Wednesday, January 20, 2010

အွန်ဘီဟာ့ဖ်အော့ဖ် ယူး

....

.....................
....................................


စကားလုံးတွေကို ဆက်လက် မယုံကြည်နိုင်တော့တဲ့အခါ .....။


အတိတ်ဆိတ်ဆုံး သက်ပြင်းတစ်ခုကို ဘယ်လိုချလို့ရမလဲ ....................။

.................................။



နောက်ပြန်လှည့်လို့မရတဲ့ ရေတံခွန်လို ခုန်ဆင်းလိုက်ဖို့ အရာအရာ က ဆန့်ကျင်ခွင့်ကို ၀ိုင်းဝန်းငြင်းပယ်လိုက်ပြီ ....။

သေခြင်းတရား အနည်းငယ်စီ စိမ့်ဝင်နေတဲ့ စေးပျစ်နေတဲ့ လေကို ရှူသွင်းနေရတာ ကြေကွဲစရာနည်းနည်းတော့ ကောင်းနေတယ်။

ယုံကြည်ခဲ့ရတဲ့တွေ ... ပြေလျော့သွားတဲ့ ဇာတ်ဝင်ခန်းတွေဟာ အသက်ဝင်လွန်းလို့ ... ဒီနေရာကို ပဲ တစ်နေ့လုံး အခွေပြန်ဖွင့်ထားလိုက်တယ်။ .... စက်ကို ပိတ်လိုက်တော့ စိတ်ထဲမှာ ဆက်လက်ပြသနေတဲ့ ဇာတ်ဝင်ခန်းကလည်း လက်တွေပြေလျော့နေတာပါပဲ ......။

အနမ်းတစ်ခုရဲ့ တန်ရာတန်ကြေးကို တစ်ချို့က တစ်ဘ၀လုံးလောက်တန်တယ်လို့ထင်ပြီး တစ်ချို့က သုံးစက္ကန့်လောက်တန်တယ်လို့တန်ဖိုးဖြတ်တယ်။ တန်ဖိုးသတ်မှတ်ချက်တွေရဲ့အပြင်ဘက်မှာ တစ်ယောက်ကို တစ်ယောက် ချစ်ခဲ့တာတွေကို ဘာတွေနဲ့ တိုင်းတာလေ့ရှိလဲ ....။ ခုနစ်နစ်ဆိုတဲ့ အချိန်တွေကို နှမြောတယ်။ ခုနစ်နစ်ဆိုတာ အဖျင်းစားလူတစ်ယောက် တရားရသွားဖို့ လုံလောက်တဲ့အချိန်မဟုတ်လား။ လမ်းခွဲလိုက်ဖို့အတွက် သက်သက် ခုနစ်နစ်ချစ်ခဲ့ကြတာ ... ... ။အဲဒီ ၀ိရောဓိထဲမှာ ငါအသက်ရှူခက်သွားခဲ့ရတယ်။ ခုနစ်နစ်စာ သမုဒယကို ခေါက်သိမ်းဖို့ အချိန်ဘယ်လောက် များများလိုမလဲ ....။ ဒါတွေမတွေးနိုင်သေးဘူး။ အခုအသက်၀၀ရှူလိုက်ပါရစေဦး။

တစ်သီးပုဂ္ဂလနေကြတ်သွားတဲ့ ခရမ်းရောင် နေ့လည်ခင်းတစ်ခုမှာ ခံစားချက်ကန်းသွားတဲ့သူတစ်ယောက်ဟာ ... သူ့ကိုယ်သူ သက်ရှိဖြစ်ကြောင်း အထောက်အထား တစ်ခုချင်းစီပြန်ရှာနေရပြီ။ ... မဖြစ်သင့်မှန်းသိနေတဲ့ စိတ်ခံစားချက်တွေက စိတ်ထဲမှဖြတ်ပြေးနေတယ်။ ... ရပ်တန့်ခွင့်တစ်ခုရဖို့ ဘယ်လောက်သွားရဦးမလဲ .......။

မဖြစ်နိုင်ဘူးထင်တာတွေဖြစ်လာမှ ဘ၀မှာ အလန့်တကြားဖြစ်ခြင်းရသကို ရတယ်။
သင့်ဘ၀မှာ ဘယ်လောက် ရသမြောက်နေပြီလဲမိတ်ဆွေ ...။

စိတ်ချင်း အလဲအထပ်လုပ်ထားတဲ့သူ၊
ကိုယ့်နံရိုးသေချာပြီထင်လို့ နှလုံးသားနဲ့ သော့ပြန်ခတ်သိမ်းထားတဲ့သူ၊
ဝင်လေနဲ့ထွက်လေကြားမှာ သူ့ကိုယ်သင်းနံ့လေးမရရင် ပြဿဒါးနေ့လို့ထင်နေမိတဲ့သူ၊
အခုမှ မှန်ထဲက ကိုယ့်မျက်နှာကိုယ် ပြန်ကြည့်ပြီး Self-Respect ကျလိုကျ Depression ရလိုရနဲ့။

