အင်ဒိုနီးရှားအမှတ်တရ။
သွားတာတော့ ကြာပြီ။
ဓာတ်ပုံတွေပြန်ကြည့်ရင်း တစ်စုတစ်ဝေးတည်းဖြစ်အောင် ပြန်တင်ထားလိုက်တယ်။ ဖေ့စ်ဘွတ်ခ်မှာတော့ပုံတွေတင်ဖူးတယ်ထင်တယ်။
ဘာတွေ ဘယ်လိုသွားရတာတွေတော့ မရေးတော့ဘူး။ နီးနီးနားနား ဗီစာမလိုတဲ့ အင်ဒိုနီးရှားကို နည်းနည်းတော့သဘောကျတယ်။ မလေးရှားလောက်တော့ ပျော်စရာမကောင်းဘူးထင်တယ်။
အုန်းပင်တွေရှိတယ်။ မထူးဆန်းဘူး။ သို့သော်လည်း သဘာဝကျ၏။ East Coast နီးပါးလှချေတော့သည်။
အဗြဟ္မစရိယကုတင်။ လင်မယားနှစ်ယောက်ကိုတောင် တစ်ယောက်စီထားတာ။ ရောက်တဲ့အခါ သစ္စာဆိုပြီး အဓိဌာန်လိုက်မှ အလိုလိုကပ်သွားတယ်။
ကုလားထိုင်။ ကုလားထိုင်မြင်ဖူးသည်ဟုဆိုသော်ရ၏။ မဆိုသော်လည်းရ၏။ ထိုကုလားထိုင်လေးတွင် ထိုင်ကာ စာအုပ်တစ်အုပ်ကို ဇိမ်ကျကျဖတ်ခဲ့သေးသည်။ အရသာရှိပါဘိတောင်း။
ကျွန်ုပ်တို့သည် အရက်၊ဘီယာသောက်တတ်သူများမဟုတ်ချေ။ အသီးဖျော်ရည်မှာရာ ကော့တေးများညာရောင်းလေသည်။ အခါးမကြိုက်ပါ။ သောက်ဟန်ပြုပြီး ထွေးရန်ကြံရသည်။ လှသလိုရှိသော်လည်း ခါးလှ၏။
မျက်နှာသည် အနုပညာဖြစ်နေပြန်သည်။ မျက်နှာများခြင်းသည်မကောင်းသော်လည်း မျက်နှာမရှိလျှင် မျက်နှာငယ်သည်ထက်ဆိုးသည်ဟုထင်သည်။ မျက်နှာကို မုခဟုခေါ်သည်ထင်သည်။ ဟုတ်ချင်လည်းဟုတ်မည်။ မဟုတ်ချင်လည်းမဟုတ်။ စားသောက်ဆိုင်မှာ မျက်နှာကို ရိုက်လာလေသည်။ ဒီအက်စ်အယ်လ်အာရ် ကင်မရာမဟုတ်သောကြောင့် လှပလိမ့်မည်မဟုတ်။ ပွိုင့်အန်ရှု့ထ်ဖြစ်လေရာ သည်းခံပြီးရှုစားနိုင်သူများအတွက်သာ အသုံးဝင်သည်။ ဝယ်လည်းမဝယ်နိုင်။ ဝယ်နိုင်ရန်လည်းအားမထုတ်၊ အကြွေးနှင့်ဝယ်စိမ့်ငှာဟုလည်းတွေးမထား။ ရှိသည်နှင့်ရောင့်ရဲပြီး ရသည်နှင့် ကျေနပ်ရန် ဘဝကသင်ပေးထားသည်။ ဆင်းရဲဖူးခြင်းသည် တစ်ခါတစ်ရံအင်မတန်မှကောင်းသည်ထင်မိသည်။ ဆင်းရဲဖူးမှ အသုံးအဖြုန်းနည်းဖို့လွယ်ကူသည်ဟုထင်သည်။ ကိုယ်တိုင်လက်ဖွာဖူးသော်လည်း လိုအပ်ချိန်လိုက်တောင်းကြည့်လျှင် လက်ခက်သူဘယ်လောက်များမှန်းသိခဲ့ရဖူးလေပြီ။
