Sunday, June 26, 2011

စိတ်ပြေလက်ပျောက် တိမ်တိုက်များ ငေးကြည့်မိခြင်း။

စိတ်ပြေလက်ပျောက် တိမ်တိုက်များ ငေးကြည့်မိခြင်း။


Making a difference

Somewhere out there is a unique place for you to help others - a unique life role for you to fill that only you can fill.
(Thomas Kinkade)

ကမ္ဘာရဲ့တစ်နေရာမှာ တခြားသူတွေကို ကူညီဖို့ သင့်အတွက် တိတိကျကျသတ်မှတ်ထားတဲ့နေရာလေးတစ်ခုရှိတယ်။ အဲဒီနေရာလေးဟာ သင့်ရဲ့ ထပ်တူမရှိတဲ့အနှိုင်းမဲ့ ဘ၀ရဲ့အခန်းကဏ္ဍလေး၊ သင်တစ်ယောက်တည်းဖြည့်စွက်ပေးနိုင်တဲ့ အခန်းလွတ်ကလေးပေါ့။

Charity အလုပ်တွေအကြောင်းစဉ်းစားမိရင် ပထမဆုံးရောက်လာတတ်တဲ့ quotes လေးက Thomas Kinkade ရဲ့စကားလေးပါပဲ။ တကယ်စဉ်းစားကြည့်ရင်လည်း ကိုယ်မှမလုပ်ရင် ဘယ်သူမှမလုပ်ဘူးဆိုတဲ့နေရာတွေမှာ ဖြည့်ပေးရတာဟာ အင်မတန်ကျေနပ်ဖို့ကောင်းပါတယ်။

ကိုယ်တတ်နိုင်တဲ့အချိန်မှာ တတ်နိုင်တဲ့အတိုင်းအတာထဲက ကူညီလိုက်တာဟာ လူသားချင်းစာနာမှုအစစ်အမှန်ပါပဲ။

ဝင်စတန်ချာချီပြောတဲ့စကားလေးကိုလည်း မှတ်သားထားမိတယ်။ We make a living by what we get, but we make a life by what we give. ကျွန်တော်တို့ဟာ ရလာတာတွေနဲ့ အသက်ရှင်သန်ဖို့ကြိုးစားကြပေမယ့် ကျွန်တော်တို့ပေးကမ်းလိုက်တာတွေနဲ့မှ တကယ့်ဘ၀ကိုတည်ဆောက်ကြတာ။

သူပြောတဲ့စကားမှာ ပေးကမ်းလိုက်တာကို ဘယ်လောက်တန်ဖိုးထားတယ်ဆိုတာ တွေ့နိုင်ပါတယ်။ ဘ၀ဆိုတာ လူများဆီက ရထားတာတွေနဲတည်ဆောက်ထားတာမဟုတ်ဘူးလို့ယူဆတဲ့လူတစ်ယောက်ရဲ့ကြီးမြတ်တဲ့စိတ်ထားကို ကျွန်တော်အံ့သြမိတယ်။လေးလည်းလေးစားမိတယ်။

ကိုယ်ပိုင်ဆိုင်တဲ့အချိန်၊ စွမ်းရည်၊ ငွေကြေး၊ စေတနာ၊မေတ္တာတွေကို အလကားပေးနိုင်ဖို့ဆိုတာမလွယ်ပါဘူး။ ရည်ရွယ်ချက်ကောင်းတစ်ခုအတွက် အားလုံးဝိုင်းဝန်းကြိုးစားကြတာတွေဟာ ချီးကျူးဖို့ကောင်းပါတယ်။ လူ့အသိုင်းအ၀ိုင်းမှာနေထိုင်တဲ့သူတိုင်းဟာ လူ့အသိုင်းအ၀ိုင်းရဲ့ ကျေးဇူးမကင်းပါဘူး။ သိသိသာသာကျေးဇူးရှိတဲ့သူတွေနဲ့ မသိမသာကျေးဇူးများတာပဲကွာပါတယ်။ Charity ကိစ္စတွေက လူ့အသိုင်းအ၀န်းက ကိုယ်ရလာတာတွေကို လူ့အသိုင်းအ၀ိုင်းထဲက လိုအပ်နေတဲ့နေရာတွေကို ပြန်မျှလိုက်တဲ့သဘောပါပဲ။

