Drama Queen
Peace B with U.
Drama Queen
ပြောင်းလဲခြင်း
ငယ်တုန်းကနဲ့တော့မတူတော့ဘူး။ ကြီးလာလေ စိတ်ထားဆိုးလေဖြစ်လာတာ သတိထားမိတယ်။ အလျှော့ပေးဖို့တွေဘာတွေတောင် သတိမထားရင် လွတ်လွတ်သွားတယ်။ အသက်ကြီးလာလို့ လိမ္မာသွားကြတယ်ဆိုတာမျိုးမဟုတ်တာတွေ့တယ်။ ကိုယ့်ကိုယ်ကို အကဲခတ်နေတယ်။
အသက်ကြီးလာတော့ မျှော်လင့်ချက်တွေက ပိုများလာတယ်။ တစ်ချို့မျှော်လင့်ချက်တွေနဲ့လည်း ပိုပြီး နီးကပ်လာတယ်။ တစ်ချို့ရည်မှန်းချက်တွေနဲ့တော့ တော်တော်လေးကွာဝေးသွားပြီ။ မိတ်ဆွေတွေဆိုတာလည်း တွေ့ဖို့ကို တမင်ကြိုးစားသွားမှတွေ့တယ်။ ဒါတောင် ကလေးမရှိသေးလို့။ ကလေးရှိရင် ကလေးကို အချိန်ပေးနေမိမှာပဲ။ မပေးလို့ကလည်းမရဘူးလေ။ ခရီးထွက်မယ်ဆိုရင်လည်း ကလေးကို ကြည့်ရမယ်။ ညအိပ်ကောင်းနေတုန်း ထငိုလိုက်ရင် ဂွပဲ။ အဲဒါမျိုးတွေလည်း တွေးရသေးတယ်။
စိတ်ကို စုစည်းရတာ ပိုခက်လာတယ်။ တစ်ခုခုကို အာရုံစိုက်ပြီးလုပ်ဖို့ကိုင်ဖို့ အရင်ကထက် ပိုပြီး စိတ်နှစ်ထားရတယ်။ ကျန်းမာရေးကိုလည်း ပိုဂရုစိုက်ရတယ်။ ၃၂ ပြည့်ခါနီးမှာ သတိထားမိတာက သုံးလေးရက် အိပ်ရေးဆက်တိုက်ပျက်ရင်ပိုပြီး ပင်ပန်းသွားတတ်တယ်။ အရင်လို ပေပေတေတေနေလို့မရတော့ဘူး။ မှတ်ဉာဏ်က အရင်လို တစ်ခုမှတ်ထားလိုက်ရင် သုံးလေးငါးလမမေ့တာမျိုးမရှိတော့ဘူး။ တစ်နေရာရာမှာမှတ်ထားမှစိတ်ချရတော့တယ်။ ဖုန်းသွားဝယ်တော့ ကိုယ့် IC နံပါတ်ကိုယ်ရေးလိုက်တာ သုံးလုံးအပိုပါသွားတယ်။ ဘယ်ကနံပါတ်တွေနဲ့ရောကုန်သလဲတော့မသိဘူး။ အရင်ဆို ဘဏ်အကောင့်နံပါတ်အလွတ်ပဲရိုက်တယ်။ အခုဆို တစ်ခေါက်တော့ပြန်ကြည့်ရတယ်။ Credit card နံပါတ်တွေမမှတ်မိဘူး။ payPal အကောင့်ခ်ကို မေ့မှာစိုးလို့ မှတ်ထားရင်မေ့သွားတယ်။ Forget password မှာ ဘိုးတော် နာမည်မှတ်ထားတာ Christian name လား၊ မြန်မာနာမည်လား မေ့သွားတယ်။
အားကစားကြတော့လည်း chin up ကို ဆယ်ခါ ဘယ်အချိန်ဆွဲဆွဲရနေရာက၊ လေ့ကျင့်ခန်းမလုပ်တာ သုံးနှစ်ကြာသွားတော့ သုံးခါတောင် အနိုင်နိုင်ဖြစ်နေတာတွေ့ရတယ်။ Dumbbell ကီလို ၂၀ ကို တစ်ဖက်ခြင်း မနည်းမနေရတာတွေ့ရတယ်။ တစ်ချက်တစ်ချက် လက်ကောက်ဝတ်က ဒဏ်ဖြစ်ထားတာ ပြန်ပြန်နာတာလည်းတွေ့ရတယ်။ အမြင့်ခုန်တာကြတော့ လေးပေလောက်ကိုတောင် စုံခုန်ဖို့ တော်တော်အားစိုက်နေရပြီ။ ဘားတန်းကို ဟိုဘက်ဒီဘက် ခိုသွားဖို့ကြတော့ လက်နာနေတာတွေ့ရတယ်။ အိမ်မှာ ဝယ်ထားတဲ့ Gym ပစ္စည်းတွေတောင် အိပ်ခန်းထဲမှာ ရှုပ်လာလို့ သိမ်းထားရတာများလာပြီ။ အပျင်းထူလာတာသတိထားမိတယ်။ လူကဝလာလေ၊ အပျင်းထူလာလေဖြစ်ကုန်တယ်ထင်တယ်။
ကြက်တောင်ပြန်ရိုက်ကြည့်တော့လည်း သုံးပေကျော်သွားရင် လိုက်မရိုက်နိုင်ဘူးဆိုတာတွေ့တယ်။ နှေးသွားပြီ။ ဇရာ၊ ဇရာ။
ငယ်တုန်းကဖတ်တဲ့စာအုပ်တွေ အချိန်ရရင်ပြန်ဖတ်တော့ ကြိုက်ခဲ့တဲ့စာသားတွေတော့ မှတ်မိတယ်။ ကျန်တာတွေတော့မမှတ်မိတော့ဘူးဆိုတာတွေ့ရတယ်။ ကြုံလို့ပြောရရင် ငယ်တုန်းက သိပ်မကြိုက်ခဲ့ဘဲ ဝယ်ထားတဲ့စာအုပ်တွေကို အခုအသက်ကြီးလာတော့ သိပ်ဖတ်ကောင်းနေတာတွေ့ရတယ်။ ဘာသာပြန်တွေလည်း တော်တော်လေးကောင်းတယ်။ အမျိုးထဲက ကလေးတွေကိုတော့ စာမတော်ချင်နေပါစေ၊ စာဖတ်ဝါသနာပါအောင်သင်ပေးတယ်။ သူတို့တွေ တစ်နေ့နေ့ နားလည်လာလိမ့်မယ်ထင်တယ်။ အသက်ကြီးလာလို့ ကိုယ်ဦးတည်တဲ့ဘဝလမ်းကြောင်းဟာ ငယ်တုန်းက ပုံဖော်ထားတာမျိုးပဲဖြစ်နေတတ်တယ်။ စာအုပ်ကောင်းတွေမှာပါတဲ့ personality တစ်ခုခုကို ယူထားလိုက်ရင် ကိုယ်ပိုင်ဥစ္စာဖြစ်ရတာပဲလို့တွေးမိတယ်။
ကျေးဇူးတင်တဲ့စိတ် နည်းနည်းပိုဖြစ်လာတယ်။ ငယ်တုန်းကတော့ တခြားလူတွေနဲ့ ငါနဲ့သိပ်မဆိုင်ဘူးဆိုတဲ့စိတ်ရှိတယ်။ အခုတော့ လူတိုင်းဟာ တစ်နည်းနည်းနဲ့တော့ဆက်စပ်နေတယ်လို့မြင်လာတယ်။ ကိုယ့်အသိုင်းအဝိုင်းက လူတွေဟာ ကိုယ့်ကို တစ်နည်းနည်းနဲ့ အကျိုးပြုနေတယ်လို့မြင်လာတယ်။ တစ်ချို့လူတွေက ကိုယ်နဲ့အမြင်မတူပေမယ့် သူယုံကြည်တာ သူလုပ်နေတာလို့ နည်းနည်းဖြည့်တွေးမိလာတယ်။ လူတိုင်းမှာ ကောင်းတဲ့စိတ်ရှိတယ်လို့တော့ တော်တော်လေးယုံကြည်လာပြီ။ အဲဒီစိတ်မြတ်လေးကို အခြေအနေအရ ထုတ်ဖော်မပြသရသေးတဲ့လူတွေလည်းရှိမှာပဲလို့တွေးကြည့်တယ်။ ကိုယ်မမြင်နိုင်ပေမယ့် လူတိုင်းမှာ ကောင်းတဲ့စိတ်ရှိလိမ့်မယ်။ အနည်းဆုံး သူ့ကိုယ်သူကောင်းစေချင်မှာပဲ။ သူ့မိသားစု၊ သူ့ရင်သွေး စတာတွေကို ကောင်းစေချင်လိမ့်မယ်။
နောက်တစ်ခုကတော့ ဟင်းချက်ရတာကို ပိုပျော်လာတယ်။ အရင်ဆိုရင် ဟင်းချက်တဲ့ကိစ္စကို ပျင်းစရာလို့ထင်တယ်။ နောက်တော့ အနုပညာဆန်တယ်လို့ ခံစားရတယ်။ ကိုယ်တိုင်တော့ ကိုယ်ချက်တာ ကိုယ်မကြိုက်ဘူး။ ကိုယ်ကျွေးလိုက်တဲ့သူ စားကောင်းတယ်ဆိုရင် ပျော်စရာကောင်းတာပဲ။ စားမကောင်းဘူးပြောရင်လည်း ထသွန်ပစ်လိုက်မယ်ထင်တယ်။
