Tuesday, July 26, 2011

(သင့်နိုင်ငံတွင်) ဥပဒေအမှန်တကယ်ရှိရဲ့လား။

(သင့်နိုင်ငံတွင်) ဥပဒေအမှန်တကယ်ရှိရဲ့လား။

ဥပဒေတော့ရှိတယ် တရားဥပဒေ မရှိတာ လို့ xanthos ကပြောတယ်။ သူက ဘယ်နိုင်ငံမှာ နေသလဲဆိုတော့ တရုတ်နဲ့ အိန္ဒိယနိုင်ငံကြားက ခြေတပေါင်ကျိုးမကြီး ရင်ကော့ရပ်နေတဲ့ နိုင်ငံမှာလို့သိရတယ်။ (မြန်မာနိုင်ငံတော့ဟုတ်ဟန်မတူဘူး။)

သူငယ်ချင်းတွေ အွန်လိုင်းမှာတွေ့ရင် စကားစမြည်ပြောတယ်။ minute discussion တွေ၊ cute debate တွေ၊ anti-nonsense campaign တွေလုပ်တယ်။ အထူးသဖြင့် ဘရိမ်းစထောမ်း လုပ်တဲ့ သူငယ်ချင်းတွေ ပြောတာကို နည်းနည်း ပါးပါး နာယူတယ်။ အဲဒီ့အတွက် Group chat ပေးထားတဲ့ Gtalk ကြီးကိုပစ်ပျက်ကြည်ညိုသွားတာ ကြာပါပြီ။

စင်ကာပူနိုင်ငံက မူးယစ်ဆေး သယ်ဆောင်တဲ့ မလေးလူငယ်လေး အမှုကို ဘယ်လို သဘောထားပြီး ဆုံးဖြတ်မလဲဆိုတာကနေ ဆက်ပြီး အဲဒီ Justice တွေ၊ Laws တွေဘက် ရောက်သွားတယ်။ ရန်ကုန်ဘဆွေထုံး နှလုံးမူပြီး မသိတဲ့လူတွေနဲ့ အငြင်းအခုံ မလုပ်ခဲ့ရာကနေ အခုဆို သိတဲ့လူတွေနဲ့တောင် အငြင်းအခုန် မလုပ်တော့ဘဲ ထိုင်နားထောင် နေလိုက်တယ်။ အဲဒီလိုနားထောင်ပြီး သကာလမှာ ပို့စ်တစ်ခုရေးလိုက်ပါတယ်။ ပေါ့ပေါ့ပါးပါး ဖတ်ကြည့်ကြပါဦး။

Nothing is more destructive of respect for the government and the law of the land than passing laws which cannot be enforced.
Albert Einstein


ဒီလူကြီးကို အိုင်းစတိုင်း လို့လည်း ခေါ်တယ်။ အိန်းစတိန်း လို့လည်း ခေါ်တယ်။ (သူ့အမေကဆို ဟဲ့ကောင်လေးလို့ပါခေါ်သေးတယ်။) သူပြောတာကို စဉ်းစားကြည့်ကြပါစို့ ညီနောင်တို့။ ဖြစ်သလို တော်ရိလျော်ရိ ဘာသာပြန်ရင်တော့ အတည်မပြုနိုင်တဲ့ ဥပဒေကို ဖြတ်ကျော်ခွင့်ပြုနေတာထက်ပိုပြီး နိုင်ငံတော်ရဲ့ ဥပဒေနဲ့ အစိုးရရဲ့ ဂုဏ်သတင်းကို ဖျက်ဆီးညှိုးမှိန်စေတာမရှိဘူး တဲ့.။ အဲဒါဟာ ပေါ့သေးသေးကိစ္စမဟုတ်ဘူး။ မုန့်လေပွေလို ပေါ့ကြီးကြီး ကိစ္စလည်း မဟုတ်ဘူး။ နိုင်ငံတော်မှာ လုပ်ပိုင်ခွင့်ဆိုတာကို ဥပဒေရဲ့ tunnel အဖြစ် သုံးတာတွေဟာ ဥပဒေရဲ့ တန်ဖိုးကို စိုးရိမ်ရေမှတ်ကို ထိုးဆင်းစေတယ်။ ဥပဒေဆိုတာက တိုင်းသူပြည်သားတွေ အေးအေးချမ်းချမ်း နေနိုင်ဖို့၊ တရားမျှတအောင် ဖြည့်စွက်ထားတဲ့ စည်းဘောင်တွေ ဖြစ်တယ်။ အဲဒါတွေကို ဘယ်သူမဆို လိုက်နာရမယ်။ တစ်ယောက်ယောက်က မလိုက်နာဘဲ နေခွင့်ရှိရင် အဲဒါဟာ တရားဥပဒေ မဟုတ်တော့ဘူး။ မျှတမှု မရှိတော့ဘူး။ မျှတမှုမရှိတဲ့ ဥပဒေကို လိုက်နာဖို့ လို/မလို ဆိုတာကတော့ another story ဖြစ်သွားပြီ။ ဒီအခန်းတွေ ဒီမှာမပါဘူး။