Edmund Burke ပြောတဲ့စကားကလည်းပြုံးစရာကောင်းတယ်။ The only thing necessary for the triumph of evil is for good men to do nothing.(Edmund Burke)။ နတ်ဆိုးဟာ အောင်မြင်ဖို့အတွက် တစ်ခုပဲလုပ်စရာလိုပါတယ်။ လူကောင်းတွေ ဘာမှမလုပ်အောင်လုပ်ထားနိုင်ရင်ရပြီ တဲ့။ အဲဒီလို နတ်ဆိုးအလုပ်လုပ်ကြတဲ့သူတွေလည်းရှိပါတယ်။ ဟိုတလောကတောင် Facebook က ကိုကျော်သူ့ notes မှာ ဖတ်လိုက်ရတဲ့ ကောင်းမှုတွေတားတဲ့ ပြိတ္တာ Visa ယူတဲ့ငနဲတွေဆိုရင်ဒီ နတ်ဆိုးရဲ့ ဘက်တော်သားတွေလိုပါပဲ။ ကောင်းမှုကုသိုလ်ပြုကြတဲ့အခါ ၀င်မပါတာဟာ ဘာမှမဖြစ်ပေမယ့် လုပ်နေတဲ့သူတွေကိုတားတာကတော့ အပါယ်ကို ကိုယ့်စရိတ်နဲ့ကိုယ် package tour book လုပ်သလိုပါပဲ။

