Sunday, January 17, 2010

တနင်္ဂနွေနေ့အတွေးများ

မနေ့က Library ကိုရောက်ပါတယ်။ စာအုပ်သွားအပ်ရင်း တခြားစာအုပ် ၆ အုပ်ပြန်ငှားလာပါတယ်။ သုံးအုပ်က ကျန်းမာရေးနဲ့ပတ်သက်တဲ့စာအုပ်တွေပါ။ ဘာသာပြန်ဖို့ရည်ရွယ်ပြီးငှားလာတာပါ။ နောက်ထပ်သုံးအုပ်က ကလေးတွေဖတ်ဖို့ထုတ်တဲ့အထဲကပါ။ ကိုယ့်ကိုယ်ကိုယ်လည်းသနားပါတယ်။ ကလေးတွေဖတ်ဖို့ရေးထားတာတွေကို မသိသေးလို့သနားတာပါ။ စင်ကာပူမှာ ကလေးတွေ စာအရမ်းဖတ်တဲ့အကြောင်း ကြုံတိုင်း တစ်ကြောင်းနှစ်ကြောင်းထည့်ရေးဖြစ်ပါတယ်။ ကျွန်တော့် စိတ်ရင်းအရ မြန်မာနိုင်ငံက ကလေးတွေကို တစ်ခြားနိုင်ငံက ကလေးတွေနဲ့ ရင်ဘောင်တန်းနိုင်စေချင်ပါတယ်။ (ရင်နဲ့ပေါင်တန်းနေတယ်ဆိုတာ ငြိမ်ငြိမ်လေးရပ်နေတာကို ဆိုလိုတာလို့ Xanthos ဆိုတဲ့ငနဲက တစ်ခါပြောဖူးလို့ ရင်ဘောင်တန်းဆိုတဲ့စကားလုံးကိုသိပ်မသုံးဖြစ်တာ တော်တော်လေးကြာပါပြီ။ အခုသုံးတဲ့အဓိပ္ပာယ်ကတော့ ယှဉ်လို့ရတယ် ဆိုတဲ့ သဘောမျိုးပါ။)


Clementi က စာအုပ်ဆိုင်မှာ Primary ကျောင်းသားတွေအတွက် English စာအုပ်တွေ ဈေးလျှော့ရောင်းတာတွေ့လို့ မြန်မာပြည်က တူ၊ တူမတွေ ဖတ်ဖို့ နမူနာမြည်စမ်းကြည့်ပါတယ်။ သေချာတာကတော့ ကျွန်တော် primary တုန်းကဆိုရင် ဒီလောက်စာမျိုးမဖတ်နိုင်ဘူးဆိုတာပါပဲ။ ဆိုလိုတာကတော့ ညံ့တယ်ပေါ့ဗျာ။ ဒီမှာက အဲဒီလောက်စာကို ကလေးတိုင်းဖတ်နိုင်ပြီဆိုတော့ အခြေခံအားဖြင့် ကွာတယ်လို့ဆိုလိုချင်တာပါ။ ငယ်တုန်းက သင်တဲ့စာနဲ့ ကြီးလာမှ သင်တဲ့စာက မှတ်မိတာခြင်းအတော်လေးကွာပါတယ်။ အဲဒါနဲ့ ဘယ်စာအုပ်ဝယ်ပေးရမလဲတွေးမရတော့ဘူး။ နောက်ဆုံး primary 3 ကနေ 6 အထိ လေးအုပ်ဝယ်ဖြစ်သွားတယ်။ မဖတ်နိုင်ရင်လည်း primary 3 ကနေ စဖတ်ဖို့ မှာလိုက်တယ်။ နောက်တစ်ခုတွေ့ရတာကတော့ မြန်မာပြည်မှာပေမယ့် International School မှာတက်တဲ့ကလေးတွေကြတော့ English စာက သိသိသာသာ အားကောင်းနေတာမျိုးပါ။ အစိုးရကျောင်းမှာ English စာကို ဘယ်လိုသင်သလဲဆိုတာ သိနေတဲ့အတွက် ဒီကိစ္စကို အကျယ်အကျယ် မငြိမ်းဖွယ်မလုပ်တော့ပါဘူး။ ကလေးတွေကို နွေရာသီမှာ သင်တန်းတက်ခိုင်းရတာကို အားနာပါတယ်။ ငယ်တုန်းက YMCA မှာ အားကစားသင်တန်းတစ်ခုတက်ချင်တာကို စကားပြောသင်တန်းပို့လို့ တော်တော်စိတ်ညစ်ခဲ့ရတာ ကိုယ်ချင်းစာပါတယ်။ ဒါပေမယ့် အခုအချိန်မှာ ကလေးတွေကို မင်းတို့ English စာ က တစ်ခြားနိုင်ငံက ကလေးတွေထက် အများကြီး လိုအပ်နေသေးလို့ သင်တန်းတက်ခိုင်းရတာလို့ပဲ တည့်တည့်ပြောပြီး သင်တန်းပို့ရတော့မှာပါပဲ။ အားကစား တစ်ခုခုကိုလည်း တက်ခိုင်းဖို့စိတ်ကူးပါတယ်။