အနာဂတ်အကြောင်း၊ ငွေရေးကြေးရေးအကြောင်း အရင်ကထက် ပိုစဉ်းစားဖြစ်လာတယ်။ အရင်တုန်းက မရှိတဲ့ စာရင်းစာအုပ်ရှိလာတယ်။ အရင်တုန်းက အချိန်သိဖို့မလိုဘူးဆိုပြီး နာရီမပတ်ပေမယ့် အခုပတ်ရတယ်။ Phone ကို တစ်ချိန်လုံးထုတ်ကြည့်နေရတာ အလုပ်ရှုပ်တယ်ထင်လာလို့။ အရေးကြီးတဲ့ ကိစ္စတွေမှာ လက်မှတ်ထိုးဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖောင်တိန်တစ်ချောင်းလည်း လိုအပ်သလိုလိုဖြစ်လာတာနဲ့ ဝယ်ဖြစ်လိုက်တယ်။ ဈေးတော့မကြီးပါဘူး။ ၅၀ အောက်ပါပဲ။ လက်မှတ်ထိုးဖို့ ဖောင်တိန်က လေးလေးပင်ပင်ရှိတော့ ပိုအဆင်ပြေတယ်လို့ ထင်လာတယ်။ ၃၁နှစ်အထိ ဒီလိုမထင်ခဲ့ဘူး။ ၃၁ ကျော်လာမှ နည်းနည်းပြောင်းလဲလာတယ်။
ကပ်စေးကတော့ ဆယ်ဆပိုနည်းလာတာ သတိထားမိတယ်။ အရင် ၅၀၊၁၀၀ လောက်ကိုမပြောနဲ့၊ ၅၀၀၊ ၁၀၀၀ လည်း မနှမြောဘူး။ အခုတော့ နာရီကိုတောင်ဈေးအပေါစားဝယ်ဖို့ လေဆိပ်အထိသွားဝယ်တယ်။ GST မပေးရအောင်။ ဖောင်တိန်တို့စာအုပ်တို့ဆိုတာ ကိုယ့်ဟာကိုယ် ဘယ်တော့မှမဝယ်ဘူး။ ဇနီးသည်နဲ့သွားမှာ လိုချင်တာယူပြီး ပိုက်ဆံမထုတ်ဘဲ မသိချင်ယောင်ဆောင်နေလိုက်တယ်။ မဟာဖိုဝါဒသမားမဟုတ်ဘူး။ ဘုရားလောင်းထုံးနှလုံးမူတယ်။ ဘုရားလောင်းဟာ မဒ္ဒီဒေဝီရှာလာတဲ့သစ်သီးတွေစားပြီး အသာလေးငြိမ့်နေတာ။ တင့်တယ်ပါတယ်။ အိမ်ထောင်သက်တမ်း ၃ နှစ်မှာ အိမ်လခ တစ်ခါမှ မပေးရသေးဘူးဆိုတာလည်း သတိထားမိတယ်။ ဇနီးသည် Bonus ရရင် တောင်းထားလိုက်တယ်။ တစ်ခါတစ်ခါ ပြန်စဉ်းစားမိရင် အနိုင်ကျင့်သလိုဖြစ်နေလို့ မစဉ်းစားမိအောင်နေတယ်။ လကုန်ရင် တစ်လ ၅၀၀ ပိုက်ဆံစုဖို့တောင်းသေးတယ်။ ဇနီးသည်လိုတဲ့အသုံးအဆောင်၊အဝတ်အထည်၊ အလှကုန်တွေကိုတော့ ပြန်ဝယ်ပေးပါတယ်။ ရေသေအိုင်ကြီးတော့မဟုတ်ဘူး။ အမြတ်ကြိးစားတဲ့ အရင်းရှင်လောက်ပါပဲ။
ရှေ့နှစ်မှာ စီးပွားရေးကိစ္စတွေ နည်းနည်းရေးမယ်စိတ်ကူးတယ်။ စိတ်ကူးရတာက လခစားတွေအနေနဲ့ ရင်းနှီးမြုပ်နှံမှုမလုပ်ကြရင် ရေရှည်မှာ အလုပ်ကြာကြာလုပ်ကြရမှာစိုးလို့။ အထူးသဖြင့် ရွယ်တူတွေနဲ့ ကလေးတွေအတွက်ပါ။ လူကြီးတွေထဲမှာ ပြင်ပြင်ဆင်ဆင်နေတဲ့သူများတယ်။ အမြော်အမြင်ရှိကြတာများတယ်။ လူငယ်တွေ၊လူလတ်တစ်ချို့တွေကတော့ ပျော်နေကြတုန်းရှိသေးတယ်ဆိုတော့ ဒါတွေ နည်းနည်းလောက်ရေးမယ်။ ပိုက်ဆံအလကားမဖြုန်းသင့်ကြောင်းတွေရေးမယ်။ အခုလည်း ဖေ့စ်ဘွတ်ခ်မှာတော့ ကြုံရင် ကြုံသလို၊ မဖြုန်းသင့်ကြောင်းရေးပါတယ်။ ရသစာပေကတော့ ရေးနိုင်သလောက်ရေးနေတုန်းပဲ။ ကိုယ်ရေးတာကိုယ်ဖတ်ပြီး စိတ်ချမ်းသာနေသ၍တော့ ရေးနေဦးမယ်။
လူအသစ်ဟာ အဟောင်းနဲ့တော့မတူတော့ဘူး။
ပြောင်းလဲနေတဲ့လောကထဲမှာ ပြောင်းလဲခြင်းနဲ့ အသားကျဖို့တော့
ကြိုးစားရလိမ့်မယ်ထင်ပါရဲ့။ ။
Regards,
Zephyr
အရောင်းသွက် ၁၀
ခရစ်စမတ်ကာလတည်းဟူသော ဒီဇင်ဘာတွင် ကျွန်ုပ်သည် တွေးတောငေးမော၍ နေသည်။ အဘယ်သို့ပါနည်း။ ခရစ်စမတ်ကာလသည် ဒီဇင်ဘာဟူ၍ မည်သူမှ တိတိကျကျမသိပါ။ နှင်းများကျနေချိန်သာဖြစ်သည်။ သို့သော်လည်း မှတ်ရလွယ်အောင် ဒီဇင်ဘာလုပ်လိုက်ကြသည်။ ထိုစဉ်က ပြက္ခဒိန်အရတော့ တစ်ရက်ရက်ဖြစ်မည်။ သိုးကျောင်းသားများ ချော်လဲကြသောနေ့၊ သိုးတစ်ကောင်ချောက်ထဲကျသောနေ့၊ တစ်ရက်ရက်ဖြစ်မည်။ ငယ်စဉ်က သင်ခဲ့ဖူးသော ခရစ်ယာန်သမိုင်းအရတော့ ၂၅ ရက်နေ့သည် နေမင်းကြီးပွဲနေ့သာဖြစ်သည်။ ဂျီးဇပ်သည် နေမင်းကြီးပမာဟူ၍ယူဆသောကြောင့် ၂၅ရက်နေ့ကို မွေးနေ့အဖြစ်သတ်မှတ်ခဲ့ခြင်းဖြစ်ဟန်တူသည်။
၁။နောက်ခံအကြောင်းတရားနှင့်အခြေအနေ
နွားတင်းကုတ်ထဲတွင်မွေးရန်ပြင်ဆင်ခြင်းသည်လည်း ရှေးဓမ္မဟောင်းကျမ်းလာအယူအဆများအရသာဖြစ်လိမ့်မည်။ နွားစာထည့်သည့်ခွက်တွင် ကောက်ရိုးအိပ်ရာလုပ်ခြင်းမှာလည်း လူသားဆန်ခြင်းဖြစ်ကောင်းဖြစ်မည်။ သူ့ဘဝ၏ မတင့်တယ်မခမ်းနားမှုကို အသားပေးချင်၍ဖြစ်နိုင်သည်။ သိကြားတမန်များ သီချင်းဆိုခြင်းမှာတော့ တော်တော်ဆန်းကြယ်သည်။ လေထဲမှဆိုသည်လား၊ မြေပေါ်မှပဲဆိုသည်လားတော့မသိ။ အတောင်ချင်းငြိကြသေးလား၊ အသံကပ်နေတဲ့ Angel က မစ္စတာဘင်းလို chorus ကြမှ ထထဖောက်သေးလား၊ စိတ်ဝင်စားစရာအင်မတန်ကောင်းသည်။ အညတရကောင်ငယ်လေးတစ်ယောက်အဖြစ် ဘဝကို အစပြုခဲ့ခြင်းဖြစ်မည်။ အခြွေအရံအသင်းအပင်းဆို၍ မိခင်၊ အထိန်းတော်၊ သိုးကျောင်းသား၊ သိုးများသာရှိခဲ့သော ဂျေရုဆလင်မ်၏ ညကာလသည် အေးခဲထုံကျင်နေခဲ့မည်ထင်သည်။
၂။ပညာရှိသုံးယောက်နှင့်ကြယ်
