ကျွန်တော်တို့တတွေ အသက်တွေ ကြီးလာပြီ။
ငယ်တုန်းက လိုက်အော်ခဲ့တဲ့ ကတ်ဆက်ခွေ (အသံထွက်မှန်ကတော့ ကဆက် နဲ့ပိုနီးစပ်တယ်။ cassette tape)ထဲက ရော့ခ်ကာကြီးလည်း အိုသွားပြီ။ ချစ်စရာကောင်းတဲ့ မနက်ခင်းကော်ဖီ ရနံ့ဟာ နေ့လည်ခင်းမှာ ပျောက်ကွယ်သွားသလို၊ လူငယ်ဘဝရဲ့ လန်းဆန်းလတ်ဆတ်တဲ့အရသာဟာ အသက် သုံးဆယ်ကျော်မှာ တစ်ဝက်လျော့သွားပြီ။ လူငယ်ဘဝမှာ မျှော်မှန်းထားတဲ့ ငွေကြေးပြည့်စုံမှုတွေနဲ့ နီးစပ်လာပြီ။ လူငယ်ဘဝမှာလိုချင်တာတွေ တော်တော်များများ အခု မလိုချင်တော့ဘူး။ လူငယ်ဘဝမှာ မတတ်နိုင်ခဲ့တာတွေကို တတ်နိုင်လာပေမယ့် မဝယ်ဖြစ်တော့ဘူး။ လူငယ်ဘဝရဲ့ ဝိညာဉ်ဟာ စွန့်ခွာသွားခဲ့ပြီ။
လူငယ်ဘဝရဲ့ အဓိပ္ပာယ်က သူငယ်ချင်းတွေပဲ။ တစ်ရက်မှ အပျောက်မခံနိုင်အောင် ချစ်ခဲ့ကြတယ်။ ပြောင်းလဲခြင်းတရားကို ကြံ့ ကြံ့ မခံနိုင်တဲ့ သင်္ခါရတရားတွေထဲ တစ်ခုပြီး တစ်ခု ကျကျပျောက်တယ်။ ချစ်ခင်မြတ်နိုးလွန်းလို့ သိမ်းထားတဲ့ ပန်းပွင့်အဝါရောင်လေးလည်း ညှိုးရော်သွားတယ်။ ဘုရားစင်က စံပယ်ပန်းပွင့်လေးတွေ စွန့်လိုက်ရသလို အမြတ်တနိုး ကပ်လှူခဲ့တဲ့ အလှတရားရဲ့ ကြာရှည်မတည်မြဲမှုမှာ ဖြူစင်ရိုးရှင်းတဲ့ချစ်ခြင်းတရားကို စွန့်လိုက်ရတာပါပဲ။
ပြည့်စုံမှုမရှိတဲ့ ဘဝကနေ ထိုးဖောက်ဖို့ အစဦးအချိန်မှာ အချစ်ဆုံးလူတွေနဲ့လည်းခွဲခွာကြရတယ်။ နာကျင်အချိန်ပိုအထိ တစ်ဂိုးရှုံးနေတဲ့အသင်းလိုပဲ နောက်ဆုံးရတဲ့စက္ကန့်တွေကို ဆွဲဆန့်ထားရမလား၊ အဆုံးမှာရှိတဲ့ အရှုံးကိုလက်သင့်ခံလိုက်ဖို့ပဲပြင်ဆင်ရမလား ဝေခွဲရခက်တယ်။ ရော့ခ်ဂီတရဲ့ ဆိုလိုတွေလို ဘယ်လောက်လှပအောင်တီးတီး သုံးမိနစ်ကျော်လာရင် အီလာတာပဲ။ သဘာဝတရားမှာကိုက ဒီလိုသဘောပဲ။ ရာသီဥတု၊ သစ်ပင်၊ ဒီရေ၊ လရောင်၊ ဘတ်စ်ကား၊ တိမ်တိုက်၊ ဘလိတ်ဓား၊ အချစ် တို့ဟာလည်း