ကလေးတွေကို ငြိမ်ပြီး ထိုင်ခိုင်းတဲ့ သင်ကြားရေးစနစ်ကို လုံးဝမထောက်ခံပါဘူး။ ကလေးတွေမှာ Energy များလွန်းလို့ စာဆိုရင်လည်း လှုပ်နေတာက သူတို့အတွက်ပိုအဆင်ပြေပါတယ်။ ငယ်တုန်းကလည်း စာဆိုရင် သူငယ်ချင်းတွေ ယိမ်းပြီး ဆိုနေတာကို မှတ်မိပါတယ်။ ပိုပြီးပျော်စရာကောင်းတယ်လို့ထင်ပါတယ်။ လူကြီးနဲ့တူလွန်းတဲ့ကလေးတွေဆို တစ်ခုခုမှားနေသလို ခံစားရပါတယ်။ ကလေးတွေကို ဆင်ခြင်ဉာဏ် ဖြည့်လွန်းရင် တီထွင်ကြံဆမှုအားနည်းသွားမယ်လို့ ယုံကြည်တဲ့ လူကြီးတွေထဲမှာ ကျွန်တော်လည်းပါပါတယ်။ ကလေးတွေကို ကစားရင်း စာသင်တာထက် ထိရောက်တာမရှိပါဘူး။ ကလေးသဘာဝကို ဆန့်ကျင်တဲ့ သင်ကြားရေးစနစ်တွေကို တတ်နိုင်သလောက်ပြုပြင်ဖို့လိုပါတယ်။


သတိထားမိတာတစ်ခုက ကလေးတွေ စာသင်နေရင် စိတ်မ၀င်စားဘဲငေးနေတယ်ဆိုတဲ့အကြောင်းပါ။ အဲဒီအကြောင်းကို အသေးစိတ်ဖတ်ဖူးပါတယ်။ ကလေးတွေငေးပြီဆိုရင် တစ်ခုခုလွဲကိုလွဲနေပြီ။ ငေးတယ်ဆိုတာ သိသိသာသာ ဆန့်ကျင်လို့မရတဲ့အခါ အဲဒီဆန့်ကျင်တဲ့စိတ်က တစ်ဖက်လှည့်နဲ့ထွက်သွားပြီး ငေးတယ်ဖြစ်သွားတာပါ။ ဆိုလိုတာကတော့ ရှင်းရှင်းလေးပါ။ စိတ်မ၀င်စားတာကို အတင်းလုပ်နေရပြီဆိုတာပါပဲ။ မူလတန်းကလေးတစ်ယောက်ဟာ ကျူရှင်ဘယ်နှခု ယူစရာလိုသလဲ ဆိုတာကို ကျွန်တော် အခုအထိ နားမလည်သေးပါဘူး။ ကလေးတွေကို သင်မယ့် ဆရာက phD ရထားဖို့လိုသေးလားဆိုတာကတော့ ကျွန်တော် နားလည်ဖို့ ဒီဘ၀မှာ မဖြစ်နိုင်တော့တဲ့ကိစ္စဖြစ်ပါလိမ့်မယ်။


