မောင်သိန်းဇော်ရဲ့ နှင်းရည်စက်လက် ကဗျာစာအုပ်ထဲက အပူသည် ကဗျာလေးရွတ်ဖြစ်တယ်။ ကဗျာလေးတစ်ချို့ဟာ အမှတ်တရရွတ်ဖို့ကောင်းနေတတ်တဲ့ အချိန်တွေလည်းရှိတယ် ...။ ဥပမာ ...ဆောင်းရာသီတွေကြွေကျသွားတဲ့ အခုလိုအချိန်မှာဆိုပါတော့ ...။
အပူသည်
အသစ်မဟုတ်ဘဲ
နေရောင်နဲ့ပြန်သထားတဲ့
မနက်ခင်းတစ်ခုမှာပါ။
ကျွန်တော်အရူးအမူးဖြစ်နေတာကတော့
အိပ်မက်ထဲက
မွှေးမြတဲ့ နားရွက်လေးတစ်ဖက်ပါပဲ။
လေကလည်း တဟူးဟူး တိုက်နေရဲ့
နှလုံးသားပေါ်မှာ
ခိုကိုးရာမဲ့ ကျီးကန်းလေးတစ်ကောင်ဟာ
တစာစာအာနေလေရဲ့၊
အလွမ်းတွေဖွာလန်ကျဲလို့
မြင်မကောင်းအောင် ငိုထားတဲ့
တေးသွားလေးလိုပဲ သက်ဆင်းခဲ့။
သိပ်တော့လည်း မဆန်းပါဘူးကွယ် တဲ့
တချွတ်ချွတ်မြည်နေတဲ့
သစ်ကိုင်းခြောက်က
မာဂဓဘာသာစကားနဲ့
ကျွန်တော့်ကို ချွေးသိပ်တယ်။
ရေတံခွန်အောက်ဝင်လည်း အပိုပဲ။
နှလုံးသားတစ်ရပ်စာသာမြင့်တဲ့
မျှော်စင်တစ်ခုဆောက်ပြီး
ကမ္ဘာဦးအစကို လှမ်းကြည့်လိုက်တယ်
မီးကို စတင်တွေ့ရှိသူဟာ ကျွန်တော်ဖြစ်နေရဲ့။ ။
မောင်သိန်းဇော်
(၁၉၈၆)
ကဗျာတစ်ပုဒ်လုံးဆုံးသွားတဲ့အခါ ... ကဗျာဟာ စိတ်ထဲကို စီးဆင်းသွားပါလိမ့်မယ်။ မနက်လင်းလာလို့ အသက်ရှူမ၀တဲ့နေ့တွေမှာ ... အေးချမ်းငြိမ်သက်မှုနဲ့အတူ ရိုးသားလှပတဲ့ကဗျာတစ်ချို့ကိုဆာလောင်ပါတယ်။ ရှင်သန်မှုသေဆုံးမှုတွေကို ပြန်လည်မေးခွန်းထုတ်ပြီး ရက်လွန်နှင်း ဆိုတဲ့ စာလေးတစ်ပုဒ်ကိုရေးဖြစ်ပါတယ်။ ....
ရက်လွန်နှင်း
January သစ်ရွက်ကြွေချိန်လေးတစ်ခုစာဝိရောမိ ...ကာယ၊စိတ္တ ၀ိဝေကဖြင့်သာ ....သိမ်းပိုက်အုပ်စိုးသွားသော နာရီလက်တံများ ...စစ်ရှုံးသွားသော .... မျှော်လင့်ခြင်းများ .... .... .....၊ တိမ်တိုက်များနာဖျားနေသောအခါ .... တိုးတိုးတိတ်တိတ်....သက်ပြင်းများဖြင့် ချိပ်ပိတ်ပစ်လိုက်ရသည်။ ရှူသွင်းနေသောလေထုထဲတွင် ... လူလုပ်ထားတဲ့အောက်စီဂျင် အငွေ့အသက်များ မွန်းကြပ်နေသည်။ သက်တရာတမ်းတွင် လမ်းခွဲမည်မျှရှိခဲ့မှန်းမတွေးမိတော့ ....။ ကံ့ကော်ရောင်ဖျော့ဖျော့ ဆည်းဆာရိပ်တွင် အသံများအားလုံး ရုတ်ချည်းပျောက်ကွယ်သွားသည်။ ...ဆွံအတိတ်ဆိတ်နေသော အထီးကျန်မှု၏ ရစ်သမ် အတိုးအလျော့ အတိုင်း သူ လမ်းဆက်လျှောက်နေမိသည်။ လမ်းဆက်ပျောက်နေမိသည်။
ခရီးတွေ ပိုမိုဝေးကွာလာသည်။ ... သီချင်းသံများအစား .. ဆူညံသံတစ်ခုကိုဆာလောင်လာသည်။ ရပ်တန့်နေသောရေထဲတွင် သိုးတစ်ကောင်ပုံရိပ်ထင်နေသည်။ ကြာရှည်စွာရပ်တန့်နေသောကြောင့် သိုးတစ်ကောင်သည် သိုးတစ်ကောင်ရုပ်တု ဆန်လာသည်။ သီချင်းသံများ ဖြတ်တိုက်ချသွားသော်လည်း သိုးတစ်ကောင်၏မျက်လုံးများမှ မျက်ရည်စများ လွင့်စင်ကျမလာခဲ့ပါ။ သိုးတစ်ကောင်သည် ပျော့ပျောင်းသောမျဉ်းကွေးလေးတစ်ခုသာဖြစ်ကြောင်း သူမသိလိမ့်မည်။
