Wednesday, October 12, 2011

ချစ်မိခဲ့တဲ့နေ၀င်ချိန်

ချစ်မိခဲ့တဲ့နေ၀င်ချိန်

မင်းက တစ်နေ့မှာ နေ၀င်တာကို လေးဆယ့်သုံးကြိမ် ထိုင်ကြည့်ဖြစ်တယ်တဲ့လား။ နည်းနည်းကြာတော့ မင်းထပ်ပြောတာက" လူတစ်ယောက်ဟာ ဒီလောက်တောင် ၀မ်းနည်းပြီဆိုရင် နေ၀င်တာကို ချစ်မိသွားတာပဲတဲ့"
မင်း နေ၀င်တာကို လေးဆယ့်သုံးကြိမ် စောင့်ကြည့်နေမိတဲ့နေ့ကရော အဲဒီလောက်တောင် ကြေကွဲနေလို့လား။
ဒါပေမယ့် မင်းသားလေးက ပြန်မဖြေဘူး။

(From "The Little Prince" (French: " Le Petit Prince") )

နေ၀င်ချိန်တွေကို ချစ်မိတဲ့နေ့တစ်နေ့ရှိခဲ့ဖူးရင် အဲဒီနေ့ဟာ အောက်တိုဘာ ၁၂ ရက်နေ့ပဲဖြစ်မယ်။
သေခြင်းတရားဟာ မွေးဖွားခြင်းနေ့စွဲတွေကတည်းက တွယ်ကပ်လိုက်ပါနေတဲ့ အမှုန်အမွှားတွေလား၊ တက်တူးတွေလား။ ပြိုကွဲဖို့မဖြစ်နိုင်တဲ့ ဒြပ်စင်တွေလား၊ ခွဲခွာလို့မရတဲ့ ကပ်ပါးပင်တွေလား။ေ၀၀ါးခြင်း မသေချာခြင်းများစွာကို ဆုပ်ကိုင်ထားခဲ့ဖူးသည်။ သုံးနှစ်သည် ရင့်ကျက်ဖို့ လိုအပ်သော အချိန်အတိုင်းအတာဖြစ်သင့်သည်။ ရင့်ကျက်ခြင်းသည် အသံမထွက်ဘဲ ငိုကြွေးတတ်ခြင်းတစ်မျိုးလည်းဖြစ်နိုင်သည်။ ပြုံးပြုံးလေးသက်သာသလို နေထိုင်တတ်လာခြင်းလည်းဖြစ်မည်။ ရင်တွင်း အပူများကို အပူများအတိုင်း ထားတတ်လာခြင်းလည်းဖြစ်မည်။ သို့သော် မခံစား မနာကျင်ခြင်းတော့ဟုတ်ဟန်မတူ။

လူဖြစ်ရခြင်း ဒုက္ခများထဲတွင် မိဘများဆုံးပါးခြင်းသည် အလေးလံဆုံးဝန်ထုပ်များထဲမှ တစ်ခုဖြစ်နိုင်သည်။ ထိုအရာသည် လက်ခံဖို့ အခက်ခဲဆုံးသော အမှန်တရားတစ်ခုလည်းဖြစ်သည်။ မည်မျှပြင်ဆင်ထားစေကာမူ သေတတ်သော သတ္တ၀ါများ သေသွားကြတာပါပဲဟု နှလုံးသွင်းမှန်ကန်ပြီး ချက်ချင်း စိတ်သက်သာရာရသွားနိုင်သည့်ကိစ္စမျိုးမဟုတ်။ မေ့ထားသည့်အခိုက်အတန့်တွင် စိတ်သက်သာနေနိုင်သော်လည်း တိုက်ဆိုင်ပြီး ခံစားမိသည့်အချိန်တွင် ၀မ်းနည်းပူဆွေးရတတ်သည်။ လူသည် မိမိကိုယ်မိမိ တည်ဆောက်ရသည်။ ပူပန်မှုကိုလည်း ကိုယ်တိုင်ပဲ လက်ခံရသည်။ ၀မ်းနည်းမှုကိုလည်း ကိုယ်တိုင်ပဲ သည်းခံရသည်။ ထိုအရာများသည် လူစားထိုး၍ မရသော အရာများဖြစ်သည်။ စောစောပြင်ဆင်ထားလေ သက်သာရာရလေဖြစ်သည်။ လောကဓံသည် တုန်လှုပ်စရာမဟုတ်ပါ။ ချစ်သောသူများနှင့်ကွေကွင်းခြင်းသည်လည်း မလွဲမသွေ ကြုံတွေ့ရမည့် လောကဓံ (လောကဓမ္မ= လောကတွင်ဖြစ်မြဲတရား) များသာဖြစ်သည်။