ငယ်တုန်းက အသေးစိတ်မှတ်နေတဲ့အချိန်မျိုးမှာ အသံထွက်မကောင်းတဲ့ဆရာတစ်ယောက်ကြောင့် တစ်ဘ၀လုံး အသံထွက်မှားသွားနိုင်တယ်ဆိုတာ အသေးအဖွဲကိစ္စမဟုတ်ပါဘူး။ ကလေးတွေကို သင်တဲ့ဆရာတွေမှာ တာဝန်ဘယ်လောက်ကြီးတယ်ဆိုတာကို လစ်လျူရှုထားလို့မရပါဘူး။ တကယ်လို့ အပြင်မှာ အသံထွက်မှန်နေတဲ့ကျောင်းသား/ကျောင်းသူ တစ်ယောက်ဟာ အတန်းထဲမှာ အသံထွက်မှားနဲ့ ဆိုပြဖို့လိုနေသေးတယ်ဆိုရင် အဲဒီပညာရေးစနစ်ကို ဆန့်ကျင်ပါတယ်။


အခုခံစားနေရတာတော့ စာသင်ကျောင်းဟာ ဖတ်စာအုပ်တွေထဲကစာတွေလောက်နဲ့ ကလေးတစ်ယောက်ကို အတင်းအကြပ် သင်ယူစေတဲ့ စနစ်လိုဖြစ်နေပါတယ်။ တစ်နှစ်စာ တစ်နှစ်မေ့သွားအောင် စနစ်တကျ စီမံထားတဲ့ပညာရေးစနစ်မျိုးကို တည်ထွင်တဲ့ ဉာဏ်ကြီးရှင်ကိုလည်း ဒီတစ်ခေါက် သီတင်းကျွတ်မှာ သွားကန်တော့ဖို့ ကောင်းပါတယ်။ ဒီလမှာ မေးပြီးသားစာ နောက်လမှာ ပြန်ကြည့်စရာမလိုတော့တဲ့ စနစ်မျိုး တီထွင်နိုင်တဲ့အတွက် နိုဗယ်ဆုတောင်ပေးသင့်ပါတယ်။ ကလေးတွေဘ၀ သာယာစေလို့ဆိုပြီး ဖြစ်ဖြစ် ခေါင်းစဉ်တစ်ခုခု တပ်ပြီး ဆုချလိုက်ဖို့ကောင်းပါတယ်။


တော်စတွိုင်းရဲ့ စကားလေးကို သတိရပါတယ်။ သူ့သား၊သမီးကို ဘဲလေး အကကျောင်းပဲပို့မယ် စာသင်ကျောင်းမပို့ဘူးတဲ့ ...။ ဘဲလေး အကကျောင်းက အလွန်ဆုံးပျက်စီးစေရင် ခြေထောက်တွေပဲ ပျက်စီးစေတယ်၊ စာသင်ကျောင်းကတော့ ဦးနှောက်တွေကို ပျက်စီးစေနိုင်တယ်တဲ့ ။
အဲဒီစကားကို အခုအချိန်မှာ ပြန်သုံးသပ်ဖို့လိုလာပါပြီ။ ...


တူမလေး ဆယ်တန်းဖြေပြီးလို့ စင်္ကာပူကို ခေါ်တဲ့အခါကြရင် ကျွန်တော်လည်း သူတို့ဘယ်လောက် သင်ယူလာနိုင်ခဲ့လဲဆိုတာကို ပိုပြီးနားလည်လာမှာပါ။ နောင်ထပ် လေး၊ငါးနှစ်လောက်အတွက် သူတို့ကို လိုအပ်တဲ့ အခြေခံအရည်အချင်းတွေ ရှိစေချင်ပါတယ်။ ၈ တန်းကတည်းက ဆယ်တန်းစာကို စသင်ရင် ဘာသာစုံဂုဏ်ထူးထွက်ဖို့ သိပ်လွယ်တယ်ဆိုတာကို ကျွန်တော်တို့လို ကလေးတွေကို စာသင်ဖူးသူတိုင်းသိပါတယ်။ ဆုတံဆိပ်တွေကို သိပ်တန်ဖိုးထားလာတဲ့အခါ ကလေးတွေကို မနိုင်မနင်း အတင်းခိုင်းတဲ့ စနစ်တစ်ခု ဖြစ်လာတာကို သဘောမကျတဲ့အတွက် ဒီလို ကြိုတင်ပြင်ဆင်မှုမျိုးကို အားမပေးပါဘူး။ ဖြစ်နိုင်ရင် သူငယ်တန်းကတည်းက ဆယ်တန်းစာကို တွဲပြီးသင်ယူခဲ့မယ်ဆိုရင် အဲဒီကလေးက top 1 ဖြစ်ဖို့ ပိုပြီး လွယ်ကူမယ်ဆိုတာ အားလုံးလည်းရိပ်မိမှာပါ။ နောက်ဆုံးတွေ့ရှိချက်အရ ကလေးတွေက ၀မ်းဗိုက်ထဲမှာကတည်းက အပြင်က အသံတွေကိုမှတ်မိတယ်ဆိုတဲ့ အချက်ပါ။ အဲဒီအတိုင်းသာဆိုရင် ကလေးတွေကို သိပ်ထူးချွန်စေချင်တဲ့မိဘတွေဟာ ကိုယ်ဝန်ဆောင်ချိန်ကစပြီး ကျောင်းစာတွေကို ဗိုက်နားမှာ ရွတ်ရွတ်ပြနေဖို့ကောင်းပါတယ်။


