Wednesday, July 27, 2011

မည်သည့်အရာကိုမှ သူမ ချန်မထားရက်နိုင်ခဲ့။

မည်သည့်အရာကိုမှ သူမ ချန်မထားရက်နိုင်ခဲ့။


သမုဒယပစ္စယာ ဒုက္ခသာတည့်ဆိုပြီး သူမရှိုက်သံများ တရဟောသွန်ချလာသည်။ ထန်းလျော(ထန်းပင်ပေါ်မှပြုတ်ကျ)ရာမှ အရိုးဆေးရုံသို့ ရောက်လာသော လူနာများသည် ပြုံးရွှင်လျက်ရှိနေ၏၊ တကယ်တော့ သူမသည် ဆရာဝန်တစ်ယောက်မဟုတ်လား၊ (ကျွန်တော်ကတော့မသိပါ။) ဆရာဝန်တစ်ယောက်၏ မျက်ရည်များတွင်လည်း
Hippocratic Oath ပါဝင်သည်။ သို့သော် သူမသည်လည်း လူနာအတွက်ငိုနေသည်မဟုတ်ပါ။ အရိုးတွေ သွင်သွင်ကျိုးလို့ စတီးချောင်းထည့်တော့ ပိုမာသွားတာပေါ့ဗျာ ...ဟားဟားဟား ... ဟူသော ရယ်သံများသည် လွမ်းဆွတ်ခြင်းနှင့် ဆန့်ကျင်သော အားလမ်းကြောင်းများဖြစ်သည်။ သူမသည် အရိုးဘွဲ့လွန် တတ်နေသော ဆရာဝန်မတစ်ယောက် ဖြစ်နေသည်မဟုတ်လား(ကျွန်တော်ကတော့မသိပါ။) လမ်းခွဲတွင် ကတ္တီပါဖြစ်စေ၊ ဒဏ်ရာဖြစ်စေ မှတ်မှတ်ရရ နင်းဖြတ်ခဲ့ကြရလိမ့်မည်။ အလွမ်းကို ၀ဋ်ကြီးဝဋ်ငယ်ပြုစု .... ဝေးကွာခြင်းဖြင့် သက်သာရာမရနိုင်သော ကျိန်စာ။ ဘာပဲဖြစ်ဖြစ် သူမချစ်ခဲ့သည်။ ချစ်ခဲ့ခြင်းနှင့် လက်ထပ်ခြင်းတို့သည် ဝေးလံသော မြို့များဖြစ်၍ လမ်းကြောင်းတူကျရောက်ရန်မလွယ်ခဲ့ပါ။ နေ့တိုင်းတွေ့နေကျ အရိုးကျိုးသူများ၊ တစ်သက်လုံး ဒုက္ခိတ ဖြစ်သွားသည့်သူများရယ်နေကြချိန်တွင် အသည်းကွဲသော သူမ ငိုနေရသည်မှာ ရယ်စရာလည်းကောင်းသည်။ သို့မဟုတ် ငိုစရာလည်းကောင်းသည်။

မနက်ဖြန် ညနေ ၅ နာရီ။ လေယာဉ်ပျံသည် ထွက်ခွာသွားလိမ့်မည်။ သူမ၏ကြယ်ပုလင်းကို သူတစ်နေရာရာတွင် လွင့်ပစ်ထားခဲ့လိမ့်မည်။ ၃၆၅ ရက်လုံးချစ်နေစေရန်ဆိုသည့် ကြယ် ၃၆၅ လုံးသည် အမိုက်ပုံတစ်ခုခုတွင် စံမြန်းနေမည်လား။ အမှိုက်ကောက်သမားများ၏ ဆော့စရာ ကစားစရာ တစ်ခုအဖြစ် အရိုးရင့် ကျန်ခဲ့မည်လား သူမဆက်လက်မတွေးနိုင်တော့ပါ။

ဆေးရုံများအနံ့စွဲကျန်ရစ်နေသလို စိတ်ထဲတွင် စွဲကျန်နေသော ကိုယ်သင်းနံ့မှာ တဆစ်ဆစ် နာကျင်စေသော ရနံ့ရှိလေသည်။ အချိန်သည် အကောင်းဆုံး သမားတော်ဖြစ်သော်လည်း မသေသော ဆေးသမားမရှိဟု မကြာမကြာ ထုတ်ပြောသော သမားတော်လည်း ဖြစ်သည်။ သူမတွင် နှောင်ဖွဲ့ထားသော ကြိုးကလေးတစ်ချောင်း မရှိတော့ပါ။ ထိုကြိုးလေးသည် သူမနှင့် ဘ၀အဓိပ္ပာယ်များကို တွယ်ဆက်ထားသော ကြိုးလေးတစ်ချောင်းဖြစ်ကြောင်းကို သူ မသိစေချင်ခဲ့ပါ။