မင်းသုံးပါးဟု ယခင်ကပြန်ဆိုကြသော်လည်း နောက်ပိုင်းတွင် ဗာတီကန်အလိုအရ ပညာရှိသုံးယောက်ပြန်ဖြစ်သွားသော လူသုံးယောက်သည် ကြယ်ကိုကြည့်၍တွက်ချက်ရာ မင်းလောင်းပေါ်ပြီဟုသိ၍ ခရီးထွက်လာကြရာမှ တစ်နေရာတွင် ဆုံလာခြင်းဖြစ်သည်။ သူတို့တွင်ရော orion မှန်ပြောင်း ၃၂၈ တန်တစ်လက်စီရှိလေမလား စိတ်ဝင်စားမိသည်။ ကြယ်ကြည့်ခြင်းသည် စိတ်ချမ်းသာစရာကောင်းသည်။ အထူးသဖြင့် မြင်တွေ့သောကြယ်ပေါ်မူတည်၍ တစ်ခုခုတွက်ချက်စရာမလိုသောသူများအတွက် သာ၍ကြည်နူးဖွယ်ကောင်းသည်။ ကြယ်စုံသောကောင်းကင်သည် စိတ်ကြည်နူးဖွယ်ပင်လယ်ကမ်းခြေတစ်ခုနှင့်တူသည်။ ကြယ်များကို အချိန်ကြာကြာမော့ကြည့်ပါက မိမိသည်လည်း ကြယ်အဖွဲ့အစည်း၏ အစိတ်အပိုင်းတစ်ခု၊ ယာယီမြေပေါ်ကြွေကျနေသော ကြယ်တစ်စင်းဟု ထင်မှတ်လာနိုင်သေးသည်။ ပညာရှိသုံးယောက်သည်လည်း ကြယ်နောက်လိုက်လာကြသည်။ ကြယ်သည် လမ်းပြမြေပုံဖြစ်သည်။ ကြယ်သည် ယုံကြည်လေးနက်စွာ စိတ်ချလိုက်ရမည့် အမှတ်အသားလည်းဖြစ်သေးသည်။ ထို့ကြောင့် ယခုထက်တိုင် ခရစ်စမတ်သစ်ပင်ကလေးများ၏ထိပ်တွင် ကြယ်တစ်လုံးတပ်ဆင်ထားခြင်းဖြစ်သည်။
၃။သိုးများ
သိုးများကို တွေးခေါ်ရှင်တစ်ချို့က နှိမ်ကြသည်။ သိုးသည် ဦးနှောက်နည်းသည်ဟုဆိုသည်။ ခရစ်ယာန်များ၏ ယုံကြည်မှုသည် သိုးစိတ်ပေါ် အခြေခံသည်ဟု တစ်ချို့နှိမ်ကြသည်။ ခရစ်ယာန်များကလည်း အဲဒီသိုးစိတ်ကို ဂုဏ်ယူကြသည်။ faith ဟုခေါ်သော ယုံကြည်ခြင်းသည် ခရစ်ယာန်ဝါဒ၏ ထောက်တိုင်ဖြစ်သည်။ ကျမ်းစာအဆိုအရ ဘုရားကိုကြောက်ရွံ့ခြင်းသည် ပညာ၏ အချုပ်ဖြစ်သည်ဟုဆိုသည်။ ကြောက်ရွံ့ခြင်းဆိုသည်မှာ ယုံကြည်လေးစား၍ မှတစ်ပါးအခြားမရှိဟု လေးနက်စွာသက်ဝင်ယုံကြည်မှုကိုဆိုလိုခြင်းဖြစ်ဟန်တူသည်။ အအေးပိုင်းဒေသတွင် နေထိုင်သူများအနေဖြင့် အနွေးဓာတ်၏ တန်ဖိုးကို နားလည်ရန်ခက်သလို၊ အပူပိုင်းဒေသမှလူများအနေဖြင့် အအေးဓာတ်၏ အရေးပါမှုကို တန်ဖိုးထားတတ်ရန်ခက်သည်။ ဘာသာရေးအယူအဆများတွင် သူမှားသည်၊ ငါသာမှန်သည်ဆိုသည်မှာလည်း အခြေခံစိတ်ထားနှင့်ယုံကြည်မှုဝိဝါဒကွဲပြားခြင်းကြောင့်သာဖြစ်သည်။ သိုးများသည် ရော၍ကျောင်းထား၍ရသည်။ သိုးကျောင်းသား ငါးယောက်ရှိလျှင် သိုးအားလုံးရော၍ကျောင်းထားလည်းရသည်။ အိမ်ပြန်ချိန်တွင် သိုးကျောင်းသားတစ်ယောက်မှ အသံပေးလိုက်လျှင် သိုးများသည် မိမိသခင်၏အသံကို မှတ်မိပြီး မိမိသခင်နားတွင်လာစုလေ့ရှိသည်။ ထို့ကြောင့် သိုးသည် ခရစ်ယာန်ဝါဒတွင် faith နှင့် မိမိ၏ သခင်ကိုသိခြင်း၊ယုံကြည်ခြင်း၊ချစ်လေးမြတ်ခြင်းကိုဖော်ပြသော symbol ဖြစ်လာသည်။ ထို့ကြောင့်လည်း နောက်ပိုင်း Jesus ဆင်းတုတစ်ချို့တွင် သိုးတစ်ကောင်ထမ်းထားပုံကိုထုလုပ်ထားခြင်းဖြစ်သည်။ ပခုံးပေါ်ထမ်းထားသော သိုးမှာ ပျောက်သောသိုးဟူသော အဓိပ္ပါယ်ရသည်။ သိုးကျောင်းသားသည် သိုးတစ်ကောင်ပျောက်လျှင် မတွေ့မချင်းပြန်ရှာတတ်သည်ဟုဆိုလိုသည်။ ထို့ကြောင့် သိုးမည်းဆိုသောအသုံးအနှုန်းသည် သိုးအုပ်စုမှ ဖဲကြဉ်ထွက်ခွာသောသိုးဖြစ်သည်။ တစ်နည်းအားဖြင့် ယုံကြည်ခြင်းမှ သွေဖယ်သွားသူ၊ တရားဓမ္မလမ်းမှနေ၍လောကီလမ်းဖက်သို့ ခြေချော်သွားသူဟုဆိုလိုသည်။ ဗဒင်၏ သိုးမည်းဟောင်းဟူသော အသုံးအနှုန်းသည် ယခင်က လမ်းမှားလိုက်ခဲ့ဖူး၍ ယခုအခါလမ်းမှန်ပြန်ရောက်နေသော နောင်တ တရားဖြင့်ပြောင်းလဲသူဟုဆိုလိုသည်။ သိုးများသည် ရှေ့မှသွားသူနောက်ကိုသာလိုက်သည်ဟုဆိုသည်။ disciples ဟူသောစကားလုံးကို တပည့်တော်ကြီး ၁၂ ပါးတွင်သုံးခြင်းမှာလည်း သိုးအယူအဆအရ နောက်မှထပ်ချပ်မကွာလိုက်သူများအဖြစ်ရည်ညွှန်းလိုရင်းဖြစ်သည်။ ရှေးဟောင်းဓမ္မဟောင်းကျမ်းစာများတွင် ယဇ်ပူဇော်ခြင်းအလေ့အထရှိခဲ့သည်။ ဘုရားနှင့် လူသားအကြား ပဋိညာဉ်အဖြစ် ပူဇော်ပသခြင်းဖြစ်သည်။ ခရစ်ယာန်၊မူဆလင်၊နှင့် ဂျူးဘာသာတို့သည် ဓမ္မဟောင်းကျမ်းခြင်းအတူတူပင်ဖြစ်သည်။ နွား၊ကျွဲ၊သိုး၊ဆိတ် စသည်ဖြင့် အကောင်တစ်ကောင်ကောင်ကိုသတ်၍ပူဇော်ခြင်းအလေ့အထရှိခဲ့သည်။ သိုးသည် ပူဇော်စရာယဇ်ကောင်ဟူသော အနက်လည်းထွက်သည်။ ထို့ကြောင့် ခရစ်ယာန်ဘုရားစာတစ်ချို့တွင် Jesus ကို ဘုရားသခင်၏သိုးသူငယ်(Lamb of God) ဟုရည်ညွှန်းခြင်းများရှိခဲ့သည်။ ဘုရားနှင့်လူသားအကြား အသေခံရန် ယဇ်ကောင်အဖြစ်လူ့လောကကို လွှတ်လိုက်သူဟုဆိုလိုဟန်တူသည်။ နောက်ထပ် သိုးသူငယ်၏ ဂုဏ်ရည်တစ်ခုမှာ ရန်မမူတတ်ခြင်းဖြစ်သည်။ ရိုးသားမှုကိုဆိုလိုသည်။ "လေးဖြူ၏သီချင်းတစ်ပုဒ်တွင် ရိုးသားလွန်းတဲ့သိုးဟာ ကောက်ကျစ်တတတ်တဲ့မျက်နှာနဲ့ ရေး ရေ " ဟုပါသည်။ ကမ္ဘာသစ်တေးစီးရီးတွင်ဖြစ်သည်။ တစ်ခွေတည်းထွက်ဖူးသော ပင်ကိုယ်ရေး သီချင်းများဖြစ်သည်။ မအောင်မြင်ခဲ့ပေ။
၎။Epiphany
