Billy Book Case Ikea
Ikea မှာ ၀ယ်လို့ကောင်းတာက အိမ်နေရင်းစီးတဲ့ဖိနပ် ( 1SGD) နဲ့ ခွေးပူ(hotdog) 1 SGD ပဲ။ ရေခဲမုန့် ပြား ၅၀ ကလည်းမတန်ဘူး။ အရသာက လမ်းမှာရောင်းတဲ့ တစ်ကျပ်တန် ice cream တွေထက်ညံ့တယ်။ (အဲဒါကြောင့်လည်း ငါးမူးနဲ့ရောင်းတာဖြစ်မယ်။) ကျန်တာတွေကတော့ ထုနဲ့ထည်နဲ့ ဘာမှ သယ်ရမလွယ်တာတွေချည်းပဲ။
တစ်ချို့လည်း မွေ့ရာကို ၁၀၀ နဲ့ဈေးချလို့ဝယ်ပြီးမှ သယ်ခက ၅၅ SGD ဆိုတော့ Tampines ကနေ (အမျိုးသမီးလူစွမ်းကောင်းတွေပီပီ) ကိုယ့်ဘာသာကိုယ်သယ်သွားသတဲ့။ ဘယ်လိုသယ်သွားသလဲတော့ မမေးထားမိဘူး။
ဝန်ထမ်းတွေကြည့်ပြန်တော့ ပျင်းရိပျင်းတွဲတွေများတယ်။ ဘာလို့ ဒီလောက်တောင်ပျင်းရတာလဲဆိုတာတောင် ပြန်ပြီး စိတ်ဝင်စားမိတယ်။ ပိုက်ဆံရတဲ့အလုပ်တောင် ဒီလောက်ပျင်းရင် အိမ်မှာများ အလကားနေရရင် သတ်သေမလားတောင် စိတ်ပူရတယ်။ (သတ်သေရတာလည်း ကရိကထများပြီး ပင်ပန်းလို့ ပျင်းသွားပြီး သတ်သေဖြစ်မယ်မထင်ဘူး။)
စာအုပ်တွေကို ဟိုပုံးထဲထည့်၊ ဒီပုံးထဲထည့်ထားတာကြာပြီ။ ဖတ်ချင်ရင် ပြန်ရှာရတာမလွယ်ဘူး။ တစ်ခုခုပြန်ဖတ်ချင်ရင် စာအုပ်ပြန်ထုတ်ရတာအခက်အခဲရှိတယ်။ အားလုံးကို သိမ်းထားရတယ်။ ပြန်ဖတ်ချင်တဲ့စာအုပ် ထွက်မလာမချင်း အားလုံးကိုဖွတယ်။ အဲဒီတော့ ဇနီးသည်ရဲ့ ငြိုငြင်ခြင်းခံရတယ်။ (ပြန်မသိမ်းချင်ဘူးလေ။ အငြိုငြင်ခံလိုက်တာသက်သာတယ်မဟုတ်လား။ :P)
စာအုပ်စင်ဝယ်ဖို့ Ikea သွားတယ်။ မသွားခင်ကတည်းက Ikea မှာရောင်းသမျှ စာအုပ်စင်တွေကို online ကနေကြည့်ပြီးပြီ။ နေတဲ့နေရာနဲ့နီးတာကို သွားဖို့ စဉ်းစားလိုက်တာ ချော်တောငေါ့ပြီး Queenstown ကိုသွားရအောင်ပြောမိသွားတယ်။ Queenstown မသွားဘဲ Tampines သွားလိုက်ရင်တောင် စောစောပြန်ရောက်ဖို့ရှိတယ်။
