Thursday, October 13, 2011

ဝမ်းသာချက်ထ်/2

ဝမ်းသာချက်ထ်/2


နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်လာတဲ့အတွက်ဝမ်းသာတယ်။
သာရတဲ့အကြောင်းကလည်းရှိတယ်လေ။ တစ်ချို့လူတွေအကြောင်းကို သိနေတယ်။ သူတို့တွေ ဘယ်လောက်ရင်းလိုက်လဲဆိုတာကိုလည်းသိတယ်။ နောက်ပိုင်းခေတ်မှာတော့ နိုင်ငံရေးသမားတွေ အနှိပ်စက်ခံရသလား၊ မခံရသလားသိပ်မသိပေမယ့် ရှေ့ပိုင်းကျသမျှလူတွေကတော့ လူးလှိမ့်နေအောင် ခံလိုက်ကြရတာပဲ။ ဒါကို လုံးဝမေ့ပစ်လို့မဖြစ်ဘူး။ နိုင်ငံရေးသမားဆိုတာ လက်ရှိအစိုးရရဲ့ မူဝါဒတစ်ခုခု(သို့မဟုတ် အားလုံးကို) လက်မခံတဲ့လူလည်းဖြစ်နိုင်တဲ့အတွက်၊ အဲဒီလိုလူမျိုးကို နှိပ်စက်ရမယ်၊ နောင်ကြဉ်အောင် ညှင်းဆဲမယ်ဆိုတဲ့ အောက်တန်းကျတဲ့ လုပ်ရပ်နဲ့ဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့တာဟာ အင်မတန် ကြီးမားတဲ့ အမည်းစက်တွေဖြစ်တယ်။ အခုအချိန်ဟာ အမည်းစက်တွေကို ချေဖျက်ဖို့အကောင်းဆုံးအချိန်လည်းဖြစ်တဲ့အတွက် ရှေ့လူမကောင်းတာကို အတုမယူဘဲ အကောင်းတွေလုပ်ပြနိုင်တဲ့အချိန်၊ ပြုပြင်မှုတွေနဲ့ တိုင်းပြည်ကို ပြုပြင်နိုင်တဲ့အချိန်ဖြစ်တဲ့အတွက် အပြောင်းအလဲကောင်းတွေ အားလုံးကို ကြိုဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေနဲ့ပတ်သက်လို့ကတော့ လူတစ်ယောက်အကြောင်းပဲပြောချင်ပါတယ်။ အဲဒီလူဟာ ကဗျာဆရာတစ်ယောက်ဖြစ်ပါတယ်။ ၈၈မှာ သူရေးခဲ့တဲ့ ကဗျာရှည်ကြီးဟာ အမျက်တော်ရှစရာဖြစ်တယ်လို့ယူဆတဲ့အတွက် သူ့ကိုဖမ်းဆီးပါတယ်။ သူရေးခဲ့တဲ့ ကဗျာကို ပြန်ရွတ်ခိုင်းပြီး တစ်ကြောင်းကို လက်ဆစ်ကို တူနဲ့တစ်ခါထုပါတယ်။ နောက်ဆုံးအဲဒီကဗျာဆရာရဲ့ ညာလက်ဟာ သုံးစားမရအောင် ပျက်စီးသွားတယ်။ ဒါဟာ လူမဆန်တဲ့လုပ်ရပ်ပါပဲ။ ဒီလူဟာ ထောင်ကထွက်လာတော့ စာရေးဆရာဖြစ်လာခဲ့တယ်။

