Friday, September 23, 2011

ဒီမိုကရေစီပြည်သူများသည် ဧရာဝတီကို သာမက အုပ်ချုပ်ခွင့်ကိုပါပိုင်သည်။

ဒီမိုကရေစီပြည်သူများသည် ဧရာဝတီကို သာမက အုပ်ချုပ်ခွင့်ကိုပါပိုင်သည်။


ကျွန်တော်တို့တွေဟာ အေးချမ်းတဲ့မြန်မာတွေ။

ဒါပေမယ့်သဲအိတ်တော့မဟုတ်ဘူး။

သဲအိတ်တွေကတော့ ဘာမဆို ငုံ့ခံကြတယ်။

ကျွန်တော်တို့တွေကတော့ လိုအပ်ရင် ပြန်ပြီး ပြောဆိုကြမယ်။ ဆွေးနွေးကြမယ်။

ကောင်းမွန်တဲ့ရလဒ်တွေဆီ ဦးတည်သွားမယ်။

အဓိကပြောချင်၊သတိပေးချင်တဲ့ အချက်က တစ်ခုတည်းပါပဲ။

ဧရာဝတီကို ပြည်သူတွေ ပိုင်တယ်ဆိုတာမမေ့လိုက်ပါနဲ့။


ဝန်ကြီးဖြစ်စေ၊ သမ္မတဖြစ်စေ၊ ပြည်သူ့ဆန္ဒနဲ့ ဆန့်ကျင်ပြီး ဆည်တည်ဆောက်တယ်ဆိုရင်တော့ ဒါဟာ ဒီမိုကရေစီကို ဖော်ဆောင်တာမဟုတ်တော့ပါဘူး။ ဒါဟာ အာဏာကို ပြည်သူ့ဆန္ဒကို ငြင်းပယ်တဲ့ ဗီတိုအာဏာအဖြစ် သုံးစွဲခြင်းလည်းဖြစ်ပါတယ်။


တိုင်းပြည်ကို အုပ်ချု့ပ်ရသူတွေဟာ တိုင်းပြည်ကို ပိုင်တယ်လို့ ယူဆလို့မရပါဘူး။ တိုင်းပြည်ကို ပိုကောင်းအောင်လုပ်ဖို့ ခန့်အပ်တာဝန်ပေးတယ်လို့ပဲယူဆရပါမယ်။ တိုင်းပြည် အကျိုးကို ဆထက်ထမ်းပိုး ထမ်းဆောင်ဖို့ အတွက် အခွင့်အလမ်းရတဲ့အချိန်မှာ၊ ပြည်သူလူထုရဲ့ မျှော်လင့်ခြင်းရောင်ခြည်သမ်းစအချိန်၊ အရင်လို မဟုတ်တော့ဘူး၊ ပြုပြင်ပြောင်းလဲမှုတွေ အများကြီး တွေ့နေရပြီး အစိုးရအပေါ် အမြင်ကြည်လင်စပြုလာတဲ့အချိန်မျိုးမှာ ဒီလုပ်ရပ်ဟာ dead end ကို ဦးတည်လွန်းနေပါတယ်။ ပြန်လည်သုံးသပ်ဖို့ အစီအစဉ်မရှိဘူး။ ဘူ (ဘယ်သူ)တားတား တား(သား)ကတော့ လုပ်မှာပဲဆိုပြီး ဂျီကျတဲ့ အထာတွေကို ဒီအဆင့်မှာ ပြောလို့မရတော့ပါဘူး။


လူတစ်ယောက်ကို ခန့်အပ်တာဝန်ပေးတဲ့အခါမှာ သူ့ရဲ့ နည်းပညာဆိုင်ရာ အရည်အချင်းအပြင် ပြောဆိုဆက်ဆံမှု၊ တင်ပြပုံ ကျွမ်းကျင်မှုတွေကို သုံးသပ်ဖို့လိုပါတယ်။ ဘွင်းဘွင်းသမားမို့လို့ တုတ်ထိုးအိုးပေါက်ပြောတယ်ဆိုရင်တောင်မှ ကိုယ်ပြောတဲ့စကားရဲ့ အတိုင်းအတာကို သိဖို့လိုတယ်။ အမှန်ကို ပြောရင် ရဲရင့်ဖို့လိုပေမယ့် အမှန်လို့ ထင်တာကို ၀ံ့ဝံ့ကြွားကြွားကြီး ပြောတာကတော့ ဆင်ကန်းတောတိုးသလို ပညာမဲ့ပြောစကားဆန်လွန်းပါတယ်။