လက်ခံရခက်သော အမှန်တရားများသည် ကြီးကျယ်သော လောကဓံမှ စီးဆင်းလာသော အရည်ပျော်ကျမှုများသာဖြစ်သည်။ ထိုအရာများကို ကိုယ်တိုင် မကြုံဖူးလျှင် ပြင်းထန်မှုကို ခန့်မှန်းဖို့ခက်လိမ့်မည်။ အထူးသဖြင့် လူသည် အမြင်မှားမှုများဖြင့် ၊သက္ကာယ ဒိဌိ ထူထူထဲထဲဖြင့် ချည်နှောင်ယုံကြည်နေမိသော အသိကို အစွဲကြီးစွဲနေသောကြောင့် ပိုခံစားရသည်။ တခြားသူများ၏ မိခင် ဆုံးပါးသည်ကို နာရေးလိုက်ပို့ဖူးသော်လည်း အဲဒီအချိန်များက ထူးထူးခြားခြား ၀မ်းမနည်းခဲ့။ ကင်ဆာရောဂါဖြင့် ဆေးရုံတင်ထားသော အသိတစ်ယောက်၏ အမေကို သွားတွေ့တုန်းက သေခြင်းတရားနဲ့ အနီးဆုံးအချိန်တွေအကြောင်း နည်းနည်းပိုတွေးမိသည်မှလွဲ၍ ထိထိ ခိုက်ခိုက်မဖြစ်လှ။ ငါစွဲသည် သူချည်းသက်သက် မသိသာသော်လည်း အခြားကိလေသာများနှင့်ပေါင်းလိုက်လျှင် အင်မတန်အားကောင်းသော ခံစားချက်ကို ဖြစ်စေပုံရသည်။ အမေ ဆိုသော စကားလုံးနှင့် ငါ့ အမေ ဆိုသော စကားလုံးကိုပင်စဉ်းစားကြည့်ပါ။ အမေတစ်ယောက်ယောက်ဆုံးသည် နှင့် ကိုယ့်အမေ ဆုံးသည်မှာ သက္ကာယဒိဌိဖြစ်သော (ငါ့/ကိုယ့်) တစ်လုံးသာကွာသော်လည်း ခံစားချက်ပြင်းအားကတော့ အဆ ၁၀၀၀ လောက်ကွာနေပါလိမ့်မည်။

