အ၀ါရောင်လိပ်ပြာများ၏ တောင်ပံတွင် ဆေးမင်ထိုးထားသည်။
မသေချာမှုများဖြင့်ထွန်းညှိထားသော စိတ္တဇအလင်းတန်းများ။ conceptual အိမ်မက်များ၊ ပြန်လမ်းမဲ့သော သက်ပြင်းချသံများ၊ တိုးတိုးညင်သာ အကြည့်များအားလုံးသည် Pink Flyod ဂီတ၏ လွှမ်းမိုးမှုဖြင့် ခြေရာဖွဖွများသာ တောက်ပရွှန်းစိုနေခဲ့သည်။
မနက်ဖြန် အိမ်ပြန်ရတော့မည်။ပျော်ရွှင်မှုသည် ရင်တွင်းတစ်ဆို့နေသော နာကျင်မှု အပဲ့စများသာဖြစ်နိုင်ပါသည်။ ကြားနေကျ ပုံပြင်တွင် တူညီသော ဒဏ်ရာရထားသည့် သိုး ၁၃ကောင်၌် သိုးထိန်း တစ်ယောက်သာရှိသည်။ သိုးများသည် သခင့်အော်သံကိုသာ မှတ်မိသော ခပ်အအ အကောင်ငယ်ကလေးများလည်း ဖြစ်နိုင်သေးသည်။ တင်ပါးတွင် ကြယ်လေးတစ်စင်းပါသော သိုးကို မူရာကာမိ မွေးထားခဲ့သေးလားဆိုသည်ကို သေချာမမှတ်မိတော့။ေ၀၀ါးလွန်းသော ဒဏ်ရာများကိုမေ့ပြီး နာကျင်မှုများကို သတိရနေသူတစ်ယောက်သည် ခုနစ်စဉ်ကြယ်ရောင်အောက်တွင် လမ်းပျောက်ကို ရှာတွေ့နေသည်။ မလျော်ညီလွန်းသော ဂီတသံကို ဆူညံမှုဟုသတ်မှတ်လျှင် ထိုအရာသည် စိတ်တွင်းဆူညံမှုနှင့် လားရာတူ ပဋိပက္ခများလည်းဖြစ်သေးသည်။
After Dark မှ ဇာတ်ကောင်များကဲ့သို့ intellectual curiosity သူ့ထံတွင် ဘယ်လောက်ကျန်နေသေးမှန်း သူ မသိပါ။ မသိခြင်းများ ဆတိုး တိုးတက်လာပြီး မသိခြင်းများအတွက် အပြုံးမပျက်၊ အသက်ရှူနှုန်းေုပြာင်းလဲခြင်း မရှိခဲ့သည်မှာလည်း ကြာခဲ့ပြီဖြစ်သည်။ ထိုအရာသည် အသားကျနေပြီးသော အမှန်တရားတစ်ခုဖြစ်နိုင်သည်။ တကယ့် အမှန်တရားအစစ်တစ်ခုထက် အမှန်တရားဟု သတ်မှတ်ယုံကြည်နေမိသော ပုဂ္ဂလိက အမှန်တရားတစ်ခု ပို၍ဖြစ်နိုင်သည်။
Ray Charles သီချင်းများပြန်လည်နားထောင်ရင်း အသက်ငါးနှစ်တွင် မျက်မမြင်ဖြစ်ခဲ့ရသည့်ဘ၀သည် ဘယ်လိုများနေလိမ့်မလဲ ဆိုသည်ကို တားမရဆီးမရတွေးနေမိသည်။ အလင်းရောင်သည် ထင်သလောက်မလိုအပ်သည့်အရာတစ်ခု ဖြစ်နေလေမည်လား။ တစ်ခါတစ်ခါ အမှောင်ထဲကြီးပြင်းလာသည့် မှိုပွင့်များကို အိမ်မက်မက်လေ့ရှိသည်။ စွတ်စို ထိုင်းမှိုင်းသည့်ပတ်ဝန်းကျင်အေးစိမ့်စိမ့်တွင် အလင်းမဲ့ရှင်သန်ရသည့်ဘ၀မျိုးအတွက် မည်သူတစ်ဦးတစ်ယောက်မျှ အသင့်ဖြစ်ခဲ့ကြမည် မဟုတ်ပါ။ ရွေးချယ်ခွင့်မဲ့စွာ ရင်ဆိုင်လိုက်ကြရခြင်းပင် ဖြစ်လိမ့်မည်။ ကျွဲရိုင်းသတ်သမားသည် သူ့လျှင်မြန်မှုကို လောင်းကြေးထပ်ထားသလို အဖြစ်မျိုးဖြစ်မည်။ ကွင်းထဲတွင် ကျွဲတစ်ကောင် ဒုန်းစိုင်းပြေးလာပြီး ကိုယ့်ကို ခတ်တော့မည့်အချိန်တွင် ရွေးချယ်စရာ အနည်းငယ်သာ ကျန်တော့သလိုမျိုးသာဖြစ်သည်။