နောက်တစ်ချက်ကတော့ အာဏာခွဲဝေသုံးစွဲပုံပါ။ အာဏာကိုသုံးပြီး rules ကို overwrite မလုပ်ရပါဘူး။ အဲဒီလိုလုပ်မယ် ဆိုရင်တော့ Ice age 3 ထဲက Buck လိုဖြစ်နေပါမယ်။ Buck ဆိုတာကတော့ ဒိုင်နိုဆောတွေနဲ့ နေတဲ့ တစ်ဖက်လပ်ပါပဲ။ မသိရင်လည်း Ice Age ပြန်ကြည့်ပါ။ သူက ဘာပြောလဲဆိုတော့

Rule no. 1: Always listen to Buck!

Rule no.2: stay in the middle of the trail
ဆိုပြီး ရှေ့တစ်နေရာမှာ ပြောပါတယ်။ နောက်တစ်နေရာမှာကြတော့ သူ့ရဲ့ rule no. 2 က အဆင်မပြေတော့ပါဘူး အဲဒီတော့ သူက ဒီလိုပြောပါတယ်။
Rule number 5 says you can ignore rule number 2.

Laws တွေဟာ တိုင်းပြည်တစ်ခုရဲ့ Rules တွေပါပဲ။ Rulers ဟာ Rules ကို စိတ်ထဲပေါ်သလို လုပ်ခွင့်မရှိပါဘူး။ လုပ်ရင် ဘာဖြစ်မလဲဆိုတော့ အဲဒီနိုင်ငံဟာ Ice Age မှာနေရစ်ရပါလိမ့်မယ်။

An unjust law is itself a species of violence. Arrest for its breach is more so.
Mohandas Gandhi

မမျှတတဲ့ ဥပဒေဟာ အကြမ်းဖက်မှုတစ်မျိုးပါပဲ။ မမျှတတဲ့ ဥပဒေကို မလိုက်နာလို့ ဖမ်းဆီးတယ်ဆိုတာက ပိုတောင်ဆိုးသေး။

မျက်မှန်အ၀ိုင်းနဲ့ ခပ်ပြုံးပြုံး အိန္ဒိယ အမျိုးသားခေါင်းဆောင်ကြီးရဲ့ စကားပါ။ နည်းနည်းလောက်တော့ စဉ်းစားကြည့်ဖို့ ကောင်းတယ်။ စဉ်းစားရတာဟာ ပိုက်ဆံမပေးရသလောက် လူသုံးအနည်းဆုံး အားကစားနည်းတစ်မျိုးလည်း ဖြစ်တယ်။

စကားပြောရင် ဝေ့လည်ကြောင်ပတ်ပြောတဲ့ တုန်ခါနေသော စပီးယား တစ်ယောက်ကို ခင်ဗျားတို့လည်းသိမှာပါ။ သူရေးတာကို သူ့ဘာသူတောင် ဘာဆိုလိုခဲ့မှန်း မသိမှာစိုးလို့ ရှိတ်စပီးယားစာတွေ အတွက် ဒစ်ရှင်းနရီတွေ၊ဘာတွေ သီးသန့်ပြန်ထုတ်ရတယ်။ အဲဒီလူကြီးကရော ဘာတွေပြောခဲ့လဲကြည့်ကြရအောင်။

