Monday, January 5, 2015

ကျက်သရေရှိသော ရှင်သန်ခြင်း

ကျက်သရေရှိသော ရှင်သန်ခြင်း

ကျက်သရေကို မြန်မာလို သီရိလို့ ခေါ်တယ်။ ပါဠိလိုတော့ သိရီလို့ ခေါ်တယ်။ သျှရီဆိုတာလည်း ဒီစကားလုံးပဲ။ သီရိလင်္ကာမှာ ရှေ့က သီရိက သျှရီပါပဲ။ ကျန်စစ်သားရဲ့သား ရာ့ခ်ျကူမား (ရာဇကုမာရ်) ကျောက်စာရဲ့ ပထမဆုံး စာလုံးကလည်း သီရိ။ နမောဗုဒ္ဒါယသိဒ္ဒံ ပါပဲ။ အဲဒီသီရိဆိုတာကလည်း သျှရီပါပဲ။ အောင်မြင်ကြောင်း မင်္ဂလာစကားလို့လည်း အဓိပ္ပာယ်ဖွင့်ကြတယ်။ ကျက်သရေရှိစေသတည်းဆိုတာမျိုးပဲ။ ကျက်သရေရှိတာဟာတော်တော်လေး ကောင်းတာပါပဲ။

မနေ့ညလည်း အိပ်ခါနီး တရားတစ်ပုဒ်နာတော့ ဒေါက်တာ နန္ဒမာလာဘိဝံသရဲ့ နှစ်သစ်ကူးတရားမှာ ကျက်သရေရှိအောင်နေဖို့ ဟောတာပဲ။ အဲဒါလည်း တန်ဖိုးရှိတယ်။ စိတ်ထားအဆင့်မြင့်တာဟာလည်း ကျက်သရေရှိတာပါပဲ။ ရုပ်လှတာလည်း ကျက်သရေရှိတာပဲ။ အပြောချိုတာ၊ ယဉ်ကျေးတာလည်း ကျက်သရေရှိတာပါပဲ။ လောကကြီးမှာ ကျက်သရေရှိတဲ့သူတွေ အများကြီးလိုတယ်။

လူတွေဟာ တစ်ခုခုကို လုပ်နေမှ တန်ဖိုးရှိတယ်လို့ အယူရှိကြတာများတယ်။ ဘာမှမလုပ်ဘဲ ထိုင်နေတယ်ဆိုရင်ကို တစ်ခုခုမှားနေသလိုဖြစ်နေတယ်။ စိတ်ကို အလွတ်အတိုင်းထားပြီး နေတာဟာ တကယ်တော့ စိတ်ရဲ့ လိုအပ်ချက်လေးတစ်ခုပါပဲ။ လူ့စိတ်ရဲ့ လိုအပ်ချက်တွေက ရိုးရိုးရှင်းရှင်းလေးတွေပဲ။ တကယ်မလိုတဲ့ ခံစားချက်တစ်ခုခုကို အကျင့်လုပ်မွေးယူလိုက်ရင် စိတ်ဟာ အဲဒီဘက်ကို အရှိန်ရသွားတာပဲ။ အရှိန်ရသွားတဲ့စိတ်ကို ရပ်ခိုင်းရင် သိပ်ပင်ပန်းတယ်။ တစ်ခုခုကို ကြောက်လို့ ထွက်ပြေးနေတဲ့ အကောင်လေးတစ်ကောင်လိုပဲ၊ စိတ်ဟာ တစ်ခုခုမှာ တွယ်ကပ်မယ်။ အဲဒီတစ်ခုခုကို ဆုပ်ကိုင်ထားမယ်။ အဲဒီလို ဆုပ်ကိုင်မှု၊စွဲလန်းမှုဟာ ကြွက်သားတွေကို တောင့်တင်းစေတယ်။