ဘယ်ဘက်အခြမ်း၏ လစ်ဟာမှု၊ ထိုအရာသည် သူ၏ ကဗျာတစ်ပုဒ် ဖြစ်သည်။ သူမ၏အရိပ်များ ပျော့ပြောင်းဖျော့တော့စေသော တရားမှာ စိတ်ကျဝေဒနာသာ ဖြစ်သည်။ တစ်လလျှင် နှစ်ရက်မျှ တွေ့ခဲ့ရသောကြောင့် သူ့ကို သူမက လက်သည်းညှပ်လေးဟု နောက်ပြောင်ခေါ်ဝေါ်မိခဲ့သေးလား ပြန်စဉ်းစားမရသလို ဖြစ်နေသည်။ အကျင့်ပါနေသော စိတ်များဖြင့် sms ကို တစ်နာရီတစ်ခါ ငုံ့ကြည့်နေမိသည်ကို သူသိရန် မလိုအပ်ပါ။ သူမသည် အလွန်အကျွံဒဏ်ရာရထားသော ခြင်္သေ့တစ်ကောင်သာဖြစ်ချင်ပါသည်။ ငယ်ဘ၀က အမှတ်တရများကိုပင် မမေ့တတ်သော သူသည် သူမအကြောင်းကို အလွယ်တကူ မေ့နိုင်သွားမည်ဟု သူမစိတ်ချနေမိသည်မှာ စိတ်ဝေဒနာတစ်ခုပင်ဖြစ်နေလေမလား။

အမြဲတမ်းသူမကို ကလေးတစ်ယောက်ဟုသာထင်ခဲ့သော သူ့ကို သူမ မုန်းတီးမိသည်။ ထိုအရာသည် အမှန်တရားဖြစ်သည်။ သူမသည် ချစ်နေသောသူကို တပြိုင်နက်ထည်းမှာပင် ခါးခါးသီးသီးမုန်းတီးနေမိသည်။ မိန်းမတစ်ယောက်ကို လွှမ်းမိုးချယ်လှယ်လိုစိတ် သူ့တွင်ရှိပုံမရ။ သို့သော်သူသည် သူသိထားသမျှကို မသိခြင်းများအတွက် အထင်သေးသလို ပြောဆိုတတ်သောညာဉ်ရှိသည်။ သူဖြစ်စေချင်သည်များကို မဖြစ်သည့်အတွက် မကြာမကြာ အပြစ်တင်လေ့ရှိသည်။ ကလေးအထူးကုဖြေမည်ဆိုတုန်းက သူ အားပေးခဲ့သည်။ သို့သော် အောင်မြင်နှုန်းနည်းလှသည့်စာမေးပွဲကို သူမရှုံးနိမ့်ပြီး အောင်မြင်နှုန်းမြင့်မားသည့် အရိုးအထူးကုဘက်ကို ပြောင်းလိုက်သည့်အခါမှာတော့ သူ အထင်သေးမဆုံးတော့။ သူသည် လူတစ်ဖက်သားကို နားလည်ပေးတတ်သူမျိုး မဟုတ်မှန်း သူမအလန့်တကြားသိလိုက်ချိန်တွင် သူမတို့ချစ်သူ သက်တမ်း ၃ နှစ်ပြည့်ဖြစ်နေခဲ့သည်။ သူမသည် လူကဲခတ် ညံ့ဖျင်းလွန်းသူတစ်ယောက်ဖြစ်နိုင်ပါသည်။