Lawless are they that make their wills their law.
William Shakespeare

(သောက်ချိုးမပြေတဲ့) ဥပဒေမဲ့ ငနဲသားတွေဆိုတာ သူတို့ရဲ့ ဆန္ဒကို ဥပဒေအဖြစ် သတ်မှတ်တဲ့သူတွေပဲ တဲ့။

ရှေ့က ကွင်းခတ်ထားတာကတော့ သူ့စိတ်ထဲမှာ ထည့်ပြောချင်တဲ့ စာသားပါ။ ဒါတွေကို သူ့ဒစ်ရှင်းနရီ အနည်းငယ်လောက် ဖတ်ဖူးမှသိတယ်။ ဘယ်နိုင်ငံမှာနေနေ လူဟာ တရားမျှတမှုကို မြတ်နိုးတဲ့ သဘောရှိတယ်။ တရားမျှတမှုကို မုန်းတယ်ဆိုတဲ့ သူတွေကတော့ တရားမျှတမှု မရှိတဲ့ အသက်မွေးဝမ်းကြောင်းနဲ့ မိစ္ဆာ အာဇီဝ (၀ါ) သမ္မာအာဇီဝနဲ့ ဆန့်ကျင်တာတွေနဲ့ အသက်မွေးရသူတွေပဲ ဖြစ်မယ်။

မြန်မာပြည်နဲ့ တော်တော်ကြီးဝေးတဲ့ နိုင်ငံက မာတင်လူသာကင်းဂျူနီယာရဲ့ စကားနဲ့ပဲနိဂုံးချုပ်ချင်ပါတယ်။ (သိပ်များများရေးရင်လည်း နေရင်းထိုင်ရင်း အကုသိုလ်ဖြစ်အောင် လုပ်သလိုဖြစ်မယ်ဆိုပြီး အတိုချုံးလိုက်တာလည်း ပါတယ်။)

One who breaks an unjust law that conscience tells him is unjust, and who willingly accepts the penalty of imprisonment in order to arouse the conscience of the community over its injustice, is in reality expressing the highest respect for law.
Martin Luther King, Jr.

(အဟောအပြောပညာလေ့လာနေတဲ့ နိုင်ငံရေးသမားလောင်းတွေ ကျက်ထားသင့်တယ်။ အတီးအထစ်တော့ မပြောနဲ့ပေါ့။ တစ်ကြောင်းတည်းကို ထမင်းမစားခင် သုံးခါလောက်ရွတ်ရင် ပြေပြေပြစ်ပြစ်ပြောထွက်လာမှာပါ။ အဓိပ္ပာယ်ကိုတော့ ကျက်ထားပေါ့။)

မမျှတတဲ့ ဥပဒေကို သူ့အတွင်းစိတ်က ဒါဟာမမျှတဘူးလို့ ပြောနေသလို ခံစားရတဲ့အတွက် အဲဒီ့ ဥပေဒကို ချိုးဖောက်တဲ့သူ၊ ဒီလူဟာ အသိုင်းအ၀ိုင်းရဲ့ အတွင်းစိတ်ထဲမှာ မမျှတမှုကို သိအောင် လှုံ့ဆော်တဲ့အတွက် ပြစ်ဒဏ်ကျခံရမှာကို ထက်ထက်သန်သန် လက်ခံလိုသူ၊ အဲဒီလူကမှ တရား ဥပဒေကို အလေးစားဆုံး ထုတ်ဖော်ပြတဲ့သူ အစစ်ဖြစ်တယ်။

တရားမျှတမှုကို တကယ် လိုလားတဲ့သူဟာ တရားမျှတမှုကို ကိုယ်တိုင်လည်း ကျင့်သုံးရလိမ့်မယ်။ အဲဒီတစ်ချက်ကိုပဲ ကျွန်တော်တို့ ဆက်တွေးနေမိတယ် …။ ။


Regards,

The Gardener


Notes:

I don't like Tuesdays.

This post is for my younger bros and sis(es) who value the freedom. I also need to digest on this freedom issue for some years. In our life, there is no right or wrong line drawn clearly as the boundary lines in games. If we really own our life , we can redraw the lines and we can create our own game instead of playing the same old games of life with old and decayed rules and so narrow boundary lines.

You may hate it or like it, but it is still true : "Majority Rule". I wish all the youth, the future majority, will be smarter than us and rule the game of theirs, game of their country and game of their life and game of their hope.



Peace B with U.