ယောဂသင်တန်းတွေမှာ ပထမဆုံး တင်းမာတဲ့ ကြွက်သားတွေကို ပြေလျော့အောင် လုပ်ကြရတယ်။ child pose တို့ lotus pose တို့ဟာ အကြောတွေတင်းတာတွေကို လျှော့ချဖို့လုပ်ထားတာပဲ။ ဝင်လေထွက်လေကို နှာခေါင်းတစ်ဖက်စီရှူတာကို Prāṇāyāma လို့ခေါ်တယ်။ အဆုတ်ပြည့်အသက်ရှူခိုင်းတာပဲ။ ဝင်လေကို ရှည်ရှည်ရှူ၊ ခဏလောက်အောင့်ထား၊ ပြန်ထုတ်။ အဆုတ်သန့်သွားတာပေါ့။ ကြွက်သားတွေလည်းပြေလျော့လာတာပေါ့။ ဝင်လေ၊ထွက်လေကို အာရုံစိုက်လိုက်ရင် တခြား activity တွေ လုပ်လို့မရတော့ဘူး။ စိတ်ဟာ တစ်ပြိုင်နက် အလုပ်နှစ်ခုမလုပ်နိုင်ဘူး။ တစ်ခုခုကို သမာဓိတည်အောင် စူးစိုက်လိုက်ရင် ဟိုပြေး၊ဒီပြေးစိတ်ဟာ အလုပ်နည်းသွားတယ်။ အပိုမလုပ်တော့ဘူး။ အဲဒီအချိန်မှာ စိတ်က စပြီး ကျက်သရေရှိလာတာပါပဲ။ ကျက်သရေရှိတဲ့စိတ်ဟာလည်း ကျက်သရေမရှိတဲ့ တင်းမာမှုတွေ၊ အပူအပင်တွေကို လက်ခံလို့မရတော့ဘူး။ စိတ်ရဲ့သဘာဝက တစ်ဖက်ကို ညွတ်ရင် တစ်ဖက်ကို ဆန့်ကျင်ပြီးသားဖြစ်သွားစေတာပဲ။ အဲဒါကြောင့် အကုသိုလ်ကို ကုသိုလ်နဲ့ ဆေးကြောရတာပဲ။ ပညာကို သီလနဲ့ဆေးကြောရတာပဲ။ ကျက်သရေမဲ့တာကို ကျက်သရေရှိတာနဲ့ ဆေးကြောပစ်ရတာပဲ။ တင်းနေတဲ့ အကြောလေး တစ်ချောင်းမှမရှိတော့ရင် လူဟာ ပျော့ပြောင်းလာတာပေါ့။ ကြည်လင်လာတာပေါ့။ အသက်ရှူဝလာတာပေါ့။ ကိုယ့်စိတ်ကိုယ် ချမ်းသာအောင် မထားတတ်သေးရင် ဘာပညာမှမရှိသေးဘူးဆိုတဲ့ မဟာဂန္ဓာရုံဆရာတော်ရဲ့ စကားအရဆိုရင် ကိုယ့်စိတ်ချမ်းသာအောင် ထားနိုင်မှ ကျက်သရေရှိတဲ့သူဖြစ်မယ်။

