Friday, July 1, 2011

အစိမ်းရောင်မီးလေးငြိမ်းသွားခြင်း၊ သတင်းစုံလင်မှာ၊

အစိမ်းရောင်မီးလေးငြိမ်းသွားခြင်း၊ သတင်းစုံလင်မှာ၊


စင်ကာပူရှေ့ခြမ်း၊ East Coast နယ်မြေအတွင်း နေထိုင်သူ Zephyr သည် (သည်းခံပါရှင်)၊ တစ်စုံတစ်ယောက်သည် ကိုယ်မပြုသောကံများပဲ့တင်လာစဉ်ခဏ၊ ဘူမာရင်းပစ်ကျင့်နေစဉ် ရုတ်တရတ် ကံဆိုးမိုးမှောင်ကျ၍ နယ်မြေသစ်များပျောက်ဆုံးသွားသည်ဟုသိရသည်။

အခင်းဖြစ်ပွားရာသို့ စေလွှတ်လိုက်သော လက်ဖြောင့်တပ်သားများသည် ပစ်ချင်ရာပစ်၍ထွက်ပြေးသွားကြောင်း၊ တရားခံမှာ မိမိမှလွဲလျှင် တခြားတစ်ယောက်ဟုအတိအလင်းကြေညာထားကြောင်း၊ ပြန်မလာတော့လျှင်လည်းဖြစ်ကြောင်း၊ ဒေါသသည်အမှားပါတတ်ကြောင်း စသည့် စကားလုံး၀၀ကြီးများပိသေသွားကြောင်း သိရသည်။

ထပ်မံစုံစမ်းသိရှိရသောအချက်အလက်များအရ၊ အနုပညာသည် ချောင်းဆိုးရင်ကြပ်မပျောက်ကြောင်း မကြာမကြာညည်းတွားလေ့ရှိသော အဆိုပါမျက်မြင်သက်သေထွက်ချက်များကို စုစည်းလိုက်လျှင် အဖြေရှာမရသောအဖြေတစ်ခုသာထွက်လာကြောင်းသိရသည်။ သို့သော် ဆက်လက်စုံမ်းနေဆဲဖြစ်သည်။

သေသူတွင် ထိခိုက်ဒဏ်ရာရှိမနေခြင်းကြောင့် သွေးမဲ့ဒဏ်ရာတစ်ခုဟုကောက်ချက်ချလိုက်ရသည်။ သေသူသည် သေပြီဟုသက်သေပြနေရန်မလိုဟု သေသူ၏ အိပ်ကပ်ထဲမှ အနက်ရောင်မှင် (ပွိုင့် နိုင်း ဘောပင်ဖြင့်ရေးထား)ဖြင့်ရေးထားသောစာအရ မှုခင်းကျွမ်းကျင်သူများက သေသူသည် စာရေးတတ်သည်ဟုကောက်ချက်ချလိုက်ကြောင်း ခိုင်လုံသောသတင်းရပ်ကွက်မှကြားသိရသည်။

အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ဖုန်းပိတ်ထားမည်ဖြစ်ကြောင်း၊ ၁၀၀ ပေးသူများကိုသာ ၁၀၀ ပေးမည်ဖြစ်ကြောင်း၊ တရားနှင့်ဖြေတတ်သူများ တရားနှင့်သာဖြေထားကြရန် ကျန်ရစ်သူမိသားစုမှ ထုတ်ပြန်ထားကြောင်းသိရသည်။

အိမ်ပြတင်းပေါက်မှ အလင်းရောင်လေးကို လှည့်ကြည့်ရင်း ခရီးသွားနေသူတစ်ယောက်အကြောင်းသီချင်းကိုနားထောင်ရင်း သီချင်းများလောင်ကျွမ်းသွားသော အိမ်ပြတင်းပေါက်လေးသည် သေဆုံးသူ၏ အခြားအမည်နာမဖြစ်နေကြောင်းလည်း စုံစမ်းသိရှိရသည်။

အတိုက်အခံများဘက်မှလည်း သေဆုံးသူ ပြန်ရှင်မလာရေးကို မူဘောင်များချမှတ်ပြီး ကြိုးစားသွားမှာဖြစ်ကြောင်းထုတ်ဖော်ပြောကြားလာသည်ကိုသိရသည်။