တစ်ချိန်ကတော့ ဆေးလိပ်သောက်တာဟာ ကိုယ့်ကိုယ်ကို အရစ်ကျသတ်ဖြတ်ခြင်း၊ Suicide by installment လို့ဖတ်ခဲ့ဖူးတယ်။ တကယ်တော့ အပြုံးတွေကလည်း Suicide by installment ဖြစ်နေတတ်မှန်း သိလိုက်ရတဲ့အချိန်မှာ .... လမ်းတွေရှေ့မှာ လမ်းမလျှောက်တတ်တဲ့လူတစ်ယောက် ငိုင်တွေရပ်နေသလိုပေါ့ .....။ အသည်းကွဲရင်တဲ့အခါ ကမ္ဘာဦးလူဟာ Tyrannosaurus ဘယ်နှကောင်လောက်ကို မီးကင်ပြီး စားပစ်လိုက်သလဲ ...။ သိပ်ခါးနေတဲ့ ကော်ဖီခွက်ကို သောက်နေတာတောင်မှ စိတ်ထဲက အခါးကို မမီတော့ဘူး။

တန်ရာတန်ကြေးမရခဲ့တဲ့အကြောင်းကို ဆေးပြန်မသုတ်နဲ့တော့။
ကြေကွဲစရာ အကွဲစတွေ ပြန်လည်တပ်ဆင်ပြီး တခုတ်တရ လွမ်းဆွတ်မနေနဲ့တော့၊
ဇာတ်ပေါင်းသော် အယူအဆနဲ့ အသားမကျတဲ့ လောကကြီးမှာ ရှိပါစေ၊ ရှိပါစေတော့ ...
စသဖြင့် ကိုယ်ထူကိုယ်ထ အားတင်းလိုက် ယိုင်နဲ့လိုက် ....၊
ဘ၀တိုတိုလေးမှာ နိဗ္ဗာန်မဂ်ဖိုလ် ရက်မတိုချင်လို့ ချစ်ခဲ့တာ .. ချစ်ခဲ့တာပါလို့ဆိုရင် သူမ ရယ်နေဦးမှာလား။
အဲဒီအတွေးကို ဆင်ဆာဖြတ်ပစ်လိုက်တယ်။

ဝေးပြီဘေဘီကို ပဲအစက တစ်ခေါက်လောက်ပြန်ဆိုကြည့်ရင်ကောင်းမလား။
ဒါမှမဟုတ် အမေနဲ့ရွာကိုပဲလွမ်းလိုက်ရမလား။
သစ်ခေါက်မဆိုးထားတဲ့စိတ်က အခြမ်းမှားသွားတဲ့ နမော်နမဲ့နိုင်မှုကို သာဓုမခေါ်နိုင်ရှာဘူးလေ။

ထိုင်နေရင် အကောင်းသား ဖတ်မိတဲ့ကဗျာကပိုဆိုးတယ်။


သင်းကွဲသူများ


ဒီဆံမျှင်မှာ

နှင်းဆီတွေမှ မဖူးပွင့်တော့ဘဲ

မေ့ထားလိုက်ပါတော့ ကလေးရယ်

အလင်္ကာတွေကိုလည်း ကိုယ်ကပဲ မှုတ်ငြိမ်းစားလိုက်ပါ့မယ်

တစ်ယောက်က တစ်ယောက်ရဲ့အလင်းဖြစ်ချင်ကြ

တစ်ယောက်က တစ်ယောက်ရဲ့ မီးအိမ်ဖြစ်ချင်ကြ

အခုတော့လည်း အားလုံး ဆုံးလျသွားပါပြီ

သွားတော့ ဘေဘီ

ဟိုးမှာ

ညနေခင်းကတောင် ငွေ့ရည်ဖွဲ့နေပြီ။ ။


(တာရာမင်းဝေ )



တစ်ချို့လမ်းခွဲတွေက ကိုယ့်ရှေ့ရောက်လာပြီး၊ တစ်ချို့လမ်းခွဲတွေက ကိုယ်ကျောပိုးလာခဲ့မိတာ။
အခုမှ အလန့်တကြားမဖြစ်ကျစတမ်းဆိုရင်တောင် .... နည်းနည်းတော့ လွမ်းမိမယ်ထင်တယ်။

ပါပါရာဇီတစ်ယောက်ရဲ့ ကင်မရာလိုအပ်မှုထက် ... သူမဆီက နားလည်မှုနဲ့ သစ္စာတရားကို ကျွန်တော်လိုအပ်ခဲ့ပါတယ်။
နောက်ဆုံးရေးဖြစ်တဲ့စာတစ်ကြောင်းဟာ ကောက်ကွေ့ ...
မေ့နိုင်တဲ့နေ့ကြမှ မေ့မယ်။