ကိုယ့်အထက်လူကြီးက မကောင်းဘူးဆိုရင်တောင် ကိုယ်က ကိုယ့်လူကြီးရဲ့ အကုသိုလ်ကို share ခွဲရမယ့်ကိစ္စတွေမလုပ်သင့်ပါဘူး။ ဘ၀ဆိုတာ ဒီတစ်ဘ၀ထဲ၊ပြီးရင်ကိစ္စတုံးပြီ။ သေရင်ပြီးပြီ ဆိုရင်တော့ အကုသိုလ်ကိစ္စတွေဟာ ကြောက်စရာမဟုတ်ပါဘူး။ ဟိုတလောက ဦးရွှေအောင်ရဲ့ ကုသိုလ်၊ အကုသိုလ် စာအုပ်လေးပြန်ဖတ်ရင်း ၀က်သတ်သမား စုန္ဒ အကြောင်းဖတ်လိုက်ရတယ်။ စုန္ဒဟာ ၀က်တွေကို ရက်ရက်စက်စက်သတ်တယ်။ ဘယ်လိုသတ်သလဲဆိုရင် ၀က်ကို တိုင်မှာမလှုပ်နိုင်အောင်ကြိုးနဲ့တုပ်တယ်။ ပြီးတော့ ၀က်ကို ၀၀ဖြိုးဖြိုးဆိုပြီးပိုညာရောင်းလို့ရအောင်ဆိုပြီး တင်းပုတ်နဲ့ထုတယ်။ ( ယောင်ကိုင်းနေတာကို များသလိုထင်အောင်လုပ်တာ။ အလေးတင်းတောင်းရှိပုံမရဘူး။ အမြင်နဲ့ဝယ်ရတဲ့ခေတ်ဖြစ်မလားမသိဘူး။) ပြီးတော့ ၀က်ကို အညစ်အကြေးသန့်အောင်ဆိုပြီး ပါးစပ်ဖြဲပြီး ရေနွေးပူတွေလောင်းထည့်တယ်။ နောက်ဆုံး အညစ်အကြေးတွေထပ်မထွက်လာတော့တဲ့အထိ လောင်းထည့်တယ်။ ၀က်တစ်ကောင်တည်းသတ်တာမဟုတ်ဘူး။ ၀က်ပေါင်းများစွာသတ်လာတာ။ သူ့အကုသိုလ်ကို သူမသိဘူး။ အဲဒီလိုသတ်ရတာကိုတောင် သူကပျော်နေတာ။ သူ့အကုသိုလ်အကျိုးပေးတဲ့အချိန်မှာ လူစင်စစ်ဘ၀နဲ့ ငရဲခံရတယ်။ ၀က်လိုအော်ပြီး ပြေးပေါက်ရှာရတယ်။ ကြီးမားတဲ့ဆင်းရဲကို သေခါနီးကတည်းက ခံရတယ်။ ပြောချင်တာကတော့ အကုသိုလ်ဆိုတာ သိသိမသိသိ အကုသိုလ်အကျိုးပေးမယ်ဆိုတာကိုပါပဲ။ ကိုယ်တားလိုက်တဲ့အလှူကြောင့် သေသွားမှာဝက်တွေမဟုတ်ဘဲ လူတွေဖြစ်နေရင် အဲဒီအကုသိုလ်မျိုးကလည်း နည်းမှာမဟုတ်ဘူး။ အကုသိုလ်အလုပ်နဲ့ အသက်မွေးရတဲ့အလုပ်ကို လုပ်ပြီး ထမင်းစားနေရတာထက်စာရင် ငတ်သေသွားတာက သံသရာအတွက်ပိုစိတ်ချရပါတယ်။ ကိုယ့်အတွက်တောင်မဟုတ်ဘဲ ကိုယ့်ဆရာသမားအကုသိုလ်ကို ဝေခွဲယူပေးတဲ့ လက်အောက်ငယ်သားတွေကတော့ ဘယ်လိုမျိုးဆင်ခြင်ဥာဏ်နဲ့လုပ်သလဲဆိုတာ စဉ်းစားမရပါဘူး။ သူတို့ဘာရသွားမလဲဆိုတာကို စဉ်းစားချင်စရာပါပဲ။ လွန်ခဲ့တဲ့ နှစ်နှစ်ထောင်ကျော်က နာဇရက်မြို့သား Jesus ပြောတာတော့ For what does it profit a man of he gains the whole world but forfeits his soul. စိတ်ဝိညာဉ်ပျက်စီးခံပြီး တစ်ကမ္ဘာလုံးရရင်တောင် ဘာအကျိုးရှိလို့လဲတဲ့။ စိတ်ကောင်းလေးတစ်ခုပျက်စီးသွားတာနဲ့လဲယူရလောက်အောင် ဘယ်အရာကမှ တန်ဖိုးမရှိဘူးမဟုတ်လား။

အခုတလော Charity ကိစ္စတွေကို သေချာစဉ်းစားကြည့်တယ်။ ကိုယ်လှူတဲ့နေရာတွေဟာ ပိုက်ဆံပိုနေတဲ့နေရာတွေမဟုတ်ဘူး။ ရှိစုမဲ့စုနဲ့ကုတ်ကတ်ကြိုးစားနေတဲ့နေရာတွေ။ သူတို့ဟာ သူတို့ရဲ့ကောင်းတဲ့လုပ်ရပ်အတွက် အကျိုးမျှော်ကိုးလုပ်နေသူတွေမဟုတ်ဘူး။ ဘယ်သူ့ဆီကမှ အကူအညီမရရင်လည်း သူတို့တတ်နိုင်သမျှကြိုးစားပြီုးလုပ်မယ့်နေရာတွေ။ သူတို့လိုမလုပ်နိုင်တဲ့အတွက် သူတို့ရဲ့ မွန်မြတ်တဲ့လုပ်ငန်းတွေအဆင်ပြေအောင်ကိုယ်တတ်နိုင်တာလှူပါတယ်။ ခက်ခက်ခဲခဲရှင်သန်နေရတဲ့ မြင့်မြတ်တဲ့လုပ်ငန်းတွေကို တားဆီးတာတွေကို မကြာမကြာ အော့နှလုံးနာပါတယ်။