ကျွန်ုပ်သည် မြားနှင့် shoot လေရာ၊ ပစ်မှတ်ဘုတ်ပြားပေါ်သို သက်ရောက်ခြင်းမရှိ။ သို့သော် လေးကိုင်းကိုတင်ရာတွင် ရာမ၊ လက်ခဏတို့လို ကနေစရာမလို၊ တစ်ခါတည်းတင်နိုင်သည်။ ကြံဖန်ဂုဏ်ယူသော် ဂုဏ်ယူဖွယ်အတိချည်းသာ။ ပစ်မှတ်ကို ထိသည်ဖြစ်စေ၊ ချော်သည်ဖြစ်စေ ပျော်စရာကောင်းလေသည်။
အုန်းပင်သည် ရှေ့သို့မျှော်ကြည့်နေလေသည်။ ပင်လယ်မှ လှိုင်းမလေးကို လွမ်းသည်ထင့်။ သို့သော် လှိုင်းတို့သည်ဝေးရာသို့ ဆုတ်ခွာသွားလေသည်။ အလွမ်းသည် စောင်းငန်းငန်းသဘောတရားဖြစ်ချေသည်။ ရှည်ကိုင်းကိုင်းဝဋ်ဒုက္ခအတိပြီးသည်။ ထိုအရာကိုရှုပွားစိမ့်သောငှာ
ဖားသည် ပါးစပ်ဟထားလေရာ မီးသီးတစ်လုံးရောက်လာလေသည်။ ဖားမီးတိုင်ဟုဆိုကောင်းဆိုနိုင်မည်ဖြစ်သည်။ အရောင်ပျယ်လွင့်နေခြင်းသည်လည်းတစ်မျိုးချစ်စရာကောင်းသည်။ အသက်ကြီးလာလေ အရုပ်များကိုပိုချစ်တတ်လေဖြစ်လေရာ သူငယ်ပြန်သည့်အခါ ပူစရာမလိုတော့။
ရာဇဝတ်သားကို လွှတ်စေပိုင်သော မိဖုရားကြီး၏ ကရုဏာဖြစ်သော ခေါင်ရမ်းပန်းသည်မွှေးသည်ဟုဆိုသည်။ သေဘေးမှ လွတ်သော ရာဇဝတ်သားအတွက် ခေါင်ရမ်းပန်းသော်မှ မွှေးနေချေတော့သည်။ အော် ... လူ့လောကသည် သံဝေဂရဖွယ်ကောင်းလေစွ။ သေစေပိုင်သူနှင့် အသတ်ခံရမည့်သူ၊ မရဏတရားသည် သေမိန့်ကိုပေးချေသည် ကံတရားသည် နီသော ခေါင်ရမ်းပန်းဖြင့် ကယ်တင်သော် ကောင်းလေစွ။
ဒီအသက်ဒီအရွယ်အထိ အရုပ်ချစ်နေသောသူအား ငပေါဟုထင်သော်ရ၏။ သို့သော်လည်း ငပေါဖြစ်ရခြင်းသည်သာ၍ကောင်း၏။ ကြိတ်ပေါနေခြင်းသည် ဗြောင်ပေါခြင်းထက်သာ၍ဆိုး၏မဟုတ်တုံလော။ ပေါစရာရှိသည်ကို မပေါရဲသူတို့သည်သာ စိတ်ရောဂါခံစားရ၍ စိတ်ဖိစီးကြလတ္တံ။ အရုပ်ချစ်သည်မှာ ငယ်ဘဝမှ စိတ်ထားအား