ခွဲစိတ်ဆရာဝန်၏ကောက်ချက်အရ သေဆုံးသူသည်မသေခင်တစ်မိနစ်အလိုအထိ အစားစားနေကြောင်း၊ ကဗျာဟုယူဆရသော အစာမာများဖြစ်ကြောင်း၊ သေဆုံးမှုနှင့် အစာမကြေသော ကဗျာများဆက်စပ်နေနိုင်ကြောင်း တွေးတွေးဆဆပြောကြားသွားသည်။

မှုခင်းရေးရာလေ့လာရေးအဖွဲ့မှ သေသူသည် ကဗျာရေးခြင်းမှလွဲလျှင် တခြားရာဇ၀တ်မှုမကျူးလွန်ခဲ့ကြောင်း ထောက်ခံချက်ထုတ်ပြန်ခဲ့သည်။

သေသူနှင့်အရင်းနှီးဆုံးသူငယ်ချင်းအပြောအရ၊ ကဗျာတွေနည်းလာလို့ အသက်ရှူကြပ်လာတယ်ဟု မသေဆုံးခင်နောက်ဆုံးပြောဖြစ်ခဲ့ကြောင်းသိရသည်။

သူသေသွားလျှင် အသုဘလာရှုသူများကို ရေခဲမုန့်ကျွေးရမည်ဟုမှာထားဖူးကြောင်း ကျန်ရစ်သူ ဇနီးသည်မှ မျက်ရည်လည်ရွဲဖြင့်ပြောကြားသွားသည်။

သူ့အသုဘကားကို ကိုကျော်သူမောင်းရန်မလိုကြောင်း (သေသည်အထိ ရပ်တန့်တားဆီးခံရမည်ကိုမလိုလားကြောင်း) ကိုလည်းသေသူ၏သေတမ်းစာတွင်ထည့်သွင်းရေးသားထားသည်ဟုသိရသည်။

သူပိုင်ဆိုင်သောစာအုပ်များကို လူမဖတ်သာ လိုင်ဘရီများသို့ မလှူပဲ၊ အလွယ်သုံးစက္ကူများအဖြစ် ဈေးအိမ်သာရှေ့တွင်သာ ချထားစေလိုကြောင်း သေသူ၏ အမွေထိန်းရှေ့နေမှ သေသူ၏ ဆန္ဒကို ထုတ်ဖော်ပြောကြားလိုက်သည်ဟုသိရပါသည်။

မြန်မာစာမဖတ်သော သတင်းရပ်ကွက်မှ သေသူ၏ သေဆုံးမှုသည် မြန်မာစာပေလောကအတွက် ရင်ကွဲပက်လက်ဖြစ်ဖွယ်ဆုံးရှုံးမှုကြီး ဖြစ်ကြောင်း၊ သေသူသည် မသေမီသုံးလေးရက်အထိ မြန်မာစာအုပ်ဝယ်ဖတ်ရေးလှုပ်ရှားမှုတွင် တစ်ဦးတည်းသော တက်ကြွသူအဖွဲ့ဝင်၊တစ်ဦးတည်းသောအမှုဆောင်၊ တစ်ဦးတည်းသော ဥက္ကဌ အဖြစ် စင်ကာပူအခြေစိုက် လှုပ်ရှားမှုများကို ပြုလုပ်ခဲ့သေးကြောင်း၊ မြန်မာစာအုပ် အရောင်းသွက်ရန် စာရွက်များကို ဘီယာချက်နိုင်သော စာရွက်များဖြင့် ရိုက်နှိပ်သင့်သည်ဟူသော အယူအဆအတွက် မြန်မာစာပေအသင်း၏ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်ကမ်းလှမ်းခြင်းခံခဲ့ရသော်လည်း သူသည် လက်မခံခဲ့ကြောင်း အမှတ်တရာပြောကြားသွားသည်။

သေသူနှင့်ရင်းနှီးသော ဂျာနယ်များမှ သေသူသည် မင်းသားမဟုတ်၍ နှမြောလှကြောင်း၊ စောင်ရေတက်ရန်သီသီလေးလွဲသွားကြောင်း တက်တခေါက်ခေါက်ဖြစ်နေသည်ဟုသိရသည်။