လူတော်တော်များများဟာ ကိုယ်ဘာဖြစ်ချင်သလဲဆိုတာ ရေရေရာရာမရှိကြဘူး။ အဲဒီတော့ ဘာမှမဖြစ်လာတော့ဘူး။ ဘာမှမဖြစ်လာတာထက် စိတ်အင်အားပြုန်းတီးအောင် လုပ်မိကုန်တာ ပိုဆိုးတယ်။ တန်ဖိုးရှိတာတွေ လုပ်ဖို့ အချိန်တွေကို ဖြုန်းပစ်လိုက်ရင် quality of life ကျသွားတယ်။ အချိန်မရှိရင် ဘာမှလုပ်လို့မရဘူး။ စိတ်ချမ်းသာဖို့ အချိန်မရှိတဲ့သူဟာ စိတ်ဆင်းရဲစရာ ဘဝမှာပဲ နေရမယ်။ အဲဒါ ဘယ်သူမှ လုပ်ထားတာ မဟုတ်ဘူး။ ကိုယ်တိုင် ရွေးချယ်လိုက်တာ။ ဒီရွေးချယ်မှုကို သိသိ၊မသိသိ၊ ရွေးချယ်မှုတစ်ခုစီရဲ့ အကျိုးဆက်ကို ခံစားရတာပဲ။ ကျက်သရေရှိတဲ့ ဘဝကို မရွေးချယ်ဘဲနေလိုက်ရင် အလိုလို ကျက်သရေမဲ့တာကို ရွေးချယ်မိသွားနိုင်တယ်။ အလွန်လျင်မြန်တဲ့စိတ်နဲ့ ခဏတိုင်း ပြောင်းလဲနေတဲ့ အတွေးတွေအတိုင်း လူဟာ နေထိုင်နေကြတယ်။ အတွေးရဲ့ လွှမ်းမိုးမှုကို ခံကြရတယ်။ ကောင်းတာတွေ များများတွေးဖြစ်ရင် ကောင်းလာတယ်။ ဆိုးတာတွေ တွေးရင် ဆိုးတာတွေလုပ်မိမယ်။ ကိုယ့်အတွေးတွေက ကိုယ့်ရဲ့ဘဝဖြစ်လာတာပဲ။ အသိဉာဏ်နဲ့ မရွေးချယ်ဘဲ လျှောက်လုပ်လိုက်ရင် တော်တော်ဆိုးတာတွေ ဖြစ်ကုန်တယ်။

