ဆိုင်ဆိုင်မဆိုင်ဆိုင် လက်ပံပင် ဓားနဲ့ချိုင်
အဲဒီစကားကိုကြိုက်တယ်။
ဆိုင်မှပြောရမယ်လို့မသတ်မှတ်ဘူး။ လူများကို မထိခိုက်ရင်ပြီးတာပဲ။ ကိုယ်ပြောချင်တာကိုယ်ပြောမယ်စိတ်ကူးတယ်။ ဆရာလုပ်တာ၊ ဝေဖန်တာ၊ သုံးသပ်တာမျိုး လုပ်နိုင်တဲ့ ဥာဏ်ရည်ဥာဏ်သွေးလည်းပါမလာဘူး။ ဉာဏ်ရည်ဉာဏ်သွေးလို့ ညကလေးနဲ့ရေးသင့်တာကို သိပေမယ့် ဉကို ဘယ်လိုရေးရလဲမသိသေးဘူး။ အခုတောင် ကော်ပီကူးလာတာ။
အဲဒီလိုဆိုတော့ ကျနော့်မှာ လွတ်လပ်တယ်။ ငွေရေးကြေးရေးချွေတာဖို့ရေးတယ်။ အခုချွေတာချင်တဲ့အရွယ်ရောက်လာလို့ ရေးတာဖြစ်တယ်။ ကျနော်ရေးတာထဲက စစ်ထုတ်ပြီး ကောင်းတာယူကြဖို့မျှော်လင့်တယ်။ ဖေ့စ်ဘွတ်ခ်ကိုတော့ မသုံးရဲတော့တာလည်းပါတယ်။ အလှူလှူတာကို သာဓုခေါ်နိုင်ဖို့ တစ်ခါတစ်လေရေးတင်တယ်။ ပိုက်ဆံပေါလို့ လှူတယ်ထင်ပြီး ပိုက်ဆံချေးခံရတယ်။ ကံဆိုးချက်။
မယ်လိုဒီနဲ့နောင်နောင် အကယ်ဒမီရသွားတယ်ပြောတယ်။ ကိုယ်သာမသိလိုက်တာ၊ ထူးချွန်နေပြီ။ အလှည့်ကျမဟုတ်တော့ဘူးထင်တယ်။ အကယ်ဒမီစနစ်က ခေးအော့စ်ဖြစ်သွားပုံရတယ်။ (ဤကား ကြားဖြတ်သတင်းတည်း)
ဤယနေ့ အမ်ပီအိတ်ခ်ျမှ စာအုပ်သုံးအုပ်ဝယ်ခဲ့လေသည်။ အင်မတန် ဗိုလ်စာတတ်သော စင်ကာပူရိယန်များကမူ အိတ်ခ်ျကို ဟိတ်ခ်ျဟုသာထွက်လေသည်။ အံ့သြဖွယ်ကောင်းပါဘိတောင်း။ both ကို ဘို့ဿ်ဟုမထွက်ရှာ ဗို့ဖ်ဟု f သံထွက်သောလူများဖြစ်လေရှာ ဟိတ်ခ်ျ သည်လည်းကောင်း ဘို့ဖ်သည်လည်းကောင်း သင့်တော်လေစွ။ airport ကိုပင် လေအိုးဟုထင်ယောင်ထင်မှားဖြစ်စေရန် air pot ဟုထွက်လေသည်။ ထိုအရာများကို နားမလည်သော် သင့်အား အင်းဂလိခ်ျစကားနားမလည်ဟုထင်ချေတော့တယ်။ ဝါလားဝေ။ head ကို ဟေ့ထ်ဟု အသံထွက်သည်ကိုလည်း မဆန်းတော့။ red သည် ရိ မဟုတ်ပါလော။ အနီရောင် ဦးခေါင်းဆိုလျှင် ရိဟေ့ ဖြစ်ချေတော့မည်။ leg သည် လိတ်ခ်ဖြစ်သည်ဟုဆို၏။ ကျွန်ုပ်သည် စင်ကာပူ အင်္ဂလိပ်စကားကို ကောင်းစွာတတ်သူဖြစ်ချေတော့သည်။ can လား။ can can။ you understand lah? အရေးထဲ so-called ကို commonly called ဆိုတဲ့ လူသုံးနည်း အဓိပ္ပာယ်နဲ့ အတည်ပေါက်ကြီးပြောနေတတ်တာလည်းတွေ့ရသည်။ သာမန်အားဖြင့် အရည်အချင်းတကယ်မရှိဘဲ ရှိသယောင်ဖြစ်နေတယ်လို့ထင်တာမျိုးတွေမှာပဲ ပိုအသုံးများပါသည်။ သို့သော်လည်း စင်ကာပူမှာတော့ ဆိုးခေါဒ်သည် ထိုအဓိပ္ပာယ်ဟုမယူလေနှင့်။ အကောင်းနှင့်ပြောနေခြင်းသာဖြစ်ချေသည်တမုံ့။
Michael Lewis ရဲ့ Big Short ဝယ်လာတယ်။ ဖတ်ကြည့်ဦးမယ်။ သူ့ရဲ့ဟောပြောပွဲလေးတွေ ယူထုဘ်မှာကြည့်ဖူးသလိုလိုဖြစ်နေတယ်။ အသက်ကြီးလာတော့ သိပ်မမှတ်မိချင်တော့ဘူး။ နည်းနည်းတော့လေ့လာရမယ့်လူလို့ထင်တယ်။ သူ့စာအုပ် ဆယ်အုပ်လောက်မှာ သုံးအုပ်လောက်တော့ ဖတ်ဖို့ရွေးပြီးပြီ။
နောက်တစ်အုပ်ကတော့ ဟရုကိ မူရာခမိရဲ့ နေရဲ့အနောက် ဘော်ဒါတွေရဲ့တောင်ဘက် (South of the border, West of the Sun ဆိုတဲ့စာအုပ်ဝယ်လာတယ်။ ဖတ်မလို့မဟုတ်ဘူး။ ပေါ်ပင်ဝယ်တယ်ခေါ်တာပေါ့။ မျန်မာပြည်က ပျင်ညာယှိတွေဘာသာပြန်တဲ့အခါမှ ဖတ်နိုင်မယ်ထင်မိတယ်။
နောက်တစ်အုပ်ကတော့ Dubliners ကို ငါးကျပ်ပဲပေးရလို့ ဝယ်လာတာ။ ဒါလည်းဖတ်ဖို့မဟုတ်ဘူး။ ဂျွိုက်စ်ကြိုက်တဲ့သူတွေဘာတွေတွေ့ရင် လက်ဆောင်ပေးမလို့ပဲ။ အဲဒီသုံးအုပ်ကို လေးဆယ့် ခုနစ် ဒေါ်လာပေးရတယ်။ ၁၀ တန် ဘောက်ချာတစ်ရွက် အလကားရထားတာသုံးလိုက်တော့ သုံးဆယ့်ခုနစ်ဒေါ်လာပဲကျတယ်။ မြန်မာငွေနဲ့ဆိုရင်တော့ များသေးတာပဲ။ ဒီလအတွက်တော့ ဘတ်ဂျတ်ပိတ်သွားပြီထင်တယ်။
ဘောင်းဘီတိုနှစ်ထည်ဝယ်ဖြစ်တယ်။ ဘောင်းဘီတို ဝယ်တာကအစရေးနေတာလည်း မဟုတ်သေးဘူးလို့ထင်တယ်။ သို့သော်လည်း Hush puppies ကြိုက်တဲ့သူတွေအချင်းချင်းတော့ သတင်းပေးလို့ရတာကောင်းတာပေါ့လို့ထင်တယ်။ တစ်ထည်ကို တစ်နှစ်လောက်ဝတ်ရတယ်။ ၃၅ လောက်ပဲပေးရတယ်။ ဒါကို ကြွားတယ်လို့လည်းမခေါ်ဘူး။ လူတကာဝယ်နိုင်တဲ့ ဘောင်းဘီတိုတွေထဲမှာ ဝတ်ရတာ အဆင်ပြေတယ်လို့ ကျနော်ထင်မိတယ်။ ငါးထည်လောက်ဝယ်ထားရင် တစ်နှစ်စာ ဘောင်းဘီတို လုံလောက်ပြီလို့ထင်တယ်။ ပေါ့ပါးတယ်။ အေးချမ်းတယ်။ လုံခြုံတယ်။ သပ်ရပ်တယ်။ စတိုင်လည်း အသင့်အတင့်လောက် ကျတယ်။ ဈေးနှုန်းအားဖြင့်လည်း သင့်တယ်။ ရှူးဖိနပ်တွေ၊ ခြေအိတ်တွေတော့ Hush puppies မကြိုက်ဘူး။ ခြေညှပ်ဖိနပ်တော့ Hush puppies ကြိုက်တယ်။ ခြေညှပ်ဖိနပ်ကလည်း နှစ်နှစ်လောက်တော့ အသာလေးခံတယ်။
ခြေအိတ်ကိုတော့ Fox က ခြေအိတ် အဆင်ပြေတယ်။ ခြေထောက်အေးတယ်။ တစ်နေ့လုံးဝတ်ထားဖို့ကောင်းတယ်။ အသင့်အတင့် အကြမ်းခံတယ်။ သက်တောင့်သက်သာရှိတယ်။ မီးခိုးရောင်ခြေအိတ်ပဲအဆင်ပြေတယ်။ အဖြူကတော့ ညစ်လွယ်လွန်းတယ်။ ယောကျာ်းဖြစ်ပြီး ခြေအိတ်ကို တစ်နေ့တစ်ခါမလဲတဲ့ လူ့ညစ်ပတ် ပေတလူ၊ မသိသားဆိုးရွားတွေကိုတော့ နည်းနည်းရွံသလိုဖြစ်တယ်။ အဲဒီလောက် အပျင်းထူတာတော့ အံ့သြစရာဖြစ်တယ်။ ခြေအိတ်ဖိုးချွေတာတဲ့ယောကျာ်းမျိုးတော့ မယူကြစေချင်ဘူး။ အဲဒီလောက်ညစ်ပတ်နေရင် ကျန်တာတွေပိုဆိုးမယ်လို့မှတ်ကြပါ။ ဤကား ကွန်ချက်ပြခြင်းတည်း။
ဖိနပ်ကတော့ Bata ကနေစစီးပါတယ်။ ၄၀ တန်စီးတယ်။ နောက်တော့ ၆၇ တန်စီးတယ်။ ၉၈ တန်စီးတယ်။ ဘယ်ဟာမှစိတ်တိုင်းမကျခဲ့ဘူး။ ခြေထောက်က နည်းနည်းစောင်းနေတယ်။ ဖနောင့်နေရာမှာပဲ တစ်ခြမ်းစောင်းပြီး သုံးလေးလဆို တစ်ရံလဲရတယ်။ အမျိုးအစားနည်းနည်းပိုကောင်းပြီး ဈေးသိပ်မကွာတာတွေပြောင်းစီးကြည့်တယ်။ သုံးလေးမျိုးပြောင်းစီးကြည့်တယ်။ သိပ်မထူးခြားဘူး။ လေးလဝန်းကျင်ပဲခံတယ်။ နောက်တော့ Aldo စီးတယ်။ ခြေထောက်နည်းနည်းနာတယ်။ ၁၂၀ ဝန်းကျင်လောက်ပေးရတယ်။ ၁ နှစ်လောက်ခံတယ်။ အဲဒီမှာ မဆိုးဘူးလို့ထင်တယ်။ ဈေးနဲ့ကွာလတီမျှတယ်။ တစ်နှစ်စီးရတယ်ဆိုရင် ခြောက်လကိုမှ ၆၀ လောက်ပဲကျတယ်။ ခြေထောက်နည်းနည်းနာသလိုကိစ္စအေးသွားတော့ နည်းနည်းထောင့်တောင့်တောင့်ဖြစ်နေတာ ကျန်တယ်။ အဲဒါနဲ့ Aldo ကနေ Pedro ပြောင်းတယ်။ ဈေးထပ်ပေါသွားတယ်။ Member ဖြစ်တော့ ပိုသက်သာသွားတယ်။ ၉၀၊ ၁၀၀ ဝန်းကျင်ကို ၈ လဝန်းကျင်လောက်ခံတယ်။ ထိပ်ချွန်တာတွေပိုကြိုက်လာတယ်။ နှစ်ရံလောက်တစ်ခါတည်းဝယ်ထားပြီး တစ်လှည့်စီစီးရင်လည်းကောင်းတာပဲ။ အဟောင်းတစ်ရံလောက်ကို မပစ်ဘဲ မိုးရွာတဲ့နေ့တွေမှာ အကြမ်းစီးပစ်တယ်။ လယ်သာတွေက မိုးရေထိရင် မခံဘူး။ မိုးတွင်းမှာတော့ အသစ်ထုတ်မစီးတာကောင်းတယ်။ ရေနည်းနည်းစိုသွားရင် သတိထားပြီး အခြောက်ခံဖို့လိုတယ်။ ခြောက်သွားရင် လယ်သာပေါလစ်ခ်ျနည်းနည်းတိုက်လိုက်ရင် အိုကေသွားတာပဲ။ ဘယ်ဖိနပ်ကောင်းတယ်။ မကောင်းဘူး မပြောလိုပါဘူး။ အဆင်ပြေတဲ့ဖိနပ်ကို စီးကြပါ။ ခြေထောက်မနာဘဲ စတိုင်ကျရင်ကောင်းတာပါပဲ။ စတိုင်ကျတယ်ဆိုတာမှာ ကိုယ့်အလုပ်နဲ့ သင့်တော်တဲ့စတိုင်ကိုပဲပြောတာပါ။ ကျော့မော့ လှပနေဖို့ထက် သပ်သပ်ရပ်ရပ် အဆင့်အတန်းရှိရှိလေးဖြစ်နေရင်ကောင်းတာပါပဲ။ ဒါကိုရေးရတာ ဖိနပ်တွေမှာလည်း သင့်တော်တဲ့ဈေးနဲ့ ကိုယ်နဲ့အဆင်ပြေတာရှာစီးဖို့ပါပဲ။ သိပ်ချွေတာပြီး စီးဖို့လိုတဲ့လူလည်းရှိချင်ရှိမယ်။ ကိုယ့်အကြိုက်နဲ့ကိုယ်စီးတာမှာ ဘာမှ အမှားမရှိပါဘူး။ အဆင်ပြေတဲ့ ဖိနပ်လေးစီးရတာဟာ ဇိမ်ကျတယ်လို့ထင်ပါတယ်။ လူလတ်တန်းစားတွေအတွက်ရေးတာဖြစ်လို့ သိပ်ကြီးကျယ်တဲ့သူတွေအတွက်တော့ အပေါစားဖြစ်မယ်။ လစာသိပ်နည်းတဲ့သူတွေအတွက်တော့ ဈေးကြီးတယ်ထင်ကောင်းထင်မယ်။ ဒါကတော့ အမြင်ပေါ်မူတည်မယ့်အရာတွေလို့ကြိုပြီးစကားပလ္လင်ခံလိုက်ပါတယ်။
အပြင်စီးဖို့ဖိနပ်ဆိုရင်တော့ crocs ကိုကြိုက်ပါတယ်။ တစ်ရံကို တစ်နှစ်လည်းမပျက်ပါဘူး။ နောက်ဆုံးပျင်းလောက်အောင်စီးပြီး လွှင့်ပစ်မှသာ ဇာတ်သိမ်းပါတယ်။ သိပ်မလှပါဘူး။ ဒါပေမယ့် ကျန်းမာရေးနဲ့ အင်မတန်ညီညွတ်ပါတယ်။ ခြေထောက်မနာဘူး။ လမ်းများများလျှောက်ဖို့သင့်တော်တယ်။ လေဝင်လေထွက်ကောင်းတယ်။ အများစုကတော့ မကြိုက်ကြဘူး။ ပုံတုံးတယ်လို့ပြောကြတယ်။ ကျနော်တော့ကြိုက်ပါတယ်။ မီးခိုးရောင်လေးကိုတော့ တစ်နှစ်ခွဲလောက်စီးပြီးပစ်လိုက်ပါတယ်။ နက်ပြာတစ်ရံကိုစီးနေတာလည်း တစ်နှစ်ကျော်နေပြီ။ အခုအထိတော့ အဆင်ပြေပါတယ်။ ဈေးလည်း သိပ်ကြီးတယ်လို့တော့ပြောလို့မရပါဘူး။ ၈၀ နဲ့ ၁၂၀ ကြားလောက်ပါပဲ။ ခြေထောက်ကျန်းမာရေးအတွက်တော့ တော်တော်လေးကိုကောင်းပါတယ်။ စင်ကာပူမှာတော့ ကလေးမိဘတွေ သူတို့ကလေးတွေအတွက် ဝယ်ပေးကြတာ တွေ့ပါတယ်။ အမှန်တော့ ရုံးမှာ shoes စီးရလို့သာ shoes ဖိနပ်ကို မလွှဲသာမရှောင်သာစီးရပေမယ့် မကြိုက်ပါဘူး။ များသောအားဖြင့် ဖိနပ်ချွတ်ထားဖြစ်တယ်။ အပူပိုင်းနိုင်ငံဖြစ်တဲ့အတွက် shoes ဖိနပ်စီးတာဟာ အပူအအေးမမျှတစေဘူးလို့ထင်ပါတယ်။ ဖြစ်နိုင်ရင် ရုံးမှာလည်း ဖိနပ်ပါးလေးတစ်ရံထားတာကောင်းတာပါပဲ။ crocs ကတော့ စီးနေရတာကိုက ပေါ့ပေါ့ပါးပါးနဲ့ သက်သက်သာသာလေး။ အကြိုက်တူသူတွေလည်းရှိနေမယ်လို့ထင်ပါတယ်။ မကြိုက်တော့လည်း ဘာမှမဖြစ်ပါဘူး။ ကိုယ်ကြိုက်တာကိုယ်စီးပြီး၊ ကိုယ်ကြိုက်တာ ကိုယ်ကောင်းတယ်ထင်ကြတာမျိုးဖြစ်မယ်ထင်တယ်။
လူလတ်တန်းစားတွေကတော့ ဖိနပ်ကို ရုံးစီးဖို့တစ်ရံ (သို့မဟုတ်) နှစ်ရံ၊ weekends တွေမှာစီးဖို့ တစ်ရံ၊ နှစ်ရံလောက်ဝယ်ကြတယ်ထင်တယ်။ အမျိုးသားတွေအတွက်တော့ အိမ်မှာ ဖိနပ်ငါးရံထက်ပိုရှိတာရှားတယ်။ အမျိုးသမီးတွေကတော့ သက်စေ့ဝယ်ကြတယ်ထင်တယ်။ ကျနော်လည်းသိပ်မသိဘူး။ ပြောလည်းမပြောရဲဘူး။ ကြောက်တယ်မဟုတ်သော်ငြားလည်း လေးစားတဲ့သဘောရှိတယ်။ (ကိုတင်မင်းထက်တို့၊ ကိုလင်းဒီပတို့၊ ကို အိုင်စီတူးအန် တို့ကတော့ အဲဒီအပိုင်းမှာ ကိုယ့်ထက်သာတယ်။) ။
ဖိနပ်က အရေးပါသလားဆိုရင် ပါတယ်လို့ပြောရမယ်ထင်တယ်။ ကိုယ့်ရဲ့တစ်နေ့တာ အချိန်တော်တော်များများမှာ ဖိနပ်စီးထားရတာဆိုတော့ ဖိနပ်အဆင်မပြေရင် တော်တော်လေး ဒုက္ခရောက်မယ်ထင်တယ်။ တစ်ချို့အလုပ်အကိုင်တွေမှာ ထိခိုက်နိုင်လို့ safety boots တွေစီးခိုင်းတာရှိတယ်။ အဲဒါမျိုးလိုအပ်တဲ့နေရာတွေမှာဆိုရင်တော့ အဲဒီဖိနပ်တွေကို သေချာ စီးကြစေချင်တယ်။ မပေါ့ဆပါနဲ့။ ဂရုစိုက်ကြပါ။ တစ်ခုခုဖြစ်သွားဖို့ဆိုတာ သိပ်လွယ်တယ်။ စည်းကမ်းကို အပြည့်အဝလိုက်နာပြီး ကိုယ့် အသက်အန္တရာယ် ကိုယ်ဂရုပြုဖို့လိုတယ်။
