စာမြည်း
စာမြည်းဆိုတာ book review ကိုမြန်မာမှုပြုတာလို့ထင်တယ်။ နည်းနည်းမြည်းကြည့်ရုံလောက်ပဲ။
How Starbucks Saved My Life
A Son of Privilege Learns to Live Like Everyone Else (Michael Gates Gill) ဆိုတဲ့ စာအုပ်ကို ဖတ်ဖြစ်တယ်။ Memoir လို့စာရင်းသွင်းတယ်။ မြန်မာလိုဆို ကိုယ်တွေ့ဝတ္ထုဆန်ဆန်တွေက ဒီအမျိုးအစားထဲရောက်လောက်မယ်။ စဖတ်တုန်းကတော့ ခရီးသွားရင်း အပျင်းပြေဖတ်ဖို့သယ်သွားရာက အတည်ပေါက်ကြီးရေးတာဖြစ်နေတယ်။
စာရေးဆရာက ကြော်ငြာကုမ်ပနီမှာ တစ်နှစ်ကို ဒေါ်လာသိန်းချီရတဲ့သူ၊ မိဘတွေကလည်းချမ်းသာလွန်းလို့၊ အိမ်ခန်း ၃၅ ခန်းပါတဲ့ အိမ်ကြီးရခိုင်နဲ့နေခဲ့တဲ့သူ၊ အက်ဇရာပေါင်းကို ငယ်တုန်းက ပန်းသီးနဲ့ပေါက်တဲ့သူ၊ ရောဘတ်ဖရော့စ်ထ်နဲ့အရက်အတူသောက်ခဲ့တဲ့ကျောင်းသား။ ဆမ်းမားဆက်မောမ်အကြံပေးတာနဲ့ နွားရိုင်းပွဲဝင်ပြေးလို့ပြေး၊ ငယ်တုန်းက ကြွယ်ဝခဲ့တယ်။ကြီးလာတော့ ကော်ပိုရိတ်မှာ ၂၅ နှစ် လက်ကြောတင်းတင်းလုပ်ခဲ့ရာက အလုပ်ပြုတ်၊ ကလေး လေးယောက်အဖေ၊ အလုပ်ပြုတ်စိတ်လေပြီး ကလေးမရနိုင်တဲ့ရောဂါရှိတဲ့ ဆရာဝန်မနဲ့ အိပ်ပြီး၊ မည်သို့မည်ပုံမသိ၊ ဟိုက ကလေးရသွား။ အဲဒီမှာ မယားကြီးနဲ့ကွဲ၊ အိမ်ကြီးကိုပေးလိုက်။ သူ့ကိုယ်ပိုင်လုပ်ငန်းမအောင်မြင်။ နောက်ဆုံး စတားဘက်စ်မှာ အလုပ်ဝင်လုပ်တဲ့အကြောင်း။ ဒီစာအုပ်က သိပ်နက်နေတယ်။ အချိန်ရမယ်ဆိုရင် ဖတ်ကြည့်ကြပါ။ တန်ဖိုးအပြည့်ပါတဲ့စာအုပ်ကောင်းတစ်အုပ်ပဲ။ လူဖြူတစ်ယောက် လူမည်းအမျိုးသမီး လက်အောက်မှာ အလုပ်လုပ်တဲ့အကြောင်းလည်းဖြစ်တယ်။ နောက်တော့သူ့အရင်အလုပ်နဲ့အခုအလုပ်ကို တစ်ချက်တစ်ချက် နှိုင်းယှဉ်ပြသွားတာ သိပ်မိုက်တယ်။ သန့်ရှင်းရေးလုပ်ရတာလေးတွေကအစ အသေးစိတ်ရေးတာ။ ဘဲကြီးက Yale က ကျောင်းပြီးတာ။ တကယ့် ဒိတ်ဒိတ်ကြဲကျောင်းကထွက်ပြီး ထိပ်သီးဖြစ်ခဲ့တာ။ ဘဝရဲ့အတက်အကျနဲ့ငွေကြေးမစီမံတတ်ရင် ဘဝပျက်တတ်တာတွေကို လေ့လာနိုင်မယ်ထင်တယ်။
