Thursday, July 28, 2011

သခင်ဖိုးလှကြီးမပါဝင်သော ရေနံမြေအလုပ်သမားသပိတ် new version


သခင်ဖိုးလှကြီးမပါဝင်သော ရေနံမြေအလုပ်သမားသပိတ် new version

ဆယ်ပေပတ်လည် အခန်းကျဉ်းကလေးထဲတွင် ဖောင်စီးရင်း ရေငတ်နေကြသော ကော်လာဖြူ/ကော်လာပြာ အလုပ်သမား လူတန်းစားသစ်တို့သည် အစိုးရ၏ ပို့ဆောင်ဆက်သွယ်ရေး အသုံးမကျမှုကို ဆန့်ကျင်နေသည့်အလား မတ်တပ်ရပ်ဆန္ဒပြနေကြသည့်ပမာ။ အရေးတော်ပုံသည် Bedok MRT တွင် အစပြုသည်ဟုသိရသည်။ သတင်းအရ သွားရောက်လေ့လာသူ စာရေးသူမှာ ညာဘက်ယွန်းယွန်းသို့ မျက်စောင်းအထိုးသန်သော စိတ်ကောက်နေသော နဂါးကြီးပမာ မျှော်ကြည့်ရှုစားလိုက်စဉ်ခဏ .. ဤသို့မြင်ရလေသည်။



ထိုမှတဖန်၊ လည်ပင်းနာနေသော သမင်ပမာ ဘယ်ဘက်သို့ လည်ပြန်အကြည့်ဖြင့် မျှော်ရှုကြည့်စဉ်ခဏတွင် ... ထို သို့ ....။




သပိတ်သည် ၇ မိနစ်ခန့် ကြာမြင့်ခဲ့ပြီး အစိုးရမှ အလျှော့ပေးလိုက်လျောမှုအနေဖြင့် အတန်အသင့်ကြပ်သော ရထားတစ်စင်းကို လွှတ်ပေးလိုက်၍ သပိတ်ပြိုကွဲသွားသည်။ တစ်နည်းအားဖြင့် သပိတ်လှန်လိုက်သော အလုပ်သမားထုကြီးမှာ ရထားထဲ အလုအယက် စုပြုံတိုးဝင်သွားကြသည်မှာ အမိနိုင်ငံတော်ကြီးကို သတိရဖွယ်ပင်ဖြစ်နေလေတော့သည်။

တစ်နှစ်တစ်နှစ် ဘီလျံနှင့်ချီ ၀င်ငွေရှိနေသော MRT လုပ်ငန်းကို ပိုင်သသော ရေမြေ့သခင် များအနေဖြင့် နောက်ထပ် အလျှိုလျိုဖြစ်ပွားရန် တာစူနေသော သပိတ်ငယ်လေးများအတွက် ဦး(နှောက်)စားခေါင်းခြောက် နေကြောင်း သတင်းရရှိပါသည်။

စာရေးသူကိုယ်တိုင်လည်း ရုံးတွင် တပ်ဆင်ထားသော စစ်ကယူရတီ စနစ်များအရ အိုင်ဖုန်းမှ ဓာတ်ပုံများကို စက်ထဲသို့ကူးမရဖြစ်နေ၍ iphone ၏ drop box app တွင် upload လုပ်ပြီး drop box client မှ sync ချည်တစ်သွယ် upload ချည်တလှည့်ဖြင့် အများပြည်သူလူထု အချိန်နှင့်တပြေးညီသိရှိစေရန်အလို့ငှာ
စီစဉ်တင်ဆက်လိုက်ရပေသည်။

သတင်း၏ တိကျမှုမှာ အချိန်နှင့် ၂ နာရီ ခြား တပြေးညီဖြစ်ပါသည်။
ထပ်မံသိရသည်မှာ MRT တွင် ဓာတ်ပုံရိုက်ခြင်းကို တခါတရံခွင့်မပြုချင်သည့် ရောဂါရနေသော စိတ်ဝေဒနာရှင် ၀တ်စုံနီဝတ်များရှိနေတတ်ကြောင်းကိုလည်း အသိများမှ သတိပေးပြောကြားသွားပါသည်။

Regards,

The Gardener.
On Wednesday as a Reporter.



Peace B with U.