ဖြစ်စေချင်တာကတော့ ကလေးတွေရော လူကြီးတွေပါ နိုင်ငံတကာ အဆင့်မီတဲ့ ပညာရေးစနစ်ရစေချင်တာပါပဲ။
ကျောင်းတက်ရတာချည်းပဲ ၁၆ နှစ်လောက် ရင်းထားပြီး ဘွဲ့ရတဲ့အခါမှ တစ်ကနေပြန်စနေရရင်တော့ ဒီပညာရေးစနစ်ကို မေးခွန်းထုတ်ဖို့ကောင်းနေပါပြီ။ ပညာတတ်တွေကို နေရာပေးနိုင်တဲ့ စီးပွားရေးအဆောက်အအုံမရှိဘူးဆိုရင် Brain Drain ပဲ အော်အော် .. နှာရည်ယိုစီးမှုလို့ပဲ ဘာသာပြန်ပြန်၊ ဘာမှမထူးပါဘူး။ India က တစ်ယောက်ပြောသလို Better Brian Drain than Brain in the Drain. (ဦးနှောက်ယိုစီးမှုဟာ ဦးနှောက်တွေ မြောင်းထဲရောက်သွားတာထက်တော့ ပိုကောင်းပါသေးတယ်)။


အခုလိုရေးနေလို့ စိတ်ဓာတ်ကျနေတယ်လို့ ရေးတယ်ထင်နေပါဦးမယ်။ မကျပါဘူး။ ပကတိတရားကို သုံးသပ်ကြည့်ပြီး အကောင်းဆုံးကို လုပ်ဖို့ စဉ်းစားကြည့်တာပါ။ အခုအထိ အိမ်က ကလေးတွေကို သင်တန်းတက်ခိုင်းဖို့ တစ်ခုကလွဲရင် ဘာကိုမှ မဆုံးဖြတ်ရသေးပါဘူး။ ကလေးတွေနဲ့လည်း စကားတွေအများကြီးပြောကြည့်ဖို့လိုပါသေးတယ်။ သူတို့စိတ်ကို နားလည်မှ သူတို့ကို နားလည်အောင်ပြောနိုင်မယ်လို့ယူဆပါတယ်။ အကြီးတွေ အနိုင်ယူတယ်ဆိုတာက တောရိုင်းဥပဒေသမှာပဲရှိပါတယ်။ ယဉ်ကျေးလာတဲ့ခေတ်မှာတော့ ကလေးတစ်ယောက်ရဲ့ စိတ်ခံစားချက်ကိုတောင်မှ တလေးတစားမေးဖို့လိုပါတယ်။ ငါပိုသိတယ်လို့ ထင်နေတဲ့ လူကြီးတွေကိုတော့ မဖြောင်းဖြတော့ပါဘူး။ လုပ်ချင်တာ လုပ်နေခွင့်ရတဲ့ကလေးတစ်ယောက်ဟာ သူလုပ်နေတဲ့ အလုပ်ကို အကောင်းဆုံးလုပ်နေပါလိမ့်မယ်။ အလွယ်ဆုံး နမူနာပြရရင် TV game ဆော့နေတဲ့ကလေးတစ်ယောက်ဟာ သူနိုင်ဖို့ ဘယ်လောက်ကြိုးစားသလဲဆိုတာမျိုးပါ။ ဘယ်သူမှ ကြိုးစားခိုင်းနေတာမဟုတ်ပါဘူး။ ပညာသင်ယူမှုကို Game တစ်ခုလို့ သူတို့ခံစားရတဲ့အခါ မိဘက ဘာမှမပြောလည်း စိတ်ပါလက်ပါ သူ့ဘာသာ သင်ယူနေမယ်ဆိုတာ တွေးကြည့်လို့ရပါတယ်။ ကလေးတွေကို ကျွန်တော်သင်ပေးချင်တာတစ်ခုက ရိုးရိုးလေးပါ။ တစ်ခုခုကို လိုချင်ရင် တကယ်ကြိုးစားရမယ်ဆိုတာလေးပါပဲ။ တစ်ယောက်ယောက်က ကိုယ့်ကို အစစအရာရာ ကူညီပြီး လုပ်ပေးသွားမယ်လို့ မမျှော်လင့်တတ်အောင်၊ ဘေးက အကူအညီကို တတ်နိုင်သလောက်မယူဘဲ ၊ လိုအပ်ရင်တောင် အနည်းဆုံးအကူအညီကို ယူဖို့ သတိထားမိအောင် သင်ပေးပါမယ်။ သူတို့ကို ခေတ်ကို ဘေးထိုင်ဘုပြောနေတဲ့ အပြောသမားမျိုးမဖြစ်အောင် ပညာတတ်ဖို့က ကိုယ့်တာဝန်လို့သဘောပေါက်အောင် အချိန်တွေအများကြီးယူပြီး ပြောပြပါဦးမယ်။ ဒါကို သူတို့ လက်မခံရင်တောင်မှ လူကြီးတစ်ယောက်အနေနဲ့ သိသင့်တာကို ပြောပြရပါဦးမယ်။


