ခရမ်းရောင် အက္ခရာ နှင့် ၀ိမုတ္တိနှင်း

(၁)အရုးတစ်ယောက်ရဲ့ ခရီးစဉ် .....
အနက်ရောင် ကြယ်တစ်စင်းကပဲ စလိုက်ကြရအောင်။
ကြယ်တစ်စင်း၏ အိမ်မက်တွင် ..... "ဟိုးရှေှးရှေးတုန်းက .... " ဆိုတဲ့ သာယာညွတ်နူးဖွယ် အဖွင့်စကားနှင့် မစခဲ့တဲ့ ပုံပြင်လေးတစ်ခု ... ခရမ်းရောင် နှင်းများ စိုစွတ်နေသည်။
သက်တံများ ပြန်ဖြောင့်ရန်၊ သိမ်ငယ်ရိုကျိုးနေသော ထိကရုန်းပင်လေးကို အားပေးနှစ်သိမ့်ရန် ....၊ တိမ်တိုက်ဖြူလွလွလေးကို ပွေ့ဖက်ရန် .. ထိုအရာများသည် ကြယ်တစ်စင်း၏ အလုပ်များမဟုတ်ခဲ့ပါ။
ကြယ်တစ်စင်းသည် လောင်ကျွမ်းရန်၊ လင်းပရန်၊ ပေါက်ကွဲရန် ... တစ်ခါတစ်ရံ စိတ်ခံစားချက်များကို ပြန်လည်အေးခဲပစ်ရန် ... မတတ်သာသည့် အခါ အတွင်းသို့ပြန်လည် တိုးဝင်ပြီး ကြောက်မက်ဖွယ် Black Hole တစ်ခု ဖန်ဆင်းရန် ....၊ အေးချမ်းမြင့်မြတ်သည့်ကာလရောက်မှ ရင်ဘတ်ကိုပြန်ဖွင့်ပြီး Big Bang တစ်ခု ကို ပန်းလို ပွင့်ပစ်လိုက်ရန် စသည့် အလုပ်များကိုသာ တာဝန်အရ လုပ်ကိုင်သည်။
ကြယ်တစ်စင်းသည် အပ်ဖျားတစ်ထောက်စာ အလွမ်းတစ်ခုကြောင့် မီးလောင်ပျက်သုန်းသွားနိုင်သော အရည်ခွံပါးပါး စိတ်တစ်ခုနှင့် သံသရာဘတ်(စ်)ကားအိုပေါ်မှ ခရီးသွားမဟုတ်ပါ။ ... ကြယ်တစ်စင်းသည် မိမိရင်ဘတ်ထဲမှ နံရိုးတစ်ချောင်း ဘုရားသခင် မထုတ်ခဲ့ကြောင်း အခိုင်အမာ နားလည်ထားသော၊ အစွန်းရောက် သည့်တိုင် ချွန်မြခဲ့သော လှံသွားတစ်ခုဖြစ်နိုင်ပါသည်။ ကြယ်တစ်စင်းသည် မျက်ရည်အလွယ်တကူ ကျတတ်သော သဘာဝမရှိခဲ့ ...။ မျက်ရည်များ၏ အပူနဲ့ဖိအားကြောင့် လမ်းကြောင်းပြောင်း၍ လည်ပတ်ပေးလိုက်သော သမိုင်းကြောင်းမရှိခဲ့ပါ။ ကြယ်တစ်စင်းသည် အားနာပါးနား တလက်လက် လင်းပြလိုက်ရန် စိတ်ပျက်ညည်းငွေ့ရမှ အစပြု၍ အဖြူရောင်အလင်းတန်းကို အနက်ရောင် အဖြစ်သို့ ပြောင်းလဲလိုက်သည်ဟု ဆိုကြသည်။ တစ်ချို့ကလည်း ကြယ်တစ်စင်းသည် အရွယ်အစားအရ ... ဂငယ်ကွေ့ရန် မဖြစ်နိုင်ရာမှ အစပြု၍ အနက်ရောင် ကသိုဏ်းအ၀န်းအ၀ိုင်းကို စူးစိုက်လေ့လာရာမှ အနက်ရောင်ပြောင်းလာသည်ဟုဆိုကြသည်။ .... ကြယ်တစ်စင်းသည် ....။
အနက်ရောင်ကြယ်တစ်စင်းသည် ...