ဆက်လက်သယ်ဆောင်လာသောသူ အများစုတွင်ရှိကောင်းသည်မဟုတ်လော။ လူကြီးဆန်ခြင်းသည် ဥပေက္ခာရှိစုမဲ့စုကို အတင်းကာရောတိုးပွားအောင်လုပ်၍ မျက်နှာထားတည်ခြင်း၊ ရယ်စရာကို မရယ်ခြင်း၊ လူစုလူဝေးရှိလျှင် ဆူပူငေါက်ငမ်းဟန်ပြုတတ်ခြင်းမျှမဟုတ်လော။ အတွင်းစိတ်၏ ငြိမ်းချမ်းခြင်းကိုမရကုန်သော လူကြီးဖြစ်ရခြင်းသည် သာ၍ မဆိုးကုန်သလော။ ပျော်ရွှင်သောစိတ်ကို ပေါသောစိတ်၊ ပေါ့သောစိတ်၊ သက်သာဖြေလျှော့သောစိတ်မှသာ သယ်ဆောင်နိုင်လေသည်။ ဟန်ဆောင်သောစိတ်သည် ပျင်းရိငြီးငွေ့စရာကောင်းလေ၏။ မူရင်းအတိုင်း နေခြင်းသည် လွတ်လပ်ပျော့ပြောင်းလေသတည်း။ ချစ်သော နဂါးရုပ်ကိုရှုစေစမ်းချင်ပါဘိတော့သည်။
အုန်းပင်။
လောကဓံတရားတိုက်စားသွားတာလား။
သဘာဝဓမ္မကို ဝါကျဖွဲ့ပြထားတာလား။
သူ့ရှေ့မှာ
ကျွန်တော်တွေးနေမိတယ်။
အမာရွတ်မကင်းတဲ့သူရဲကောင်းအရည်ပြားလို
ဒဏ်ရာတွေနဲ့လှနေတယ်။
ဘယ်ကိုမှ မမြင်ရတဲ့ပြတင်းပေါက်။
စိတ္တာနုပဿနာမှာတော့ သိနေခြင်းကို သိနေတဲ့စိတ်။
အလှမွေးငါး။
အလှမွေးမွေး၊
စားဖို့မွေးမွေး၊
ငါးဟာ ရေထဲမှာနေရမယ်။
ငါးဟာ ကူးခတ်ရမယ်။
ငါးဟာ ရပ်တန့်နားနေရမယ်။
နောက်ဆုံးအခွင့်အရေးရတဲ့အထိ
ပါးဟပ်တွေနဲ့အသက်ရှူကြည့်ရဦးမယ်။
ပန်းပွင့်ရဲ့ဒိုင်ယာရီမှာ
ခါချဉ်တွေများတယ်။
ဝတ်မှုန်နှင်းစက်တွေကို ခါချလိုက်ရင်
ဆောင်းမနက်ခင်းလည်း ပျောက်သွားရမှာပဲ။
ငယ်တုန်းကပန်းပွင့်လေး
အခုသိပ်ကြီးသွားပြီ။
စိမ်းလန်းခြင်းတွေနဲ့
ကြီးရင့်ခြင်းများ
စိတ်ကို
အိမ်မက်နယ်မြေထဲအထိ
စက္ကူပန်းရနံ့တွေနဲ့ပဲ
မျှားခေါ်သွားရတာပဲမဟုတ်လား။
ဆင်ပြောင်ကြီးသုံးကောင်
ဘုန်းကြီးကတရားဟောတယ်။
အသေလှဖို့ကြိုးစားပါ တကာလေးတဲ့။
မျက်လုံးထဲမှာ ဟောဒီပိုးကောင်ကိုမြင်တယ်။
ဒါမျိုးကို အသေလှတယ်ခေါ်တာလား ဖရာ့။
မျိုးနဲ့ရိုးနဲ့ အတူတူ အသေလှနေတဲ့ပိုးကောင်တွေ။