ကဗျာရေးတဲ့လူတောင် ဒီလောက် နှိပ်စက်ခံရရင် ကျန်တဲ့သူတွေလည်း ပိုဆိုးဖို့သာရှိပါတယ်။ ပြောချင်တာက အဲဒီ အနိဌာရုံတွေမဟုတ်ပါဘူး။ နိုင်ငံရေးအကျဉ်းသား အစစ်တွေတွေ ခံခဲ့ကြရတယ်ဆိုတာကို သိသာစေချင်တာပါ။ အမှောင်ခေတ်မှာ လူဖြစ်လာရတဲ့အတွက် အလင်းကို ဆာလောင်ကြတယ်။ ဖိနှိပ်မှုမှာ မွန်းကြပ်တဲ့အတွက် လွတ်လပ်မှုနဲ့ ငြိမ်းချမ်းမှုကို ဆာလောင်ကြတယ်။ အဲဒီအတွက် တောင်းဆိုကြတယ်။ နည်းလမ်းအမျိုးမျိုးသုံးခဲ့ကြတယ်။အသက်ပေးသွားကြရတဲ့သူတွေလည်း အများကြီး။ အသက်ကို ရင်းလိုက်ကြရတယ်။ အားလုံးရဲ့ ပန်းတိုင်ဟာ လွတ်လပ်ပြီး၊ ငြိမ်းချမ်းတဲ့ တိုင်းပြည်သစ်ပဲ။

အခုလည်း ၆၅ နှစ်၊ ၆၅ နှစ်ဆိုပြီး ဖောဖောသီသီ ထောင်ဒဏ်တွေ ကံစမ်းမဲပေါက်သွားတဲ့လူတွေ ပြန်လွတ်လာတော့ ၀မ်းသာတယ်။ လူအချင်းချင်း နှိပ်စက်နိုင်တဲ့စိတ်ထားရှိတာ တော်တော်လေးကို အံ့သြစရာကောင်းတယ်။ မတူညီမှု၊ အမြင်မတူမှုကို မလျော်ကန်တဲ့နည်းနဲ့ဖြေရှင်းမှုဟာ ပိုဆိုးသထက် ဆိုးသွားစေတယ်။ အခုတော့ အပြောင်းအလဲရှိတယ်။ အကောင်းဘက်ကို ပြောင်းလဲသွားရင် တိုင်းပြည်ကောင်းစားဖို့ပါပဲ။ အရင်က သမိုင်းကို အစိုးရကရော ပြည်သူတွေကပါ မမေ့သင့်ဘူး။ ဒီနည်းလမ်းသုံးရင် ဒီမှာ နိဂုံးချုပ်တတ်တယ်ဆိုတဲ့ သမိုင်းရဲ့ သင်ခန်းစာကို ကျွန်တော်တို့သိပြီးပြီ။ နောက်ထပ် တူညီတဲ့ အမှားတစ်ခုကို ဆက်မလုပ်ဘဲ တိုင်းပြည်အတွက် လုပ်ကြမယ်ဆိုရင် ဘယ်သူမဆို လက်တွဲလုပ်ကိုင်လို့ရတယ်။ ငါသိ၊ ငါတတ်၊ ငါ smart ဆိုတဲ့ လူတွေကတော့ စိတ်နည်းနည်းလျှော့ထားဖို့လိုတာပေါ့။

စီးပွားရေးကဏ္ဍကို ပြန်လည်ထူထောင်နိုင်ဖို့လိုတယ်။ မြန်မာပြည်မှာ ပေါနေတဲ့ သယံဇာတတွေကို အကျိုးရှိရှိ သုံးစွဲဖို့လိုတယ်။ အထူးသဖြင့် သဘာဝ သယံဇာတတွေနဲ့ ဆွဲဆောင်ပြီး ခရီးသွားလုပ်ငန်းတွေ ဖွံ့ဖြိုးအောင် လုပ်စေချင်တယ်။ ကိုယ့်အတွက် ဘာမှမဟုတ်တဲ့စိုက်ခင်းလေးတစ်ခုဟာ စိုက်ခင်းမရှိတဲ့ နိုင်ငံကလူတွေအတွက်တော့ Wow! စရာရှုကွက်ပဲ။ အင်ဒိုနီးရှားနိုင်ငံမှာဆိုလည်း မြန်မာတွေကို Visa မလိုတော့ဘူးဆိုတာနဲ့ စနေ၊ တနင်္ဂနွေ singapore ကနေသွားကြတဲ့သူတွေ အများကြီးပဲ။ Tourism ကို သဘောကျတာက Tourism ဖွံ့ဖြိုးလာရင် သူနဲ့ ဆက်စပ်နေတဲ့ လုပ်ငန်းတွေ အများကြီးဖွံ့ဖြိုးလာစရာရှိလို့ပါပဲ။ ဟိုတယ်လုပ်ငန်း၊ ပို့ဆောင်ရေးလုပ်ငန်း၊ tour guides ၊ အမှတ်တရ ပစ္စည်းအရောင်းဆိုင်၊ စတာတွေ အားလုံး ဖွံ့ဖြိုးတိုးတက်လာရင် အလုပ်အကိုင် ပိုပြီး ပေါများလာပါလိမ့်မယ်။

