အိုဘာမားလာတယ်၊ ပြန်သွားတယ်။ အပိုင်း (၅)
အခါတပါးက ရဟန်းတစ်ပါးဟာ ဗုဒ္ဓရဲ့ သပိတ်ကို သယ်ပေးရင်း ခရီးတစ်ခုနှင်တယ်။
သာယာတဲ့တောအုပ်တစ်ခုရောက်တော့ အရှင်ဘုရား တပည့်တော် ဒီမှာ တရားအားထုတ်ပါရစေဆိုပြီး ခွင့်တောင်းတယ်။
ဘုရားက မသင့်သေးဘူးဆိုတာကို သိတော့ တားတယ်။
တားတော့ ရဟန်းက တော်တော်လေး နားထောင်ရှာတယ်။
ရော့ အင့် အရှင်ဘုရား သပိတ် .... ယူပြီးသာ ကြွတော်မူပါ။ တပည့်တော်ကတော့ ဒီမှာပဲ တရားအားထုတ်ပြီးနေရစ်မယ်ဆိုပြီး နေရစ်တယ်။
တရားမရဘူး။ အာရုံတွေမှာ ကိလေသာထူထပ်နေတယ်။ (အရင်ဘဝက အဲဒီတောအုပ်နေရာမှာ ဘုရင်ဖြစ်ခဲ့ပြီး ကာမဂုဏ် ချမ်းသာတွေခံစားခဲ့တဲ့အတွက် အရိပ်အယောင်တွေက ပြန်နှောက်ယှက်တဲ့သဘော)
အဲဒီတော့မှ ဘုရားဆီပြန်လိုက်သွားတယ်။
ရဟန်းတွေဟာ တခါတခါ အင်မတန်ရိုးတယ်။ သိတဲ့သူပြောရင် တစ်ခါတစ်ခါ လက်ခံဖို့ခက်တယ်။
ညာချင်တဲ့သူတွေက ရဟန်းတွေကို ညာကြတာပဲ။
ရဟန်းတွေရဲ့ စေတနာကို ညာကြတာပဲ။
မြှောက်ပေးတဲ့သူတွေကတော့ ဘယ်တော့မှ မသေဘူး။
ရဟန်းတွေကို အသုံးချပြီး နိုင်ငံရေးလုပ်တာ နည်းနည်းမှမကောင်းဘူး။
တစ်ချို့နိုင်ငံရေးသမားတွေက ရဟန်းတွေကို ဝန်းရံကာကွယ်ကြဖို့ စိတ်ကူးပြီးလုပ်တာမဟုတ်ဘူး။ ရွှေဝါရောင်တော်လှန်ရေးမှာ ဒီတော်လှန်ရေးကြောင့် အရိုးတွေတောင်လိုပုံမယ်ဆိုရင် ဘုန်းကြီးတို့အရိုးတွေ အောက်ဆုံးမှာရှိနေစေရမယ်ဆိုပြီး ပြောတာကြားဖူးတယ်။ လူလည်တွေကတော့ ဘုန်းကြီးတွေရဲ့ အရိုးငှားပြီး တောင်လိုပုံအောင်လုပ်တယ်လို့ထင်တယ်။ စေတနာမှန်တဲ့သူတွေရဲ့ ရိုးသားတဲ့ ဒီမိုကရေစီပဲမြင်ချင်တယ်။ လူလည်ကြီးတွေရဲ့ အသုံးချလွန်းတဲ့ ဒီမိုကရေစီမမြင်ချင်ဘူး။
ဘုန်းကြီးတွေ သတ်တဲ့နိုင်ငံဖြစ်ရတာ ဘယ်လောက်ရှက်စရာကောင်းသလဲဆိုတာ လူတိုင်းသိနိုင်တယ်။ ခွေးမြီးကောက်ကတော့ ဘယ်တော့မှ မဖြောင့်ဘူး။ လေသံပြောင်းသွားသော်လည်း စိတ်ဓာတ်နဲ့လုပ်ရပ်က အရင်နဲ့ထူးမခြားနားဘဲ။ ဒီလိုလူတွေကို လူ့အသိုင်းအဝိုင်းက ပစ်ပယ်သင့်တယ်။ ရဲတွေ၊ စစ်သားတွေထဲမှာ ကောင်းတဲ့၊ လူစိတ်ရှိသေးတဲ့သူတွေက ဒီလို အကြမ်းဖက်တာတွေကို ကန့်ကွက်သင့်တယ်။ အုတ်ရောရော၊ ကျောက်ရောရောထဲ အပါမခံသင့်ဘူး။ မကောင်းတဲ့သူတွေကို ဖဲကြဉ်ထားရမယ်။ လက်နက်နဲ့ညှင်းပမ်းတဲ့ အောက်တန်းကျတဲ့အကျင့်ကို မဖျောက်နိုင်ရင် နောက်ကြောင်းပြန်မလှည့်တော့ဘူးဆိုတဲ့ စကားဟာ အင်မတန်ပေါတဲ့စကား ဖြစ်နေတော့မှာပါပဲ။
စစ်သားတွေ၊ ရဲတွေ စားနေတဲ့ ထမင်းတွေဟာ လူထုဆီက ရလာတဲ့ အခွန်၊ လူထုဆီက စီးဆင်းလာတဲ့ ဝင်ငွေနဲ့ ပြန်ပေးထားတဲ့ လစာပဲ။ ဒါကို အစိုးရပေးတယ်လို့ မထင်ပါနဲ့။ အဲဒီလို ထင်တဲ့သူတွေပဲ ခွေးစိတ်မပျောက်ဖြစ်နေတာပါ။ လူစိတ်ရှိတဲ့သူက ကိုယ့်နိုင်ငံသား၊ ကိုယ့်ကျေးဇူးရှင်တွေကို စကားနဲ့တောင်မစော်ကားသင့်ဘူး။ လူစုခွဲတာကို မှန်တယ်မှားတယ်မပြောလိုပါဘူး။ ကျိုးကြောင်းဆီလျော်တဲ့ အဖြေဆိုရင် နှစ်ဘက်စလုံးက လက်ခံနိုင်မှာပါပဲ။ အနိုင်အထက်တွေကို မုန်းတီးလို့ ဆန့်ကျင်တိုက်ထုတ်ခဲ့ကြပါပြီ။ တစ်တိုင်းပြည်လုံးလည်း ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး ကဏ္ဍအသီးအသီး ချွတ်ခြုံကျခဲ့ပြီးပါပြီ။ ဒါမျိုးထပ်ဖြစ်ချင်စေတဲ့သူတွေများ ရှိနေသလား သံသယဝင်မိတယ်။
အခုလုပ်ရပ်ဟာ အာဏာဟာ ရှိသင့်သူ လက်ထဲမှာ တကယ်ရှိရဲ့လား၊ အရင်လိုပဲ နိုင်ထက်စီးနင်း မင်းမဲ့စရိုက်တွေ ထွန်းကားနေတုန်းပဲလားဆိုတာကို မီးမောင်းထိုးပြလိုက်သလိုပါပဲ။ ရဟန်းတွေရဲ့ပုံတွေဟာ အတုတွေလို့ဆိုမှာလား။ အရင်လို အင်တာနက်မရှိခင်ကတည်းက သတင်းပျံ့နှံ့နှုန်းမြန်ခဲ့တာ၊ အခုလိုခေတ်ကြီးထဲမှာ ဆင်သေကောင်ကို ဘာနဲ့ဖုံးဖုံး မလုံတော့ဘူးဆိုတာ သိနေကြမှာပါပဲ။ အလိမ်တစ်ခုဟာ ဆက်လိမ်နေရင် မပြီးတော့ပါဘူး။ လိမ်ညာသူဟာ နာမည်ပျက်ရတာပါပဲ။ အစိုးရလက်အောက်က လက်နက်ကိုင် အင်အားစုတွေကို ခွေးရူးတွေလို ပရမ်းပတာ ဖြစ်အောင်လုပ်နေရင် ဘယ်တော့မှ မငြိမ်းချမ်းပါဘူး။ ထစ်ခနဲရှိ လက်နက်နဲ့ ဖြေရှင်းပစ်လိုက်မယ်ဆိုတာ အင်မတန်အောက်တန်းကျတဲ့ နည်းလမ်းပါပဲ။