အလင်းတွေနဲ့ ၀ိုင်းရိုက်နေတဲ့ အရုဏ်မှာ ပန်းတစ်ပွင့်တောင် ပွင့်ထွက်ပေါက်ကွဲသွားသေးတာပဲမဟုတ်လားကွာ၊
ဖြစ်နိုင်ရင် .. ဘ၀ဆက်တိုင်း တကယ်လို့သာနဲ့ ဖြစ်နိုင်ရင် ဆိုတဲ့ စကားနှစ်လုံးကို မသုံးစွဲတဲ့သူဖြစ်ပါရစေ လို့ ဆုတောင်းမိသေးလား သိပ်မသေချာတော့ဘူး။ အိမ်မက်မက်ဖို့ အရင်ဆုံး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်လိုက်ဖို့ပဲလိုတယ်။

သွေးနွေးသတ္တ၀ါ တစ်ကောင် သွေးအေးသွားဖို့ အဆင့်ဆင့် ဆင့်ကဲပြောင်းလဲခြင်း ဘယ်လောက်လိုမလဲ။ တစ်ချိန်က ကုန်းပေါ်မှာ နေခဲ့တဲ့ ဝေလငါးကိုပဲ သွားမေးကြည့်ရလိမ့်မယ်။ ... ဆိုခဲစေ မြဲစေ ... "Let's bygones be bygones" .... ကိုယ်ခန္ဓာက ဆဲလ်တစ်ချို့ဟာ အယောင် အမှားမှား သူမနာမည်ကို ရေရွတ်တဲ့အခါ ... အခုမှကောက်ခါငင်ခါရတဲ့နောင်တမျိုးနဲ့ Gmail က Account ကို Delete လုပ်ရတဲ့အခါ ...။ အမှတ်တရတွေကို စနစ်တကျ အမှတ်တမဲ့ပြန်လုပ်ရတဲ့အခါ ... လိုတိုးပိုလျော့ သူစိမ်းဆန်ရတဲ့အခါ ... ရပ်ပစ်ရှစ်ပါးမှာ သံယောဇဉ်တစ်ချို့ကို ဘေးမဲ့လွှတ်လိုက်တဲ့အခါ ....၊ သူမအပြုံးတွေမပါတဲ့ ပြက္ခဒိန် အသစ်တစ်ခုနဲ့ ကိုယ့်ကမ္ဘာသစ်ကို တစ်ကနေစပြီး ပြန်ဖန်ဆင်းကြတဲ့အခါ၊ ... တိုက်ဆိုင်မှုရှိတိုင်း လူကြီးမင်း ခေါ်ဆိုသော ဆယ်လူလာဖုန်းနံပါတ်မှာ ဆက်သွယ်မှု ဧရိယာနားမှာ ယောင်လည်လည်လုပ်မနေဖို့ သတိပေးရလိမ့်ဦးမယ်။ ....

ရေခဲနဲ့ဆောက်ထားတဲ့ နန်းတော်တစ်ခုဟာ အခု နွေရာသီစူးစူးမှာ ဆက်လက်စိတ်ကူးမယဉ်နိုင်တော့တာ အသေအချာပေါ့ ....။ စိတ်ကို စိတ်နဲ့ဖိထားတာ အလေးဆုံး။ ရုတ်တရတ်ဝင်လာတဲ့ မြန်နှုန်းမြင့် အပြုံးတွေကို ရှောင်နေရတာ အမောဆုံး ...။ ညမှာ သိုးကျောင်းသားတစ်ယောက် သိုးတွေ ၁၂၃၄၅၆၇၈၉၀၁၂၃၄၄၅၆၇၈၉၀၁၂၃၄၅၆၇၈.....................................................................
သိုးအုပ်ကြီးကြားမှာ လာလာမပြုံးပြစေချင်ဘူး။ ဖြစ်နိုင်ရင် သူ့သဘောသူဆောင်တဲ့ အလွမ်းက ကိုယ့်သဘောကိုယ်ဆောင်တဲ့ အိပ်ချိန်တွေကိုမလုယက်စေချင်ဘူး။ မနက်ဖြန်အိပ်ရာကနေ ထပြီး ပထမဆုံး သတိရနေတဲ့နေရာမှာ တစ်ခုခု အရေးတကြီး အစားထိုးဖို့လိုနေတယ်။

.........
.....................
................................
အခုအချိန်မှာ အလိုအပ်ဆုံးဟာ သစ္စာတရားနဲ့ ခိုင်ခံ့နေတဲ့ ညီမျှခြင်းတစ်ခုပဲဖြစ်တယ်။ ။


ခင်မင်စွာဖြင့်
Zephyr

Notes
(ရေနစ်သူများကို ၀ါးကူထိုးထားသော စာဖြစ်ပါသည်။ မတော်တဆ အသည်းကွဲနေသူများဖတ်ရန်ရည်ရွယ်ပါသည်။ Starbucks မှာ ကော်ဖီကြိတ်သောက်နေရုံနဲ့တော့ အသည်းကွဲတာသက်သာမှာမဟုတ်ဘူး တကာကြွယ်ရေ၊ :P အသည်းကွဲတတ်သော ဘုံဘ၀များ၌ နှလုံးသားမပါသောသူဖြစ်ပါစေ ငါ့ရှင် ....။)







Peace B with U.