မနေ့ည သူငယ်ချင်းတစ်ယောက်ရဲ့ အိမ်မှာ အလှူရှိလို့ ခဏသွားရင်း၊ အဲဒီတိုက်မှာ လူတစ်ယောက် ခုန်ချပြီး သတ်သေထားတာတွေ့လိုက်တယ်။ နေထိုင်ခြင်းမှာ၊ ရှင်သန်ခြင်းမှာ ကျက်သရေရှာမတွေ့တော့ရင် လူမှာ လုပ်စရာ နည်းနည်းပဲရှိတော့တယ်။ သတ်သေတယ်ဆိုတာ self-destruction ပုံစံတစ်မျိုးပဲ။ နောက်ဆုံးထွက်ပေါက်တွေထဲက တစ်ခုပဲ။ တန်ဖိုးထားစရာ၊ တွယ်စရာ တစ်ခုမှလောကမှမရှိတော့ရင် အဲဒီထွက်ပေါက်နေ ထွက်သွားကြတာပဲ။ ခေတ်က ခက်ခဲတဲ့ခေတ်ဖြစ်လာတယ်။ အလုပ်ကောင်းကောင်းမရှိရင် စားဖို့၊သောက်ဖို့တောင် အနိုင်နိုင်ဖြစ်လာတယ်။ လွန်ခဲ့တဲ့ အနှစ်သုံးဆယ်ကဆိုရင် လက်နှိပ်စက်စာရေးဟာ မိသားစုတစ်စုကို ကျွေးထားနိုင်သေးတယ်။ နှစ်အနည်းငယ်အတွင်းမှာ လူတွေ သိပ်များလာပြီး ကမ္ဘာကြီး ပိုခက်ခဲလာတယ်။ ကျက်သရေရှိတဲ့လူတွေ နည်းသွားတယ်။ လူကြီးလူကောင်းနည်းသွားတယ်။ လူဟာ အလုပ်အတွက် အချိန်တွေ၉၀ ရာခိုင်နှုန်းလောက်ပေးလိုက်ရင် တကယ်ပျော်တဲ့သူ ဖြစ်ဖို့ ခက်သွားပြီ။ သူ့ဘဝမှာ အလုပ်က ပထမဖြစ်သွားရင် ကျန်တာတွေကို တကယ်တန်ဖိုးထားဖို့ အချိန်မရှိတော့ဘူး။ အလုပ်ရဲ့ အောင်မြင်မှု၊ ကျရှုံးမှုတွေကို ခံစားတာတွေ သိပ်များလာလိမ့်မယ်။ အလုပ်လုပ်စရာသာ မရှိတော့ရင် သတ်သေချင်စိတ်တောင် ပေါက်လာနိုင်စရာရှိတယ်။ လောကကြီးမှာ အလုပ်တစ်ခုထဲမဟုတ်ဘူး။ ကျန်တဲ့ ဒိုင်မင်းရှင်းတွေ အများကြီးရှိသေးတယ်။ လျှာထုတ်ပြီး အသက်ရှူနေတဲ့ ခွေးကလေးတစ်ကောင် လေတိုက်တာကို အရသာခံနေတာကို ကြည့်ဖို့လည်း အချိန်လိုသေးတယ်။ ကမ်းခြေတစ်ခုဆီရောက်တာတောင် Laptop ကြီးပါလာမှ၊ အနည်းဆုံး သီချင်းနားထောင်ဖို့ phone ဖြစ်ဖြစ်၊ iPod ဖြစ်ဖြစ် ပါလာမှ နေသာထိုင်သာရှိတဲ့လူတွေ များလာတယ်။ ပင်လယ်ရဲ့အလှတရားက ပြည့်စုံနေတာပဲ။ ထိုင်ကြည့်နေရုံပဲလိုတယ်။ တိမ်တွေရဲ့ အလှတရားလည်း ပြည့်စုံပြီးသား။ ဒါတွေက လူလုပ်ထားတဲ့ အလှတရားမဟုတ်ဘူး။ သဘာဝတရားရဲ့ အလှအပပဲ။ Stephen Hawking ကတော့ Grand Design of the universe လို့တင်စားတယ်။ ဒီအလှအပတွေအတွက် အချိန်ပေးနိုင်ရင် စိတ်က ပျော်တဲ့စိတ်ဖြစ်လာတာပဲ။ မျက်စိနဲ့မြင်ရတဲ့ ကြယ်နဲ့၊ တယ်လီစကုပ်နဲ့မြင်ရတဲ့ကြယ်မတူဘူး။ လူဟာ အကန့်အသတ်ရှိတယ်။ ဒီအကန့်အသတ်တွေကို လျော့ချပြီး ပိုပြီး ကျယ်ပြန့်တဲ့ လောကဆီကိုသွားရင် စိတ်က ပျော်တာပဲ။ ရေထဲက ငါးတွေကို ရေငုပ်ပြီးကြည့်ရတဲ့ အရသာဟာ သိပ်ကြည်နူးစရာကောင်းတာပဲ။ လူလုပ်အလှတရားတွေက ကျဉ်းမြောင်းတယ်။ သဘာဝတရားကတော့ ကျယ်ပြန့်တယ်။ အံ့သြစရာတွေ သိပ်များတယ်။