စကားလုံးကြီးကြီးများဖြင့် ပစ်ခတ်ရန် မောင်းတင်နေရသော ခေတ်တစ်ခေတ် ကျိုးပျက်သွားသည်ကို သံဝေဂရမိမလိုဖြစ်နေသေးသည်။ ဘ၀သည် အ၀ိုင်းပတ်ကားလမ်းဖြစ်သည် ဆိုသည်ကို အတော်လေးကြေကွဲခဲ့ဖူးသော်လည်း စက်တင်ဘာလ ဂရန်း(ဒ)ပရီတွင် အ၀ိုင်းပတ်ကားလမ်းအတွင်း မိုက်ကယ်ရှူးမေကာ ကားဘီးပြုတ်သွားသည်ကိုတွေ့ရသည့်အခါ၊ စိတ်သက်သာရာရခဲ့သည်။ ဘ၀က ဆက်လက်မောင်းနှင်ခိုင်းနေသော်လည်း လွတ်လပ်စွာ ကားဘီးကျွတ်ခွင့်ကျန်နေသေးသည်။ သို့တည်းမဟုတ်၊ အသက်အန္တရာယ်ကင်းသော တစ်ခုခုကို တိုက်မိချင်ယောင်ဆောင်ရင်း ပြိုင်ပွဲကထွက်နိုင်သေးသည်။ ထို့နောက် ဘ၀သည် ပျော်စရာပိုကောင်းလာသည်။ ဘ၀သည် ရပ်တန့်လိုသူများအတွက် ဟာကွက်များလှသော ကစားပွဲ အနုံစားလေးတစ်ခုသာဖြစ်သည်။
ကဗျာတစ်ပုဒ်ကိုရေးရင်း စိတ်ချမ်းသာခြင်း၊ စိတ်ဆင်းရဲခြင်း ကင်းမဲ့ဇုန်သို့ ကူးလူးလွင့်မျောနေသော စိတ်အခြေအနေကို နှစ်သက်သည်။ အရှိတရား၏ နယ်နိမိတ်စည်းမျဉ်းပေါ်တွင် နောက်ဆုံးရပ်တန့်နေသော ခြေထောက်လေးကို ရွှေ့ကြည့်လိုက်လျှင် နောက်ထပ် ကမ္ဘာသစ်တစ်ခုသို့ ရောက်သွားလိမ့်မည်။ ထိုအရာများသည် ရွေးချယ်မှုများသာဖြစ်သည်။ ယုံကြည်နိုင်သလောက် ရဲရင့်ကြည့်သင့်သည်။ မနက်ဖြန်များသည် မသေချာမှုများဖြင့် တည်ဆောက်ထားသော concept သက်သက်သာဖြစ်သည်။ သင်သည် reality တစ်ခုချင်းကို concept များကို ပြုပြင်ရင်း တစ်စက္ကန့်ခြင်း ဖန်ဆင်းနေသူသာ ဖြစ်သည်။ ထို reality များသည် သင်ဖန်ဆင်းပြီး သင်ပြန်ယုံကြည်နေမိသော ထောင်ချောက်များလည်း ဖြစ်နိုင်သေးသည်။ သို့တည်းမဟုတ် ဥပါယာသ မီးတောက်များလည်းဖြစ်နိုင်သည်။ သင့်ရင်တွင်း၌ တောက်လောက်နေသော မီးများသည် reality အတုတစ်ခုသာ ဖြစ်သော်လည်း နာကျင်ပူလောင်မှုများသည် reality အစစ်တစ်ခု ဖြစ်နေနိုင်ပါသည်။ လူ့ဘ၀ရဲ့ အခက်ခဲဆုံးသော ကိစ္စမှာ လောကဓံ အတုနှင့် အစစ်ခွဲခြားရခက်ခဲခြင်းသာ ဖြစ်ပါသည်။ လောကဓံအားလုံးကို အတုဟုယူဆထားသူသည် ခံစားရသက်သာပါလိမ့်မည်။ ဇာတ်လမ်းတစ်ခုကို ဖြစ်ရပ်မှန်ထင်သူထက် ပိုကြေကွဲရသူမရှိတော့ပါ။
