Sunday, April 19, 2009

ငယ်ချစ်ကိုသတိရခြင်း

ဇင် ...(ဂျပန် ဗုဒ္ဓဘာသာ ကျင့်စင်) ဟာ ကျွန်တော့်ရဲ့ ငယ်ချစ်ဦးပါ ...။
မမျှော်လင့်ဘဲ ... လမ်းခွဲခဲ့ရပေမယ့် ... ကျွန်တော် မှတ်မိနေတုန်းပါပဲ ...။
အခုလည်း သူ့ကို လှောင်တာမဟုတ်ရပါဘူး ...။
လမ်းမှာတွေးမိတာလေးကို မမေ့ခင်ချရေးလိုက်တာပါ ...။
မေ့ထားတာကြာပါပြီ ...။ အစ်မတော်က အစဖော်ပေးလိုက်တာနဲ့ .. ပြန်တွေးမိသွားတယ် ...။ တကယ်တော့ သိပ်ချစ်ခဲ့ရတဲ့ အချစ်ဦးပါ ...။ :)

အဲဒီနေ့
ဘုရားသွားတယ်
စင်္ကြံ လျှောက်နေတဲ့ ဥယျာဉ်ရဲ့ အရောင်၊ အနံ့ အရသာ မရှိဆိုတဲ့ အဘိုးနဲ့ ဆုံခဲ့တယ် ...။
သူက လူကို မြင်တာတောင် ..
သူ့မျက်ကြည်လွှာကို မြင်သလောက်တောင် အရေးမစိုက်ဘူး ..
ပြီးမှ ... ဘယ်သူ့ကိုမှ မရည်ရွယ်တဲ့ ပုံစံနဲ့
တိုးတိုးပြတ်ပြတ်ပြောတယ် ...
မင်း ... ဆရာသခင်ဆီသွားဖို့ အချိန်တန်ပြီတဲ့ ...။


..
....
.....
ဒီလိုနဲ့ အေးချမ်းတဲ့ ကျောင်းဝင်းလေးထဲကို ကျွန်တော်ရောက်လာဖြစ်ခဲ့တယ် ...
အလုပ်ထဲမှာ စိတ်ကို နှစ်ထားကြတဲ့ ကိုယ်တော်တွေ ...
မမွေးခင်တုန်းက မျက်နှာကို ပြန်ရှာနေသူတွေ ..
သုညရဲ့ သဘာဝကို စေ့စေ့ငှငှ လေ့လာနေသူတွေ ...
အခန်းထဲမှာ အပြည့် ...
နေပူလို့ ဆောင်းလာတဲ့ ထီးလေးကို အခန်းရဲ့ ဥတ္တရစွန်းက သတ္တမြောက် စင်ပေါ်မှာ ... သေသေသပ်သပ်တင်လိုက်တယ် ..။
စီးလာတဲ့ ဖိနပ်ကို စင်ရဲ့ ၇၅ ဒီဂရီစောင်းပြီး ... သုံးလက်မခွာပြီးချွတ်ထားလိုက်တယ် ...။
ဘယ်တော့မှ ခြေသံမမြည်ခဲ့တဲ့ ခြေထောက်ကို သတိကပ်ပြီး ... ဆရာသခင်ဆီလျှောက်လာခဲ့တယ် ..။

တစ်ဖက်တည်းတီးတဲ့လက်ခုပ်သံသိလား ...
ကျွန်တော်ဖြေလိုက်ရင်မှားသွားမှာပေါ့
မင်း ဉာဏ်များတယ် ... နောက်နှစ်မှလာခဲ့ ...

ဒါနဲ့ပဲ ... တောင်စွယ်ကို ကွယ်ခဲ့တဲ့နေလို ရုတ်ခနဲ ကျွန်တော်ထပြန်ခဲ့လိုက်တယ် .....။

နောက်ထပ်တစ်နှစ်ကျွန်တော်ပြန်ရောက်လာခဲ့တယ် ..
သိပ်ချစ်စရာကောင်းတဲ့ ၀ါးမင်းပင်ပုလေးကို လက်မှာကိုင်ရင်း ... ဆရာသခင့်ခြေရင်းမှာဝပ်စင်းနေခဲ့ပြန်တယ် ..။

ရေပုံးမှောက်သွားတဲ့နောက် .. လ ဘယ်ရောက်သွားလဲ ...။
ကျွန်တော့်ရင်ဘတ်ထဲမှာပဲပေါ့ ...
မင်းခံစားနေတယ် .... နောက်နှစ်မှလာခဲ့ ....။

နောက်ထပ်တစ်နှစ်ဟာတိုက်စားသွားပြန်တယ် ...။
ဆရာသခင်ရဲ့ တပည့်တွေ ဆာတိုရီ အလျှိုလျှိုရကုန်ကြပြီ ....
ကျွန်တော် ခရမ်းပြာပန်းပွင့်လေးကို လက်ထဲမှာကိုင်ရင်းဆရာသခင့်ဆီရောက်ခဲ့တယ် ...။
ဗရှိုးရဲ့ဖားရေထဲခုန်ချသွားတယ် .. .မင်းဘာကြားသလဲ ..
ရေထဲမှာ မှော်တွေများတယ် ဆရာသခင် ...
မင်းအမှန်ကို ရှောင်နေတယ် ... နောက်နှစ်မှလာခဲ့ ...