ရောက်တော့လည်း ဟိုကြည့်ဒီကြည့်ပဲ။ ဘာမှသိပ်မကြိုက်ဘူး။ ကြိုက်တာကြတော့လည်းဈေးကြီးနေတယ်။ Ikea မှာကောင်းတာက စာအုပ်စင်ဆိုရင် စင်ရဲ့ ခံနိုင်ရည် kg ကိုရေးပေးထားတဲ့အတွက် ကိုယ့်စာအုပ် အလေးချိန်နဲ့တိုင်းပြီး ၀ယ်လို့ရတယ်။ ကြိတ်သားပေမယ့် လွယ်လွယ်နဲ့မကွေးအောင် ဘာတွေရောကြိတ်ထားလည်းတော့မသိဘူး။ နောက်ဆုံးကြိုက်တာတစ်ခုတွေ့တယ်။ သစ်သားလို့ယူဆရတဲ့စင်။ အဲဒါ 100 SGD ၀န်းကျင်ပဲ။ အရောင်လည်းကြိုက်တယ်။ အဲဒါကို မှတ်ပြီး ကောင်တာမှာသွားမေးတော့ ချိတော့ဘူးကုန်ပြီ။ ဘယ်တော့ရောက်မလဲဆိုတော့ သိဘူး။ ကြိုမှာထားလို့ရလားဆိုတော့လည်း သိဘူး။/ရဘူး။ ဘယ်သူ့ကိုမေးရမလဲဆိုတော့ တခြားတစ်ယောက်တဲ့။ အဲဒီလို လုပ်ရတဲ့ အလုပ်များနေရာလွတ်ပေါ်ရင် လျှောက်ချင်စမ်းပါဘိတောင်း။
နောက်တစ်ယောက်က မြန်မာကားတွေထဲကလို အချိန်မီရောက်လာလို့တော်သေးတယ်။ အရောင်တွေထဲမှာ ရွေးလို့ရတာကိုပြောတယ်။ အိုခီဒိုကီ ဆိုပြီး အောက်က ကောင်တာကို ဆင်းပြီး ယူမယ့်ပစ္စည်းကိုပြောတော့ အဲဒီအရောင်မရှိဘူးဖြစ်တယ်။ တခြားအရောင် နှစ်မျိုးလည်းမရှိဘူး။ နောက်ဆုံး အနက်ယူမယ်ဆိုတော့ ဈေးကကွာနေတယ်။ အသားအတူတူပဲလားဆိုတော့ အတူတူပဲတဲ့။ ဆေးဖိုးက နှစ်ဆယ်တော့ မကွာလောက်ဘူးလို့ ကျောင်းကသင်လိုက်တဲ့ စာရင်းအင်းပညာ အခြေခံအရသိတယ်။ အင်ဂျင်နီယာပီသအောင် နှစ်ခါထပ်မေးတယ်။ ပြီးတော့ ဒိုင်မင်းရှင်းကို လည်းပြောတယ်။ ဂယ် အဟုတ်နော်။ မညာရဘူးနော်။ ကျိန်ခိုင်းရတယ်။ ကျိန်ရုံနဲ့လည်းမသေချာသေးဘူးထင်ပြီး UP ကာတွန်းကားထဲကလို cross your heart လုပ်ခိုင်းရသေးတယ်။ နောက်ဆုံး အဲဒီ ၈၀ ၀န်းကျင်နဲ့ Book case အနက်ကိုဝယ်လာတယ်။ အဖြူရောင်ချည်းပဲ ၂၉ မျိုးရှိတယ်ဆိုလား ပန်းချီဆရာတွေပြောကြတယ်။ ကျွန်တော့်ရဲ့ အနက်ရောင်ကတော့ စစ်ဆေးသုတ်ထားတဲ့အနက်ရောင်မျိုးပါ။ မြန်မာပြည်က ပြန်ရောက်ခါစက အသားအရည်မျိုးပဲ။