လူရှိရင် ပြဿနာရှိတယ်။ လူမရှိရင် ပြဿနာမရှိဘူးဆိုတဲ့ အာဏာရှင်တွေရဲ့ အတိုက်အခံကို အစဖျောက်နည်းကို ဆက်လက်ကိုင်စွဲနေတာ အင်မတန်မှ မှားယွင်းပါတယ်။ လက်နက်မဲ့ပြည်သူတွေကို ကြောက်စေချင်တာလား။ ပြည်သူလူထုရဲ့ အင်အားကို တကယ်မယုံကြည်တဲ့သဘောလား။ ခိုင်းတိုင်းလုပ်ရအောင် အသိဥာဏ်ရှိတဲ့လူတွေမဟုတ်ဘူးလား။ အကုသိုလ်အလုပ်နဲ့ အသတ်မွေးရတာထက် ငတ်သေတာ သာပြီးမြတ်တယ်ဆိုတဲ့ မဟာပုရိသတို့ရဲ့ ထုံးနဲ့ မနေရဲကြတဲ့ အင်မတန် အောက်တန်းကျတဲ့ ယောကျာ်းညံ့ ယောကျာ်းဖျင်းတွေသာ ဒီလိုအလုပ်မျိုး ဆက်လုပ်သင့်တယ်။
သတိနဲ့ပညာ စေတသိက်တွေဟာ ယှဉ်ပြီးဖြစ်တယ်။ သတိမပါရင် ပညာမဖြစ်ဘူး။ ရှေ့ကိုသွားမှာလား၊ ရှေ့ဆက်တိုးရမှာကို ကြောက်နေမှာလား။ နိုင်ငံထဲက လူတစ်စုကတော့ အပြောင်းအလဲကို ကြောက်နေတယ်။ တစ်ချိန်ကရှိခဲ့တဲ့ အာဏာလေးကို ယစ်မူးနေတယ်။ နိုင်ထားရတာလေးကို ကြိုက်နေသေးတယ်။ တန်းတူဆက်ဆံဖို့ကို သိပ်ကြောက်နေတယ်။ အမှားတွေဆက်တိုက်လုပ်ထားတော့ တစ်ခုခုပေါ်သွားမှာကြောက်တယ်။ ကြောက်တဲ့သူဟာ အန်မတန် အန္တရာယ်များတယ်။ သူ့ကိုယ်သူ ကာကွယ်ဖို့ သူတတ်နိုင်သမျှနည်းနဲ့ လုပ်တော့မှာပဲ။ လက်နက်မဲ့ဘုန်းကြီးကို မီးလောင်ဗုံးပစ်တဲ့သူဟာ လက်နက်ကိုင်အဖွဲ့အစည်းတွေအချင်းချင်း ပြေလည်ချင်ပါတယ်ဆိုတာကတော့ အင်မတန်ယုံရခက်ကြီးပါပဲ။ နိုင်ငံထဲ ခိုးဝင်လာတဲ့သူတွေကိုတောင် ဒီလောက် ပြင်းပြင်းထန်ထန်မဆက်ဆံဘဲ အခုမှ ဒီလို ထလုပ်တာကို သေချာစဉ်းစားကြည့်သင့်တယ်။ ဦးပိုင်ကို အထိမခံနိုင်တာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်။ အမျိုးသား အကျိုးစီးပွားနဲ့ အမျိုးများအကျိုးစီးပွားကို မြန်မာအစိုးရအစဉ်အဆက်ဟာ သိပ်ကို ကာကွယ်ခဲ့ကြတာလည်း အမှန်ပဲ။
လက်နက်ကိုင်တွေအပေါ် သြဇာညောင်းသူတွေအနေနဲ့လည်း သဘောထားမကြီးနိုင်မယ့်အတူတော့ ၂၀၁၅ မတိုင်ခင် အာဏာပြန်သိမ်းဖို့ကြိုးစားသင့်တယ်။ လူတွေကို နှိပ်စက်ဖိနှိပ်ပြီး ကိုယ်ကျိုးရှာရတာက ဒီမိုကရေစီထက်တော့ ပိုက်ဆံပိုရမှာ အမှန်ပဲ။ တစ်လမှာ ဒေါ်လာ ၂၀၀လောက် လုပ်ခရဖို့ တောင်းဆိုတာကိုတောင် လောဘကြီးတယ်မှတ်နေတဲ့သူတွေအနေနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းနဲ့မတန်ဘူး။ ဒေါ်စုကို ရှိခိုးရုံနဲ့ ဒီမိုကရေစီရမယ်ထင်နေတဲ့သူတွေနဲ့လည်း ဒီမိုကရေစီဟာ မတန်ဘူး။ တိုင်းပြည်ခေါင်းဆောင်ဖြစ်နိုင်တဲ့ လူတော်တွေ ပါဝင်ခွင့်မရတဲ့ အစိုးရအဖွဲ့ကို ဆက်လက်ယုံကြည်နေစရာ ဘာအကြောင်းမှမရှိဘူး။ လိမ်ညာဖြီးဖြန်းနေတဲ့ ခြင်္သေ့မင်းဟာ သတ်သတ်လွတ်စားမယ်ဆိုတာ ဗိုက်မဆာခင်အချိန်လေးကို ဆိုလိုတာလို့ လူတိုင်းနားလည်သင့်ပါပြီ။
နောက်ဆုံးတော့လည်း တန်ရာ တန်ရာဆိုတာနဲ့ပဲ ဇာတ်သိမ်းကြရမယ့်ပုံရှိတယ်။ ဆရာဇော်ဂျီက သူ့သမီးလေးအကြောင်းရေးတဲ့အထဲမှာ လွတ်လပ်တဲ့ခေတ်မှာ သခင်အဖြစ်မွေးလာတယ်ဆိုတာလေးကို တမြတ်တနိုးရေးတာဖတ်ဖူးတယ်။ သူတို့ခေတ်၊ သူ့အဖေခေတ် ကိုလိုနီဘဝမှာ ကျွန်လူမျိုးတွေလို အနှိမ်ခံစိတ်နဲ့ ရှင်သန်ခဲ့ရတာမျိုးမရှိတော့တဲ့ သခင်အစစ်တွေဆိုပြီး သူကြည်နူးနေတာ။ အဲဒါလေးကို ကျွန်တော်သိပ်ကြိုက်တယ်။ ကျနော်တို့တတွေဟာ လွတ်လပ်တဲ့နိုင်ငံတော်မှာမွေးလာတဲ့ မျိုးဆက်တွေ၊ အတွေးအခေါ်ရော အသိဥာဏ်ပါ ပြည့်ဝတဲ့မျိုးဆက်တွေ၊ လွတ်လပ်ခြင်းနဲ့ မျှတခြင်းကို အသွေးအသားထဲက မြတ်နိုးလေးစားတဲ့ မျိုးဆက်တွေ၊ ဒီလိုခေတ်မှာမှ ဒီလို ယုတ်မာနိမ့်ကျတဲ့ လက်နက်ကိုင်အကြမ်းဖက်ချင်သူတွေကို မဖယ်ရှားနိုင်ရင် နောက်လာမယ့် ကျနော်တို့သားမြေးတွေတွေအတွက် တာဝန်မကျေတဲ့မျိုးဆက်ဖြစ်နေမှာပဲ။ တတ်နိုင်တဲ့နည်းနဲ့ဆန့်ကျင်ရမယ်။ အကြမ်းဖက်မှုကို အောက်တန်းကျတယ်ဆိုတာကို လက်ခံတဲ့လူတိုင်းဟာ စိတ်ထဲက စကားကို ထုတ်ပြောရမယ်။ လွတ်လပ်စွာပြောဆိုခွင့်ဟာ လွတ်လပ်တဲ့နိုင်ငံတိုင်းမှာရှိတယ်။ ကောက်ရိုးမီးတွေလို ဝုန်းခနဲတက်၊ ဝုန်းခနဲကျတတ်တဲ့ ဓလေ့ဆိုးတွေကိုပြင်ပြီး၊ တရားမျှတမှုကို တစ်သက်လုံး သတိရှိရှိ ကျင့်သုံးရပ်တည်ကြရမယ်။ အခုလိုရေးနေတာဟာ ကျနော့်ရဲ့ လက်နက်ကိုင်အကြမ်းဖက်မှုကို စက်ဆုပ်ရွံရှာတယ်ဆိုပြီး ကြေငြာတာပါပဲ။ စာပဲရေးတတ်တဲ့အတွက် စာပေနဲ့ အားဖြည့်ပြီး ဆန့်ကျင်တဲ့သဘောပဲ။ လူတွေကိ အမြဲညာလို့မရဘူး။ ဒါကို တစ်ခါရေးဖူးတယ်။ အေဗရာဟင်လင်ကွန်းကပြောတယ်။ လူနည်းနည်းကို အမြဲလိမ်ထားလို့ရတယ်။ လူအများကြီးကို ခဏလောက် လိမ်ထားလို့ရတယ်။ ဒါပေမယ့် လူအများကြီးကို အကြာကြီးလိမ်ထားလို့မရဘူးတဲ့။ နိုင်ငံတစ်နိုင်ငံမှာ သန်း ၆၀ ဝန်းကျင်ကို ဘယ်လောက်ကြာကြာ လိမ်ညာနိုင်မယ် ထင်နေလဲတော့မသိဘူး။
ရှေ့ပိုင်းမှာ အကျိုးစီးပွား သိပ်မထိခိုက်စေတာတွေမှာ စီတန်းချင်စီတန်း၊ လမ်းလျှောက်ချင်လမ်းလျှောက်ဆိုပြီး ဒီမိုကရေစီရဲ့တန်ဖိုးတွေကို ပေးထားခဲ့ပေမယ့် အခုလို ကိုယ့်စီးပွားလာဖျက်တာမျိုးကိုတော့ သည်းမခံတဲ့သဘောဟာ လူယုတ်တွေရဲ့ သဘောအမှန်ပါပဲ။ ဥပဒေကြောင်းအရ ဒီလို မဆင်မခြင်နှိမ်နင်းခိုင်းတဲ့သူကို သေဒဏ်ပေးလို့ရနိုင်မလား။ မရနိုင်သေးရင် အဲဒီ ဒီမိုကရေစီဟာ တယ်မဟန်ဘူး။ အပြစ်လုပ်သူ၊ ကောက်ကျစ်သူ၊ စိတ်ထားမမှန်သူတွေ လွတ်နေသေးတယ်။ ငရဲခွေးတွေကို အိမ်မွေးသတ္တဝါတွေလို မသွန်သင်နိုင်ဘူး။ ဥပဒေအထက်မှာ သူတို့ရှိနေသေးတာအမှန်ပဲ။ ဒါကို ဝေ့လည်ကြောင်ပတ်တွေ ပြောနေသေးရင် ပညာတတ်တွေရဲ့ရှေ့မှာ သာတောင် အရုပ်ဆိုးတော့မှာပါပဲ။
ကျွန်တော်တို့ဘာလိုချင်တယ်ဆိုတာ ကျွန်တော်တို့သိကြရမယ်။ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ တိုင်းပြည်ရဲ့ အနာဂတ်ကောင်းအောင် ပြည်သူလူထုရော အစိုးရပါ ခြေလှမ်းညီညီသွားတဲ့ စနစ်ပဲလိုအပ်တယ်။ ပြည်သူလူထုကို ဂုပ်ခွစီးမယ့်သူတွေမလိုဘူး။ လက်နက်ပြ ပေါ်တာဆွဲမယ့်သူတွေမလိုဘူး။ အဲဒီလူတွေဟာ ပြည်သူတွေကျွေးတာစားပြီး ပြည်သူတွေတစ်လှည့် ဘုန်းကြီးတွေ တစ်လှည့်သတ်ဖို့လောက် အာရုံကျတဲ့သူတွေ။
ရင်းမြစ်ပြည့်စုံတဲ့ နိုင်ငံတစ်နိုင်ငံ အောင်မြင်တဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်လာဖို့ နိုင်ငံတကာအကူအညီတောင်မှ သိပ်အများကြီးမလိုဘူး။ စတင်ချိန်မှာ နိုင်ငံသားတိုင်း လုံလောက်တဲ့ တစ်ဦးချင်းဝင်ငွေရဖို့အဆင့်အထိလောက်ပဲ နိုင်ငံတကာ အကူညီနဲ့ လာရောက်မြုပ်နှံမယ့်သူတွေ လိုအပ်တယ်။ စက်ဘီးစီးသင်သလို ပထမမှာ အထိန်းအကွပ်အနေနဲ့ လိုက်တွန်းပေးမယ့်လူလိုတယ်။ တစ်သက်လုံးလိုနေမှာတော့ မဟုတ်ဘူး။