ဒါနဖြစ်ဖြစ် ၊သီလဖြစ်ဖြစ် ၊ ဘာဝနာဖြစ်ဖြစ် ရေရှည်လုပ်လာတဲ့အခါမှာ ပြန်တွေးကြည့်တိုင်း သန့်စင်တဲ့ပီတြိဖစ်ရပါတယ်။ ကုသိုလ်ကိုလုပ်တဲ့အခါ စိတ်ထားမှန်မှန်နဲ့ပဲ အကောင်းဆုံး အကျိုးရနိုင်ဖို့ စိတ်ကို အစွဲအလန်းကင်းကင်းထားပြီးလုပ်ဖို့လိုပါတယ်။ တကယ်လိုအပ်တဲ့နေရာတွေမှာ ကိုယ်တတ်နိုင်သလောက်လှူတဲ့သူတွေဟာ ကိုယ်တကယ်လိုအပ်တဲ့အခါမှာလည်း တမျိုးမျိုးနဲ့အဆင်ပြေသွားတာပါပဲ။

ဆေးကျောင်းတက်နေတဲ့ ကလေးမလေးကိုလှူဖို့တုန်းကဆိုရင်လည်း လေးနှစ်လုံး လှူဖို့ဆိုတာကိုတွေးလိုက်ရင် လှူချင်စိတ်နဲ့ ရေရှည်လှူဖို့အဆင်ပြေမပြေ ယှဉ်တွေးစဉ်းစားတဲ့စိတ်က တပြိုင်တည်းနီးပါးဖြစ်ပြီးတွေးတာပါပဲ။ ကိုယ့်ထက်ငယ်တဲ့ကလေးတွေကလည်း ထက်ထက်သန်သန်လှူကြတာလည်းတွေ့တယ်။ လှူနိုင်တဲ့အချိန်မှာလှူမယ်လို့ပဲ စိတ်ကို ဒုံးဒုံးချလိုက်မှပဲ ပြတ်ပြတ်သားသားဆုံးဖြတ်နိုင်သွားပါတယ်။

တောင်ကြီးက မိဘမဲ့ကျောင်းဆိုရင်လည်း ကြားကတည်းက လှူချင်နေမိတယ်။ သူတို့အတွက်တော့ တစ်သောင်းနှစ်သောင်းဟာလည်း အရေးကြီးပါတယ်။ ကိုယ်ထူကိုယ်ထ မိဘမဲ့ကျောင်းဆိုတော့ စာရေးတဲ့ထဲက လှူဖြစ်သွားရာကနေ အခုဆို တစ်နှစ်ခွဲလောက်ဆက်တိုက်လှူဖြစ်သွားပါတယ်။ အိုင်ဒီယာမှာ စာရေးတဲ့သူငယ်ချင်းတွေလည်း အမြဲတမ်း အဲဒီကျောင်းကို လှူကြပါတယ်။ အလှူတောင် တစ်ယောက်တည်းလှူရတာနဲ့ အခုလို စုစုဝေးဝေးလှူရတာ အရသာမတူပါဘူး။ တစ်ချို့လတွေမှာ ဆောင်းပါးတွေရော၊ ၀တ္ထုတိုပါ ပါတဲ့အခါဖြစ်ဖြစ်၊ တစ်ခါတစ်လေ ဆောင်းပါးရှည်ရေးဖြစ်တဲ့အခါဖြစ်ဖြစ် ပိုက်ဆံပိုရတဲ့အခါ ပိုလှူဖြစ်လို့ဝမ်းသာနေတတ်ပါတယ်။
အောက်တိုဘာ မြန်မာပြည်ပြန်တဲ့အခါကြရင်လည်း သယ်လာလို့မရတဲ့ လက်ဖွဲ့တွေကို အဲဒီကျောင်းကို ပြန်လှူဖို့ရည်စူးထားပါတယ်။ ဒီအလှူတွေလှူဖြစ်နေတာလည်း အမေ့ကိုကျေးဇူးတင်ရပါတယ်။ အလှူလှူလို့ရတဲ့သတင်းကိုပေးတာရော၊ လှူချင်တဲ့ငွေကို ရောက်အောင် အဆင့်ဆင့်လွှဲပေးတဲ့အတွက်ရောကျေးဇူးတင်ရပါတယ်။