သေဆုံးသူသည် မသေမီ အာနာပါနကို သုံးဆယ့်ငါးစက္ကန့်တိတိ အထူးနှလုံးသွင်း ရှုမှတ်သွားသေးကြောင်း ဓမ္မမိတ်ဆွေများမှ ပြောကြားလိုက်သည်ဟုသိရပါသည်။

သေသူနှင့်စာချုပ်ချုပ်ထားသော ထုတ်ဝေရေးမှလူများသည်လည်း စာအုပ်တစ်အုပ်မှမရေးဘဲ စရံငွေယူ၍သေသွားပါသည်ဟု စွပ်စွဲပြောကြားနေသည်ဟုလည်းသိရပါသည်။ နီကိုရဲမိန်းမမှလည်း (သည်းခံပါရှင်) ကွယ်လွန်သူ ဟာသစာရေးဆရာကြီး၏ ဇနီးမှလည်း ထိုကိစ္စသည် ကြောင်များနှင့်ဆက်စပ်နေသည်ဟု တရားထပ်စွဲမလိုလုပ်နေပါသည်။ (အမှန်တော့ ဘာမှမဆိုင်ပါ)

သေဆုံးသူ၏ သူငယ်ချင်း ယမကာလုလင်များမှ အရက်ပေါ့ဗျာ၊ အရက်ပေါ့ဟု ပြောရှာပါသည်။ (အမှန်တော့ သေဆုံးသူသည်အရက်မသောက်ပါ။)

အကယ်၍ ဖေ့စ်ဘွတ်ခ်တွင်လည်းကောင်း၊ Gmail တွင်လည်းကောင်း အစိမ်းရောင်မီးလေးငြိမ်းနေလျှင် သူ့ကိုခွင့်လွှတ်စေချင်ကြောင်း မှာကြားမသွားသည်မှာထူးဆန်းကြောင်း အွန်လိုင်း ဓနသဟာရအသင်းအဖွဲ့နှင့်၊ဖေ့စ်ဘွတ်ခ်သည်သာအမိ၊အဖ အဖွဲ့မှ သူငယ်ချင်းများက အံအားသင့်နေကြောင်းသိရသည်။

သေဆုံးသူ၏ဖခင် (မလေးရှားတွင်နေထိုင်သူ အန်ကယ်ပတ်ထရစ်) မှ... ဒါဟာ ဘုရားသခင်၏အလိုတော်ပါဟု ပြောဆိုကြောင်း၊ သူတို့သားအမိ အဘဘုရားရဲ့ ကောင်းကင်ဘုံမှာပြန်ဆုံကြမှာပါဟုပြောကြားနေကြောင်းသိရသည်။( သေဆုံးသူ၏ ဘုဂလန့်အတွေးများအရ သူသေရသည်ကို ဘုရားသခင်အလိုတော်ပါဟု ပြောသည်ကို ကြိုက်မည်မထင်ကြောင်း xanthos မှကန့်ကွက်ပြောဆိုနေကြောင်းသိရပါသည်။)

သေဆုံးသူ၏ အကိုမှ ညီလေးက ဘ၀မှာ ဘာကိုမှမယူသွားတဲ့ တိမ်ကလေးပေါ့ဟုပြောဆိုနေကြောင်း ၂၅ ရပ်ကွက် အခြေစိုက်သတင်ဌာန၏ မနက်ခင်းသတင်းအရသိရပါသည်။