သုံးနှစ်တိတိ ချစ်ခဲ့သော၊ တရားဝင် ရည်းစားအဖြစ်တွဲခဲ့သော လူတစ်ယောက်ကို လမ်းခွဲရန် မလွယ်ကူခဲ့ပါ။ သစ္စာတရားအကြောင်း ပြောသော လျှာဖျားများအောက်တွင် သူမ၏ ဂုဏ်သိက္ခာသည် ရက်အတန်ကြာ၊ သို့မဟုတ် လအတန်ကြာအထိ ပွန်းပဲ့တိုက်စားခံရနိုင်ပါလိမ့်မည်။ ဆေးပညာအရ အချိန်သုံးနှစ်သည် ဟော်မုန်းများကို သူမ၏သည်းခံနိုင်စွမ်း နှင့်အတူ လျော့ပါးရန် လုံလောက်စွာ ကြာညောင်းသွားပုံရသည်။

hormones and love

Insulin+
Prolactin+
Prolactin+
Progesterone+
Cortisol+
Oxytocin+
Oestrogen+
Aldosterone+
Erythropoietin (epo)+
Testosterone+
+your smile=love

P.S Your kisses are booster doses, :)
Love you so much 4ever+2 days.

With Love,
Yellow.

သူရေးပေးထားသော hormone and love ကဗျာကိုပြန်ဖတ်ကြည့်ပြီး တစ်ချိန်က ရယ်ခဲ့မိသော် လည်း အခုတော့ မရယ်မိတော့ ..............။သူပြောပြောနေကြ ယောကျာ်းတွေဟာ အသည်းကွဲတယ်ဆိုတာမရှိဘူး။ ခြင်ကိုက်သလို အနည်းငယ်ကသိကအောင့်ဖြစ်ကြတာကို နည်းနည်း အပိုတွေရေးကြရင်း အသည်းကွဲသလိုဖြစ်သွားတာ ဆိုသည့်စကားကို သူမပြန်လည်မှတ်မိလာသည်။ သူ၏ မထုံတက်ထေးနိုင်မှုသည် သူမအတွက် ခါးသီးမှုလောင်စာများသာဖြစ်နေတော့သည်။

တစ်ယောက်လက်ကို တစ်ယောက်တွဲထားပြီး တစ်ယောက်နဲ့တစ်ယောက် လမ်းခွဲဖို့မသင့်လျော်လွန်းသော နံနက်ခင်း လှလှလေးမှာပင် သူ့ကို လမ်းခွဲစကားပြောလိုက်ရသည်ကိုတော့ သူမ စိတ်မကောင်းပါ။ ခရေပန်းများကြွေကျသံကို သူမ ကြားနေရသည်။ ကြေကွဲရိပ် ဖျတ်ခနဲသန်းသွားရုံထက် မပိုသော သူ့မျက်နှာကို မြင်ရသည်။ နောင်တမရစေရဘူးဟု တင်းမာခဲ့သော အသိစိတ်ကို မျက်ရည်များဖြင့် တောင့်ခံထားရသည်။ တစ်ယောက်စိတ်ကို တစ်ယောက်က ထိခိုက်အောင် မလုပ်ကြေးဟူသော ငယ်ဘ၀က ကတိစကားများကလည်း စိတ်အနှောင့်အယှက်ဖြစ်စရာ အချိန်မှာမှ သတိတရ ကြားယောင်နေမိသည်။ သို့သော် ထိုအရာသည် ဘ၀ဖြစ်သည်။ နားလည်မှုမပါသော ချစ်ခြင်းကို သူမကြောက်ရွံ့တတ်ခဲ့ပြီ။ ရှည်လျားသော လမ်းတစ်လျှောက် အချစ်တစ်ခုတည်းဖြင့် လျှောက်ကြမည်ဟု စိတ်ကူးယဉ်ဖို့ခက်သည်။ အထူးသဖြင့် သွေးအေးသော သူ့မှတ်ချက်များဖြင့် သူမထပ်မံ၍ အသေဆုံး မခံနိုင်တော့ပါ။ ချစ်ခြင်းတစ်ခုထဲဖြင့် တေ့ဆက်ထားသော လက်ဖျံရိုးလေးတစ်ချောင်း ကျိုးသွားသလိုမျိုးပေါ့ မောင်ရယ်ဟု သူမတွေးနေမိသည်။