အဲဒါဝယ်ပြီးတော့ assembly fees အနည်းငယ်ထပ်ပေးရတယ်။ ဈေးပေါတာတွေဝယ်ရင် assembly ကြေးသက်သာတယ်။ အဲဒါကလည်း ဆရာဝန်တွေဆီကရတဲ့ အိုင်ဒီယာဖြစ်မယ်။ ရောဂါကြီးတယ်ဆိုရင် ဈေးပိုယူတယ်။ ကုတာတော့ အတူတူပဲ။ ဒီပစ္စည်းတွေ ကိုယ့်ဘာသာကိုယ်တပ်လည်း တပ်တတ်တာပေါ့။ ကျောင်းမှာတောင် ကွန်ပြူတာခုံတွေ ကူဆင်ပေးဖူးတယ်။ အမြဲတမ်းမှတ်ထားဖို့ ကွန်ချက်ပြရရင် Manual ကို အားမကိုးဘဲ common sense လေးနဲ့တပ်တာ ပိုမှန်တယ်။ Manual က version ပြောင်းသွားလည်း ဒါပဲထည့်ပေးလိုက်တော့ တစ်ခါတစ်လေ အပေါက်မပါတာကို ပြထားတာ လိုက်ရှာရင်း ရွာလည်သွားတတ်တယ်။ အခုလို screwdrivers ကလွဲရင် ဘာမှမရှိတဲ့ အခြေအနေမှာတော့ လူများကို ဆင်ခိုင်းရတာပဲ။ (မူလီတွေပါနေမယ်ထင်လို့အဲဒီလိုတွေးလိုက်တာ။ ရောက်လာတော့ ဘာမူလီမှမပါဘူး။ သံချောင်းလေးတွေကောက်ထိုးပြီး ပျဉ်ပြားထည့်လိုက်တာ။ အော် တွေးမိတိုင်း အရိုးနာပါတယ်လေ။)
ပို့ခက ၅၅ ကျပ်ဆိုတော့ အလိုလေး၊ ဘုရားရေ၊ မြွေကြီးမြွေကြီး ဆိုပြီး ရွတ်မိတယ်။ ဘာလို့ မြွေကြီးမြွေကြီးပါတာလည်းဆိုတော့ ဆယ်တန်း သဒ္ဒါသင်တုန်းက အာမေဍိတ်ဆိုရင် အဲဒီသုံးခုကို ဥပမာပေးတယ်။ အဲဒီကတည်းက ကျက်လိုက်တာ သုံးခုတွဲကြီးဖြစ်သွားတာ ပြန်ခွာမရတော့ဘူး။
ယူထားတဲ့ဇနီးသည်ကလည်း Avatarထဲက Neytii လို လူသန်ကြီးမဟုတ်တော့ သယ်ပေးပါလို့ပြောလို့မရဘူးလေ။ တက်ကစီကလည်း ထိုးထိုးထောင်ထောင်ပစ္စည်းတွေကို နောက်ဖုံးထဲမထည့်ကြဘူး။ အဲဒီတော့ ကပ်တီးကပ်ဖဲ့တွေမေးတာပေါ့။ တစ်ခုတည်းဆိုရင် ၅၅ ကျပ်ဆိုတော့ နှစ်ခုဆိုရင်ရော ဒီဈေးပဲလားဆိုတော့ ဒီဈေးပဲတဲ့။ နောက်နေ့မှ လာဝယ်ပြီး ထပ်ပေါင်းရင်ရောရလားဆိုတော့၊ ဒါမျိုးလည်းရတယ်တဲ့၊ မပို့ခင် နှစ်ရက်အလိုအထိ ကြိုက်တာလာဝယ်ပြီးထည့် ပို့ခအတူတူပဲတဲ့။ ဒီလိုမှန်းသိရင် bookcase တံခါးလေးပါယူလိုက်ရင်အကောင်းသားဆိုပြီး ပြန်လှည့်မယ်လုပ်တော့ ဆိုင်ကပိတ်ပြီ။ နောက်တခါလည်းပြန်မလာချင်တော့ဘူး။ အဲဒီပို့တဲ့လူကိုထပ်မေးတယ်။ Bookcase တွေက Material အတူတူပဲလား၊ အရောင်မတူရင် Materal