ကြားပွဲစားနေရာကို ယူထားသူတွေရဲ့ အန္တရာယ်ကို မီးလောင်ဗုံးက လှစ်ဟပြလိုက်ပါပြီ။ လာရောက်မြုပ်နှံတဲ့ကုမ္ပဏီက ပေးသင့်ပေးထိုက်တာတွေ ပေးပြီးတာကို ကြားက ဖြတ်ခုတ်ထားလို့မကျေနပ်တာလားဆိုတဲ့ ကိစ္စတွေကိုလည်း ရှင်းရှင်းလင်းလင်း သိရတော့မယ်လို့ ထင်မိပါတယ်။ အရင်လို အာဏာကို လိုတရသုံးနေပြီး အလွဲသုံးစားလုပ်နေတာတွေဟာ အခုအချိန်မှာ မဆီလျော်တော့ဘူးဆိုတာ သူတို့တွေသိနိုင်မှဖြစ်မယ်။
ခေါင်းဆောင်တွေရဲ့ အယူအဆကတော့ အမြင်၊ အတွေးအခေါ်မတူညီတဲ့ဘက်နှစ်ဘက် ညှိနှိုင်းပြီး လမ်းကြောင်းမှန်ကို ဖော်ဆောင်ဖို့ဖြစ်ပါတယ်။ တစ်ဖက်မှာ စစ်တပ်အပ်အားဆိုတဲ့ အင်အားတစ်ရပ်ရှိပြီး တစ်ဖက်မှာက ပြည်သူ့အင်အားဆိုတဲ့ အင်အားတစ်ရပ်ရှိပါတယ်။ ဒီအင်အားနှစ်ရပ်ကို ချိန်ခွင်လျှာညှိနိုင်မှ တိုင်းပြည်လည်း တိုးတက်မယ့် လမ်းကြောင်းကို ဖြောင့်ဖြောင့်သွားနိုင်မှာပါ။ အခုအချိန်ကို ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလလို့ ကျွန်တော်တို့ သတ်မှတ်ပါတယ်။ ဒီ Transition မှာ သိပ်လောကြီးလို့မရဘူးဆိုတာကိုလည်း လက်ခံပါတယ်။ အမြစ်စွဲနေတဲ့ အနာတစ်ခုကို ချက်ချင်းပျောက်စေလုပ်လို့မဖြစ်နိုင်မှန်း ကျွန်တော်တို့ လက်ခံရပါမယ်။ ၂၀၁၅ မှာလည်း အရပ်သားစစ်စစ် အစိုးရသမ္မတဖြစ်လာမယ်လို့ မမျှော်လင့်ထားဘူး။ သမ္မတဘယ်သူဆိုတာထက် သူဘယ်လို compromise လုပ်ပြီး ဆက်သွားမလဲဆိုတာကို ပိုပြီးကြည့်သင့်တယ်။ အင်အားနှစ်ရပ်ကို ချိန်ညှိခြင်းဟာ အနုပညာတစ်ရပ်ပါပဲ။ ကာကွယ်ရေးအင်အားစုရဲ့တန်ဖိုးကို အုပ်ချုပ်ရေးရဲ့ ကဏ္ဍတွေမှာ စနစ်တကျ ထည့်သွင်းနိုင်ဖို့ကိုလည်း အဖြေရှာရမယ်လို့ထင်ပါတယ်။ အားလုံးက ဒီမိုကရေစီသွားမယ်။ စစ်တပ်က စစ်တန်းလျားပြန်ဆိုပြီး တစ်ခါတည်း လုပ်လိုက်လို့ရမယ်လို့မထင်ပါဘူး။ အဲဒါဆိုရင် စစ်တပ်က လက်ရှိ အင်အားကို