နည်းပညာဆိုင်ရာမှာ ကျွမ်းကျင်သူတွေကို ပြောရေးဆိုခွင့်ပေးစရာလည်းမလိုပါဘူး။ သူဟာ စကားကို လူလိုသူလို ပြောတတ်တဲ့သူမျိုးမဟုတ်ဘူးဆိုရင် စကားပြောခွင့်အာဏာကို ပိုပြီး ပြေပြေပြစ်ပြစ်ပြောတတ်တဲ့သူဆီကိုလွဲပေးရပါမယ်။ software industry မှာဆိုရင် developer က ဘယ်တော့မှ presentation မလုပ်ပါဘူး။ အဲဒါဟာ သူ့အလုပ်လည်းမဟုတ်ပါဘူး။ သူ့ထက် နားလည်ပြီး laymen terms တွေ၊ business logic တွေပိုနားလည်တဲ့ Project Manager တွေက presentation လုပ်သလိုပါပဲ။ စာရေးတယ်ဆိုတာမှာလည်း ငါသာအသိဆုံးဆိုတဲ့ ငါ့အသိထက် အကျိုးသင့်အကြောင်းသင့် ရှင်းပြဖို့က ပိုပြီးလိုအပ်ပါတယ်။


သိနေတဲ့အသိတရားကို လက်မခံတာမဟုတ်ဘဲ၊ သိထားတဲ့အသိတရားကို တင်ပြပုံမှားနေလို့ ဝေဖန်ခံရတဲ့အခါ ရာထူးအဆင့်ကို အသုံးချပြီး ဘယ်ကောင် ငါ့လောက်တတ်လို့လဲဆိုတဲ့ အပြောမျိုး ရင့်သီးတာမျိုးကိုတော့ ယဉ်ကျေးတဲ့ ဒီမိုကရေစီ အုပ်ချု့ပ်ရေးအဖွဲ့အစည်းမှာ ရှိသင့် မရှိသင့် ပြန်ပြီးသုံးသပ်ဖို့လိုပါတယ်။ ဒီမိုကရေစီကျင့်သုံးတဲ့ နိုင်ငံတကာမှာ တိုင်းပြည်ရဲ့ အရေးကို ပြည်သူလူထု စွက်ဖက်ခွင့်မရှိဘူးဆိုတဲ့ အမြင်၊ သဘောထားမျိုး ဘယ်နိုင်ငံမှာမှ ရှိတာကို မတွေ့ရပါဘူး။


အာဏာရှင်ဆန်တဲ့ အပြောအဆိုကို ဒီမိုကရေစီ စနစ်မှာ သုံးလို့မရပါဘူး။ ဒီမိုကရေစီစနစ်မှာ အာဏာပိုင်သူဟာ ပြည်သူလူထုဖြစ်ပါတယ်။ အဲဒါကို ဒီမိုကရေစီနိုင်ငံက ၀န်ကြီးတစ်ယောက်က လက်လွတ်စပယ်ဖြစ်နေတာကို ရှင်းရှင်းကြီးမြင်ရလိုက်တဲ့အခါမှာ ဒီဝန်ကြီးဟာ ဒီမိုကရေစီ အုပ်ချုပ်ရေးအဖွဲမှာ နေရာရသင့်ရလား ပြန်တွေးမိစေပါတယ်။ ၀န်ကြီးရဲ့ သဘောထားဟာ လက်ရှိ အာဏာရ အစိုးရ အဖွဲ့ရဲ့ သဘောထားပဲလားဆိုတာကို ရှင်းပြဖို့လည်းလိုလာပါတယ်။ အစိုးရရဲ့သဘောထားကို ၀န်ကြီးတစ်ယောက်က ဆုံးဖြတ်ပြောဆိုခွင့်ရှိတယ်ဆိုရင်တော့ ၀န်ကြီးဟာ သမ္မတထက်ပိုပြီး အခွင့်အာဏာရှိရာလည်းရောက်သွားပါတယ်။