နောက်ထပ်တစ်နှစ်ဟာ လေစီးထဲမျောပါသွားတယ် ...
ကျွန်တော် .. ဒီတစ်ခေါက်ပြန်ရောက်လာတော့ လက်ထဲမှာ ပုလွေလေးတစ်လက်ပါသွားခဲ့တယ် ...
မြှောက်ထားတဲ့ ဆာမူရိုင်းရဲ့ ဓားဟာ နိဗ္ဗာန်လား၊ငရဲလား ...
မေတ္တာနဲ့ ဆန့်ကျင်ဘက်ကို ကျွန်တော်မသိဘူး ဆရာသခင် ...။
မင်း ..လမ်းလွဲနေပြီ ချစ်သား ... နောက်နှစ်မှလာခဲ့...။

နောက်ထပ်တစ်နှစ်မှာ ကျွန်တော် စံပယ်ပင်လေးအပွင့်ဝေတဲ့ အထိစိုက်ပျိုးခဲ့တယ် ...။
ဆရာ သခင့်ဆီမှာ တပည့်တွေ ကုန်ပြီ ..။
စံပယ်အိုးလေးကို သေသေချာချာနေရာချရင်းတွေးမိခဲ့တယ် ...။
ကျွန်တော်ဟာ ဆရာသခင် အတွက် ရေစိုနေတဲ့ထင်းခြောက်ပဲလား .

သား ... မင်း မဟာဒီလှိုင်းဆိုတဲ့ ဆူမိုသမားကိုသိလား ... သူဘာကို ၀ါးမျိုပစ်သလဲ ..
ရန်မမူတတ်သူတွေကို ရန်မူတဲ့သူတွေကို မုန်းတယ် ...
မင်း ... ကိုယ်ချင်းစာတရားကို နားလည်မှုလွဲနေတယ် သား ... နောက်နှစ်ပြန်လာခဲ့ ...။

နောက်တစ်နှစ်မှာ ကျေးငှက်တွေရဲ့ရယ်မောသံကို ကျွန်တော်လေ့လာခဲ့တယ် ...။
သံပတ်တွေတင်းနေတဲ့တိမ်တိုက်တွေကို ပေါ့ပါးစွာငေးရင်း ..
ဆရာသခင့်ကျောင်းဆောင်ရှေ့ရောက်လာခဲ့တယ် ...။
ငါ့သား အချိန်တွေနည်းလာပြီဆိုတာ မင်းရောငါရောသိတယ် ... မင်းကလေးဆိုရင်လည်းပြန်ယူသွားပေါ့လို့ ငါတို့ရဲ့ရှေးဆရာကြီးက ဘာလို့ပြောနိုင်တာလဲ ...
သူဟာငှက်မဟုတ်လို့ပဲပေါ့ ... လွတ်လပ်စွာပျံသန်းရတာပဲပျော်ဖို့ကောင်းတယ် ...။
ဆရာသခင်ဟာ ..သူ့သားမြီးယပ်ကို ဖျောင်းခနဲချိုးပစ်လိုက်တယ် ...
သား မင်း ချိုးကွေ့သွားပြီလား ...

ကျွန်တော့်ငှက်ကလေးက လက်ပေါ်လာနားရင်း ဆရာသခင်ကို အထူးအဆန်းလိုကြည့်တယ် ..။
ဆရာသခင့်မျက်စေ့ရှေ့ကကျွန်တော် ရို့ရို့လေးထွက်ခွာလာခဲ့တယ် ...။


...

.......

............

ကျေးဇူးတင်ပါတယ် ဆရာအရှင် ...
ကျွန်တော်ကတော့ ...
ရင်ဘတ်ထဲမှာ လလေးကို သိမ်းထားတတ်တုန်းပဲ ...
တခါလေ ... ဆရာသခင့်ကိုသတိရတယ် ...
မြင့်ရာဘုံကနေ သဘောပေါက်သွားတဲ့နေကြမှ ...

ဆရာနဲ့တပည့် သံသရာထောင့်ချိုးမှာ ပန်းပွင့်တွေမနိုးခင် ပြန်တွေ့ကြမယ် ...။
ဆရာ့အရှင့်ကို ဦးချဖို့ ... စောင့်နေဦးမှာပါ ...။ ။

လေးစားသောတပည့် ...
သင်ယူခြင်းကို စက်ဆုတ်သော ဥယျာဉ်မှုး ...


Dedicated to sis ...
With Peace,
ငတုံး ဥယျာဉ်မှုး



Peace B with U.