အသုံးပြုပြီး ရလဒ်ကို ငြင်းဆန်ဖို့ကြိုးပမ်းတော့မှာပါပဲ။ ၈၈မှာ ဒါမျိုးခပ်ဆင်ဆင်တစ်ခုကြုံပြီးပါပြီ။ တစ်နိုင်ငံလုံး မဲနိုင်သော်လည်း အလုပ်မဖြစ်ခဲ့ပါဘူး။ ဒီနည်းလမ်းက မှန်တယ်၊ မှားတယ်ဆိုတာတွေကိုတော့ အကျယ်အကျယ် မငြိမ်းဖွယ်မပြောလိုပါဘူး။ reconciliation ရဲ့ကောင်းချက်တစ်ခုကတော့ အင်အားကြီးအဖွဲ့အစည်းက overthrow ပြန်မလုပ်အောင် အနုနည်းနဲ့ဖော်ဆောင်နိုင်ခြင်းလို့မြင်တယ်။ တကယ်လို့ reconciliation အောင်မြင်အောင်လုပ်မယ်ဆိုရင် ပြည်သူလူထုအနေနဲ့ mature ဖြစ်ဖို့လိုပါတယ်။ discipline ရှိရပါမယ်။ တစ်ဖက်ကလည်း စစ်တပ်ကို သြဇာတကယ်ညောင်းတဲ့သူတစ်ယောက်လိုပါတယ်။ ဒီလိုနဲ့ ၁၀ နှစ် ၁၅ နှစ်ကြာလာတဲ့အခါ စစ်တပ်ရဲ့တာဝန်၊ အမတ်ရဲ့တာဝန်ဆိုပြီး သတ်သတ်မှတ်မှတ်ဖြစ်လာတဲ့အခါကြရင် overthrow ဖြစ်နိုင်တာနည်းသွားမယ်လို့ယူဆကြတယ်။
ရွှေထီးဆောင်းခဲ့ချိန်က နိုင်လိုမင်းထက် အပြုအမူတွေ ဆက်လုပ်နေတဲ့သူတွေရဲ့ အခန်းကဏ္ဍကတော့ မှေးမှိန်ပျောက်ကွယ်သွားရမှာပါ။ အခုလို ဖြစ်ရပ်တွေဟာ အင်မတန် ဝမ်းနည်းစရာကောင်းသလို နိုင်ငံတစ်နိုင်ငံ ဒီမိုကရေစီ လမ်းကြောင်းပေါ်လျှောက်လာရင် ကြုံရမယ့် အဖျက်အမှောက်တွေထဲက မလွဲမသွေကြုံရမယ့် ဆန့်ကျင်မှုတစ်ရပ်လည်းဖြစ်တယ်လို့ဆိုနိုင်ပါတယ်။ ရဟန်းတွေရဲ့ အသက်နဲ့ရင်းပြီးဖော်ထုတ်လိုက်နိုင်တဲ့ ဝိသမလောဘသမား အာဏာအလွဲသုံးစား လက်ကျန်အင်အားစုရဲ့ အန္တရာယ်လို့လည်းဆိုနိုင်တယ်။ ဒီမိုကရေစီလမ်းကြောင်းကတော့ အင်မတန်ရှင်းတယ်။ တစ်ဖက်က လက်ဆွဲနှုတ်ဆက်နေရင် လက်သီးဆုပ်ကြီးနဲ့တုံ့ပြန်လို့မရဘူး။ လက်သီးဆုပ်ကိုဖြေချရမယ်။ မဖြေနိုင်သေးရင် ဒီလမ်းကြောင်းက ဆက်သွားလို့မရဘူး။ အကြမ်းဖက်တာဟာ မယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းရဲ့ တန်ဖိုး၊ အခု ဒီမိုကရေစီလူ့အဖွဲ့အစည်းမှာတော့ အကြမ်းဖက်မှုဟာ တန်ဖိုးမဟုတ်တော့ဘူး။ ပယ်ရမယ့် တရားဖြစ်သွားပြီ။ ဒါကို ဒီမိုကရေစီ ကျင့်သုံးတဲ့နိုင်ငံသားတွေ၊ ရဟန်းရှင်လူတွေက