မိန်းမစီးဖိနပ်တွေအကြောင်းလည်း အဆင်ပြေတဲ့အခါရေးဦးမယ်စိတ်ကူးတယ်။ ယောကျာ်းလေးတွေအတွက်ကတော့ ရွေးစရာနည်းတယ်။ ရှင်းတယ်။ မိန်းကလေးတွေအတွက်ကတော့ ဒီလောက်မရှင်းဘူး။ တစ်ခုပဲ ခဏခဏ သတိပေးဖြစ်တယ်။ မိုးရွာတဲ့အခါ ခြေချော်နိုင်တဲ့ ဖိနပ်တွေမစီးဖို့။ ခဏခဏ ချော်လဲတာတွေ့တယ်။ ခြေခေါက်သွားတာတွေမြင်နေရတယ်။ ဗိုင်းခနဲကျပြီး အီစလံဝေတယ်ဆိုတာမျိုးတွေလည်း အကြိမ်ကြိမ်တွေ့တယ်။ အခန့်မသင့်ရင် တော်တော်ဆိုးဆိုးရွားရွားဖြစ်နိုင်တယ်။ သိပ်မြင့်လွန်းတဲ့ဒေါက်တွေကို ပွဲနေ့ပွဲထိုင်မှာစီးတာကို အားပေးပါတယ်။ ဒါပေမယ့် အလုပ်သွားရင်း သုတ်သုတ်သုတ်သုတ် လှုပ်ရှားရတဲ့အခါမျိုးတွေမှာတော့ သတိထားစေချင်တယ်။ တစ်နေကုန် ပွိုင့်လေးတစ်နေရာမှာ ဖိအားများနေတာက ခြေထောက်အတွက်ရော၊ ဇက်ကြောအတွက်ရော၊ ခြေသလုံးအတွက်ပါ သိပ်မကောင်းဘူးလို့ထင်မိတယ်။ အဆင်ပြေပြေစီးနေတဲ့သူတွေလည်းရှိပါတယ်။ သတိထားဖို့ပဲလိုတယ်ထင်ပါတယ်။ လှပဖို့ဟာ မိန်းကလေးတွေအတွက် အင်မတန်အရေးကြီးပါတယ်။ ကျန်းကျန်းမာမာ၊သက်သက်သာသာလေး လှပရင်ပိုကောင်းတယ်ထင်ပါတယ်။
ကျနော်ရေးတာတွေနဲ့ပတ်သက်ပြီးတော့ စင်ကာပူမှာနေတဲ့သူတွေကတော့ ပိုပြီး တိတိကျကျနားလည်နိုင်မယ်ထင်တယ်။ ဘလော့ခ်တွေစလုပ်ကြတုန်းကလည်း စင်ကာပူကလူတစ်ချို့၊ စုစုစည်းစည်းနဲ့ တစ်ပြုံကြီးရေးကြတာတွေ့ရတယ်။ ဝင်စို့နဲ့ ထွက်စို့ မျှနေတယ်။ နောက်ပိုင်းတော့ အသက်အရွယ်အရ၊ မိသားစုအချိန်ပေးဖို့လိုလာကြတာနဲ့၊ ဘာဝနာဖက်ရောက်ကုန်တာနဲ့၊ အလုပ်များလာတာနဲ့၊ မိန်းမယူကုန်တာနဲ့(ကိုလင်းဒီပ ကတော့ အကောင်းဆုံး ဥပမာပါပဲ)၊ အရေးကြဲကုန်တယ်ထင်တယ်။ အများအားဖြင့်တော့ ဒီမှာ ရေးတဲ့သူနဲ့ ဖတ်တဲ့သူနဲ့ဟာ ရစ်သမ်တစ်ခုတည်းပဲ။ ပိုသိလို့ ရေးတာမျိုးမဟုတ်ဘူး၊ မသိသေးလို့ဖတ်တာမျိုးလည်းမဟုတ်ဘူး။ သိရတဲ့ ပတ်ဝန်းကျင်တရားရဲ့ ရိုက်ခတ်မှုက အတူတူပဲ၊ ဒါကို ရေးတဲ့သူက ပဲ့တင်ထပ်တယ်၊ ဖတ်တဲ့သူက ပြန်ပြီး စိတ်ထဲကကြုံတာတွေနဲ့ပေါင်းတယ်။ အဲဒီလိုနဲ့ဖြည့်စွက်ဖတ်ကြတယ်။ အချိန်အားရင်လုပ်စရာ များများမရှိဘူး။ အင်တာနက်သုံးမယ်။ အပျင်းပြေလောက် စာဖတ်မယ်။ အဲဒီအပျင်းပြေဆိုတဲ့ အတိုင်းအတာထဲလောက်မှာရှိနိုင်တာတွေဖတ်မယ်။ ရသကိုဖြစ်စေ၊သုတကိုဖြစ်စေ စိတ်အခြေအနေပေါ်မူတည်ပြီးလိုအပ်သလောက်ဖတ်ကြတယ်လို့ထင်တယ်။
ခဏဖြစ်ဖြစ် စိတ်ပြေလက်ပျောက်ဖြစ်သွားတာကောင်းတာပါပဲ။ လူတိုင်းစိတ်ချမ်းသာရင် သိပ်ကောင်းတာပေါ့။ စာလာဖတ်ပြီး ပျော်ပြီးပြန်သွားတယ်ဆိုရင် ကောင်းတာပေါ့။ စိတ်ညစ်စရာတွေရှိနေရင်လည်း စိတ်ချမ်းသာအောင်နေနိုင်ဖို့ကြိုးစားရမှာက လူသားရဲ့တာဝန်ပဲလို့ကျနော်ယူဆပါတယ်။
ရှေ့နှစ်မှာ ဘာဖြစ်ချင်တယ်၊ညာဖြစ်ချင်တယ် ကျနော့်မှာမရှိဘူး။ လူသားအကျိုးပြု၊ သေလောက်အောင်လေးနက်၊ ဖျော်ဖြေမှုရသများ အလှူလိုပေးမည့်စာပေများဆက်လက်ရေးသားသွားပါဦးမယ်လို့လည်းပေါတောတောမပြောပါဘူး။ အရင်လိုပဲ ဟိုရေးဒီရေး၊ တောင်ရောက်မြောက်ရောက်နဲ့ပဲ နောက်တစ်နှစ်ကုန်သွားမယ်ထင်ပါတယ်။
အိမ်ပြန်ခါနီး တစ်နှစ်လုံးထိုးထားတဲ့ ထီလက်မှတ်တွေတိုက်တာ သုံးဆယ်တောင်မပေါက်တာတွေ့တော့ ကိုယ့်ကံကိုတောင် သနားမိတယ်။ ဗေဒင်တတ်တဲ့သူတိုင်းကလည်း ထီပေါက်မယ်ချည်းဟောနေတာ၊ အခုအထိတော့ နောက်ဆုံး သုံးလုံးလည်းမတူဘူး။ နောက်ဆုံး ၂ လုံးတောင်မတူဘူး။ မပေါက်တဲ့ထီလက်မှတ်ရဲ့ထူးခြားချက်က ထီမတိုက်ခင်အထိ သူ့ကိုမျှော်လင့်လို့ရတာပဲ။ ၂၀၁၃ကိုလည်း ကျနော် မတိုက်ကြည့်ရသေးတဲ့ ထီလက်မှတ်တစ်ခုလို မျှော်လင့်နေမိပါတယ်။ တစ်ခုခုတော့ဖြစ်လာရမယ်မဟုတ်လား။ ထီပေါက်စဉ်သာမရှိခဲ့ရင် ထီလက်မှတ်တစ်ခုက ဘာမဆိုဖြစ်နေနိုင်တာပဲ။ သံသရာတစ်လျှောက်လုံး ကံမထူးခဲ့တဲ့ထိုးသားတွေ .......... နံပါတ်များကို ရင်ခုန်နေကြတုန်းပဲထင်ပါတယ် ။ ။
Regards,
Z

Peace B with U.