ပုထုစဉ်၏ အဓိပ္ပာယ်တစ်ခုမှာ ဆရာများသော သူဖြစ်ပါသည်။ ကျွန်တော်တို့သည် အာရုံများကို ဆရာတင်တတ်သူများဖြစ်ပါသည်။ ခံစားချက်တစ်ခုစီကို ဆရာတင်မိသူများဖြစ်ပါသည်။ စိတ်သည် သူ့သဘာဝအရ အရိပ်ထင်သည်ကို ကျွန်တော်တို့သည် ပုံကြီးချဲ့သူများဖြစ်ပါသည်။ ခံစားချက်များသည် မလုပ်မနေရ ကိစ္စများမဟုတ်ပါ။ ခံစားချက်ကို ခံစားချက်အတိုင်းသိနေခြင်းအားဖြင့် ခံစားချက်သည် ငါ့ ခံစားချက်ဖြစ်မလာတော့ဘဲ၊ ခံစားချက်သက်သက်ဖြစ်သွားလျှင် စိတ်သက်သာရာရပါသည်။ ထို့ကြောင့် စိတ္တာနုပဿနာကို ကျွန်တော်သဘောကျခဲ့ပါသည်။ ပူဆွေးမှုများဖြင့် မွန်းကြပ်နေသောနေ့စွဲများတွင် အတူရှိနေခဲ့ကြသော် ညီငယ်များ၊ သူငယ်ချင်းများ၊ တရားခွေများ အားလုံးကို သတိရသည်။ ပူဆွေးနာကျင်မှုသည် ကောင်းကင်ကိုပစ်တင်လိုက်သော ခဲလုံးတစ်လုံးနှင့်တူပါသည်။ အထူးသဖြင့် မြေဆွဲအားနည်းသော ကမ္ဘာတစ်ခုပေါ်မှ ပစ်တင်လိုက်သော ကျောက်ခဲလေးတစ်လုံးနှင့်တူပါသည်။ တော်တော်နှင့်ပြန်ကျမလာပါ။ စိတ်သည် နာကျင်မှုနှင့်နေသားကျလာချိန်တွင် နာကျင်မှုကိုတဖြည်းဖြည်း နားလည်ဖို့စတင်ကြိုးစားလာလေ့ရှိသည်။ နာကျင်မှုကို တိုက်ထုတ်၍မရပါ။ လက်ခံဖို့ကြိုးစား၍သာရပါသည်။

ဝမ်းနည်းကြေကွဲမှုသည် အင်မတန် တွက်ချေမကိုက်သော အလုပ်ဖြစ်ပါသည်။ သွားလေသူကလည်း ၀မ်းနည်းနေစေလိုမည်မဟုတ်ပါ။ ကျွန်တော်တို့သားအမိသည် အလွန်ချစ်ကြသော်လည်း ခွဲခွာချိန်ဆိုသည်မှာ ရှိကိုရှိရမည့် အရာဖြစ်ပါသည်။ လူလတ်ပိုင်းရောက်လာသောအခါ မိဘများဆုံးရှုံးရမှုကို အများစုမှာ အနှေးနှင့်အမြန်ကြုံတွေ့ကြရမည်သာဖြစ်သည်။ ရစ်ချက်တ်ဖိုင်းမန်းသည် သူ့ အမျိုးသမီး ဆုံးခါနီး အတူရှိနေလိုက်ရသည့် အချိန်များအတွက် ကျေနပ်နေခဲ့သည်။ သူပြောသည်က အချိန်က အချိန်ပဲဖြစ်သည်။ ၃၊ ၄ နှစ် အတူနေလိုက်ရသည်နှင့် နှစ်ပေါင်း ၃၀၊ ၄၀ အတူနေလိုက်ရသည်ပဲကွာသည်ဟုဆိုသည်။ ကျွန်တော်နှင့် အမေ ၂၅ နှစ်ခန့်အတူရှိနေကြပြီးပြီဖြစ်သည်။ ကိုယ့်လောက် ကံအကြောင်းမလှသူတွေ တစ်ပုံကြီးရှိသည့် လောကတွင် ၂၅အထိ မိခင်နှင့် အတူရှိနေခဲ့ပြီးသည်ကို ကျွန်တော်ကျေနပ်လိုက်သည်။ မိဘကျေးဇူးဆပ်ခြင်း၊ မဆပ်ခြင်းအတွက်တော့ နောင်တမရခဲ့ပါ။ မိဘများသည် ကျေးဇူးဆပ်ရန် သား၊သမီးများကို မွေးလိုက်ခြင်းလည်း မဟုတ်ကြပါ။ တတ်နိုင်သမျှ မေတ္တာနှင့်အတူ ထောက်ပံ့သောပစ္စည်းဥစ္စာများသည်လည်း မိဘကျးဇူးကျေလောက်သော အရာများမဟုတ်ဟု ထင်ပါသည်။ ထို့အတွက် ယခုအချိန်တွင်လည်း အထူးတလည် စိတ်မကောင်းခြင်း မဖြစ်မိ။