ဒီဇင်ဘာသည် Epiphany နှင့်လည်းဆက်သွယ်သည်။ Jesus မွေးလာသော အခါ ဘုရားအဖြစ် လက်ခံသူတစ်ချို့ပေါ်ပေါက်ခဲ့သည်။ နှစ်ပေါင်း ၂၀၀၀ ကျော်အကြာတွင် လူဦးရေတော်တော်များများ ခရစ်ယာန်ဘာသာဝင်ဖြစ်လာသည်။ လွန်ခဲ့သည့်နှစ်အနည်းငယ်အထိ ဘာသာဝင်အများဆုံး ဘာသာအဖြစ်ရပ်တည်ခဲ့သည်။ Epiphany ဟူသော ဂျွိုက်စ်၏စာအုပ်ကို ဆရာမြတ်သစ်က လင်းပွင့်ခြင်းဟုပြန်ခဲ့ဖူးသည်ထင်သည်။ ယုံကြည်ခြင်းသည် တစ်သက်စာဖြစ်ခဲ့လျှင် လင်းပွင့်ခြင်းဖြစ်လိမ့်မည်ထင်သည်။ မိမိယုံကြည်ကိုးကွယ်သော ဘာသာတရားသည် မိမိ၏ အလင်းတရားအဖြစ် တစ်သက်လုံးစောင့်ရှောက်နေလျှင် လင်းပွင့်ခြင်း၊ နားလည်ခြင်း၊ သဘောပေါက်ခြင်း၊ ညွတ်နူးယုံကြည်ခြင်း၊ တည်ကြည်သက်ဝင်ခြင်းကိစ္စဖြစ်သည်ဟု အကြမ်းဖျင်းဆိုနိုင်မည်ထင်သည်။ Epiphany ၏ အနှစ်သာရသည် ကျယ်ပြန့်လွန်း၍ အကျယ်မချဲ့တော့ပါ။
၅။ရွှေ
ရွှေသည် ပညာရှိသုံးပါး၏ လက်ဆောင်သုံးခုအနက်မှ တစ်ခုဖြစ်သည်။ ပညာရှိသုံးပါးသည် ယခုခေတ် သင်္ကေတဝါဒီများ၏ ဘိုးဘေးများဖြစ်လောက်သည်။ ရွှေကိုပေးခြင်းမှာ ဘုရင်အဖြစ်ကို အသိအမှတ်ပြုခြင်းဖြစ်သည်။ ခရစ်ယာန်သမ္မာကျမ်းစာများအရ Jesus သည် king of kings ဟုရည်ညွှန်းရသူဖြစ်သည်။ ဟေရုဒ်မင်းသည် ထိုစကားစုကို နားမလည်၍ Jesus ကိုလုပ်ကြံခြင်းဖြစ်သည်။ နောက်တော့ ကျမ်းစာ၏တစ်နေရာတွင် ကောင်းကင်နိုင်ငံတော်၏ ဘုရင်ဖြစ်ကြောင်းပြောကြားချက်ပါသည်။ ငါ၏နိုင်ငံသည် ဤလောကနှင့်မစပ်ဆိုင်ဟုလည်းပါသေးသည်ထင်သည်။ (လောကီနိုင်ငံ၏ဘုရင်အစစ်မှာ မာရ်နတ်၊စေတန်၊ရှိုက်တန်၊လူစီဖာ၊လူစီဖဲလ်၊ ဟူသော သိကြားတမန်ဟောင်းသာဖြစ်သည်။ ရွှေနှင့်သိပ်မဆက်စပ်၍ မာရ်နတ်အကြောင်းအကျယ်မချဲ့တော့ပါ။ ရွှေအကြောင်းကိုသာဆက်ပါမည်။) ရွှေသည် ခေတ်အဆက်ဆက် ဘုရင်များအသုံးပြုရာအမည်နာမဖြစ်သည်။ ပီလာတူးမင်းသည် Jesus ကို သတ်ပြီးတဲ့အခါမှာ I.N.R.I ဟူသော သရော်တော်တော်စာသားကိုချိတ်ဆွဲခဲ့သည်။ Jesus က သူသည်ဘုရင်ဖြစ်သည်ဟုဆိုသောကြောင့် ယုဒရှင်ဘုရင် နာဇရတ်မြို့သား ယေရှုဟု ဆိုင်းဘုတ်ကပ်ပေးလိုက်ခြင်းဖြစ်သည်။ ရှေးခေတ်ဘုရင်များသည် ရွှေကိုအဓိက အသုံးပြုခဲ့ကြသည်။ ခြင်္သေ့ဆီဟာ သိင်္ဂီရွှေခွက်နှင့်မှ တင့်တယ်သည်ဟုလည်းဆိုကြသည်။ အမြတ်တနိုးတန်ဖိုးထားသည့်အဆင်တန်ဆာအဖြစ်လည်းသုံးကြသည်။ နွားတင်းကုတ်ထဲမှ ကလေးငယ်တစ်ယောက်သည် နိမ့်ကျသော နေရာတွင်မွေးသော်လည်း ဘုရင်အစစ်ဖြစ်သည်ဟုဆိုလိုသည်။ သို့သော် Jesus ဘဝတစ်လျှောက်လုံးတွင် ရွှေဝတ်ဆင်နိုင်ခဲ့ပုံမရ။ လက်သမားသားအဖြစ်သာနေထိုင်ခဲ့သည်။ ထို့နောက်တရားဟော၍ အသတ်ခံလိုက်ရသည်။
၆။frankincense လော်ဘန်
လောဘန်ဆိုသည်မှာ အမွှေးနံ့သာတစ်မျိုးဖြစ်သည်။ အပင်ကနေထုတ်ယူသည်ဟု ဝီကီမှာတွေ့သည်။ ဘုရားများနတ်များကို ပူဇော်ပသည့်နေရာတွင် သုံးလေ့ရှိကြသည်။ ဘုရားတွေ အမွှေးနံ့ကြိုက်သည်ဟူသောအယူအဆကို ဟိန္ဒူများစခဲ့ခြင်းဖြစ်ဟန်တူသည်။ ထို့ထက်လည်းစောနိုင်သည်။ ထိုအချိန်မှစ၍ ဘုရားဆင်းတုတော်များ အဆုတ်ရောဂါရမတတ် အမွှေးနံ့များလွှမ်းကုန်သည်။ မြန်မာပြည်မှ အမွှေးတိုင်ဆိုတာမျိုးက ရင်ကြပ်စေသည်။ (ထို့ကြောင့်လည်း အရှင်ဆန္ဒာဓိကက ဘုရားကို ညှော်နဲ့မတိုက်ကြပါနှင့်ဟု တရားတစ်ပုဒ်မှာဟောသည်။) လော်ဘန်အစစ်ကတော့ ခပ်သင်းသင်းလေး မွှေးသည်။ ထိုလောဘန်သည် ပညာရှိတစ်ပါးမှ Jesus ၏ ဘုရားအဖြစ်ကို အသိအမှတ်ပြုလိုက်ခြင်းဖြစ်သည်ဟုဆိုသည်။ son of God ဆိုလျှင် God ဖြစ်ရမယ်ဆိုသည့် အယူအဆပဲ။ Trinity အယူအဆအရလည်း Jesus သည် God ဖြစ်သည်ဟုဆိုသည်။ God တကယ်ဖြစ်မဖြစ်သည် ယုံကြည်သူနှင့် မယုံကြည်သူအမြင်အပေါ်တွင်သာကွာခြားလေသည်။ ခရစ်ယာန်ဝါဒတွင်တော့ ယုံကြည်သူများသည် ယုံကြည်သူတွေဖြစ်သည်။ မယုံတဲ့သူတွေသည် အယူမှားသည့်သူများမဟုတ်။ မယုံတဲ့သူများသာဖြစ်သည်။ ဘုရား၏သဘောကိုက အတင်းအကြပ်မရှိ။ ယုံချင်ယုံ၊မယုံချင်နေသဘောဆောင်သည်။ ဝေနေယျသတ္တဝါတို့အား ဧဝံဂေလိ တရားဟောကြလော့ဆိုသည်မှာလည်း တရားဟောခိုင်းခြင်းမဟုတ်။ နှိမ့်ချသောစိတ်ဖြင့် လူသားခြင်းစာနာရန်လွှတ်လိုက်ခြင်းသာဖြစ်သည်။ ဘာသာပြန်အတိမ်းအစောင်းများကြောင့် ယေဟောဝါအသင်းကဲ့သို့ တရားကို မတရားဟောချင်သူများပေါ်ထွန်းလာခြင်းဖြစ်သည်။ (ယေဟောဝါဆိုသည်မှာလည်း အသံထွက်အမှားသာဖြစ်သည်။ ယာဝေကို ခပ်ကြမ်းကြမ်း ဘာသာပြန်လိုက်ခြင်းဖြစ်သည်။)
၇။ Myrrh (မီရာ)
မီရာမှာလည်း ဆူးပင်တစ်မျိုးမှထုတ်ယူသော အမွှေးနံ့သာဖြစ်သည်။ ဂျူးလိုမျိုးများ၏ ထုံးစံတွင် မီရာကို လူသေကောင်များတွင်သာတွင်တွင်ကျယ်ကျယ်သုံးခဲ့ကြသည်။ မီရာသည် သေခြင်းကိုညွှန်းသည်။ လူအဖြစ်ကိုဖော်ပြသည်။ ထိုပညာရှိ၏အလိုအရ Jesus သည် လူသားဖြစ်၍ သေရဦးမည်ဟု သွယ်ဝိုက်ဆိုလိုသည်။ ထိုပညာရှိသုံးယောက်၏ performance သည် အတော်အတန်ခေတ်ရှေ့ပြေးလှသည်ဟုပင်ဆိုရမည်ထင်သည်။
