သုဘအနုပညာ
ထိုစဉ်က စံပယ်ပန်းများမပွင့်သေးပါ။
စံပယ်ပန်းများသည် စံပယ်ပင်အနီးသို့ပင် ရောက်မလာခဲ့သေးပါ။ အမှန်စင်စစ် ညတာရှည်သောကြောင့် အိမ်မက်များခဲ့သည်ထင်ပါသည်။ တိမ်များသည် မိမိတို့၏အရောင်လှမလှ သိမသွားကြပါ။ ဖြစ်မှု၊ပျက်မှုများဖြင့် အစီအစဉ်တကျ ပရမ်းပတာဖြစ်နေမှု၏ သံဝေဂရဖွယ် (သို့တည်းမဟုတ်) ငေးငိုင်ဆင်ခြင်ဖွယ် စုတ်ချက်ကြမ်းတစ်ခုမျှဖြတ်သန်းသွားခြင်းဖြစ်ဟန်တူပါသည်။
ကျေးငှက်များသည် လွယ်ကူဟန်ပြုထားသော ခက်ခဲမှုများဖြစ်ပါသည်။ စနစ်တကျပျံသန်းနေသော ငှက်ကလေးတစ်ကောင်၏ အစာအိမ်ပြဿနာကို သင်နားလည်နိုင်မည်မဟုတ်ပါ။ မိုးရေစိုစွတ်နေသော တောင်ပံတစ်ချောင်းသည် သဘာဝ၏ အေးစက်စက်ရက်စက်မှုများအကြောင်းကို အနီးကပ်သင်ယူခဲ့ပြီးဖြစ်ပါလိမ့်မည်။ မုန်တိုင်းထန်သော နေ့တစ်နေ့သည် စောစောထသော ငှက်တစ်ကောင်အတွက် ကိုယ့်ဒုက္ခကိုယ်ရှာရင်း ကံကုန်တော်မူသွားရန်သာ အသုံးဝင်ခဲ့လိမ့်မည်။ ကြိုတင်ကြံစည်ထားသောကြောင့် သင်ရော အတောင် ဘယ်လောက် ကျွတ်ခဲ့ပါလိမ့်။
ကင်ဆာအကြိတ် ဟုတ်၊မဟုတ်ပြဿနာမှာ လူနာများအတွက်တော့ သေလုနီးပါး အရေးကြီးပါသည်။ ကင်ဆာကို ကုနိုင်သူများအတွက်ဖြစ်စေ၊ မကုနိုင်သူများအတွက်ဖြစ်စေ၊ သေခြင်းတရား၏ ရက်သတ်မှတ်မှုသည် အင်မတန်အရေးကြီးလေသည်။ တောင်ပံများသည်ပျံဝဲဖို့မဟုတ်ကြောင်း နှစ်အတန်ကြာ အလေလိုက်ပြီးမှ သဘောပေါက်လာသော စင်ရော်တစ်ကောင်နှင့် အတောင်ကျိုးနေသော ခိုအိုတစ်ကောင်တွေ့ဆုံခန်းသည် သမူဟအသွင်ဆောင်လိမ့်မည်ထင်သည်။ ဆရာဝန်၏ အပြုံးသည် ဖော်ရွေမှုနှင့်သောကကို ဆတူလောက်ရောထားပုံရသည်။ သူ့ဒုက္ခသူရှာချင်၍ ဆရာဝန်လုပ်ဟန်တူသည်။ လူနာများသေသွားခြင်းမှာ သူ့အပူဟု ခံယူပုံရသည်။ ဒီအတိုင်းသွားလျှင် ဆရာဝန်သာ နှလုံးရောဂါနှင့် စောစောထွက်ခွာသွားရမည့်ပုံရှိသည်။ အေးဆေးပေါ့ဗျာ။ ကင်ဆာဟာ ကျန်းမာတဲ့ဆဲလ်တစ်ခုမဟုတ်လား။ သူကျန်းမာဖို့ ကျုပ်သေဖို့လိုတော့လည်း သေတာပေါ့။