ကိုယ့်ရဲ့စိတ်ကို ကျက်သရေရှိအောင် ထားနိုင်ပြီဆိုရင် သေခြင်းတရားဟာလည်း မိတ်ဆွေလိုပဲ။ တန်ဖိုးရှိတာတွေ လုပ်ခဲ့ပြီ။ သေရင်လည်း သေလိုက်ရုံပဲ။ အခုသေခါနီးပြီဆိုမှ တစ်ခုခု ထပြီး ပြေးလုပ်လိုက်ဦးမယ်လို့ မတွေးမိတော့ဘူး။ မသေသေးဘူးထင်ပြီး မလုပ်လိုက်ရတာမျိုး မဖြစ်စေနဲ့။ ကိုယ်တကယ်တန်ဖိုးထားတာတွေကို အရင်လုပ်ထားလိုက်။ အင်မတန် ကျေနပ်မှုရတယ်။ အနာဂတ်ဟာ မသေချာဘူး။ အနာဂတ်ကို ရွှေ့ထားတာတွေက မလုပ်ဖြစ်ဖို့ များသွားပြီ။ တန်ဖိုးရှိတာတွေဖြစ်ဖြစ်၊ တန်ဖိုးမဲ့တာတွေဖြစ်ဖြစ်၊ တစ်ခုခုလုပ်ဖို့ အချိန်လိုတယ်။ ကောင်းတာလုပ်ဖို့ အချိန်မရှိတော့ဘူးဆိုရင် ကိုယ့်ရဲ့ အချိန်တွေ တစ်နေရာမှာ သုံးမိသွားပြီ။ ကုန်သွားတဲ့အချိန်ဟာ ပြန်မရနိုင်တော့ဘူး။ တစ်ချို့တွေနှစ်အနည်းငယ်ကို ဖြုန်းတီးမိလိုက်တယ်။ တစ်ခါတစ်လေ ဖြုန်းတီးမိတဲ့ နှစ်အနည်းငယ်အတွက် ပြန်ပြင်ဆင်ရတာ နောက်ထပ် နှစ်အနည်းငယ် ထပ်ကြာသွားနိုင်တယ်။ ခဲသုံးလုံးလောက် ကောက်ပြီး ပင်လယ်ထဲပစ်ရတာ စက္ကန့်ပိုင်းလောက်ပဲကြာပေမယ့်၊ ပစ်လိုက်ပြီးမှ ပြန်လိုက်ကောက်ရရင် ပြန်ရှာလို့တောင်တွေ့ချင်မှတွေ့မယ်။ နှစ်ပေါင်းများစွာရှာရင်ရှာရနိုင်တယ်။ တစ်ချို့ အမှားတွေကလည်း အဲဒီလိုပဲ။ ပြန်ပြင်ရတာ အချိန်သိပ်ကြာတယ်။ အမှားနည်းရင် ဘဝကပိုပြီး ရိုးရှင်းတယ်။ စိတ်လည်း ပိုကျက်သရေရှိလာနိုင်တယ်။

မနက်နိုးလာရင် ကိုယ်ရှင်နေသေးတာက အစ အံ့သြစရာကောင်းတယ်။ မနေ့ညက အိပ်လိုက်ပြီး၊ ဒီမနက်မှာ ပြန်မနိုးတော့တဲ့သူတွေ အများကြီးရှိတယ်။ ဒီလိုရှင်သန်နေတာဟာ ဘုရားကြောင့်လို့ ယုံကြည်ရင် ဘုရားကို ကျေးဇူးတင်လိုက်။ ကံ၊စိတ်၊ဥတု၊အဟာရကြောင့်ဆိုရင် ဒီအကြောင်းခံတရားတွေကို ကျေးဇူးတင်လိုက်။ ကျေးဇူးတင်တတ်တဲ့စိတ်ဟာ သိပ်ကျက်သရေရှိတယ်။ ဒဏ်ရာတွေကို သက်သာစေတယ်။ ကိုယ်ခန္ဓာကိုလည်း ပိုပြီး ကျန်းမာအောင်လုပ်ပေးတယ်။ ကျေးဇူးသိတတ်တာဟာ သူတော်ကောင်းစိတ်ထားပဲ။ ပန်းတစ်ပွင့်ပွင့်လာဖို့ဆိုတာ ရေခံမြေခံကောင်းဖို့နဲ့၊နေရောင်ခြည်ရဖို့လိုတယ်။ အပြန်အလှန်အားဖြင့် ပန်းတစ်ပွင့်ကို မြင်ရရင် ရေခံမြေခံကောင်းနဲ့ နေရောင်ခြည်ရဲ့ ဖြည့်စွက်မှုကို မြင်ရတာပါပဲ။ ကျေးဇူးသိစိတ်ဟာ အရင်းခံစိတ်တစ်ခုပဲ။ ကြည်လင်တဲ့စိတ်က ပွင့်တဲ့ ပန်းတစ်ပွင့်ပဲ။ ဒီပန်းပွင့်လေးဟာ စိတ်ကနေပွင့်ပြီး၊ စိတ်ကို ပြန်လန်းဆန်းစေတယ်။ အညမည ကျေးဇူးပြုတယ်။ စိတ်တစ်ခုဖြစ်လာပြီး ဝမ်းမြောက်ရရင် အဲဒီဝမ်းမြောက်မှုထဲ ဝင်ကြည့်လိုက်ပါ။ ဝမ်းမြောက်မှုဟာ ဘာတွေနဲ့ဖွဲ့စည်းထားသလဲ။ သိပ်လှတဲ့ အလှတရားတစ်ခုပဲ။ ဝမ်းမြောက်တဲ့စိတ်ဟာ ပန်းတစ်ပွင့်လို လှတာပဲ။ သူ့ရဲ့ ပွင့်လန်းနေမှုဟာ လှသလို၊ အကြောင်းခံတရားတွေကလည်း လှတာပါပဲ။ ဝမ်းမြောက်တဲ့စိတ်ကိုဖွင့်ကြည့်ရင် ကျက်သရေရှိနေတာပဲ။ မွှေးရနံ့ရှိနေတာပဲ။