၈။ ဒီဇင်ဘာပန်း
ပွင့်တူရွက်တူပန်းတစ်မျိုးသာဖြစ်သည်။ ထူးခြားချက်မှာ ဒီဇင်ဘာလတွင် အနီရဲရဲပြောင်းလဲသွားသော အရွက်များကြောင့် တိုက်တိုက်ဆိုင်ဆိုင် ခရစ်စမတ်ပန်းဖြစ်သွားခြင်းဖြစ်သည်။ Poinsettia ဟုခေါ်သည်။ တစ်နှစ်လုံးမထူးခြားသော်လည်း ခရစ်စမတ်တွင်တော့ သူမပါလျှင်မပြီးချေ။ ခရစ်စမတ်ကဒ်များတွင်လည်း အင်မတန်ဟန်နှင့်ပန်နှင့်ပါဝင်တတ်သော သစ်ရွက်လှလှနှင့်ပန်းပင်လေးဖြစ်သည်။ ရိုးတံသည်အမွှေးအအမျှင်အနည်းငယ်ရှိသည်။ ကျိုးပဲ့လွယ်သည်။ ရိုးတံပွန်းသွားလျှင် စိမ်းရွှေရွှေအနံ့နံသည်။ စိုက်ပျိုးရန်လွယ်ကူသော ရွက်လှပန်းအနွယ်ဝင်ဖြစ်လိမ့်မည်ထင်သည်။ ငယ်စဉ်ကတော့ အိမ်တွင် တစ်ပင်ရှိသည်။ ဒီဇင်ဘာပြင်ပတွင် လူရာဝင်လှသော ပန်းပင်တော့မဟုတ်ပါ။ သို့သော် ထိုပန်းပင်၏အရောင်ဖြစ်သော အနီရောင်နှင့် အစိမ်းမှာ ခရစ်စမတ်၏ အခြေခံ အရောင်ဖြစ်သည်။ ကတ်သလစ်အသင်းတော်တွင်တော့ အနီရောင်သည် သွေး၏အရောင်၊ ကယ်တင်ခြင်း၏ အရောင်ဟုဆိုသည်။ အစိမ်းရောင်သည် သေခြင်းမှရှင်ပြန်ခြင်းဟုဆိုလိုသည်ဟုသိရသည်။
၉။ခရစ်စမတ်ကဒ်
ချစ်ခင်သူများအကြား အမှတ်တရ လက်ဆောင်။ အမြတ်တနိုးသိမ်းထားရန်လိုအပ်သည်။
၁၀။ ပုံပြင်များ
ချဲ့ထွင်လာသော လူ့သမိုင်းနှင့်အညီ တောက်ပလင်းလက်လာသော ယုတ္တိဗေဒပြင်ပမှ အလင်းရောင်များ။ တံခါးပိတ်ထားသော နေအိမ်များ။ ခရစ်စမတ်သီချင်းသံများ။ ဤအိမ်ပေါ်သို့ ကောင်ချီးမင်္ဂလာရောက်စေသော်ဝ်များ။ ဂစ်တာသံများ။ ညဉ့်နက်လမ်းမများ၊ အေးချမ်းသော ဆောင်းကာလ၏နှင်းစက်များ၊ သိုးမွှေးဆွယ်တာများ၊ သိုးမွှေးဦးထုပ်များ၊ ဒဏ်ရာမပါသော လူငယ်ဘဝများ၊ ရှေးရှေးတုန်းကနှင့် အစချီသော တသသလွမ်းဖွယ်ကိစ္စများ၊ သိမ်းထုတ်ထားပြီး ဖွင့်ဖြေရန် ဆန္ဒမရှိတော့သော လူငယ်ဘဝ၏ လက်ဆောင်ထုပ်များ၊ ပို့သလိုက်ရန် တမင်မေ့လျော့ပစ်လိုက်သော အနီရောင် ခရစ်စမတ်ကဒ်များ၊ သမင်စီးလာသော အဘိုးအို၊ အဘိုးအိုသယ်လာသော အထုပ်အပိုးများ၊ စာများ၊တေးသံများ၊ နောက်ထပ်နှစ်သစ်တစ်နှစ်အတွက် အသင့်ပြင်ဆင်မှုများ၊ အားလျော့မှုများ၊ ဆက်လက်လှမ်းသွားရန်လိုအပ်၊မလုအပ်ကိစ္စများ၊ ဘဏ်ငွေလက်ကျန်ပြီး၊ တိုးတက်မှု၊ဆုတ်ယုတ်မှုများ၊ အိပ်ရေးဝဝများ၊ အိပ်ရေးပျက်ပျက်များ၊ လေမှုတ်ရုပ်ဝဝများ၊ အိပ်မက်လှလှများ။ ပုံပြင်များသည် အစွမ်းကုန်လှပနေရန်လိုသည်။ ပုံပြင်များသည် အစွမ်းကုန် သဘာဝကျမနေဖို့လိုသည်။ ..........ဒီဇင်ဘာသည် ပုံပြင်ထဲတွင် အေးခဲနေခဲ့သည်။ ။
အကျွနု်ပ်၏ facebook status 2nd Dec 2013
အိမ်ခန်းဈေးနှုန်းတွေကို လေးရက် လေ့လာလို့အပြီးမှာ မြေမရှိဘူးဆိုတဲ့ စင်ကာပူက ဈေးကြီးပါတယ်ဆိုတဲ အိမ်တွေကတောင် မြန်မာပြည်လောက် ဈေးမကြီးသေးဘူးလို့သိလိုက်ရ။ မြန်မာပြည်မှာ လခစားတွေ အိမ်ဝယ်နိုင်ဖို့မလွယ်တော့ဘူး။ ဖြစ်သင့်တဲ့ဈေးထက် ၃ ဆလောက်များနေပြီ။ အစိုးရမင်းတွေက နားမလည်၊ပါးမလည်လွှတ်ထားလိုက်ရင် ပိုခက်ကုန်မယ်။ ရွှေဉာဏ်တော်ကွန့်မြူးပြီး နိုင်ငံခြားသား အိမ်ဝယ်ခွင့်များ ဖောဖောသီသီပေးလိုက်လို့ကတော့ ဘင်္ဂလားဒေ့ရှ်ဘက်ကို ရခိုင်ဘက်ကနေမြန်မာတွေပြန်ကူးရမယ့်ဇာတ်လမ်းဖြစ်ကုန်မယ်။ ဈေးကြီးတာကို လက်မခံတာမဟုတ်ဘူး။ ဈေးကြီးရတဲ့အကြောင်းအရင်းကို နားမလည်နိုင်တာ။ အရည်အသွေးအားဖြင့်လည်းသာမန်။ လျှပ်စစ်မီးကလည်း ထုံးစံအတိုင်း။ မြောင်းတောင်မရှိတဲ့ရပ်ကွက်ကသိန်း ၂၀၀၀ တွေဘာတွေဖြစ်။ ငယ်တုန်းက ဘောလုံးကန်ခဲ့တဲ့နေရာဆိုရင် သိန်းသောင်းနဲ့ချီဖြစ်ကုန်လောက်ပြီ။ ကြံဖန်ပြီးတောင် ဂုဏ်ယူမယ်ဆို ဂုဏ်ယူလောက်တယ်။ ကုလားတောလို့ခေါ်တဲ့ ကျူးကျော်ရပ်ကွက်ထဲ မိုးပေါ်က ဗီအိုင်ပီတွေအိမ်ဆောက်ဖို့ လယ်ကွင်းဟောင်းသဲဖို့ထားတာမျိုးတောင် သိန်း ၅၀၀၀ အောက်မှာမရှိဘူး။ သာကီဝင်မျိုးတွေဟာ အင်မတန်ဆန်းကြယ်တဲ့ စီးပွားရေးအမြင်ရှိတာ အမှန်ပဲ။