စန္ဒရားဆရာ၏ပြဿနာမှာ ညာလက်လေဖြန်းသွားခြင်းဖြစ်သည်။ ခြေထောက်နဲ့တီးပေါ့ဗျာဟု မိတ်ဆွေများက အားပေးသည်။ ဘယ်လက်သည် ညာလက်ကိုတွေတွေကြီးကြည့်နေသည်။ တစ်ခြမ်းပဲ့အနုပညာသည် ဂီတအဖြစ်ပေါင်းစီးရန်ခက်နေသည်။ စန္ဒရားဆရာသည် သူ့ဝင်လေကို သူသိသည်။ ဂီတသည် နှလုံးအိမ်သို့ ဖြတ်၍ တိုက်ခတ်သွားသော လေနုအေးဖြစ်သည်ဟု ဘာဝနာပါပါပြောဟန် ပြုံးနေလေသည်။ အဟောင်းဈေးဖြင့် ရောင်းချရန် အသင့်ဖြစ်နေသော စန္ဒရားကို သူကြည့်သည်။ သည်မျှပေါ့ဟု နှလုံးသွင်းသည်။ စန္ဒရားအဖုံးကို ဖြည်းဖြည်းချင်းပိတ်သည်။ သူ့အတွက် အရေးမကြီးတော့ပါ။ သူ့ဘဝတွင် နာရီပေါင်းမြောက်မြားစွာ လေ့ကျင့်ခဲ့ပြီးပြီ။ နာရီပေါင်းမြောက်မြားစွာ ဖျော်ဖြေခဲ့ပြီးပြီ။ နာရီပေါင်းမြောက်များစွာ ခံစားချက်များသွန်ချခဲ့ပြီးပြီ။ စန္ဒရားသည် သူ့အတွက် ခန္ဓာကိုယ်အပြင်ဘက်ရောက်နေသော ကိုယ်ပိုင်အစိတ်အပိုင်းတစ်ခုဖြစ်နေခဲ့သည်မှာကြာပြီ။ ထိုညက အိမ်မက်ထဲတွင် သူ့ညာလက်သည် စန္ဒရားနှင့်တွယ်ဆက်နေသည်ဟုမက်ခဲ့သည်။
ခင်ဗျား တီးနေတာ ကျုပ်ဘာမှမကြားဘူးဟု percussionist တစ်ယောက်ကိုပြောတော့ သူပြုံးနေသည်။ ခင်ဗျားကြားအောင်တီးတာမှမဟုတ်ဘဲဟု ဘုကျကျဖြေသည်။ မကြားရတာတွေတီးနေတော့ ဂီတဖြစ်သလားဟု ကျနော်မေးတော့ ဒါတော့ မသိဘူးလေကွာဟုဆိုသည်။ မင်းအစားငါ ပိုက်ဆံတွေနှမြောတယ်ကွာ ဟု သူ့အဖေက သူ့ကိုပြောသည်။ လေးနှစ်စာရှာထားသောပိုက်ဆံများကို ဗုံသေးသေးလေးများဝယ်ပြီး မြန်မာပြည်ပြန်လာသော သားတော်မောင်ကို ပယောဂပူးနေပြီဟု သူ့အဖေကထင်သည်မှာလည်းမဆန်း။ နှစ်အတန်ကြာ သူတီးနေသည်။ နှစ်အတန်ကြာကျနော်မကြားခဲ့။ နောက်တော့ သူ အိမ်ရာထူထောင်သည်။ သူ့ဇနီးကိုကြည့်တော့ ဖြူဖြူလုံးလုံးနှင့် သူတီးနေကျ ဗုံတစ်လုံးနှင့်ဆင်နေသည်။ သူ့အမျိုးသမီးကို နင့်ယောကျာ်း percussion တီးတာကို နင်ဘယ်လိုမြင်လဲဟုမေးကြည့်တော့ "တီးတော့ တီးနေတယ် သိပ်မကြားရဘူး" ဟုဖြေသည်။ ကျနော်တို့အားလုံးတော့ သူ့ကို "တားမကြီး" (တီးမကြား၊တီးသော်လည်းမကြား) ဟုခေါ်လိုက်ကြသည်။ သံရုံးများတွင် မကြာမကြာ ဖိတ်ခေါ်ခြင်းခံလာရသည့်တိုင် "တားမကြီး" သည် ကျနော်တို့၏ နာမည်ဖျက်မှုမှ မလွတ်မြောက်။ ခုနစ်နစ်ကြာတော့ သူ့သမီးလေးမွေးသည်။ သွားကြည့်မိတော့ ဗုံသေးသေးလေးနှင့်တူနေသည်။ ကျနော့်သူငယ်ချင်းကြီး "တားမကြီး"သည် မကြားရအောင်တီးနေခြင်းတော့ဟုတ်ဟန်မတူပါ။ သူ့သမီးလေးကိုတော့ လူကြားအောင်တီးတာတစ်ခုခုသင်ပေးစမ်းပါဟု ကျနော်ပြောတော့ သူရယ်နေခဲ့သည်။