နောက်တစ်ခုက Sanction ရုတ်သိမ်းသွားရင် စက်ရုံအလုပ်ရုံတွေ ပြန်လုပ်လာကြမယ့် အခွင့်အလမ်းတွေရှိပါတယ်။ အရှေ့တောင်အာရှမှာ ထင်ရှားတဲ့ အထည်ကြီးပျက်နိုင်ငံကြီးဘ၀ကနေ လွတ်မြောက်ဖို့ အကောင်းဆုံး အခွင့်အလမ်းတွေပါပဲ။ အဆင်ပြေသွားမယ်ဆို စင်ကာပူက လီကွမ်ရူး (နောက်ပိုင်းတော့ ရူးသလိုလျှောက်ပြောနေတယ်)ရဲ့ singapore model ကို ကျော်တက်သွားမယ့် မြန်မာ model ဖြစ်လာနိုင်ပါတယ်။ မြန်မာတွေမှာ စင်ကာပူထက် သာတာတွေက သယံဇာတတွေပဲ။ စင်ကာပုက မလေးရှား ကို နှာတစ်ဖျားသာနေတာက corruption အတွက် အစိုးရက အာမခံချက်ပေးနိုင်ပြီး၊ ဆိပ်ကမ်းတွေမှာလည်း အပျောက်အရှကင်းခြင်းတွေပါပဲ။ အဲဒါတွေ မြန်မာနိုင်ငံမှာ ဖြစ်နိုင်ရင် မြန်မာနိုင်ငံနဲ့ စီးပွားရေးအရ လက်တွဲမယ့် နိုင်ငံတွေ အများကြီးရှိပါတယ်။

Facebook မှာတော့ လူတွေ သိပ်ပျော်နေကြတာပဲ။ အားလုံးက လွတ်ငြိမ်းချမ်းသာ သတင်းတွေကို ကြည်နူးနေကြတယ်။ Like ကိုလည်း မဆင်မခြင်ကို နှိပ်ကြတာ။ ဦးဂမ္ဘီရ ပြန်မလွတ်သေးဘူးဆိုတော့လည်း Like ကြတယ်။ သတင်းကို Like လုပ်တာလိုလို၊ ဦးဂမ္ဘီရပြန်မလွတ်သေးတာကို ကြိုက်သလိုလိုကြီးကို ဖြစ်နေတော့တာပဲ။ ဘာပဲဖြစ်ဖြစ် သီတင်းကျွတ်တွေထဲမှာတော့ ဒီတစ်ခေါက် သီတင်းကျွတ်ဟာ အင်မတန်မှ ကျက်သရေရှိတယ်။

အန်ကယ်သူရ ပြန်လွတ်လာတာနဲ့ ရယ်စရာတွေ စကြားရပြီ။ ပျော်စရာကောင်းတယ်။ ဘက်နှစ်ဘက်ရှိမှကောင်းတယ်။ တစ်ဖက်တည်းဆိုရင် တစ်ယောက်တည်း chess ထိုးနေသလိုပဲ။

ကောင်းတာတွေကို အတူတူလုပ်နိုင်တာ ၀မ်းသာဖို့အကောင်းဆုံးပဲ။ တိုင်းပြည်အတွက် ကောင်းအောင်လုပ်ပြီး တိုင်းပြည်မှာ အကျိုးရှိတယ်ဆိုရင် အဲဒီလို အစိုးရမျိုးကို တိုင်းပြည်က ထောက်ခံမှာပဲ။ ပိရိမစ်ပြောင်းပြန် အုပ်ချုပ်ရေးစနစ်မှာ ပိရိမစ်အတည့်တုန်းကလို အပေါ်ဆုံးမှာ တစ်ယောက်တည်းမဟုတ်တော့ဘူး။ အပေါ်မှာ အများကြီးပဲ၊ စုစည်းလုပ်ကိုင်ကြရတယ်။ ဆွေးနွေးတိုင်ပင်ကြရတယ်။ အမျိုးသား အကျိုးစီးပွားနဲ့ အမျိုးများ အကျိုးစီးပွားကို ကွဲပြားလာကြရလိမ့်မယ်။