ငယ်တုန်းကတော့ ဒါမျိုးတွေစုထားချင်ခဲ့ဖူးတယ်။ တော်သေးတယ်။ ဝါသနာက ငယ်တုန်းမှာတင်ကုန်သွားလို့။ တရားထဲမှာပါတဲ့ မိဖုရားနဲ့သူ့ယောကျာ်းအသစ်ချေးပိုးထိုးကြီးများလားလို့ သေချာကြည့်မိတယ်။
အပေါ်စီးကနေကြည့်ရတာကောင်းတယ်ထင်ရပေမယ့် ဇက်ကြောတက်တယ်။ ငုံ့ကြည့်နေတာများရင် အရာအားလုံးကို ပုသေးသေးထင်ကုန်တာပဲ။ ဘဝင်မြင့်တယ်ဆိုတာဒါမျိုးပဲဖြစ်မယ်။ ကျန်တဲ့သူတွေကို ပုသေးသေးပဲမြင်တော့တာမျိုး။ ဘဝင်မြင့်တဲ့သူ အထက်စီးရောက်နေတာပါလားဆိုပြီး များများဆင်ခြင်ကြည့်ရတယ်။ အမှန်တော့ ကိုယ်မြင်တဲ့မြင်ကွင်းကို ခံစားလိုက်တဲ့စိတ်ကြောင့် အမြင်မှားကို အမှန်ထင်တာပဲ။ အယောနိသော မနသီကာရဖြစ်နေချိန်မှာ ကျနော်တို့စိတ်ထဲမှာ အဲဒီလို ရှူခင်းတွေဖြစ်နေတယ်ထင်တယ်။
ပင့်ကူနဲ့ ကင်းမြီးကောက်။
အဆိပ်အဆိပ်ချင်း
အနက်အနက်ချင်း
အတူတကွ
ရှင်တွဲနေထိုင်ခြင်း
ကြာပန်းကို တော်တော်လေးညွှန်းကြတယ်။ရွှံ့မှာပေါက်သော်လည်း ရွှံ့တွေနဲ့မရောဘူး။
တရားအသိအမြင်မှာလည်း ကြာပန်းဟာ ရေကိုအခြေပြုပြီး လေထဲကိုတိုးထွက်သွားတဲ့ သင်္ကေတအနေနဲ့ အထူးအလေးအမြတ်ထားကြတယ်။ ကြာပန်းဖူးလေးဟာ လှလွန်းလို့ ဆယ်ဖြာလက်စုံ ကြာပဒုံဆိုပြီး ရှိခိုးဖို့ပြင်ဆင်တဲ့လက်ကို နှိုင်းယှဉ်ပြီး ရူပက အလင်္ကာလုပ်ကြတယ်။ ဥပမာပေးပြီး ဥပမာအလင်္ကာလုပ်တာလည်းရှိမယ်။ ကြာပန်းဟာ ဝိမုတ္တိဆိုတဲ့ လွတ်မြောက်ခြင်းနဲ့ဆက်စပ်နေတဲ့သဘောရှိတယ်။ ရနံ့အားဖြင့်လည်း သန့်စင်တယ်။ လူ့စိတ်ဟာ အခြေခံအားဖြင့်တော့ လှတာကို သဘောကျတယ်။ ရွှေကြာပန်းဟာ ပန်းထိမ်သည်သားကိုတော့ တရားရစေခဲ့ဖူးတယ်။ ရေခဲတာင်ကြာပွင့်စားရင်တော့ အတွင်းအားတိုးတယ်ဆိုတာပဲ။ ကြာလှူပြီး မကြာအောင်ဆုတောင်းကြလို့ ကြာပန်းသိပ်ကြိုက်တဲ့ အရှင်ဆန္ဒာဓိကက ဟောခဲ့ဖူးတယ်။ ဆရာတော်က ကြာပန်းကြိုက်လွန်းလို့ စာအုပ်တိုင်း ကြာပန်းပုံအဖုံးလုပ်ခဲ့တာ အခုအထိပဲ။