လူနာစောင့်ရင်း ဖဲရိုက်ကြတော့ ငယ်သူငယ်ချင်း ငထက်က သူကူရိုက်ပေးမည်ဟုဆိုသည်။ မြန်မာတစ်ပြည်လုံး သြဇာလွှမ်းခဲ့သော ရှေ့နေကြီး၏ မြေးမှာ ဖဲလိမ်ရိုက်သူတစ်ဦးဖြစ်လာမည်ဟု မည်သူမှမထင်ခဲ့ပါ။ သူ့လက်ညှိုးကို ကော်ပတ်နှင့်စားထားသည်ဟုဆိုသည်။ နှစ်ကြိမ်မြောက်ဝေအပြီးတွင် ဖဲချပ်အားလုံးကို သူ marking လုပ်ထားပြီးသားဖြစ်နေသည်။ သူရှုံးချင်သည့်အခါ သူရှုံးပြီး၊ သူနိုင်ချင်သည့်အခါ သူနိုင်အောင်လုပ်နိုင်သည်။ တတ်ခဲမှပညာဆိုသော စကားပုံအရဆိုရင် ဖဲလိမ်ရိုက်ခြင်းသည် ပညာဖြစ်မည်လားဟုစဉ်းစားမိသည်။ သူ့ကို သင်ပေးသော ထောင်ထွက်ဖဲသမားကြီးမှာ အလုံမြို့နယ်တစ်ခွင် အောင်ပွဲဝင်ခဲ့သူဟုဆိုသည်။ တပည့်ကျော်၏ အစွမ်းအရပင် ဆရာ၏ အစွမ်းကိုမြင်သာပေသည်။ ကင်ဆာဖြင့်သေသွားသော အသုဘကို မည်သူမျှမရှုကြပါ။ သုဘသည်သာ ရှုစရာဖြစ်သည်။ အသုဘသည် ရှုစရာဖြစ်သည့်တိုင် လစ်လျူရှုစရာသာဖြစ်သည်။ ငထက်ဖဲလိမ်ရိုက်ပေးသော အမြတ်တစ်ဝက်ကို အကောက်ပန်းကန်ထဲထည့်ပြီး ကျန်တစ်ဝက်ကို ခေါက်ဆွဲကြော်ဝယ်စားဖြစ်သည်။ လောကကြီးသည် ဇာတ်လမ်းများထက်ဆန်းကြယ်သည်ဟု ပိုမို လက်ခံလာမိသည်။
စန္ဒရားဆရာသည် သေချင်ပြီဟုဆိုသည်။ စန္ဒရားရောင်း၍ရသော ပိုက်ဆံဖြင့် ပဌာန်းကျမ်းအစုံလိုက်ဝယ်လာသည်ကိုတွေ့ရသည်။ ဒီဂီတကတော့ လက်တစ်ဖက်မပါလည်းဖြစ်တယ်ဟုဆိုလေသည်။ မည်သူမျှ နားမလည်ကြ။
ငှက်တစ်ကောင်၏ ပြဿနာမှာ ပျံသန်းနေရခြင်းဖြစ်သည်။
အတောင်ပံများသည် အပိုဖြစ်ကြောင်း သိလာသည့်နေ့အထိတော့ ငှက်သည် ပျံနေဦးမည်ဖြစ်သည်။
"တားမကြီး" သမီးလေးအတွက် ဝယ်ထားသည့် YAS-62 Professional Alto Saxophone ကို လူကြုံသွားပေးရင်း အပြန်လမ်းတွင် စန္ဒရားဆရာ၏ ညာဘက်လက်နှင့်တွေ့သည်။
ထိုအချိန်တွင် ညာဘက်လက်သည် ဝိုင်ဖြူခွက်ကို ခိုင်မြဲစွာကိုင်လျှက်သားဖြစ်နေသည်ကိုတော့ မည်သို့မျှ နားမလည်တတ်တော့။ ။
Zephyr

Peace B with U.