မြန်မာပြည်မှာ အောင်ဘာလေထီပေါက်ရင် တိုက်ခန်းတောင်ဝယ်နိုင်ပါ့မလားမသိဘူး။ ခင်ဗျားတို့ဘာတွေလုပ်စားပြီး ဘယ်လိုချမ်းသာလာကြသလဲလိုက်မေးကြည့်ဖို့ကောင်းတယ်။ ရန်ကုန်မှာ မနေပျော်တော့ပြီ၊ နယ်မှာသာအခြေချမည်ဆိုလို့လည်းသွားမတွေးနဲ့၊ ဘာမှမထူးဘူး။ ထိုနည်းလည်းကောင်းတွေချည်းပဲ။ ဗဟိုဘဏ်ကို ဓားပြတိုက်ပြီး အိမ်၊ခြံမြေလုပ်မယ်ဆိုရင်တောင် ခင်ဗျားတို့ မြေကွက်ကလေး အနည်းငယ်လောက်ပဲ ရမယ်ထင်တယ်။ ရွှေပြည်ကြီးပြန်ရန် ကြောက်လှပါပြီ။ အိမ်ဈေးပေါသောနိုင်ငံများသို့သာ အကျွန်ုပ်လစ်ရန်ကြံနေမိပြီ။ သြစတြေးလျမှာ condo မှ သြဇီဒေါ်လာ သုံးသိန်းခွဲလောက်ပေးရတယ်။ အဲဒါတောင် လေးနှစ်လောက်အသာလေးထားလို့ရသေးတယ်။ ပထမအရစ် ၁၀ ရာခိုင်နှုန်း - ၂၀ ရာခိုင်နှုန်းလောက်ပ။ ဈေးကြီးပါတယ်ဆိုတဲ့ လန်ဒန်လည်း အရစ်ကျနဲ့ပေးပြီးဝယ်ဖို့ကြော်ငြာတာ မြန်မာပြည်ထက်တော့သက်သာသေးတယ်။ ရွှေမြို့တော်ကြီးဟာ မည်သို့မည်ပုံလုပ်လိုက်သည်မသိဘဲ၊ ကမ္ဘာ့ဈေးအကြီးဆုံး အိမ်ခန်းတွေဆောက်လိုက်ပါလိမ့်ဗျာ။ အုတ်ကို ဒေါင်လိုက်ပါးပါးလေးထောင်ပြီးဆောက်ထားတာက သိန်း ငါးရာ။ အပြားလိုက်ချလိုက်ရင် သိန်း ၇၀၀ဖြစ်သွားရော။ ဒါတောင်ရေမမှန်၊မီးမမှန်မို့လို့ ဒီဈေးနဲ့ရနေသေးတာ။
ဓာတ်လှေကားမပါတဲ့ ၇ ထပ်တိုက်တောင် သိန်း ၅၀၀ လောက်ရှိတာ။ ဒါကြောင့်မို့လည်း ဒီမိုကရေစီရေးအတွက် အားအားယားယား လမ်းပေါ်ခဏခဏထွက်နိုင်ကြတာပဲ။ ပိုက်ဆံ သိန်းထောင်နဲ့ချီ transaction ရှိနေတာတွေကို အစိုးရအခွန်လိုက်နိုင်ရင် အစိုးရဟာ တခြားကနေ အခွန်ကောက်နေစရာကိုမလိုတော့ဘူး။ တံဆိပ်ခေါင်းဖိုး၇ ရာခိုင်နှုန်း၊ ၈ ရာခိုင်နှုန်းလောက်နဲ့ နေ့ချင်းပြီးဆောင်ရွက်ပေးလိုက်။ အဲဒီအတွက် အိမ်ခြံမြေ အထူးဌာနဆိုတာဖွင့်။ နိုင်ငံတော်ဘဏ္ဍာဆိုတာ ချက်ချင်းပြန်ပြည့်သွားမယ်။မကြာခင်မှာ လေပိုင်နက်ပါရောင်းမယ်ထင်တယ်။ မြေကြီးက ဈေးကြီးလာတော့ နတ်စင်တွေလို အောက်မှာ တိုင်ကလေးထောင်ပြီး လေထဲကြမှ အိမ်ကြီးကြီးဆောက်ပြီးနေ။ အောက်ကထောက်ထားတဲ့သံတိုင်အတွက် တစ်စတုရန်းလက်မက သိန်း ၉၀၀ လောက်တန်တဲ့နေရာတွေဘာတွေဖြစ်လာဦးမှာ။ ကျနော် ဒီအိုင်ဒီယာကို patent လုပ်ထားမယ်။ နတ်စင်အိမ်ရာဆောက်လုပ်ရေးဆိုပြီး ကိုယ်တိုင်လည်းဆောက်ရဦးမယ်။ လွှတ်တော်က အမတ်ဖျင်းတွေထဲမှာ အိမ်ပွဲစားအဖေတွေများပါသလားမသိဘူး။ သမ်မတကြီး အဖိုးနည်းအိမ်ရာဆောက်လိုက်တာ နောက်ဆုံးဘယ်လိုဖြစ်သွားသလဲမသိသေးဘူး။ ပွဲစားတွေ မသေခင် မြန်မြန်သေကြတာကောင်းတယ်။ နတ်ပြည်မှာ ဒီငနဲတွေရောက်သွားရင် အခုဈေးနဲ့နေလို့မရလောက်တော့ဘူး။ အဖီလေးနဲ့ပဲနေရမယ်။ လေကနေ သိန်းထောင်နဲ့ချီဖြစ်အောင်ပွားနိုင်တဲ့ပညာကို ကျနော့်ကလေးလက်ထက်ကြရင် သင်ဖြစ်အောင်သင်ထားပေးမှဖြစ်တော့မယ်ထင်ပါရဲ့။
Regards,
The Gardener
ကျွန်တော်တို့တတွေ အသက်တွေ ကြီးလာပြီ။
ငယ်တုန်းက လိုက်အော်ခဲ့တဲ့ ကတ်ဆက်ခွေ (အသံထွက်မှန်ကတော့ ကဆက် နဲ့ပိုနီးစပ်တယ်။ cassette tape)ထဲက ရော့ခ်ကာကြီးလည်း အိုသွားပြီ။ ချစ်စရာကောင်းတဲ့ မနက်ခင်းကော်ဖီ ရနံ့ဟာ နေ့လည်ခင်းမှာ ပျောက်ကွယ်သွားသလို၊ လူငယ်ဘဝရဲ့ လန်းဆန်းလတ်ဆတ်တဲ့အရသာဟာ အသက် သုံးဆယ်ကျော်မှာ တစ်ဝက်လျော့သွားပြီ။ လူငယ်ဘဝမှာ မျှော်မှန်းထားတဲ့ ငွေကြေးပြည့်စုံမှုတွေနဲ့ နီးစပ်လာပြီ။ လူငယ်ဘဝမှာလိုချင်တာတွေ တော်တော်များများ အခု မလိုချင်တော့ဘူး။ လူငယ်ဘဝမှာ မတတ်နိုင်ခဲ့တာတွေကို တတ်နိုင်လာပေမယ့် မဝယ်ဖြစ်တော့ဘူး။ လူငယ်ဘဝရဲ့ ဝိညာဉ်ဟာ စွန့်ခွာသွားခဲ့ပြီ။
လူငယ်ဘဝရဲ့ အဓိပ္ပာယ်က သူငယ်ချင်းတွေပဲ။ တစ်ရက်မှ အပျောက်မခံနိုင်အောင် ချစ်ခဲ့ကြတယ်။ ပြောင်းလဲခြင်းတရားကို ကြံ့ ကြံ့ မခံနိုင်တဲ့ သင်္ခါရတရားတွေထဲ တစ်ခုပြီး တစ်ခု ကျကျပျောက်တယ်။ ချစ်ခင်မြတ်နိုးလွန်းလို့ သိမ်းထားတဲ့ ပန်းပွင့်အဝါရောင်လေးလည်း ညှိုးရော်သွားတယ်။ ဘုရားစင်က စံပယ်ပန်းပွင့်လေးတွေ စွန့်လိုက်ရသလို အမြတ်တနိုး ကပ်လှူခဲ့တဲ့ အလှတရားရဲ့ ကြာရှည်မတည်မြဲမှုမှာ ဖြူစင်ရိုးရှင်းတဲ့ချစ်ခြင်းတရားကို စွန့်လိုက်ရတာပါပဲ။
ပြည့်စုံမှုမရှိတဲ့ ဘဝကနေ ထိုးဖောက်ဖို့ အစဦးအချိန်မှာ အချစ်ဆုံးလူတွေနဲ့လည်းခွဲခွာကြရတယ်။ နာကျင်အချိန်ပိုအထိ တစ်ဂိုးရှုံးနေတဲ့အသင်းလိုပဲ နောက်ဆုံးရတဲ့စက္ကန့်တွေကို ဆွဲဆန့်ထားရမလား၊ အဆုံးမှာရှိတဲ့ အရှုံးကိုလက်သင့်ခံလိုက်ဖို့ပဲပြင်ဆင်ရမလား ဝေခွဲရခက်တယ်။ ရော့ခ်ဂီတရဲ့ ဆိုလိုတွေလို ဘယ်လောက်လှပအောင်တီးတီး သုံးမိနစ်ကျော်လာရင် အီလာတာပဲ။ သဘာဝတရားမှာကိုက ဒီလိုသဘောပဲ။ ရာသီဥတု၊ သစ်ပင်၊ ဒီရေ၊ လရောင်၊ ဘတ်စ်ကား၊ တိမ်တိုက်၊ ဘလိတ်ဓား၊ အချစ် တို့ဟာလည်း ပြောင်းလဲတတ်ပုံရတယ်။ အထူးသဖြင့် expiry date ပါတဲ့ကုန်စည်တွေလို့ သတိမထားမိလိုက်တဲ့လူတွေအတွက်တော့ မလွယ်ကူခဲ့ဘူး။ အပြောင်းအလဲဟာ ကစ်ဘောက်ဆင်းရဲ့ အောက်ခြေဖျက်ရိုက်လိုက်တဲ့ low kick နဲ့တူတယ်။ အခန့်မသင့်ရင် ကြမ်းပြင်ပေါ်က ပြန်မထနိုင်တော့ဘူး။
စိုက်ပျိုးချိန်ဟာ ထင်တာထက် အမြဲပိုကြာမြင့်တယ်။ ချိစ်ကိတ်တစ်လုံးကို ဖုတ်ပြီးလို့ ၁၂ နာရီအတွင်း ရေခဲသေတ္တာထဲထည့်ပြီး သုံးရက်အတွင်း စားလိုက်ဖို့လိုတယ်ဆိုတဲ့ အညွှန်းမျိုးနဲ့ဆိုရင်တော့ ဘဝဟာ လွယ်ကူခဲ့မှာပဲ။ ခက်တာက ဘဝဟာ အဲဒီလို ပြတ်ပြတ်သားသားမရှိလှဘူး။ တက်တွေ အများကြီးပြောင်းလှော်ဖို့၊ ရေစီးကြောင်းသစ်ကို ရှာဖွေဖို့၊ လက်နဲ့လှော်ဖို့၊ မုန်တိုင်းမှာပျော်ဖို့တွေအထိ တောင်းဆိုနေတတ်တယ်။