စစ်တုရင်ကွက်ထဲခြေချလိုက်ရင်တော့ ကစားရုပ်ဖြစ်ရတာပဲ။
သံသရာထဲဝင်မိတာရော
ထိုနည်းနှင်နှင်ပဲမဟုတ်လား။
(မိန်းမရပြီးမှ သံဝေဂ တော်တော်ယူတတ်လာသလိုလို)
မျက်နှာဖုံးတွေဟာ
ခံစားချက်ရှိတယ်။
မျက်နှာဖုံးနောက်မှာ
ဘယ်သူရှိနေလဲ သိဖို့ပဲလိုတယ်။
ဟောဒီအောက်မှာတော့ ဖွတ်တစ်ကောင်ပေါ့။ သူမိချောင်းဖြစ်ရင် မြစ်မချမ်းသာတော့ဘူး။
ကြောင်မိသားစုကို တစ်စုတစ်ဝေးချစ်ချစ်ခင်ခင် မြင်ရတာ ပျော်စရာကောင်းပါတယ်။
သစ်သားပန်းပုတွေထင်တယ်။ ဖောင်းကြွလုပ်ထားတယ်။ ထူးဆန်းတဲ့ အုန်းပင်ကြီးကို လေ့လာနိုင်ကြစေဖို့ပါ။
လူတွေက ကွန့်ကိုကွန့်တယ်။ ဗုဒ္ဓက သူ့ဆံပင်ကို သန်လျက်နဲ့ အဓိဌာန်ပြုပြီးတိလိုက်တာ ခပ်တိုတိုကပ်ကပ်ဖြစ်သွားတာကိုပဲ အမျိုးမျိုး လျှောက်ပြီး ပုံတွေမှာကွန့်၊ပန်းပုမှာကွန့်၊ ပန်းချီမှာကွန့်၊ စာထဲမှာကွန့်နဲ့။ သန်လျက်နဲ့ဖြတ်ထားတဲ့ဆံပင်ပုံမှန်မှန်ကန်ကန်နဲ့ တစ်ခုမှရှိပုံမရဘူး။ တစ်သက်လုံး တစ်ခါပဲတိလိုက်တာ ရှည်လည်မထွက်တော့ဘူး။ တိုလည်းမဝင်တော့ဘူးတဲ့။ တစ်လ ၁၅ ကျပ်ပေးပြီးဆံပင်ညှပ်နေရတဲ့သူတွေအနေနဲ့ ဒီလို အဓိဌာန်ပြုပြီး ညှပ်ကြဖို့ ကြိုးစားသင့်တယ်။
ရာမတို့လားမသိဘူး။ ပုံတွေက သေချာမမြင်ရဘူး။ အရုပ်တွေပါတာတော့တွေ့ရတယ်။
အင်ဒိုနီးရှား နဂါးတွေက သွားခေါတယ်။ အရင်ဘဝက မုသားပြောတဲ့နဂါးတွေနေမယ်။
ဟိန်ဒူဝါဒကိုတော့သေချာမသိဘူး။ နားလည်းမလည်ဘူး။ စိတ်လည်းမဝင်စားဘူး။
လယ်စိုက်နေကြတာထင်တယ်။
ငှက်များပျံနေသည်။ နားနေသည်။
ကြိုးတပ်တူရိယာများဖြစ်ချေသည်။
ဖားဆင်ဖိုနီဖြစ်မယ်။ ကြည့်ရတာတောင်ပျော်စရာလေး။ အုံးအွမ်တွေကိုလည်း လုပ်တတ်ရင် ရောင်းလို့ရတာပဲ။ တစ်ခုမှတော့မဝယ်ခဲ့ဘူး။ ပိုက်ဆံမရှိတာနဲ့။
Regards,
Z
ဝန်ခံချက်။
ဓာတ်ပုံရိုက်သူ၊ အကျွန်ုပ်၏ ဇနီး။
Peace B with U.