တိုင်းပြည်ငြိမ်းချမ်းရင် ၀င်ငွေထိခိုက်နိုင်တဲ့လူတွေအတွက်တော့လည်း စိတ်မကောင်းလှဘူး။ အလုပ်ပြောင်းလုပ်စေချင်တယ်။ အမုန်းတရားနဲ့တိုက်ခိုက်မှုတွေဟာ အလုပ်ဖြစ်မလား၊ မဖြစ်မလားကို ပြန်ပြီး ဆင်ခြင်သုံးသပ်စေချင်တယ်။ နိုင်ငံရေးအကျဉ်းသမားတွေလွတ်မြောက်ဖို့ အန်ကယ်သူရ ပြောတာ ဒေါသမပါဘူး။ ထိရောက်တယ်။ အဲဒီလိုမျိုး လွတ်လပ်တဲ့စိတ်နဲ့ပြောဆိုတာ၊ တောင်းဆိုတာမျိုးကိုပဲသဘောကျတယ်။ အလုပ်အရ ထောက်ချောက်ဆင်မေးခွန်းတွေမေးရတာ၊ ဘယ်အစိုးရပဲတက်တက်၊ တက်လာတဲ့ လက်ရှိအစိုးရကို တွယ်ရမယ်ဆိုတဲ့ သဘောထားမျိုးရှိတဲ့ အဖွဲ့အစည်းမျိုးမှာ ကိုယ့်ရဲ့ ကိုယ်စွမ်းဉာဏ်စွမ်းတွေ သုံးပစ်နေရင် နှမြောစရာကောင်းတယ်။

မကောင်းတာကို မကောင်းဘူးပြောနိုင်ရင် ကောင်းလာတာကို ကောင်းလာတယ် မပြောနိုင်စရာမရှိပါဘူး။ အဖွဲ့အစည်းရမူဝါဒအရ မကောင်းတာကိုပဲ မကောင်းဘူးပြောခွင့်ရှိတယ်ဆိုရင်တော့ အဲဒါဟာ လွတ်လပ်တဲ့ အဖွဲ့အစည်းမဟုတ်ပါဘူး။ ကိုယ့်ရဲ့ ဆင်ခြင်တုံတရားကို တစ်ဝက်ပဲ အသုံးချနိုင်တဲ့ နေရာတွေဟာ အသူရကာယ်ဘုံနဲ့မခြားပါဘူး။