ပြောင်းလဲတတ်ပုံရတယ်။ အထူးသဖြင့် expiry date ပါတဲ့ကုန်စည်တွေလို့ သတိမထားမိလိုက်တဲ့လူတွေအတွက်တော့ မလွယ်ကူခဲ့ဘူး။ အပြောင်းအလဲဟာ ကစ်ဘောက်ဆင်းရဲ့ အောက်ခြေဖျက်ရိုက်လိုက်တဲ့ low kick နဲ့တူတယ်။ အခန့်မသင့်ရင် ကြမ်းပြင်ပေါ်က ပြန်မထနိုင်တော့ဘူး။
စိုက်ပျိုးချိန်ဟာ ထင်တာထက် အမြဲပိုကြာမြင့်တယ်။ ချိစ်ကိတ်တစ်လုံးကို ဖုတ်ပြီးလို့ ၁၂ နာရီအတွင်း ရေခဲသေတ္တာထဲထည့်ပြီး သုံးရက်အတွင်း စားလိုက်ဖို့လိုတယ်ဆိုတဲ့ အညွှန်းမျိုးနဲ့ဆိုရင်တော့ ဘဝဟာ လွယ်ကူခဲ့မှာပဲ။ ခက်တာက ဘဝဟာ အဲဒီလို ပြတ်ပြတ်သားသားမရှိလှဘူး။ တက်တွေ အများကြီးပြောင်းလှော်ဖို့၊ ရေစီးကြောင်းသစ်ကို ရှာဖွေဖို့၊ လက်နဲ့လှော်ဖို့၊ မုန်တိုင်းမှာပျော်ဖို့တွေအထိ တောင်းဆိုနေတတ်တယ်။
လူငယ်ဘဝတုန်းက စိုလက်နေတဲ့ လက်မောင်းက တက်တူး ဟာ လူရွယ်ဘဝမှာ ... အရောင်ပြယ်လျော့သွားပြီ။ အချစ်ကို သံသယဖြင့်သာ စောင့်ကြည့်လေ့လာသူ၊ ကဗျာ၊ဂီတဖြင့်သာ ကိုယ့်ကိုယ်ကို ပြန်စိုက်ထားသော ဓားတစ်လက်၊ မတော်တဆကျသွားတဲ့ introvert နွံအိုင်ထဲကနေ ပြန်မတက်တော့တဲ့သူပဲ ဖြစ်လာခဲ့တယ်။ နောက်ထပ်ငါးနှစ်လောက်ကြာတော့ ရော့ခ်စီဒီတွေပြန်သိမ်းပြီး၊ တရားခွေတွေပဲ စီဒီစင်မှာ ပြည့်လာခဲ့တယ်။ နှင်းဆီပန်းအဝါရောင်ကို အဖြူရောင်လီလီတွေနဲ့ လဲလှယ်ပစ်လိုက်ပြီ။
ဘာသာတရား၊ အတွေးအခေါ်၊ ဒဿန၊ မိသားစုကအစ တစ်ကနေပြန်စလိုက်တယ်။ ရှေးတုန်းက အဟောင်းတွေ၊ မသိခင်က အမှန်တရားတွေကိုလည်း စွန့်လိုက်ပြီ။ ငြိမ်းချမ်းတဲ့စိတ်နဲ့ အေးအေးငြိမ်ငြိမ်နေထိုင်ခြင်းကိုပဲ ဘာသာတရား၊ အတွေးအခေါ်၊ ဒဿန၊ မိသားစုအဖြစ် လက်ခံလိုက်တယ်။ ဘယ်ဘာသာတရားကိုမှ ကိုးကွယ်သူမဟုတ်ဘူး။ ကြည်လင်နေတဲ့စိတ်ရဲ့ အေးချမ်းမှုကိုသာ ကိုးကွယ်တဲ့သူဖြစ်လာတယ်။ ကိုယ်ယုံကြည်တာတွေအတွက် ရဲရင့်ရမယ်။ မဟုတ်ရင်လည်း