ရယ်စရာတွေလည်းပါတယ်။ လူအိုဘဝအကြောင်းလည်းပါတယ်။ ငိုချင်စရာကောင်းတာတွေလည်းပါတယ်။ Memoir တွေရဲ့ထုံးစံအတိုင်း ဖတ်ပြီး တစိမ့်စိမ့်အရသာခံရတယ်။ သူပြောချင်တဲ့ ဘဝအားမာန်လေးတွေကိုလည်း တစ်ချက်တစ်ချက်တွေ့တယ်။
လူဆိုတာ အမှားလေးတစ်ချက်နဲ့ ဘဝအလှည့်အပြောင်းဖြစ်သွားနိုင်တယ်။ စာရေးဆရာရဲ့ဘဝမှာလည်း စီးပွားပျက်တာကိုစိတ်လေပြီး တခြားတစ်ယောက်နဲ့ငြိပြီးကလေးရသွားတော့ လက်ရှိမိသားစုဘဝပျက်စီးပြိုကွဲသွားတယ်။ ဆင်ခြင်သတိဟာ အင်မတန်မှအရေးကြီးတယ်။
အဲဒီမှာပါတဲ့အဖြစ်အပျက်လေးတစ်ခု ၁၆ နှစ်အရွယ် ကောင်မလေးနှစ်ယောက် ရည်းစားကိစ္စနဲ့ပတ်သက်ပြီး ဓားနဲ့ခြိမ်းခြောက်ရာက တစ်ယောက်ကအော်လို့ ခြိမ်းခြောက်တဲ့တစ်ယောက်က ဓားနဲ့ထိုးလိုက်တာ သေပါလေရော။ လူသတ်မှုနဲ့တစ်ယောက်ထောင်ထဲရောက်ပြီး တစ်ယောက်က သေသွားတယ်။ ဘာမဟုတ်တဲ့ကိစ္စလေးနဲ့ဘဝပျက်သွားတယ်။ အဲဒါလေးတွေကို သတိထားစေချင်တယ်။
တစ်ချို့အမှားသေးသေးလေးတွေက ဘဝကိုလမ်းကြောင်းပြောင်းစေတာတွေ့ရတယ်။ ကျန်တာတွေကတော့ သူ့အရေးအသားနောက်လိုက်ဖတ်ရင်း လူတစ်ယောက်ရဲ့ဘဝကို သူ့ကိုယ်စောင့်နတ်မြင်ရသလို မြင်ရတာပေါ့။ စာဖတ်တဲ့ ရသဟာ အဲဒီလို သိမ်သိမ်မွေ့မွေ့ကိစ္စပဲမဟုတ်လား။ ကိုယ်တိုင်ဖတ်ပြီးခံစားကြည့်တာဟာ စာမြည်းဖတ်တာထက်ကောင်းတာပေါ့။ စာမြည်းဆိုတာတော့ ဒီလိုအပေါ်ယံလောက်ပဲပြောတာပေါ့။
စာဖတ်ခြင်းဟာ တခြားဟာတွေကိုတော့ ဘာအထောက်အကူပြုသလဲသေချာမသိနိုင်ပေမယ့် စိတ်ချမ်းသာဖို့တော့ တော်တော်လေးအထောက်အကူဖြစ်စေတယ်။ ဒီစာအုပ်ကိုလည်း ဖတ်ဖို့အားရင်ဖတ်ကြည့်ကြပါ။ ကိုယ့်အတွက် တစ်ခုခုရစေမယ့်စာအုပ်မျိုးလို့ထင်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အကြိုက်ချင်းမတူလို့ ဖတ်ပြီးမကြိုက်ခဲ့သည်ရှိသော် ... ကျွန်တော့်ကို ခွင့်မလွှတ်လိုက်ပါနဲ့။
Regards,
The Gardener
Peace B with U.