အစိုးရ လုပ်ရပ် ကောင်းတယ်လို့ပြောဖို့ စောလွန်းနေသေးတယ်ဆိုရင်တောင် အခုလုပ်ရပ်တစ်ခုစီကို အကောင်းအဆိုး ခွဲပြောလို့ရပါပြီ။ လက်ရှိအစိုးရဟာ ရှေ့က အစိုးရရဲ့ အမှောင်ရိပ်အောက်နေ တကယ်ထွက်လာတယ်ဆိုရင်တော့ အစိုးရသစ် အစစ်ဖြစ်လာပြီး ပြည်သူတွေအတွက် အကျိုးရှိနိုင်ပါတယ်။ ကောင်းတာလုပ်လေ့လုပ်ထနည်းတဲ့ လူတစ်ယောက် အကောင်းတစ်ခုခု လုပ်လာတုန်းလေး အားပေးခြင်း၊ ချီးမြှောက်ခြင်းမလုပ်ဘူးဆိုရင် သူ့ရဲ့ အကောင်းလုပ်ချင်စိတ်ကိုပါ ပုံပျက်သွားစေပါတယ်။ ဒါကို selective reinforcement လို့ခေါ်ပါတယ်။ လူတစ်ယောက်/ အဖွဲ့အစည်းတစ်ခုရဲ့ အကောင်းကို အသိအမှတ်ပြုပြီး အဆိုးကို ဆန့်ကျင်ခြင်းဟာ အဲဒီ လူ/အဖွဲ့အစည်းရဲ့ rebranding ကို သက်ရောက်စေပါလိမ့်မယ်။ လူကောင်းအဖြစ်နေတော့မယ်ဆိုရင် လူကောင်းရဲ့ စံတွေကို လိုက်နာရတော့မှာပါပဲ။ သီလစောင့်သလိုပဲ၊ တစ်ပါးကျိုးရင် သီလကျိုးတာပါပဲ။ သီလကျိုးတဲ့သူမဖြစ်ချင်တဲ့သူဟာ သီလကို မကျိုးမပေါက်မပြောက်မကြားအောင်စောင့်ရသလိုပဲ အဖွဲ့အစည်းတစ်ခုဟာ တိုင်းပြည်ကောင်းအောင် တကယ်လုပ်တော့မယ်ဆိုရင် တိုင်းပြည်ကောင်းစေချင်တဲ့သူတွေကို အရင်ဆုံးလွှတ်ပေးရတာပါပဲ။ လွှတ်ပေးတဲ့အခါမှာလည်း စေတနာကွက်ကြားမထားကောင်းပါဘူး။ ထားရင်တော့ ရှေ့လူကြီး အကုသိုလ်ကို ကိုယ်ပါ ခွဲယူရသလိုဖြစ်နေတော့မှာပါပဲ။ အန်ကယ်သူရပြောသလို ကိုယ့်အိတ်ထဲက စိုက်ပြီးလွှတ်ရတာမဟုတ်ဘူးဆိုတာကိုပဲ ကိုးကားပြီးပြောချင်ပါတယ်။ ရှေးရှေးယခင်တွေကတည်းကလည်း အစိုးရအပြောင်းအလဲမှာ အကျဉ်းသားတွေ လွှတ်လေ့ရှိပြီး၊ (လွှတ်တဲ့အကျဉ်းသားတွေထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ ပါလေ့ရိ၊မရှိတော့မသေချာ) အဲဒီကောင်းမြတ်တဲ့အစဉ်အလာကို ဆက်လက်လိုက်နာသင့်ပါတယ်။ ရှေးကထက် သာလွန်သော အစိုးရသစ်ဖြစ်ဖို့ကြိုးပမ်းသွားမယ်ဆိုရင် သမိုင်းစာမျက်နှာမှာ အပြောင်းအလဲ ခေတ်၊ စနစ်တစ်ခုအနေနဲ့ ဒီအစိုးရလက်ထက်ဟာ ရေးမှတ်ရတော့မှာပါပဲ။

လူတွေဟာ ဘယ်သူကမှ မိသားစုနဲ့ ခွဲပြီး ထောင်ထဲမှာနေရကြတာကို ပျော်တာမဟုတ်ဘူး။ ကိုယ့်ရဲ့ ယုံကြည်ချက်အတွက်သာ ဒီဘ၀ရဲ့ အဖိုးတန်နေ့စွဲတွေကို ရင်းလိုက်ကြရတာ။ သူတို့ရဲ့ ယုံကြည်ချက်ကို သူတို့ယုံကြည်နေတာကို ခွင့်ပြုနိုင်ရင် နိုင်ငံရေးအကျဉ်းသားဆိုတဲ့စကားလုံးရှိလာစရာကို မရှိတော့ပါဘူး။