သေဆုံးသူအတွက် သေနတ်များမပစ်ဖောက်ရန်၊ နိုင်ငံတော်အလံကိုခေါက်သိမ်း၍ ဇနီးသည်ကိုမပေးအပ်ရန်၊ အစိုးရလုပ်ငန်းများတွင်ပါဝင်ခဲ့သယောင်မလုပ်ရန်၊ ပါပါရာဇီများမှ ဓာတ်ပုံများလိမ်မရောင်းရန်၊ အထိမ်းအမှတ်စေတီ (ပုထုဇဉ်အရိုးဌာပနာစေတီ) မတည်ရန်၊ ဘယ်ဘ၀ရောက်နေပြီလဲ သာကေတတွင်သွားမမေးရန်၊ မိုးကုတ်ယောကီပီပီ ဆွမ်းမသွပ်ရန်၊ မွေးထားသောငါးများကိုမကြော်စားရန်၊ ရည်းစားစာများကို ပြတိုက်သို့မလှူရန်ပြင်းထန်စွာကန့်ကွက်တားမြစ်သည်ဟု သေတမ်းစာ အပိုဒ်ခွဲ ဂ တွင်ဖော်ပြထားပါသည်။ တင့်တင့်ထွန်းယောဂီဝတ်နေသော ရိပ်သာသို့နေ့ဆွမ်းလှူရန်( သူ့သဒ္ဒါတရားက တညှိုးကြီါ်းပါလား) သည်းခံပါရှင်၊ နှင်းဆီဝိုင်ဇာတ်ကားဖြင့်တစ်ရှိန်ထိုးအောင်မြင်ခဲ့သလို၊ နိုင်ငံခြားအကများ၊လိင်ဆွဲဆောင်မှုမြင့်မားစွာပါဝင်သောဒီဇိုင်းများဖြင့်အောင်မြင်ခဲ့ပြီး၊ အသက်အရွယ်အရ ဘာသာရေးပိုင်းကို လုံးဝတိမ်းညွတ်သွားသော အဆိုတော်၊ရုပ်ရှင်မင်းသမီးအမြဲတမ်းယောဂီအဖြစ်သီတင်းသုံးသောရိပ်သာသို့လှူရန်၊ သီလရှင်ကျောင်းများသို့ ငါးပိများလှူရန် (ငါးပိများသည် သီလရှင်များ ဟင်းအဖြစ်အဓိကသုံးစွဲနေရသော အစားအစာများဖြစ်သည်ဟု သူမသေခင် ပြောကြားခဲ့သည်ဟု တစ်ရပ်ကွက်ထဲနေညီငယ်တစ်ဦးမှရှင်းလင်းပြောကြား၊)၊ သူမသေမီ ကြိုးစားလက်စ မြန်မာစာအုပ်များကို bar code ထည့်သွင်းရေးကို သူငယ်ချင်း အိုင်တီသမားများ ဆက်လက်လုပ်သွားရန်တိုက်တွန်းလိုက်ကြောင်း အပိုဒ် ဃ တွင်ဖော်ပြထားသည်ဟုသိရပါသည်။

သေမယ့်သေ အေးအေးဆေးဆေးသေရအောင် သူသေဆုံးတာကို Tag လုပ်ပြီး post ရေးမယ့် Bloggers များကို ကန့်ကွက်ကြောင်း၊ ကော်မန့်ပေးခြင်းများအစား ပဲကြီးလှော်နာနာစား၍ လေလည်ကြစေလိုကြောင်း (ကျန်းမာရေးနှင့်ပိုညီညွတ်ရန်) အပိုဒ် င တွင်ဖော်ပြပါရှိပါသည်။

(သည်းခံပါရှင်)
(သည်းခံပါရှင်)
နောက်ဆုံးရရှိသော သတင်းများအရ သေဆုံးသူသည် မသေဆုံးသေးဟုသိရပါသည်။ အဲလ်ဖရက်နိုဗယ်လို မသေခင် သတင်းအမှားလွှင့်ခံရခြင်းသာဖြစ်ပြီး (ထိုကိစ္စသည်လည်း ဂျာနယ်လစ် လွမ်းဝေနိုင်နှင့်မပတ်သက်ဟုသိရပါသည်။) ယခုအချိန်အထိ ကျန်းမာချမ်းသာစွာ တိုင်းပြည်တာဝန်များကို (အဲလေ ...သည်းခံပါရှင်)

နောက်ဆုံးထပ်မံရရှိသည့်သတင်းမှာ Zephyr သေသွားပြီဖြစ်ပါသည်။
သတင်းဌာနမှာ အင်တာနက် အခက်အခဲများအရ intermittent ဖြစ်နေ၍ သတင်းမှားများဝင်လာခြင်းကို အနူးအညွတ်တောင်းပန်ပါသည်။

Zephyr(ခ) ကိုဇက် (ခ) The Gardener (ခ) ............. နောက်ထပ် နာမည်ရှစ်ခုကိုတော့ ထည့်မရေးပါနှင့်ဟု မှာကြားခဲ့သော အသင် Zephyr သင်ရောက်လေရာ ဘုံဘ၀မှာ ငြိမ်းချမ်းပါစေသော်။

ခင်မင်စွာဖြင့်
မသေမီက Zephyr


Notes: Friday Mood





Peace B with U.