ဘယ်ကိစ္စမဆို သံသယ၀င်နိုင်တာရှိတိုင်း ဒီမိုကရေစီ နည်းလမ်းအရ ပြည်သူကို ရှင်းပြဖို့လိုပါတယ်။ ပြည်သူ့ဆန္ဒမပါတဲ့ကိစ္စကို ပြည်သူ လူထုဟာ ဆန့်ကျင်ခွင့်ရှိရပါမယ်။ ဒီမိုကရေစီရဲ့ အနှစ်သာရကို လက်ခံတဲ့အတွက် လွတ်လပ်စွာ ပြောဆိုတဲ့ သူတွေကို ဆန့်ကျင်ဘက်တွေ လုပ်သူတွေလို့ မမြင်သင့်ပါဘူး။ တိုင်းပြည်အတွက် ပြည်သူတိုင်းမှာ တာဝန်ရှိပါတယ်။ တကယ်လို့ ဧရာဝတီမြစ် မှာဆည်ဆောက်တာရဲ့ ဘေးထွက်ဆိုးကျိုးတွေရှိရင် တကယ်ခံရမယ့် သူတွေအနေနဲ့ ဘာမှ ပြောခွင့်မရှိဘူးဆိုရင် အဲဒီလို ယူဆတဲ့ အယူအဆကို ဒီမိုကရေစီ စံနှုန်းတွေနဲ့ ပြန်လည် တိုက်ဆိုင် စစ်ဆေးသင့်တယ်။


ဟုတ်ရင် ဟုတ်တယ်။ မဟုတ်ရင် မဟုတ်ဘူး ပြောဖို့လိုတဲ့ကိစ္စတွေမှာ ငါသာလျှင် အသိဆုံးဆိုပြီး ပြောတာဟာ မေးခွန်းကို ဖြေတာလွဲနေပါတယ်။ တရုတ်ပြည်မှာ သူတို့ ဘာလို့ ရေကာတာမဆောက်လဲ။ သူတို့ စွမ်းအင်လိုအပ်ချက်ဘယ်လောက်ကြီးလဲဆိုတာ လွန်ခဲ့တဲ့ ဆယ်နှစ်ကတည်းက ပညာတတ်အသိုင်းအ၀ိုင်းမှာ ကျယ်ကျယ်လောင်လောင်ပြောခဲ့ကြတာပါ။ တရုတ်ပြည်မှာ ကန္တာရတွေ ကျယ်ပြန့်လာတာ၊ မြစ်တွေ ကောသွားတာ ဘာကြောင့်လဲဆိုတာမျိုးကို လက်ခံနိုင်လောက်တဲ့ အဖြေမျိုးပေးမယ်ဆိုရင် ပြည်သူတွေဟာ တကယ် အားကိုးလို့ရတဲ့ ပညာရှင်တွေကို အားမကိုးကြစရာ အကြောင်းမရှိပါဘူး။ တရုတ်ပြည်ဟာ ဆင်းရဲတဲ့ နိုင်ငံတွေမှာ သဘာဝသယံဇာတအတွက် အကျိုးတူပူးပေါင်းတာကို အာဖရိကနိုင်ငံတွေမှာကတည်းက ကျွန်တော်တို့ သိခဲ့ပြီးပါပြီ။ ဒေါ်လာငွေ ဘီလျံနဲ့ချီပြီး ရေနံထွက်တဲ့ အာဖရိက နိုင်ငံတွေကို နှစ်စဉ်ထောက်ပံ့နေတဲ့ အကျိုးလိုလို့ ညောင်ရေလောင်းတဲ့ ဘီလျံဒေါ်လာ ညောင်ရေတွေ အကြောင်း မကြာခဏလည်း ဖတ်ကြပြီးပါပြီ။