ကွဲသေးလားဆိုတော့ အတူတူပဲလို့ပြောတယ်။ Mr. Bean လောက်နီးပါး စေ့စပ်တယ်ဆိုပြီး ကိုယ့်ဘာသာကိုယ်ကျေနပ်သွားသေးတယ်။ Bean က ငါးကြော်ဖို့ ဒယ်အိုးဝယ်တာ ငါးတစ်ကောင်သယ်သွားပြီး ထည့်ကြည့်တာ သိပ်သဘောကျတယ်။ စာအုပ်တွေ မသယ်လာတာ တဖူနာတာပဲ။ (တဖူဆိုတာကို အခုခေတ်ကလေးတွေ သိမှာမဟုတ်ဘူး။ သုံးပုံဖဲကစားရင် သုံးတဲ့စကားလုံး။ တဖူလိုသွားတယ်။ တဖူနာသွားတယ်ဆိုတဲ့နေရာကနေလာတာ။ အခုတော့ နည်းနည်းလိုသွားတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်သွားပြီ။)
အိမ်ကို ခြေမ နဲ့လက်မ သယ်နိုင်ဘဲပြန်ရတယ်ဆိုရင် တမျိုးကြီးဖြစ်နေမယ်။ ခြေမသယ်နိုင်လက်မသယ်နိုင်ဆိုရင်တော့ နားလည်ကြတယ်။ မောင်တစ်ထမ်းမယ်တစ်ရွက်ဆိုတာ MRT မှာ အထုတ်တစ်ယောက်တစ်ထုပ်စီနဲ့ပြန်တဲ့ ဇနီးမောင်နှံကိုရည်ညွှန်းတာဖြစ်နိုင်တယ်။
နောက်တစ်ပါတ်ကြတော့ လာပို့တယ်။ အားလုံးတပ်ပြီးတော့ ကြည့်လိုက်တာ၊ ကျွန်တော်လိုချင်တဲ့ အသားမဟုတ်ဘူး။ အသားအတူတူပဲလို့ သုံးခါပြောခဲ့တဲ့လူရော၊ အတူတူပဲလို့ အာမဘန္တေခံတဲ့သူကိုပါ စိတ်ထဲကနေ ငရုပ်ဆုံထဲထည့်ထောင်းမိသွားတယ်။ အဲဒီအချိန်မှာ ဆင်တဲ့သူကအပေါ်ဆုံးက သစ်သားပြားကိုပြတယ်။ ပဲ့နေတယ်တဲ့။ ဗြောင်ကြီးကိုဖွင့်ပြောလိုက်တာ။ ရေလာမြောင်းပေးတောင်မဟုတ်ဘူး။ ဒဲ့ဒိုးကြိးပြောတာ။ ပဲ့နေရအောင် မင်း လမ်းမှာကိုက်စားလိုက်လို့လား လို့မေးမိမလိုဖြစ်သွားတယ်။ ဒါပေမယ့်မပူနဲ့ ပြန်လဲပေးမယ်တဲ့။ အပဲ့လေးက သိပ်မသိသာပေမယ့် ရှေ့သွားတစ်ချောင်းကျိုးနေတဲ့ မိန်းမလှလေးလိုဖြစ်နေတယ်။ လှတာကို လှတယ်လို့ပြောမရတော့ဘူး။ စာအုပ်စင်ရဲ့ dignity ချို့နေတယ်ပေါ့။ အဲဒီအပဲ့လေးကို တွေတွေကြီး ငေးကြည့်နေမိတယ်။ အော် ဖစ်မှဖစ်ရလေ စာအုပ်စင်ကလေးရယ်။