အခုနောက်တစ်ခုတိုးလားတာကတော့ ရသအလင်း ဖောင်ဒေးရှုင်းဖြစ်ပါတယ်။ မဒါတို့ ကိုဘိုဘိုဝင်းတို့၊ ကိုဟိန်းထိုက်ဈာန်တို့၊ မချစ်ကြည်အေးတို့ရဲ့ တက်ကြွမှုတွေကို မြင်ရလို့ အဲဒီမှာလည်း ပုံမှန်လှူဖြစ်ပါတယ်။ ပထမတော့ စာပေနယ်ကလူတွေကိုပဲ လှူမယ်ဆိုတော့ အမြဲတမ်းလှူဖို့ အလှူခံပုဂ္ဂိုလ်ရှိမရှိ သိပ်မသိပါဘူး။ တကယ်တမ်းကြတော့ စစချင်းလမှာတင် လှူဖို့အခွင့်အလမ်းကြုံသလို၊ နောက်လတွေမှာလည်း ဆက်တိုက်လှူဖြစ်ပါတယ်။ ဒီအဖွဲ့အစည်းမတိုင်ခင်က ကူညီဖို့ငွေကြေးကောက်ခံတာကအစ အခက်အခဲအများကြီးရှိပါတယ်။ အရင်တုန်းကတော့ ဒီလိုပဲ မဒါတို့ အလှူကောက်တဲ့အခါ လှူဖြစ်တယ်။ သူတို့တွေလည်း အသိတွေထဲကပဲခဏခဏ အလှူခံရတာထက်စာရင် အဖွဲ့လေးတစ်ခုလုပ်ထားပြီး အလှူငွေလစဉ်စုဖို့အစီအစဉ်တွေလုပ်ရာကနေ ဒီဖောင်ဒေးရှင်းလေးဖြစ်လာပါတယ်။ စိတ်ချမ်းသာစရာကောင်းပါတယ်။ ၀မ်းမြောက်ဝမ်းသာလည်းဖြစ်ရပါတယ်။ အခုတော့ သူတို့အဖွဲ့ရဲ့ websites လည်းတက်လာပါပြီ။ http://www.aestheticlightfoundation.com/ မှာဆက်သွယ်လှူဒါန်းနိုင်ပါပြီ။

အစီစီ မြို့သား သူတော်စင် ဖရန်စစ်ပြောသလို
For it is in giving that we receive. ပေးဆပ်ခြင်းအားဖြင့်ပဲကျွန်တော်တို့ရရှိကြတယ်။ အနူတွေနဲ့အတူနေလာပြီး သူတို့ဘ၀အတွက် အများကြီးအကျိုးဆောင်ပေးခဲ့တဲ့ဒီသူတော်စင်ကြီးရဲ့ကိုယ်တွေ့ဘ၀အမြင်မို့လို့ ဒါကိုလည်းအလေးအနက်စဉ်းစားသင့်ပါတယ်။ ပေးဆပ်ခြင်းထဲမှာ ကျွန်တော်တို့ဘာတွေရရှိလိုက်ကြလဲ။

လူ့အသိုင်းအ၀ိုင်းကို တတ်နိုင်သမျှပြန်လည် စောင့်ရှောက်ကြတာဟာ တကယ့်ကို မင်္ဂလာတစ်ပါးပဲမဟုတ်ပါလားခင်ဗျာ။ ။

Regards,
The Gardener






Peace B with U.