တရုတ်နိုင်ငံဟာ တိုးတက်မှု မညီမျှတဲ့ ပြဿနာကို အခုအထိ မရှင်းနိုင်သေးသလို၊ သယံဇာတ ပြဿနာကိုလည်း ခေါင်းပေါ်ရွက်ထားရတုန်းပါပဲ။ နိုင်ငံတကာ အသိုင်းအ၀န်း စံနှုန်းတွေနဲ့ညီဖို့ ကမ္ဘာ့စံမမီသေးလို့ ကြိုးစားနေဆဲ စီးပွားရေး အင်အားကြီးနိုင်ငံတစ်နိုင်ငံပဲရှိပါသေးတယ်။ ချမ်းသာတာနဲ့ အဆင့်အတန်းရှိတာနဲ့ဟာ မတူညီသလိုပဲ၊ ဒီမိုကရေစီ ပေတံနဲ့တိုင်းရင် လွန်ခဲ့တဲ့ နှစ်တွေမှာ တရုတ်ပြည်ရဲ့ အဆင့်ဟာ စီးပွားရေးအတွက် ဘာမဆို လုပ်ဖို့ဝန်မလေးတဲ့ အနေအထားကနေ မတက်လာသေးပါဘူး။ အမေရိကန် နိုင်ငံ စီးပွားရေးကျပြီး ကမ္ဘာမှာ ဦးဆောင်မှုနေရာရွေ့နေတဲ့အချိန်မှာ ကမ္ဘာ့ထိပ်တန်းနေရာကို မှန်းနေတဲ့ တရုတ်ပြည်မှာ အင်တာနက် ကိုတောင် အစိုးရရဲ့ထိန်းချုပ်မှုအောက်မှာထားချင်နေသေးတဲ့ ရှေးရိုးစွဲ အယူအဆတွေ ပြည့်နှက်နေတုန်းပါပဲ။ search result တွေကို filter လုပ်သလို၊ Google ဆီက data ခိုးဖို့ကြိုးစားတာတွေကိုလည်း လူတိုင်းအသိပါပဲ။ domain name ယူတဲ့လူကို traceလုပ်ဖို့ တောင်းဆိုတဲ့အတွက် လူတစ်ယောက်ချင်းစီရဲ့ လွတ်လပ်ခွင့်နဲ့ လူသားတန်ဖိုးကို အသိအမှတ်မပြုမှုမှာ တရုတ်ပြည်ဟာ ထိပ်တန်းအဆင့်လို့ပြောနိုင်ပါတယ်။ သူ့နိုင်ငံသားတွေကိုတောင် သူဂရုမစိုက်တဲ့ တရုတ်ပြည်က မြန်မာနိုင်ငံသားတွေ တိုးတက်ကြီးပွားဖို့ ရေအားလျှပ်စစ် စက်ရုံလာဆောက်ပေးမယ်ဆိုတဲ့ အယူအဆမျိုးကို ဘယ်လိုမှ လက်မခံနိုင်ပါဘူး။


နောက်တစ်ချက်က ရေအားလျှပ်စစ်ကနေရတဲ့ ၀င်ငွေဟာ နိုင်ငံတော်မှာ ဘာလုပ်ဖို့ လိုတယ်ဆိုတဲ့ စီမံကိန်းမျိုးနဲ့ ချပြတာမျိုးမဟုတ်ရင် ပြည်သူတွေ အနေနဲ့အကျိုးအမြတ်ဆိုတဲ့စကားလုံးကို အဓိပ္ပာယ်ေ၀၀ါးစေပါတယ်။ အစိုးရရဲ့ ၀င်ငွေဟာ အခွန်ဖြစ်ပြီး အခွန်ထမ်းဆောင်နိုင်လောက်အောင် ၀င်ငွေရှိတဲ့ နိုင်ငံသားတွေဖြစ်လာဖို့ကိုပဲ ပိုပြီး ဂရုစိုက်သင့်တယ်။ မီးခိုးတိတ်စက်ရုံလို့ ခေါ်နိုင်တဲ့ နည်းပညာ company တွေတိုးတက်လာဖို့ကို လျှပ်စစ်ဓာတ်အားပုံမှန်ရရှိဖို့လိုပြီး လိုအပ်တဲ့ လျှပ်စစ်ဓာတ်အားကို လုံလုံလောက်လောက် ပေးနိုင်ဖို့ လွန်ခဲ့တဲ့ နှစ် နှစ်ဆယ်လောက်ကတည်းက ရုန်းကန်ခဲ့ရပြီး အခုအထိ ရာနှုန်းပြည့်ဆိုတဲ့ အနေအထားနဲ့များစွာဝေးကွာနေသေးတာကို လစ်လျူရှုလို့မရပါဘူး။ ၂၄ နာရီ မီးလာဖို့ ကိစ္စမှာကို ကျွန်တော်တို့နိုင်ငံဟာ အရှေ့တောင်အာရှမှာ နောက်အကျဆုံးလောက်ဖြစ်နေပါသေးတယ်။ အဲဒီလို လူတကာသိနေတဲ့ကိစ္စကို အသိဆုံးဆိုတဲ့သူက မသိတာဘာကြောင့်လဲဆိုတဲ့မေးခွန်းဟာ လက်ရှိ အစိုးရ အဖွဲ့မှာ ပြန်လည် သုံးသပ်သင့်တဲ့ကိစ္စဖြစ်ပါတယ်။