လူငယ်ဘဝတုန်းက စိုလက်နေတဲ့ လက်မောင်းက တက်တူး ဟာ လူရွယ်ဘဝမှာ ... အရောင်ပြယ်လျော့သွားပြီ။ အချစ်ကို သံသယဖြင့်သာ စောင့်ကြည့်လေ့လာသူ၊ ကဗျာ၊ဂီတဖြင့်သာ ကိုယ့်ကိုယ်ကို ပြန်စိုက်ထားသော ဓားတစ်လက်၊ မတော်တဆကျသွားတဲ့ introvert နွံအိုင်ထဲကနေ ပြန်မတက်တော့တဲ့သူပဲ ဖြစ်လာခဲ့တယ်။ နောက်ထပ်ငါးနှစ်လောက်ကြာတော့ ရော့ခ်စီဒီတွေပြန်သိမ်းပြီး၊ တရားခွေတွေပဲ စီဒီစင်မှာ ပြည့်လာခဲ့တယ်။ နှင်းဆီပန်းအဝါရောင်ကို အဖြူရောင်လီလီတွေနဲ့ လဲလှယ်ပစ်လိုက်ပြီ။
ဘာသာတရား၊ အတွေးအခေါ်၊ ဒဿန၊ မိသားစုကအစ တစ်ကနေပြန်စလိုက်တယ်။ ရှေးတုန်းက အဟောင်းတွေ၊ မသိခင်က အမှန်တရားတွေကိုလည်း စွန့်လိုက်ပြီ။ ငြိမ်းချမ်းတဲ့စိတ်နဲ့ အေးအေးငြိမ်ငြိမ်နေထိုင်ခြင်းကိုပဲ ဘာသာတရား၊ အတွေးအခေါ်၊ ဒဿန၊ မိသားစုအဖြစ် လက်ခံလိုက်တယ်။ ဘယ်ဘာသာတရားကိုမှ ကိုးကွယ်သူမဟုတ်ဘူး။ ကြည်လင်နေတဲ့စိတ်ရဲ့ အေးချမ်းမှုကိုသာ ကိုးကွယ်တဲ့သူဖြစ်လာတယ်။ ကိုယ်ယုံကြည်တာတွေအတွက် ရဲရင့်ရမယ်။ မဟုတ်ရင်လည်း ကိုယ့်ဘဝမှာ အင်အားထွက်စရာနေရာမရှိဘူးဖြစ်နေမယ်။ လိုအပ်ချက်တွေ နည်းသွားပြီ။ ငယ်တုန်းက အရသာတွေဟာ ကြီးလာတော့ ပေါ့သွားပြီ။ ငယ်တုန်းက ပျော်ရွှင်စရာလို့ထင်တာတွေဟာ ကြီးလာတော့ အဓိပ္ပာယ်သိပ်မရှိတော့ဘူး။ တန်ဖိုးထားမှုတွေပြောင်းလဲသွားပြီ။ အပျော်အပါးနဲ့မရနိုင်တော့တဲ့ ပျော်ရွှင်မှုအစစ်ကို ဆက်ပြီးရှာဖွေဖို့ သတ္တိရှိဖို့လိုတယ်။ အမှန်တရားကို လက်ခံရဲတဲ့သတ္တိမရှိမချင်း လောကမှာ တကယ်နေလို့မရသေးဘူးလို့ထင်လာတယ်။ ထွက်ပြေးတဲ့သူမဖြစ်ချင်ဘူး။ ကိုယ့်ရဲ့ မှန်ကန်တဲ့နေရာမှာ တည်တည်ငြိမ်ငြိမ် ရပ်နေတဲ့သူပဲဖြစ်ချင်တယ်။ ပြောင်းလဲသွားတဲ့စိတ်နဲ့ ကိုက်ညီတဲ့ နေထိုင်မှုပုံစံဘက်ကို ရွှေ့လိုက်ဖြစ်လာတယ်။ ဆောင်းရာသီယဉ်ကျေးမှုမှာ နွေရာသီဖက်ရှင်ဟာ အံမဝင်တော့ဘူး။
ငယ်တုန်းက မော့ကြည့်ခဲ့တဲ့ တိမ်တိုက်တွေကိုတော့ အခုလည်း မော့ကြည့်နေတုန်း။ တိမ်ထူတဲ့နေ့တစ်နေ့မှာ ကောင်းကင် အလျားတစ်လျှောက်ဖြတ်သန်းသွားမယ့် တိမ်ကလေးတွေကတော့ ငယ်တုန်းကလိုပဲ ပေါ့ပါးလှပနေမြဲပဲ။ ဒါကို မေတ္တာတရားရဲ့ လှပမှုလို့ ခံစားမိတယ်။ ချစ်ခြင်းအတုအယောင်တွေဟာ ဝေဝါးသွားတာပဲ။ သို့သော်လည်း မေတ္တာတရားရဲ့ ကြည်လင်အေးမြမှုကတော့ ငယ်စဉ်ကနဲ့ မကွာသေးပါလား၊ နှစ်သက်မြတ်နိုးစရာ၊ လေးစားတန်ဖိုးထားစရာကောင်းနေတုန်းပဲဆိုတာတွေ့ရတယ်။ တစ်သက်လုံးသယ်ဆောင်သွားဖို့ အဖိုးအတန်ဆုံး၊ အလေးနက်ဆုံး၊ အမွန်မြတ်ဆုံးတရားတွေကိုပဲ ရွေးချယ်သယ်ဆောင်သွားရလိမ့်မယ်။ စိတ်ကိုပူလောင်စေတာတွေ တော်လောက်ပါပြီ။ မပြတ်နိုင်သေးရင်လည်း ကင်းအောင်နေလိုက်ပါ။ ကိုယ့်ဘဝကို ပြန်ကြည့်လိုက်တိုင်း ကျေနပ်နေစေမယ့် အေးချမ်းငြိမ်သက်မှုနဲ့ပဲ အသက်တွေကြီးပါစေတော့။ ။
ငြိမ်းချမ်းသောနေ့မှာ ငြိမ်သက်သောစိတ်ရှိသူဖြစ်ပါစေ။
Zephyr
ပျံသန်းခြင်း
ငှက်တွေဟာ ဝန်ပိုမသယ်ဆောင်လို့ ပျံသန်းနေနိုင်တာမဟုတ်လား။
မြွေဖမ်းတဲ့သိန်းငှက်အကြောင်း Disovery မှာကြည့်ရင်း အစားအတွက် ရုန်းကန်နေရတဲ့ ငှက်တွေကိုလည်း တွေးမိပါရဲ့။
စားစရာ မရတဲ့ရက်တွေမှာ ကြံ့ကြံခံနိုင်ဖို့၊ စားစရာကို လိုတာထက် ပိုမစားဖို့ ၊ ရှင်သန်နေထိုင်တုန်း ဝေးဝေးပျံသန်းဖို့၊ လူ့လောကကို အမြင့်မြင်ကွင်းကကြည့်ဖူးဖို့ ကျွန်တော် ငှက်တွေဆီက သင်ယူချင်တယ်။
အထူးသဖြင့် ပျံသန်းခြင်းကို စွန့်လွှတ်လိုက်ပြီးသား ငှက်အိုတစ်ကောင်ဆီကပေါ့။ ။
Zephyr
ကျွန်တော်နှင့် ရွှေအိုရောင်ငှက်ကလေး
ထင်ယောင်မိမှား အမှန်တရား
နေ့ရက်များကို ရေတွက်ပါ။
ကျွန်းတစ်ကျွန်းပေါ်တွင် သောင်တင်နေသော ဂဏန်းတစ်ကောင်၏ စကားသံဖြစ်သည်။ တော်လဲသံများကို သီရရီချိတ်ဆွဲရန် တောင်စွယ်များ အချွန်အတတ်ဖြစ်နေရန်လိုသည်ဟုထင်သော ဆည်းဆာနေရောင်ခြည်အောက်တွင် ရွှေဆေးဖြင့်ချယ်သထားသော သဲပြင်လွလွရှိနေသေးသည်။ နေဝင်ချိန်သည် ခမ်းနားလွန်းနေသည်။
Be kind, for everyone you meet is fighting a hard battle. (Philo of Alexendria) ဘဝတိုက်ပွဲကြမ်းကိုရင်ဆိုင်နေရသောလူတိုင်းအတွက် ကြင်နာစေလိုသူတစ်ယောက်ရှိခဲ့ဖူးသည်ဟု သိလိုက်ရသည်။ ထို့အတွက် ဝမ်းမြောက်ဝမ်းသာဖြစ်ရသည့်တိုင် အချိန်များ ပါးရှားလာမှုနှင့်ထပ်တူ၊ အလျင်စလိုဖြတ်သန်းသွားလိုက်ရသဖြင့် တိတိကျကျ၊ဆုံးဆုံးဖြတ်ဖြတ် သိသိသာသာ ခံစားလိုက်မိခြင်းတော့မရှိလိုက်ပါ။