ငြိမ်းချမ်းစွာ ဆန့်ကျင်ပါလိမ့်မယ်။ အမှားတွေ ထပ်မမှားဖို့လိုပါတယ်။ ဆရာစိုင်းခိုင်းလိတ်ရဲ့ အမှားဟောင်းဆက်မမှားဖို့ဆိုတာလေးက ဒီနေရာမှာ သိပ်တာသွားတဲ့ စကားလုံးပါပဲ။ reinvent the wheel ဖြစ်နေရင် အချိန်ကြာမယ်။ နှောင့်နှေးကုန်မယ်။ နိုင်ငံက သိပ်ချမ်းသာနေတာမဟုတ်ဘူး။ မွဲနေတာ။ တိုင်းပြည်က လူတွေရသင့်တဲ့ အကျိုးအမြတ်တွေ၊ အခွင့်အလမ်းတွေပွင့်လန်းလာဖို့ ငြိမ်းချမ်းတဲ့ လူ့အဖွဲ့အစည်းလိုတယ်။ ငြိမ်းချမ်းမှ ယုံကြည်မှုကို တည်ဆောက်နိုင်မယ်။ မဟုတ်ရင် အဆိုးသံသရာ vicious cycle ထဲမှာ တဝဲလည်လည်ဖြစ်နေမယ်။
တစ်ချို့တွေ တရုတ် company ကိုမုန်းကြတာတွေ့တယ်။ တစ်ကယ်မုန်းသင့်တာကတော့ သမာသမတ်မကျတဲ့ စနစ်တွေ၊ နိုင်ငံအတွက် အကျိုးမရှိတဲ့ စာချုပ်တွေကိုလို့ ကျွန်တော်ထင်တယ်။ ဘယ်နိုင်ငံနဲ့ပဲလုပ်လုပ် ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးကို အကျိုးရှိစေတာမျိုးပဲဖြစ်စေချင်တယ်။ တစ်ဖက်က အသားချည်းပဲစားပြီး ကိုယ့်နိုင်ငံက အရိုးလောက်ကိုက်ရမယ့် ဘယ် ပရောဂျတ်မှ မလုပ်ဖို့၊ လုပ်ပြီးသားတွေကို စာချုပ်သက်တမ်းဆက်မတိုးဖို့ လုပ်ရမယ်လို့ထင်တယ်။ နည်းပညာအကူအညီလောက်ယူပြီး ပြည်တွင်းကလုပ်ငန်းရှင်တွေ ထုတ်နိုင်ရင်လည်း ပိုပြီးကောင်းမယ်လို့လည်းတွေးကြည့်မိတယ်။ အလုပ်အကိုင် အခွင့်အလမ်းတွေ ပွင့်လန်းလာရင် အားလုံးအတွက် အကျိုးရှိတာပါပဲ။ မျှတတဲ့ အတွေးအခေါ်နဲ့ လာပြီး မြုပ်နှံချင်တဲ့သူတွေများများလိုတယ်။
ဒီpost မှာတော့ အကြောင်းအရာတွေ နည်းနည်းထွေပြားနေတဲ့အတွက် အနှစ်ချုပ်အနေနဲ့ ကျွန်တော် သုံးခုပြန်ပြောချင်ပါတယ်။
၁။ငြိမ်းချမ်းပြီး အကြမ်းမဖက်တဲ့ လူ့အဖွဲ့အစည်းဖော်ဆောင်ဖို့
၂။စည်းကမ်းပြည့်ဝပြီး ရင့်ကျက်တဲ့ ပြည်သူလူထုဖြစ်လာဖို့
၃။တိုင်းပြည်အကျိုးမရှိတဲ့ ပရောဂျတ်တွေကို ရပ်ပြီး၊ တိုင်းပြည်အကျိုးရှိမယ့် ပရောဂျတ်တွေဖော်ဆောင်ဖို့
ဒီသုံးခုကို ကျွန်တော်တို့မျှော်လင့်ပါတယ်။
(ဆက်ရန်)
Regards,
Zephyr
Peace B with U.