နိုင်ငံတော်မှာ သဘာဝ အရင်းအမြစ်ကို အမီပြုပြီး လုပ်ကိုင်နိုင်တဲ့ ခရီးသွားလုပ်ငန်းမျိုးတွေကို အလေးပေးဖော်ဆောင်သင့်ပါတယ်။ မြန်မာနိုင်ငံလောက် သဘာဝပတ်ဝန်းကျင် မလှပတဲ့ နိုင်ငံတွေမှာတောင် ခရီးသွားလုပ်ငန်းတွေ ဖွံ့ဖြိုးရင် တိုင်းပြည်ရဲ့ဝင်ငွေကို များစွာတိုးတက်စေနိုင်တာ အိမ်နီးချင်း ထိုင်းနိုင်ငံရဲ့ ဥပမာကို ကြည့်နိုင်ပါတယ်။ ကျွန်တော်တို့တွေဟာ ကုန်ကြမ်းရောင်းတဲ့ နိုင်ငံအဖြစ်က ကုန်ချောရောင်းနိုင်တဲ့ နိုင်ငံဖြစ်ဖို့ကိုပဲ ပိုပြီးကြိုးစားသင့်တယ်။ ထိုင်းနိုင်ငံကို သဘာဝဓာတ်ငွေ့ ရောင်းပြီး ထိုင်းနိုင်ငံက Gas အိုး ပြန်ဝယ်သုံးရတာမျိုးဟာ ပြန်ပြီး သုံးသပ်သင့်တဲ့ အခြေခံ ပို့ကုနု မူဝါဒတွေပဲဖြစ်ပါတယ်။


အစိုးရရဲ့ (ကြိတ်ပုန်း) ဆုံးဖြတ်ချက်သည် အတည် ဆိုတဲ့ အယူအဆဟာ ဒီမိုကရေစီ နိုင်ငံတွေမှာ valid မဖြစ်ပါဘူး။


နိုင်ငံရဲ့ အကျိုးစီးပွားကို အားလုံး ပူးပေါင်းပြီး လက်ခံနိင်တဲ့ အဖြေမျိုးထုတ်ဖို့ ကြိုးစားကြရတာ ဒီမိုကရေစီ အစိုးရတွေရဲ့ လုပ်ငန်းတာဝန်ပဲဖြစ်ပါတယ်။

အစိုးရဟာ တိုင်းပြည်ရဲ့ တာဝန်ကို ပြည်သူတွေနဲ့ လက်တွဲဆောင်ရွက်မှသာ ဒီမိုကရေစီဆန်ပါတယ်။

အစိုးရဟာ အုပ်ချုပ်သူလူတန်းစား သပ်သပ်မဟုတ်ပါဘူး။ ဒီမိုကရေစီ အုပ်ချုပ်ရေးမှာ အစိုးရရဲ့ အခန်းကဏ္ဍဟာ တိုင်းပြည်အကျိုးကို အကောင်းဆုံးဖြစ်အောင် ကူညီလုပ်ဆောင်ဖို့ပဲလိုပါတယ်။


ဒီမိုကရေစီရဲ့ အဓိက အကျဆုံး အရည်အချင်းဟာ နိုင်ငံတော် ငြိမ်းချမ်းပြီး တည်ငြိမ်ဖို့ပါပဲ။