American Centre မှာ library card လေးတွေလုပ်ပေးပြီး သူတို့ကိုစာများများဖတ်ချင်အောင် ဘယ်လိုတိုက်တွန်းရမလဲ ဆိုတာလည်း စဉ်းစား နေပါတယ်။ ကလေးတွေကို သူတို့ကြိုက်လို့ လုပ်ရတာမျိုးပဲဖြစ်စေချင်ပါတယ်။ ခိုင်းထားလို့လုပ်ရတာမျိုး မဖြစ်စေချင်ပါဘူး။ ဘယ်လိုပြောပြောနားမထောင်ဘူးဆိုမှ တစ်နေ့ကိုစာအုပ် အပါးလေးတစ်အုပ်ဖတ်ပါလို့ ခိုင်းမိမယ်ထင်ပါတယ်။ မတွေ့တာ နှစ်နှစ်လောက်အတွင်းမှာ သူတို့ အဲဒီလောက် ဆန့်ကျင်တဲ့ ကလေးတွေဖြစ်သွားမလားဆိုတာကိုလည်း တွေးမိပါတယ်။ နစ်ရှေးရဲ့ အားအကောင်းဆုံးသူပဲ ရှင်ကျန်ရစ်မယ်ဆိုတာကို ကလေးတွေရဲ့ ပညာရေးအတွက် လက်ကိုင်ဆောင်ပုဒ် အဖြစ် လက်ခံလာအောင် စိတ်ရှည်လက်ရှည် ဆုံးမမယ့် ဆရာတွေနဲ့ သူတို့ကိုတွေ့စေချင်ပါသေးတယ်။ ကျွန်တော်တို့ သူတို့တွေအတွက် အကောင်းဆုံးကို မျှော်လင့်ထားတာ အဆိုးဆုံးကို မေ့ထားချင်ရုံသက်သက်မဟုတ်ဘူးဆိုတာ သူတို့ တစ်နေ့နေ့သိလာကြမှာပါ။


ခင်မင်စွာဖြင့်
Zephyr






Notes:


အခုခေတ်က ပိုပြီး ရုန်းကန်ရတဲ့ခေတ်ဖြစ်လာတဲ့အတွက် အရည်အချင်းမရှိတဲ့သူနဲ့ အရည်အချင်းတကယ်ရှိတဲ့သူကွာခြားမှုဟာ ပိုပြီးသိသာလာပါတယ်။ စင်ကာပူမှာ Foreign Talent တွေကြောင့် အလုပ်မရှိဖြစ်ရတယ်ဆိုတဲ့သူမျိုးဟာ ကိုယ့်အရည်အချင်းကို ကိုယ်စိတ်မချလို့ ထုတ်ပြောတယ်လို့ပဲ တွေးမိပါတယ်။ တကယ်တမ်းမှာ အရည်အချင်းရှိသူတစ်ယောက်ကို မျှမျှတတ ရိုးရိုးသားသား ယှဉ်ပြိုင်ခွင့်ရတာဟာ နှစ်ဦးနှစ်ဖက်တိုးတက်ဖို့ပဲဆိုတာကို နည်းနည်းလေးဆန့်တွေးလိုက်ရုံနဲ့ရောက်နိုင်ပါသေးတယ်။ ကျွန်တော်တို့ထက် နောက်တစ်ဆင့်ပိုမြင့်မယ့် မျိုးဆက်တွေဟာ ... တခြားနိုင်ငံက နိုင်ငံသားတွေနဲ့ ယှဉ်ပြိုင်ရတဲ့အခါ ဘောလုံးပွဲစကားနဲ့ပြောရရင် under-dog (အောက်သင်း) တွေမဟုတ်တော့ဘဲ တန်းတူရည်တူ အသင်းတွေလို ယှဉ်ပြိုင်နိုင်ပါလိမ့်မယ်။ ကျွန်တော်တို့ ဒီမှာ အဆင်ပြေပြေ ရပ်တည်နိုင်ကြတာကလည်း ရှေ့ကလူတွေကြိုးစားသွားလို့ မြန်မာတွေဟာ ကြိုးစားကြတယ်၊ တော်ကြတယ် ဆိုပြီး ယုံကြည်မှုရရှိပြီးသားဖြစ်နေလို့ပါ။ Globalization မှာ တစ်ခြားသူတွေကို လက်ညှိုးမထိုးခင် ကိုယ့်ကိုယ်ကို အရင်လက်ညှိုးထိုးပြီး ပြန်လည်သုံးသပ်ဖို့လိုအပ်တဲ့အကြောင်းကို ငြင်းခုံနေတော့မှာမဟုတ်ပါဘူး။


မဟာမြိုင် ဆရာတော် စာအုပ်တစ်အုပ်မှာ ကိုးကားထားဖူးတဲ့ နစ်ရှေးရဲ့ အဆိုအမိန့်လေးတစ်ခုကို သတိရနေပါတယ်။


What doesn't kill you makes you stronger.
ကိုယ့်ကို သေအောင်မသတ်နိုင်တာတွေက ကိုယ့်ကို ပို သန်မာလာစေတယ်တဲ့ ....။


အခက်အခဲပိုများတဲ့ ရာစုသစ်မှာ ရှင်သန်မယ့်ကလေးတွေအတွက် ကျွန်တော်တို့ အများကြီး ကြိုတွေးထားရပါဦးမယ်။ သူတို့တွေက ကိုယ့်ထက် ပိုပြီ; Flexible ဖြစ်တဲ့အတွက် သူတို့ဆီကလည်း အများကြီး ပြန်လေ့လာရဦးမယ်လို့ စိတ်ကို ပြင်ဆင်ထားပါတယ်။ ငယ်တုန်းက သရက်ပင် စိုက်နေတဲ့ ပုံပြင်ထဲက အဘိုးအိုလို မစားလိုက်ရပေမယ့် သရက်သီးတွေချိုနေမယ်ဆိုတာ တွေးကြည့်ရင်း ကိုယ်ရေးဖြစ်တာအတွက် ကျေနပ်ပါတယ်။



//////////////////////////////////////////////////////////////////////////////////////////

... မနက်ဖြန်ကစပြီး ရုံးပြန်တက်ရတော့မှာမို့လို့ သီချင်းတစ်ပုဒ် ကို အမှတ်တရ တင်ပေးလိုက်ပါတယ်။ သီချင်းနာမည်က I don't like Mondays ဖြစ်ပါတယ်။ Dropbox က link ဖြစ်တဲ့အတွက် download ရတဲ့နိုင်ငံတွေမှာ ရပြီးမရတဲ့နိုင်ငံတွေမှာမရပါဘူး။ Download လုပ်လို့ရတဲ့သူများ Monday ရုံးတက်တဲ့အခါ ရုံးမျာဆိုကြည့်လို့ရပါတယ်။ :P



Peace B with U.