သင့်ဦးခေါင်းတည့်တည့်အရပ်မှနေ၍ သင့်ကို ငုံ့ကြည့်နေသည်။
တစ်ခါတစ်ရံ သင့်အိမ်မက်များကို သူခိုးဝှက်သွားသည်။
တစ်ခါတစ်ရံ သင့် စိတ်ခံစားချက်များကို သူခိုးဝှက်သွားသည်။
တစ်ခါတစ်ရံ သင့် မျက်ရည်များကို သူခိုးဝှက်သွားသည်။
တစ်ခါတစ်ရံ ..... ကြယ်တစ်စင်းသည် .....သင့်အပြုံးများကို ခိုးဝှက်သွားသည်။
တစ်ခါတစ်ရံ ... ကြယ်တစ်စင်းသည် သင့် သက်ပြင်းတစ်ခု၏ လေးလံမှုကိုချိန်တွယ်နေတတ်သည်။
တစ်ခါတစ်ရံ ... ကြယ်တစ်စင်းသည် ...သင့်ကို အမှောင်တန်းများဖြင့် ခြုံလွှမ်းထားသည်။
ကြယ်တစ်စင်းသည် သင့်ကို .....။
...... ကြယ်တစ်စင်းသည် ကမ်းပါးစွန်းမှ ခြေတစ်ဖက်ချော်ထားပြီးသား အရူးတစ်ယောက်၏ ခရီးစဉ်ကို နားလည်သည်အထိ သူ့သက်တမ်းကို ဆွဲဆန့်ထားပစ်လိုက်သည်။ အာယုကပ်တစ်ခုကို လက်ထဲမှာ ခပ်ဖွဖွ ဆုပ်ကိုင်ထားရင်း ကြယ်တစ်စင်းသည် .. သင့်ကို .....။
(၁.၁) ခရီးအစ ...
အရူး။ ။ကျွန်တော့်ကို ပွဲလန့်တုန်းခင်းတဲ့ ဖျာတစ်ချပ်ရောင်းပါ။
ဆိုင်ရှင် ။ ။ဖျာတွေက အလကားပေးတာပါ။ တစ်ခုပဲရှိတယ် ....၊ စိတ်ထဲမှာ အံဝှက်လုပ်ထားတဲ့လူတွေကဦးသွားပြီ။
အရူး။ ။ဒါဆို နောက်သံသရာ တစ်ပတ်မှ ကျွန်တော်ပြန်လာမယ်။
ဆိုင်ရှင်။ ။ ဖျာတစ်ချပ်အတွက်လား။
အရူး။ ။ ဟင့်အင်း။ အံဝှက်တွေအတွက်ပါ .....။
(၁.၂)ရုပ်ကြွင်းနှင့်တွေ့ဆုံခြင်း
ရုပ်ကြွင်း။ ။ လမ်းကြုံလိုက်ချင်လို့ ရင်ဘတ်တစ်ခုငှားပါ။
အရူး ။ ။ ရတယ်လေ။ နှလုံးသားကို မထိစေနဲ့ ....။ ကျန်တာတွေ စားပစ်လိုက်။
ရုပ်ကြွင်း။ ။မင်းမှာ နှလုံးသားမရှိတော့ဘူးလေ။
အရူး။ ။အမ်။ လဲပစ်လိုက်ပြီထင်တယ်။ ဒီမှာ သူပေးသွားတဲ့ပန်းပွင့်တွေလေ။
(၁.၃)သုည
အရူး။ ။ မင်းက အရင်ကတည်းက တန်ဖိုးမရှိတာလား။ တစ်ယောက်ယောက်ကို တန်ဖိုးတွေပေးလိုက်လို့ သုညဖြစ်ကျန်ခဲ့တာလား။
သုည။ ။မင်းကရော စိတ်ခံစားချက်ကနေထွက်ပြေးတာလား၊ စိတ်ခံစားချက်ဆီကို ပြေးဝင်တာလား။
အရူး။ ။သုညထဲမှာဘာရှိလဲ။
သုည။ ။မေးခွန်းမှားနေပြီ ... ဘာထဲမှာ သုညရှိလဲ။
(၁.၄) ကုတ်အင်္ကျီ ၀တ်ဆင်ဖြစ်ခြင်း
အရူး။ ။ မင်းက ငါ့ကို ကာကွယ်ပေးချင်တာလား။ ငါ့ဆီက အနွေးဓာတ်ကို ခဏလောက် ကူးစက်ခံစားချင်တာလား။
ကုတ်အင်္ကျီ ။ ။ ဟင့်အင်း။ ငါက လမ်းကြုံလိုက်ချင်တာ။ မင်း ၀ိမုတ္တိဆီသွားမယ်လို့ကြားမိလို့။
အရူး။ ။ ငါ့ကို မင်းက ချုပ်ချယ်မှာလား။
ကုတ်အင်္ကျီ။ ။ ဟင့်အင်း။ ငါ့အိပ်ကပ်ထဲမှာ မင်းလက်တွေနွေးနေရင်ပြီးတာပါပဲ။
.... ဒီလိုနဲ့ အရူးတစ်ယောက် .. အနက်ရောင်ကြယ်တစ်စင်းရဲ့ အမှောင်တွေနဲ့ ခရီးတစ်ခုကို စတင်ခဲ့တယ်။
Notes:
ပုံတွေကိုတော့ Vertigo Tarots က ပုံတွေကို တင်လိုက်ပါတယ်။
Dedicated to my mom, thanks for the cards.

Peace B with U.