မင်းသားလေး၏ နှင်းဆီပင်မှာ စကြာဝဠာတစ်ခွင်လုံး သူနှင့်မျိုးတူမရှိဟု ညာခဲ့ဖူးသည်။ ဥယျာဉ်တစ်ခုထဲတွင် နှင်းဆီပန်းပင် ငါးထောင်ကိုတွေ့မှ မင်းသားလေးသည် ညာတတ်သော နှင်းဆီကို တွေးမိခဲ့သည်။ အချိန်လွန်မှသိရှိခဲ့သော လိမ်ညာမှုများအတွက် မည်သူမှ သက်သောင့်သက်သာမဖြစ်ခဲ့ပါ။
"ငါအခုလုပ်နေတာဟာ ငါ့ကိုယ်ငါ ဝေဒနာကနေ ခွာထုတ်နေတာ။" ဟု မော်ရီဆိုသော သေဆုံးခါနီး ပါမောက္ခအိုကြီးကဆိုလေသည်။ ဝေဒနာကို ပညာသတိဖြင့်ပယ်သတ်ရသည်မှာလည်း သဘာဝတရား၏ဆိုဆုံးမသံတစ်စဖြစ်လိမ့်မည်ထင်သည်။
စိုးစဉ်းမျှ မသိသာသော ထွက်ခွာမှုမျိုးဖြင့် အတိတ်သည် မှတ်သိစိတ်ထဲမှ ထွက်ခွာသွားခဲ့လေပြီ။ ထင်သလောက်မလွယ်ကူသော မိမိ၏ဝိဉာဉ်အစိတ်အပိုင်းများကို တစ်စစီခွဲချေကြည့်နေရာမှ နာကျင်မှုများထုံသွားခဲ့လေသည်။ ဟာသတစ်ပုဒ်အတွက် တန်ရာတန်ကြေးအဖြစ် လေချွန်သံရှည်တစ်ခုသာလိုအပ်တော့သည်။ မနက်ဖြန်များကို တစ်ယောက်တည်းဆက်လျှောက်တတ်စေရန် ကျွန်တော်သင်ယူတတ်မြောက်ခဲ့ပါပြီ။
J.D. Mc Clatchy ၏ ကဗျာတစ်ပုဒ်ဖြစ်သော Resignation အစတွင်၊ Willa Cather ၏ quotes တစ်ခုကို ဤသို့သုံးစွဲထားသည်ကိုတွေ့ရသည်။ " I like trees because they seem more resigned to the way they have to live than other thigs do." အမေရိကန်စာရေးဆရာမ Willa Cather တွေ့မြင်ခဲ့သော သစ်ပင်များအနက်မှ တစ်ပင်မှာ ကျွန်တော်ဖြစ်သည်။
အမြဲတမ်းတစ်ယောက်လိုဆိုတဲ့ ကဗျာမှာ နေမျိုးကြီးက "အမြဲတမ်းတစ်ယောက်လိုဟာ အစကတည်းက မရှိဘူးတဲ့" လို့ ဘာလို့ထည့်ရေးတာလဲဆိုတာကို အခုတော့ နားလည်ခဲ့ပြီဖြစ်သည်။
တစ်စက္ကန့်မျှရှင်သန်မြင့်မားနိုင်စိမ့်ငှာ လေထဲတွင် ဖြတ်ခနဲသေပစ်လိုက်သည့် မီးပန်းများကိုသာ ငေးကြည့်နေမိတော့သည်။ ထိုအရာသည် ရှင်သန်ခြင်း၏ ဒုတိယပုံစံငယ်ဟုဆိုရလိမ့်မည်။ ထိုဘဝကို အင်မတန်နှစ်သက်လိုလားနေမိသည်။
ဇေယျာလင်း၏ ကဗျာစာအုပ်များဝယ်ထားသည်။ မဖတ်ဖြစ်။ နှစ်ထောင်ချင်းအတူတူ ဦးလှိုင်ထက် စာလုံးရေများသည်ဆိုပြီး ဈေးတွက်တွက်ပြီးဝယ်ထားခြင်းဖြစ်သည်။ သူသေပြီး နာမည်ကြီးပြီဆိုလျှင် ဖတ်ရင်ဖတ်မည်စိတ်ကူးသည်။ သို့မဟုတ် သူ့အနုပညာကို သေမတတ်မြတ်နိုးသည်ဆိုသည့်သူများကို လက်ဆောင်ပေးပစ်မည်ဟု စိတ်ကူးမိသည်။
ဦးလှိုင်၏ ဆိပ်ကမ်းတွင်တော့ အမုန်းမရှိ စစ်ပွဲမရှိ တရားရပြီးမှ ထပ်မံငြင်းခုံစရာ တရားမရှိ ဟုဆိုသည်။ ဆိပ်ကမ်းတွင် လက်ဖက်ရည်ဆိုင်တစ်ဆိုင်လောက်ရှိလျှင် သာ၍ကောင်းမည်ထင်သည်။
အနဝဇ္ဖာနိ ကမ္မာနိ အရတော့ ကိုယ့်ဟာကိုယ် အကုသိုလ်ကင်းကင်းပျော်စရာကောင်းတာတစ်ခုလုပ်နေတာဟာ မင်္ဂလာပါပဲ။ အသောကံ ဝိရဇံ ခေမံ ဆိုတာကတော့ သောကမရှိဘူး။ ဝမ်းနည်းခြင်း၊ပူဆွေးခြင်းမရှိဘူး။ ကိလေသာအညစ်အကြေးမရှိဘူးဆိုတာဟာလည်း မင်္ဂလာပါပဲ။ မင်္ဂလာရှိအောင်နေကြဖို့လည်းလိုနေသေးသည်။
Pslam 118 တွင်တော့ O GIVE thanks unto the LORD: for he is good ဟုဆိုသည်။ ထိုစာသားသည် သီချင်းတစ်ပုဒ်ဖြစ်သွားခဲ့သည်။ ကာလများရွေ့လျောလာသောအခါ မေ့လျော့ခံ ဂီတတစ်ခုလည်းဖြစ်သွားခဲ့သည်။ ဒါဝိဒ်သည် သိုးကျောင်းသော တောသားလေးမျှသာဖြစ်သည်။ သို့သော်ဘုရင်ဖြစ်လာသောအခါ သီချင်းထရေးပြီး ဗျပ်စောင်းတီးလိုက်ရာမှ တစ်ခွေတည်းပေါက်သွားခဲ့ဟန်တူသည်။ ကြိုးစားသော တောသားများကို နောက်နောင် အားပေးအားမြှောက်ပြုမည်ဟုစိတ်ကူးနေသည်။
လှိုင်းများရိုက်ခတ်နေသော ကမ်းခြေတစ်လျှောက် ပြေးလွှားနေသော ဂဏန်းငယ်တစ်ကောင်အတွက် အထွေအထူးရည်ရွယ်ချက်မရှိလှပါ။ သေဆုံးနေခြင်းမဟုတ်ကြောင်း သူ့ကိုယ်သူ ရိပ်မိရန်အတွက် ရှင်သန်လှုပ်ရှားမှုပုံရိပ်တစ်ခုအနေဖြင့်သာ ပြေးလွှားနေခြင်းဖြစ်သည်။
နေဝင်ဆည်းဆာသည် မရပ်မနားပြေးလွှားနေသော ဂဏန်းတစ်ကောင်၏ အခွံမာအောက်မှ နှလုံးခုန်သံမဲ့ခြင်း၏ ဒိဌဓမ္မကို အံ့အားသင့်နေရာမှ နေဝင်ချိန်အမီ နေလုံးကြီးအား ထိန်ပင်ပေါက်ရာ ပင်လယ်ထဲသို့ အစောတလျှင် နှစ်မြုပ်ပစ်လိုက်ရသည်။
နိဂုံးသည် ရှေ့ချုပ်ပြီးစိတ်ကိုမမှတ်မိတော့သော နောက်စိတ်၏ ဥပေက္ခာသက်သက် အရှုခံနှင့် အရှုဉာဏ်၏ ထိခတ်မိသံမျှသာ ဖြစ်ခဲ့လေသည်။ ။
Zephyr
Ref:
၁Holy Bible : King James Version
၂။သုခမိန်လှိုင်။ပုစွန်တွေဖတ်ဖို့ကဗျာ
၃။ဆရာတော်ဦးဇောတိက။မင်္ဂလာတရားတော်
၎။ဇေယျာလင်း ကဗျာဆိုတာပြုလုပ်ခြင်း
၅။နေမျိုး။ မြွေကြီးပါခင်ဗျာ။
၆။The Best American Poetry 2008
၇။ Mitch Albom။Tuesdays with Morrie
၈။Antoine de Saint-Exupery။ The Little Prince
၉။Rjonda Byrne။ The Magic
သုဘအနုပညာ
စာမြည်း
Haze News In Singapore (20-21 June 2013)