ဟိုတစ်လက အန်ကယ် ငြိမ်းအေးအိမ်ရဲ့ wall မှာရေးလိုက်သေးတယ်။ စစ်ပွဲ ဆိုတဲ့စကားလုံးပြီးရင် ကမ္ဘာမှာ မရှိသင့်ဆုံး စကားလုံးက နိုင်ငံရေး အကျဉ်းသား ဆိုတာပဲ လို့။ ကျွန်တော်တို့နိုင်ငံဟာ အခုဆို အေစီယမ် နိုင်ငံတွေမှာတောင် စိးပွားရေးအရ ဘိတ်ချေး၊ ဓားမနောက်ပိတ်ခွေး၊ အရံကစားသမားတွေထဲမှာ နောက်ဆုံးကောင်၊ ကမ္ဘာ့ဆင်းရဲမွဲတွေမှု ဇယားမှာကြတော့ ခေါင်းမော့ရင်ကော့ ဆုတံဆိပ်ကြီးယူလို့၊ ဒါတို့မြေ ဒါတို့ပြေ၊ တို့ပိုင်နက်မြေ ဆိုတဲ့ နိုင်ငံတော်သီချင်းကြီး ဆိုဖို့ လွတ်လပ်ရေးကို တိုက်ယူခဲ့တဲ့ လူကြီးလူကောင်းတွေကိုတောင် အားနာစရာ။ သူတို့သာမတိုက်ဘဲ ဖှောရှောလုပ်ထားခဲ့ရင်တောင် အင်္ဂလန်ရဲ့ ဓနသဟာရဖြစ်နေပြီး ဘုရင်မကြီးပိုက်ဆံတွေသုံးရင်း ဆိုက်ရောက်ဗီဇာတွေနဲ့ ကမ္ဘာပတ်နိုင်မယ်။ ကိုယ့်လူမျိုးတွေက ကိုယ့်နိုင်ငံကို ပိုများ အကျိုးပြုမလားဆိုပြီး တိုက်လိုက်ခါမှ မှန်းချက်က နှမ်းထွက်မကိုက်ဘဲ၊ အပျက်အပျက်တွေနဲ့ နှာခေါင်းသွေးထွက်များနေခဲ့တာဟာ မျိုးဆက်သစ်တွေအားလုံးအတွက် ရှက်စရာကိစ္စပါပဲ။ အဲဒီကြားထဲ အတူ ပူးပေါင်းမလုပ်နိုင်ရုံမကဘူး။ နိုင်ငံရေးသမားဆိုရင် တစ်မှုမှုနဲ့ဖမ်းတာပဲ။ ဓာတ်တိုင်အောက်ရပ်နေရင် အီလက်ထရောနစ်ဥပဒေ၊ တီဗီရှေ့မှာ နှာချေရင် ခေါင်းဆောင်ကြီးကို အကြည်အညိုပျက်စေမှု၊ ဒေါ်လာငွေတစ်ကျပ်အိတ်ထဲရှိလျှင် နိုင်ငံခြားငွေကိုင်ဆောင်မှု စသဖြင့်တွေ။ ပြိုင်တူတွန်းရင် ရွေ့နိုင်ပါသည်ဆိုတဲ့နေရာမှာ တိုင်းပြည်ကို ပြိုင်တူဖျက်လျှင် ပျက်နိုင်ပါသည်လို့တောင် အစားထိုးရမလိုဖြစ်လာတယ်။ အဲဒါတွေရဲ့ဆိုးကျိုးကို ကျွန်တော်တို့အားလုံး ခံစားရပြီးပြီ။ မလေးရှားက စာမတတ်၊ပေမတတ် အင်မီဂရေးရှင်းက ခပ်ထုံထုံ ထိုင်းထိုင်း ကြပ်မပြည့်ပုံပေါက်လှတဲ့ အရာရှိကတောင် မြန်မာစာအုပ် (passport) ဆိုရင် အထင်သေးသလို ကြည့်တတ်လာတဲ့အထိဖြစ်ခဲ့ကြပြီ။ ဟိုးအရင်က ရွှေထီးဆောင်းခဲ့တဲ့ခေတ်ကဆို မြန်မာလူမျိုးတွေဟာ အင်္ဂလန်၊ အမေရိကန်တွေကို ဒီလိုပဲ သွားလာခဲ့ကြတာပါပဲ။ နိုင်ငံရဲ့အခြေအနေမကောင်းရင်ကို အထင်သေးချင်သလိုလိုရောဂါဟာ တခြားနိုင်ငံတွေမှာဖြစ်လေ့ရှိတယ်။ တခြားဟာတွေကို ပြောင်းချင်ပြောင်းနိုင်မယ်။ အ၀တ်အစား၊ လူနေမှုအဆင့်အတန်း၊ ပညာရေး စသဖြင့်တွေ။ ဒါပေမယ့် မြန်မာလူမျိုးတစ်ယောက်အနေနဲ့ အစိုးရလွှတ်တာမဟုတ်ရင် စာအုပ်အနီလေးကိုတော့ စွန့်လွှတ်လို့မရသေးဘူး။ မြန်မာ ဆိုတဲ့ Identity ဟာ၊ မြန်မာဆိုတဲ့ Image ဟာ တခြားနိုင်ငံတွေမှာ ဆင်းရဲမွဲတေ၊ မတည်ငြိမ်တဲ့ နိုင်ငံလို့မြင်သွားအောင် လုပ်ခဲ့ကြတာဟာလည်း ကျွန်တော်တို့ရဲ့ရှေ့မျိုးဆက်တွေပဲ။ အမွေဆိုတာ ဆိုးမွေရော၊ ကောင်းမွေကိုပါ ရှောင်လို့မရဘူး။ ဆိုးမွေကို ဖျောက်ပစ်ဖို့၊ ရှင်းပစ်ဖို့ကို ကြိုးစားကြရမှာပဲ။