လမ်းများကို ထပ်မံလျှောက်လှမ်းမသွားတော့ပါ။ သူသည် လမ်းခရီးအတွင်း ပျော်ဝင်စီးမျောလိုက်ပါလိုက်သော ခရီးသွားတစ်ယောက်သာဖြစ်သည်။ အိပ်တန်းပျံငှက်များ၏ တောင်ပံတွင် သူ့ကိုတွေ့မိသလိုလို၊ ကုန်သည်လေများ၏ အထုပ်အပိုးဖြစ်သည့် အဆုပ်လိုက်ပွင့်သော တိမ်တိုက်များတွင် သူလိုက်ပါသွားသလိုလိုဖြစ်နေသည်။ လမ်းခွဲမှတ်တိုင်များတွင် သူ့ခြေရာကို အ၀ါရောင် သွေးစက်များအဖြစ်တွေ့ရပြီး၊ သွေးအေးသတ္တ၀ါများ၏ သွေးအမျိုးအစားတွင် လေမိုဂလိုဘင်သည် သူ၏ ဒုတိယနာမဖြစ်နေပြန်သည်။ သူသည် မျက်နှာဖုံးများ၏ တိမ်ကောရာဒေသတွင် အခြေချသော တေးသံချိုဖြစ်သည်။ သဘာဝတရားအားဖြင့် ရှင်သန်ပေါက်ရောက်သော အစိမ်းဖျော့မြက်တစ်ပင်လည်းဖြစ်သည်။ သူ့တွင် လေးလံသော မျှော်လင့်ခြင်းများမရှိတော့။ ခက်ခဲသော နောင်တတရားဆိုင်ရာ မေးခွန်းများလည်းမရှိတော့။ သူသည် အဖြေမလိုသော concept သက်သက် တစ်ခုသာဖြစ်သည်။
အမှန်တရားများကို သက်သေပြရန်မလိုအပ်တော့ပါ။ သိနေခြင်းတရားကို သိနေခြင်းမှာထားလိုက်ခြင်းသည် အေးငြိမ်းမှုအတွက် တန်ရာတန်ကြေးပင်ဖြစ်သည်။ မနက်ဖြန်၏ နေရောင်ခြည်တွင် သင်၏အနွေးဓာတ်ပါဝင်နေကြောင်း သင်ခံစားရိပ်မိပါသလား။ ထိုမေးခွန်းသည် concept တစ်ခုသာဖြစ်၍ အဖြေမလိုအပ်ပါ။ စိတ်ဖြင့်သာ သေချာနေရသော လောကတွင် စိတ်ကို အနည်းဆုံး အသုံးပြုရင်း ဘ၀ကို အတိုဆုံးဖြတ်သန်းသွားသူများသည် အောင်မြင်မှု၊ ရှုံးနိမ့်မှုမှ လွတ်မြောက်သူများသာဖြစ်နေကြောင်း ကျွန်တော်တို့ သိခဲ့လျှင် စိတ်ချမ်းသာမှုလမ်းကြောပေါ်သို့ ကျွန်တော်တို့စိတ်များကိုတည့်မတ်စွာ မောင်းနှင်လွှတ်လိုက်နိုင်သည်။ သို့တည်းမဟုတ် အန္တရာယ်ကင်းသော အဆီးအတားတစ်ခုခုကို တိတိကျကျ တိုက်ပစ်လိုက်ပြီး ပြိုင်ပွဲမှ ထွက်ပစ်လိုက်နိုင်သည်။ ထိုအရာသည် သီအိုရီတစ်ရပ်သာဖြစ်သည်။ ညီမျှခြင်း၏ အခြားတစ်ဖက်တွင် သုညတစ်လုံးရှိနေမည်ကို ကြောက်ရွံ့သောစိတ်ဖြင့် ဘ၀ကို ဖြတ်သန်းနေကြခြင်းသည် နည်းနည်းမှ ရင်ခုန်စရာမကောင်းလှပါ။
သေချာခြင်းသည် လူ့ဘ၀ကို သမ်းဝေစေသော ဆူညံသံဂီတတစ်မျိုးသာဖြစ်သည်ဟု ........................။ ။
With Peace,
Zephyr
Notes:
စနေနေ့က စင်ကာပူမှာ ၁၂ ကြိမ်မြောက်သွေးလှူရင်း သွေးလှူတဲ့ကုတင်ပေါ်က အတွေးတွေကို ပြန်ရေးလိုက်ပါတယ်။ စုစုပေါင်း သွေးလှူတာ ၁၄ ကြိမ်ရှိသွားပြီ။ ကျန်းမာရေးကောင်းပြီး သွေးလှူချင်တဲ့သူတွေကို သွေးလှူကြပါလို့တိုက်တွန်းပါတယ်။ ကြည်နူးစရာကောင်းတဲ့ အလုပ်ဖြစ်သလို၊ ကုန်ကျစရိတ် မလိုဘဲ လှူနိုင်တဲ့အလှူလည်းဖြစ်ပါတယ်။
Peace B with U.