လူသည် အတ္တကြီးသော သတ္တ၀ါဖြစ်ပါသည်။ မိဘများကို သေခြင်းတရားက အနားပေးလိုက်သည်ဟု တွေးလိုက်ရန် မိမိ၏ အတ္တက ခွင့်မပြုနိုင်ဖြစ်နေကြသူများလည်းဖြစ်ကြသည်။ မေတ္တာအစစ်၏ စကားသံမှာ သူ့အတွက်ပိုကောင်းသွားရင် ကျေနပ်လိုက်ပါ ဟူ၍ဖြစ်သော်လည်း သမုဒယများ၏ စကားသံမှာ ငါ့အတွက် အဆင်ပြေအောင် မိဘတွေထာဝရရှင်သန်နေရမယ် ဟူ၍ဖြစ်နိုင်သည်။ ရောတိရောရာဖြစ်နေသော မေတ္တာတရားများဖြင့် ပူလောင်ခဲ့ကြပြီးပြီဖြစ်သည်။ မေတ္တာအစစ်သည် ပူလောင်ခြင်းကို အားမပေး၊ အေးချမ်းခြင်းကိုသာအားပေးသည်။

သင်သည်လည်း မိဘဆုံးဖူးသော သူများထဲမှတစ်ယောက်ဖြစ်နိုင်သည်။ ကျန်ရစ်သောသူများအနေဖြင့် ဆုံးပါးသွားသော မိဘများအတွက် ရည်စူးကုသိုလ်များ မြောက်များစွာ လုပ်နိုင်သေးသည်။ အထူးသဖြင့် ကျွန်တော်တို့သည် မိဘများ၏သွေး ဆက်လက်စီးဆင်းနေသော မျိုးဆက်များပီပီ၊ မိဘများ ဆုံးမသွန်သင်ထားသည်များကို ဆက်လက် လိုက်နာနိုင်သည်။ ၀မ်းနည်းကြေကွဲမှုသည် ကျွန်တော်တို့ကို ကောင်းကျိုးတစ်ခုခု ဆောင်ကြဉ်းပေးနိုင်သော အရာများမဟုတ်ပါ။ ကြေကွဲသောစိတ်ဖြင့်ဖြစ်စေ၊ ၀မ်းမြောက်သော စိတ်ဖြင့်ဖြစ်စေ၊ ကျွန်တော်တို့ လုပ်စရာ ပရဟိတ လုပ်ငန်းများစွာ ရှိနေသေးသည်။ ကွယ်လွန်သူများ၏ ဂုဏ်သိက္ခာကို စောင့်ရှောက်သော မျိုးဆက်ဖြစ်ရန် ကျွန်တော်တို့ ဖြည်းဆည်းကြိုးစားသင့်သည်များကို ဆက်လက်ဖြည့်ဆည်းကြိုးစားသွားရန်သာရှိသည်။

ကျွန်တော်တို့သည် မိဘများ နောင်တရစေမည့်သား၊ သမီးများမဟုတ်ကြလျှင် မိဘများ ကွယ်လွန်သွားသည်ကို လက်ခံလိုက်ပြီး တည့်တည့်ရင်ဆိုင်လိုက်ရန်သာရှိပါသည်။ ပြောင်းလဲမပစ်နိုင်သော အရာများကို လက်ခံတတ်ခြင်းသည် ကျွန်တော်တို့သင်ယူရမည့် ဘ၀သင်ခန်းစာတစ်ခုလည်းဖြစ်သည်။ ကျွန်တော်တို့ထံတွင် ကြေကွဲရန် အခွင့်အရေးရှိသော်လည်း ကြေကွဲခြင်းများဖြင့် ရပ်တန့်နေရန်မဖြစ်နိုင်ပါ။ Robert Frost ရဲ့ ကဗျာထဲကလို အိပ်မပျော်မီသွားရမည့်ခရီးမိုင်များစွာ ကျန်နေသေးသည်။ ဆက်လက်လျှောက်လမ်းကြပါစို့ ညီနောင်၊မောင်မယ် အပေါင်းတို့။ ။

With Peace,
Zephyr

Related:

Notes:
R.I.P dear mom. Your son is still OK as ever. Don't worry for me. I am still stubborn, lazy and dull but I am still peaceful so far.



Peace B with U.