လှုပ်မရသောခြေထောက်များ ....။ ထိုအရာသည် ခံစားမှုကြောင့်နာကျင်နေသောစိတ်များ လောင်ကျွမ်းမှု၏ဘေးထွက်ဆိုးကျိုးဖြစ်သည်။ သံသရာတလျှောက်လုံးကျခဲ့သောမျက်ရည်များအကြောင်း ခဏလောက်ခေါက်ထားပြီး အဖြူရောက်တစ်ရောင်တည်းအတွက် ကျခဲ့သောမျက်ရည်ချည်းသက်သက်နှင့်ပင် ... လှိုင်းသံလေသံကြားစပြုနေပြီဖြစ်သည်။ မာယာမပါသော ဖန်ခွက်ကွဲသံလေးတစ်ချက်နှင့်ပင် စိတ်တစ်ခုလုံးကျကွဲသွားသည်မှာ နမောနမဲ့နိုင်လွန်းသောကြောင့်မဟုတ်ဘဲ မိဘမေတ္တာသက်သက်ကြောင့်သာဖြစ်ကြောင်း သင်နားလည်သည်အထိ တီးခတ်ရန် အချိန် သုံးမိနစ် မလုံလောက်ခဲ့ပါ။
ရက်လွန်သွားသောကြောင့် ကျွန်ုပ်တို့ ... ရပ်တန့်လိုက်နာလိုက်ကြရသည်။
လက်ပြနှုတ်ဆက်လိုက်ရသည်။ ဆောင်းရာသီကို ဖမ်းဆီးရန် ပိုက်ကွန်တစ်ခုလိုအပ်ကြောင်း သိလိုက်ရသည်။ နှင်းစက်များသည် ကုန်သည်လေနှင့် ထွက်ခွာသွားသော အရှေ့မြောက်အေးခဲမှုနှင့်အတူ ...လိုက်ပါသွားသည်။ ကျွန်ုပ်လိုက်ပါသွားသည်။ စိတ်နှင့်ဝိညာဉ်သည်လိုက်ပါသွားသည်။ မနက်ဖြန်နှင့် အနာဂတ်သည်လိုက်ပါသွားသည်။ ကာလနှင့် အာကာသသည် လိုက်ပါသွားသည်။ Time and Space သည် လိုက်ပါသွားသည်။ .... နေရောင်ခြည်သည် မသိုးထမင်း မသိုးဟင်း ဆိုကြပါစို့ ... ကျွန်ုပ်တို့သည် တစ်စုံတစ်ရာကို ရှာတွေ့ရန် ရိက္ခာလုံလောက်ပါလိမ့်မည်။ မပိုင်ဆိုင်သော နောက်ထပ် စက္ကန့်လေးများတွင် သတိတရရှိနေမည် ဆိုသည့် ခိုင်မာပြတ်သားမှုမျိုးဖြင့် ....သည်ဘ၀ကို ဆက်လက်ဖြတ်သန်းသွားကြရဦးမည်။
ကျွန်ုပ်သည် ရရှိခဲ့သော စိတ်ချမ်းသာမှုများကို နေ့စဉ်ရေလောင်းပေါင်းသင်၍ စံပယ်ပန်းများပွင့်လာမည်ဟု ယုံကြည်မျှော်လင့်နေသော လူအတစ်ယောက်ဖြစ်နိုင်ပါသည်။ သံသရာအဆုံးမှ ပြောင်းပြန်ရေတွက်ခဲ့လျှင်ပင် ...စိတ်အချမ်းသာဆုံးနေ့များကို ကျေနပ်စွာနေထိုင်ခဲ့သေးကြောင်း စိတ်သေလက်ချ ပြန်ပြောင်းပြောဆိုနိုင်ခဲ့ရုံ လုံလောက်ခဲ့ပြီဖြစ်ပါသည်။ နှင်းစက်များရက်လွန်သွားသည့်တိုင် ... တစ်ဖက်သတ်စီးဆင်းနေသော မိဘမေတ္တာဖြင့် ... နွေးထွေးလုံခြုံစွာ နေထိုင်နိုင်သည့်အတွက် တိတ်ဆိတ်ငြိမ်သက်စွာ စိတ်ချမ်းသာနေမိသည်။ ... လွှမ်းခြုံပို့သအပ်သော မေတ္တာတရားဖြင့်သာ မိဘနှင့် သားသမီးကြားမှ အပြာရောင်ပိုးကြိုးလေးများအကြောင်းကို အနုလုံပဋိလုံ ရှုမြင်ဆင်ခြင်နေမိသည်။
အသက်ကိုဖြည်းညင်းစွာရှူပြီး မျက်စိများကု ဖွဖွလေးပိတ်လိုက်ပါ ....။
ပထမဆုံးမြင်နေရတဲ့ အပြုံးဟာ သင့်ဘယ်ဘက်ရင်ဘတ်မှာ ခုန်နေတဲ့နှလုံးသားရဲ့ အလင်းပြန်တဲ့ပုံရိပ်လေးတစ်ခုဖြစ်နေပါလိမ့်မည်။
..........
....................
......................................
.... အခုအချိန်မှာတော့ အပူသည် ကဗျာကို ပြန်ရွတ်ရင်း .. ရေတံခွန်အောက်ဝင်လည်း အပိုပဲ ဆိုတာကို ခပ်ဖွဖွနားလည်နေမိကြာင်း။ ။
ခင်မင်စွာဖြင့်
Zephyr
Peace B with U.