မျက်ရည်များသုတ်ရင်း ဦးခေါင်းကိုမော့လိုက်သည်။ တစ်ယောက်တည်းရင်ဆိုင်ရမည့် လောကသစ်အတွက် သတ္တိများ သူမစိတ်တွင်းသို့ ၀င်ရောက်လာသည်။ ဘ၀သည် တစ်ယောက်တည်း ရင်ဆိုင်ရန် ခက်ခဲသောနေရာ မဟုတ်ပါ။ သူရေးဖူးသော ကဗျာတစ်ပုဒ်ကလို ဆိုက်ကားနင်းရင်း စက်ဘီးပြန်စီးသလို ဘေးတွဲပြုတ်နေတဲ့အရသာကို သူမ အသားကျသွားပါလိမ့်မည်။ ဒါလေးတောင်မသိဘူးလား ဟူသော စကားသံများ သူမ ထပ်ကြားရန် မလိုအပ်တော့ပါ။ ချုပ်ချယ်မှု သောင်းခြောက်ထောင်မှ လွတ်ငြိမ်းချမ်းသာခွင့်ကိုလည်း တရားဝင်ရရှိပြီးပြီဖြစ်သည်။ လမ်းခွဲသည့်နေ့မှ အမှတ်တရ ပေးလာသော အရိုးအထူးကု သင်ရိုးစာအုပ်တစ်အုပ်၏ ရှေ့ဆုံးတစ်ရွက်ကို ဆုတ်ဖြဲပြီး သူဘာလို့ပြန်ယူသွားမှန်း သူမ တွေးမရပါ။ စုံထောက်များလို သူဘာရေးသွားမှန်း ခဲခြစ်၍ ပြန်လည် စစ်ဆေးရန်လည်း သူမ စိတ်မပါလှပါ။ သူ့ကို စိတ်ဓာတ်ကျနေချိန်များတွင် ဖွင့်ဟပြောချင်စိတ်မရှိအောင်၊ သူ့ရည်မှန်းချက်များအတွက် စာအုပ်မျိုးစုံ ရှာဖွေပေးချင်စိတ်ကို တတ်နိုင်သမျှ ထိန်းသိမ်းတတ်အောင် သူမ လေ့လာရဦးမည်။

လောလောဆယ်တော့ ပျင်းရင် ရွတ်စရာ အလွတ်ရနေသော သူ့ကဗျာများသာ ရှိသည်။ လမ်းခွဲပြီးမှသိသာလာသော ချစ်ခြင်းတရား အကြောင်းကို သူမ တွေးနေမိသည်။ ခေါင်းတစ်ချက်ယမ်းခါရင်း ချစ်နေခြင်းနှင့် အတူနီးကပ်စွာရှိနေခြင်း၏ ကွာဟချက်များကိုတွေးမိပြန်သည်။ သေချာသည်။ သူ့ကို သူမချစ်သည်။ သို့သော် ထိုအရာကို သူသိရန်မလိုအပ်ပါ။ တစ်ယောက်တည်း ပြည့်စုံနေသော သူမသည် အပြည့်ကိန်းတစ်လုံးသာ ဖြစ်ချင်သည်။ သူ့အရိပ် လွှမ်းမိုးမှုကင်းသော တစ်နေရာတွင် သူမသည် အောင်မြင်အောင် ကြိုးစားနိုင်ပါလိမ့်မည်။ သူမချစ်သော သူသည်လည်း ရောင့်ရဲခြင်းကင်းသည့် ကြိုးစားမှုများနှင့် သူ့ဘ၀ကို အကောင်းဆုံး တည်ဆောက်သွားပါလိမ့်မည်။ ညီမျှခြင်းတွေတောင် အလျားအနံမညီကြဘူး မဟုတ်လား ဟု သူရေးခဲ့ဖူးသည်။ မှန်သည်။ ညီမျှခြင်းများသည် လုံလောက်သော အကွာအဝေးတွင် ညီမျှနေကြခြင်းသာ ဖြစ်သည်။ ။

သူမသည် အလွယ်တကူ ၀မ်းနည်းတတ်သူမဟုတ်ပါ။ ချစ်ခဲ့၍ကျသော မျက်ရည်များကိုလည်း စိတ်ရှည်လက်ရှည် ကုန်ဆုံးခွင့်ပြုထားလိုက်သည်။ ချစ်ခြင်းတရားကို သူမ နောင်တမရခဲ့ပါ။ လိုအပ်လျှင် သူမ ပန်းချီပြန်ဆွဲကျင့် နေလိုက်မည်။ သေချာသည်ကတော့ ခရေပန်းကြွေသံ ဟု အမည်ပေးထားသော သူမ၏ ပန်းချီကားသည် မည်သည့်အခါမှ ပြီးဆုံးနိုင်တော့မည်မဟုတ်ပါ။ ။

Regards,
Zephyr

Notes: Long long ago, I was a story-teller :).

Get well soon mom, and phyo phyo.
I hope my busy wife will have time to read my short story .. :). At least, for God's sake !!:).



Peace B with U.