ဒီမိုကရေစီအစိုးရဟာ စီးပွားရေးကို ပြည်သူတွေကိုယ်စား ပြည်သူတွေလက်မခံတဲ့ အစီစဉ်ဆိုရင်တောင်မှ လုပ်ကိုင်မယ်ဆိုတာမျိုး လုံးဝမဖြစ်ရပါဘူး။ Win-win situation ဖြစ်သည် အထိ ကြိုးပမ်းနိုင်ဖို့လိုပါတယ်။ တကယ်လို့ ဆည်မဆောက်ရင် ဘာဖြစ်မလဲ။ အဲဒါကိုလည်း ရှင်းပြဖို့လိုပါတယ်။ ပြည်သူလူထုကို အလေးထားဖို့ လိုပါတယ်။ ပြည်သူလူထုဟာ သူ့တိုင်းပြည်မှာ မလုပ်စေချင်တာကို မလုပ်ဖို့လိုပါတယ်။ အမေရိကန်အစိုးရဟာ လစ်ဘာတီ ရုပ်ထုကို ပိုက်ဆံလိုလို့ တရုတ်ဆီရောင်းစားလို့မရပါဘူး။ ပြည်သူ့ဆန္ဒကို ခံယူရပါလိမ့်မယ်။ ဧရာဝတီမြစ်ကြီး ပျက်စီးမှာ ကြောက်တဲ့သူတွေကို မပျက်စီးနိုင်ကြောင်း လက်ခံနိုင်လောက်တဲ့ အဖြေပေးတတ်ဖို့လိုအပ်ပါတယ်။


ပြောင်းလဲဖွဲ့စည်းထားတဲ့ အာဏာရအဖွဲ့အစည်းဟာ ဒီမိုကရေစီ အခြေခံတွေကို ပိုမိုကျေညက်ဖို့လိုပါတယ်။

ဒီမိုကရေစီမှာ ကိုယ့်ကို မေးခွန်းမေးရင် ကိုယ်က ဖြေနိုင်တာ ဖြေလို့ရသလို၊ မဖြေနိုင်သေးရင်လည်း မဖြေနိုင်သေးတဲ့အကြောင်းပြောလို့ရပါတယ်။ ရမ်းတုတ်လိုက်ဖို့မလိုပါဘူး။ အချိန်ယူပြီး ပညာသားပါပါဖြေတတ်တာဟာလည်း ဒီမိုကရေစီရဲ့ ထင်ရှားတဲ့အမှတ်အသားပါပဲ။

ဒီမိုကရေစီဆန်တဲ့ ဒီမိုကရေစီ အစိုးရဖြစ်ဖို့ ပထမဆုံး လိုအပ်တာက ပြည်သူတွေ ပြောချင်တဲ့ စကားလုံးကို အရင်ဆုံး သေချာနားလည်အောင် ဆန်းစစ်ဖို့ပါပဲ။

ကြောင်းကျိုးဆီလျော်တဲ့ အဖြေတွေဟာ နှစ်ဦးနှစ်ဘက် ပြေပြေလည်လည်ဖြစ်ပြီး ရေရှည် လေးစားမှုကိုတည်ဆောက်နိုင်ပါလိမ့်မယ်။

အစိုးရအဖွဲ့မှာ ငါနှင့်ငါသာ နှိုင်းစရာ၊ ငါသာဆရာ ဆိုတဲ့ စိတ်ဓာတ်နဲ့ လုပ်ရပ်ရှိသူတွေကို အတတ်နိုင်ဆုံး ဒီမိုကရေစီဆန်တဲ့သူတွေ ဖြစ်လာအောင် သွန်သင်ပြောဆိုထားဖို့လိုပါလိမ့်မယ်။


ဒီမိုကရေစီနိုင်ငံသား မြန်မာ ပြည်သူတွေဟာ ဧရာဝတီမြစ်ကိုတင်မဟုတ်ပါဘူး။ အုပ်ချုပ်ခွင့်အာဏာကိုလည်း ပိုင်ပါတယ်။ အုပ်ချု့ပ်ခွင့်ဆိုတာ ပြည်သူတွေ မဲပေးမှ ရနိုင်တဲ့ အခွင့်အာဏာဖြစ်ပါတယ်။ ပြည်သူအများစုရဲ့ ဆန္ဒအစစ်အမှန်ကို အစိုးရက ဖော်ဆောင်ပေးတာပဲဖြစ်ပါတယ်။