နောက်နေ့ကြတော့ အိန္ဒိယအက်ဆန့်ဝဲခါနေတဲ့ အသံနဲ့တစ်ယောက်ဖုန်းဆက်တယ်။ အရင်ကလည်းက စကားပြောရင်ကောင်းကောင်းမပြောဘဲ တစ်စက္ကန့်နှစ်ခါ လျှာကို လိပ်လိပ်လိုက်တတ်ရတဲ့အထဲ billy မှာ လျှာကို သုံးခါလိပ်လိုက်တာ ဘာမှကို နားမလည်ဘူး။ သူ့ကိုအဲဒီအသံ record လုပ်ထားပြီး အဲဒါဘာလဲဆိုရင်သူလည်းသိချင်မှသိမှာ။ ဒါပေမယ့် အပြားတစ်ပြားလာပေးမယ်ဆိုတော့ သဘောပေါက်လိုက်တယ်။ စာအုပ်စင်အတွက်ဖြစ်မယ်ဆိုပြီး ဖြည့်စွက်နားလည်ပစ်လိုက်တယ်။ စနေနေ့လာပေးမယ်တဲ့။ အိုကေ။ ဒါနဲ့ စာအုပ်စင်တွေက ဘာလို့ပဲ့ရတာလဲ။ မပဲ့သင့်ဘူးမဟုတ်လား။ အခုဆို သေမတတ် အင်ကွန်ဗီးနီးယန့်ဖြစ်နေတာ။ လဲပေးမယ်ဆိုတော့ မဆိုးပါဘူး။ ဖြစ်နိုင်သမျှ ASAP စမ်းပါ။ ၀ယ်တဲ့လူဆိုတာ လိုချင်တာကို ချက်ချင်းရချင်လို့ဝယ်တာမဟုတ်လား။ ဘာအတွက်ဖြစ်တယ်မသိရပေမယ့် အခုတော့ ကျွန်တော်နစ်နာနေရပြီ။ မိန်းမကို ခေါ်ပြီးပြတော့ အပဲ့ကြီးနဲ့လို့ပြောတယ်။ လင်မယားချင်းဆိုပေမယ့် ဒီစာအုပ်စင်ကြောင့် ကျွန်တော့်ဂူဏ်သိက္ခာတရား စွန်းကွက်သွားပြီ။ တကယ်လို့ အဲဒီ အရှက်တကွဲ အကျိုးနည်းမှုကို ကျွန်တော်သိစိတ်ကမေ့ပစ်နိုင်မယ်ဆိုရင်တောင် ရှည်လျားတဲ့ စက်တင်ဘာတစ်လျှောက်မသိစိတ်ရဲ့ ဘေးထွက်ဆိုးကျိုး အိမ်မက်ဆိုးတွေမက်နေရတော့မှာ။ တကယ်ဆို ဒါဟာ နူးညံ့တဲ့ရက်စက်မှုပဲ။ ကြေကွဲခြင်းတရားတွေ ငုတ်တုတ်လဲခဲ့ရတဲ့ အပဲ့ပေါ့။ သေလုပါပေါ့။ ဆိုပြီး ကျွန်တော်လည်း ကြုံတုန်း ကွန်ပလိန်းရတာပေါ့။ စင်ကာပူမှာ စာအုပ်စင်လေးပဲ့သွားရင် အမေရိကားမှာ ငလျင်လှုပ်သွားနိုင်တယ်ဆိုတဲ့ Butterfly Effect revived တွေဘာတွေတောင်ပြောမိသေးတယ်ထင်တယ်။
အဲဒီလိုနဲ့စနေနေ့ကြတော့ မျှော်လင့်စောင့်စား တမ်းတ လိုအပ်နေတဲ့ သစ်သားပြားလေးရောက်မလာဘူး။
တနင်္ဂနွေနေ့ကြတော့ အိန္ဒိယအက်ဆန့်လေးနဲ့ ဒီတစ်ပါတ်မှာ ကုန်စည်တွေမရလို့လာမပို့ဖြစ်တာပါရှင်ရယ် လို့ပြောတယ်။
အခုတော့အိုကေသွားပြီမဟုတ်လားလို့မေးစရာရှိတယ်။
ကျွန်တော့်မှာလည်း ဂုဏ်ယူဝင့်ကြွားစွာဖြေစရာရှိတယ်။
ဟင့်အင်း၊ not yet။ ။

Peace B with U.