အခုအချိန်မှာ ဆီလျော်တဲ့ စကားပုံလေးတစ်ခုကိုပြန်ပြောရရင်

ချောက်ကမ်းပါးကို ခုန်တဲ့အခါမှာ နှစ်စွေ့ခုန်နဲ့ ကျော်လို့မရဘူးဆိုတာပါပဲ။

ပြတ်ပြတ်သားသားဆုံးဖြတ်လုပ်ဆောင်ရမယ့်ကိစ္စတွေမှာ အလယ်မှာ ခဏနားမယ်ဆိုပြီး လုပ်လို့မရပါဘူး။ တခါတည်း အားထည့်ပြီး ခုန်လိုက်မှပဲ တစ်ဖက်ကမ်းကိုရောက်ပါတယ်။ မဟုတ်ရင်တော့ ချောက်ကမ်းပါးထဲ ပြုတ်ကျသွားစရာပဲရှိပါတယ်။ Yes or No လုပ်ရမယ့် အချိန်မှာ Maybe လုပ်လိုက်တဲ့သူဟာ ချောက်ကမ်းပါးကို နှစ်စွေ့ခုန်ကြည့်တဲ့လူမျိုးနဲ့တူပါတယ်။

တစ်ဝက်စိတ်ထားကောင်းတယ်ဆိုတာနဲ့ တစ်ဝက်စိတ်ပုပ်တယ်ဆိုတာဟာ အတူတူပါပဲ။

ဝမ်းသာချက်ထ်/2 ဆိုတာ ၀မ်းသာချက်ထ် ကို တစ်ဝက်လုပ်ထားတာပါ။ ကျန်တဲ့ဝမ်းသာမှုတစ်ဝက်ကတော့ ကျန်တဲ့ နိုင်ငံရေးအကျဉ်းသမားတွေ လွတ်လာတဲ့အခါ ရမယ့် ၀မ်းသာမှုပါ။

စာကလေးတွေကိုတောင် အနှောင်အဖွဲ့နဲ့မနေစေချင်တဲ့ မြန်မာလူမျိုးတွေဟာ၊ လွတ်မြောက်သွားတဲ့ စာကလေးတစ်ကောင်အတွက် ပျော်ရွှင်တတ်တဲ့ ကျွန်တော်တို့မြန်မာလူမျိုးတွေဟာ အချုပ်ထောင်က လွတ်မြောက်လာတဲ့ ရဟန်း ရှင်လူ၊ ပြည်သူအပေါင်းအတွက် ဘယ်လောက်များတောင် ပျော်ရွှင်ကြမလဲဆိုတာ တွက်ဆကြည့်နိုင်ပါတယ်။ ဒီလုပ်ရပ်ဟာ နိုင်ငံရဲ့ ပျော်ရွှင်မှု GNH (gross national happiness) တိုးစေတဲ့ လုပ်ရပ်ဖြစ်တယ်ဆိုတာကို အသိအမှတ်အပြု ကျေးဇူးတင်ရင်း ၊ လွတ်မြောက်လာတဲ့သူအပေါင်းကို အ၀ါရောင်ဖဲကြိုး အထောင်အသောင်းကို ပစ်မြှောက်ရင်း ကြိုဆိုလိုက်ပါတယ်။ Let's build the country together!

With Regards,
The Gardener



Peace B with U.