ကိုယ့်ဘဝမှာ အင်အားထွက်စရာနေရာမရှိဘူးဖြစ်နေမယ်။ လိုအပ်ချက်တွေ နည်းသွားပြီ။ ငယ်တုန်းက အရသာတွေဟာ ကြီးလာတော့ ပေါ့သွားပြီ။ ငယ်တုန်းက ပျော်ရွှင်စရာလို့ထင်တာတွေဟာ ကြီးလာတော့ အဓိပ္ပာယ်သိပ်မရှိတော့ဘူး။ တန်ဖိုးထားမှုတွေပြောင်းလဲသွားပြီ။ အပျော်အပါးနဲ့မရနိုင်တော့တဲ့ ပျော်ရွှင်မှုအစစ်ကို ဆက်ပြီးရှာဖွေဖို့ သတ္တိရှိဖို့လိုတယ်။ အမှန်တရားကို လက်ခံရဲတဲ့သတ္တိမရှိမချင်း လောကမှာ တကယ်နေလို့မရသေးဘူးလို့ထင်လာတယ်။ ထွက်ပြေးတဲ့သူမဖြစ်ချင်ဘူး။ ကိုယ့်ရဲ့ မှန်ကန်တဲ့နေရာမှာ တည်တည်ငြိမ်ငြိမ် ရပ်နေတဲ့သူပဲဖြစ်ချင်တယ်။ ပြောင်းလဲသွားတဲ့စိတ်နဲ့ ကိုက်ညီတဲ့ နေထိုင်မှုပုံစံဘက်ကို ရွှေ့လိုက်ဖြစ်လာတယ်။ ဆောင်းရာသီယဉ်ကျေးမှုမှာ နွေရာသီဖက်ရှင်ဟာ အံမဝင်တော့ဘူး။
ငယ်တုန်းက မော့ကြည့်ခဲ့တဲ့ တိမ်တိုက်တွေကိုတော့ အခုလည်း မော့ကြည့်နေတုန်း။ တိမ်ထူတဲ့နေ့တစ်နေ့မှာ ကောင်းကင် အလျားတစ်လျှောက်ဖြတ်သန်းသွားမယ့် တိမ်ကလေးတွေကတော့ ငယ်တုန်းကလိုပဲ ပေါ့ပါးလှပနေမြဲပဲ။ ဒါကို မေတ္တာတရားရဲ့ လှပမှုလို့ ခံစားမိတယ်။ ချစ်ခြင်းအတုအယောင်တွေဟာ ဝေဝါးသွားတာပဲ။ သို့သော်လည်း မေတ္တာတရားရဲ့ ကြည်လင်အေးမြမှုကတော့ ငယ်စဉ်ကနဲ့ မကွာသေးပါလား၊ နှစ်သက်မြတ်နိုးစရာ၊ လေးစားတန်ဖိုးထားစရာကောင်းနေတုန်းပဲဆိုတာတွေ့ရတယ်။ တစ်သက်လုံးသယ်ဆောင်သွားဖို့ အဖိုးအတန်ဆုံး၊ အလေးနက်ဆုံး၊ အမွန်မြတ်ဆုံးတရားတွေကိုပဲ ရွေးချယ်သယ်ဆောင်သွားရလိမ့်မယ်။ စိတ်ကိုပူလောင်စေတာတွေ တော်လောက်ပါပြီ။ မပြတ်နိုင်သေးရင်လည်း ကင်းအောင်နေလိုက်ပါ။ ကိုယ့်ဘဝကို ပြန်ကြည့်လိုက်တိုင်း ကျေနပ်နေစေမယ့် အေးချမ်းငြိမ်သက်မှုနဲ့ပဲ အသက်တွေကြီးပါစေတော့။ ။
ငြိမ်းချမ်းသောနေ့မှာ ငြိမ်သက်သောစိတ်ရှိသူဖြစ်ပါစေ။
Zephyr
Peace B with U.