ဒီမိုကရေစီဟာ ကိုယ့်နိုင်ငံကို အကောင်းဆုံးဖြစ်စေချင်တဲ့ တိုင်းသူပြည်သားတွေအားလုံး စုပေါင်းပြီး အကောင်းဆုံး အဖြေရှာကြရတဲ့ စနစ်ပဲဖြစ်ပါတယ်။ ဒီမိုကရေစီဟာ ငြင်းခုံပွဲတွေ၊ စကားစစ်ထိုးမှုတွေ၊ အပြန်အလှန်မေးခွန်းတွေကို ပညာသားပါပါ ဖြေရှင်းရလေ့ရှိတဲ့ ကစားပွဲလည်းဖြစ်ပါတယ်။ ဒီမိုကရေစီဟာ အပြန်အလှန် အသိအမှတ်ပြု လေးစားရတဲ့ ယဉ်ကျေးမှုလည်းဖြစ်ပါတယ်။


စစ်မှန်တဲ့ ဒီမိုကရေစီ နိုင်ငံကို တည်ဆောက်မယ်ဆိုရင် ပြည်သူတွေရဲ့ အသံကို နှလုံးသားနဲ့ ကြားတတ်ဖို့လည်း လိုကိုလိုပါလိမ့်မယ်။

မြန်မာပြည်ဟာ ကျွန်တော်တို့ရဲ့ အိမ်ပဲ။ ကိုယ့်အိမ်ရဲ့ အရေးကိစ္စကို ၀င်ပြောခွင့်မရှိဘူး၊ ဆွေးနွေးခွင့်မရှိဘူးဆိုရင် ကျွန်တော်တို့အိမ်မှာ ဒီမိုကရေစီ မရှိသေးဘူးလို့ပဲယူဆရပါမယ်။ ။


With Peace,

Zephyr

5:48 pm Wednesday, Sep 14, 2011



Notes:

Fb မှာရေးထားတဲ့ Notes ပါ။ Blog မှာပြန်တင်လိုက်တယ်။ ရေကာတာဆောက်တာကို ကန့်ကွက်တဲ့အထဲမှာမပါသလို၊ ထောက်ခံတဲ့အထဲမှာလည်းမပါဘူး။ တကယ်အကျိုးရှိပြီး သဘာဝပတ်ဝန်းကျင်ထိခိုက်မှု မဆိုးရွားဘဲ ပြည်သူတွေအကျိုးများမယ်ဆိုရင် လက်ခံတယ်။ လုပ်ချင်ရာလုပ်ပြီး ငါတို့လုပ်တာ အမှန်ဆိုတာမျိုးကို မကြိုက်ဘူး။ နိုင်လိုမင်းထက် စိတ်ဓာတ်နဲ့ ဒီမိုကရေစီခေတ်မှာ ဆက်လက်ခုတ်မောင်းလို့မရဘူးဆိုတာကိုပဲပြောချင်တာပါ။ ဒီမြစ်ကိစ္စဟာ ပြည်သူတွေနဲ့မဆိုင်ဘူးဆိုတာမျိုးကိုတော့ လုံးဝလက်မခံပါဘူး။ မြစ်မပြောနဲ့ ချောင်းလက်တက်လေးမှာပဲရေ ကာတာဆောက်ဆောက် မြန်မာပြည်မှာဆောက်ရင် မြန်မာပြည်သူလူတုနဲ့ဆိုင်တယ်။


လူကိုလည်းမမုန်းတီးဘူး။ အကျင့်ဆိုးတွေကို မုန်းတီးတယ်။ ဒီအကျင့်မျိုးရှိနေသေးရင် ဒီမှာပဲ လမ်းဆုံးမယ်။

Geometry တွက်သလို ဆည်ဆောက်သင့်ကြောင်းနဲ့ပတ်သက်တာတွေချည်းပဲ ရှာခိုင်းနေတာကိုလည်း အမြင်ကတ်တယ်။ အစိုးရရဲ့အလုပ်ဟာ ပြည်သူတွေ မသိဘဲ လုပ်ချင်ရာလုပ်ပြီး ကန့်ကွက်မှ ဖြေရှင်းမယ်ဆိုတာမျိုးကို မေးခွန်းအကြီးကြီးထုတ်ပါတယ်။


ရက်စွဲကိုထည့်ရေးလိုက်တာက သတင်းစာ ဆရာတစ်ယောက်ကလည်း ဒီသဘောမျိုးရေးတဲ့အတွက် စောစောရေးထားတယ်ဆိုတဲ့သက်သေပါ။


အစမှာရေးထားတာက Murakami ရဲ့ quotes ပါ။ နောက်တော့ နည်းနည်းရင့်သီးလို့ဖြုတ်လိုက်တယ်။




Peace B with U.