတယ်။ ၀ိသာခါကျောင်းအမကြီးဟာ ရဟန်းမတွေကို ရေသေနတ်လှူဖို့လည်း တောင်းဆိုခဲ့တယ်လို့ xanthos ပြောလို့ ဘာအတွက်လည်းတောင်ပြန်မေးယူရတယ်။ (တကယ်တော့ ရေသနုပ် လှူဖို့တောင်းဆိုတာပါ။) ဘာပဲဖြစ်ဖြစ် မလှူရသေးတဲ့ လူတွေလှူဖို့ နှိုးဆော်ပါတယ်။

>>>>>>>>Monday to Friday>>>>>>Miles to go b4 I sleep, Mile to go b4 I sleep ........



Peace B with U.