လောကကြီး ခက်နေတာကို လွယ်အောင်လုပ်ပေးချင်စိတ်ဟာ အင်မတန်ကျက်သရေရှိတာပဲ။ ခက်ခဲနေတာတွေက ကိုယ်သယ်လို့ ကိုယ်လေးနေတဲ့ ဝန်ထုပ်တွေပါလို့ ကိုယ့်စိတ်ကို ကိုယ်ပြန်ပြောပြရတာလည်း မဆုံးနိုင်တဲ့ ပညာရေးတစ်ခုပါပဲ။ လူတိုင်းမှာ ဘဝကနေ ရလာတဲ့ ပညာရှိကြတယ်။ တစ်ခါတစ်လေမေ့သွားတယ်။ အကြောင်းတိုက်ဆိုင်လာရင် ပြန်သတိရကြတယ်။ ကိုယ်ရခဲ့တဲ့ ပညာဟာ ဘယ်လောက် တန်ဖိုးရှိသလဲဆိုတာကို အခက်အခဲတွေ ကြုံမှ သိကြရတယ်။ ဘယ်ကိစ္စမှ အကြောင်းမဲ့မဖြစ်ဘူး။ လောကဓံကလည်း အကောင်းဆုံး ဆရာသမားတစ်ယောက်ပဲ။ သူ့ဆီကနေ အဆီအနှစ်အပြည့်ပါတဲ့ ပို့ချချက်တွေ ရပြီးရင် ဘဝမှာ အသာလေးနေသွားလို့ရပြီ။ ခက်နေတာတွေကို ဖြေလျှော့လိုက်ရင် လွယ်သွားမှာပါပဲ။ ရှောင်လွှဲလို့မရတဲ့ သေခြင်းတရားကိုတောင် လက်ခံကြရသေးတာပဲ။ ကျန်တာတွေက ဗာဟီရသက်သက်ပဲ။

တစ်ယောက်နဲ့တစ်ယောက် ဘဝကို ဖြတ်သန်းတဲ့ လမ်းချင်း မတူကြဘူး။ ဒါပေမယ့် လူတိုင်းဟာ ကိုယ့်ရဲ့ ဘဝခရီးလမ်းမှာ အောင်မြင်သူတွေ ဖြစ်နိုင်တယ်။ လက်ဝှေ့သမားတွေ အားနဲ့ မာန်နဲ့ ထိုးကြိတ်ကြတာမြင်ဖူးကြမှာပါပဲ။ ဒါပေမယ့် ဒီလို အင်အားသုံးဖို့တောင် အသက်ကို မှန်မှန်လေးပဲရှူရတယ်။ အသက်ရှူမှားတဲ့သူဟာ အားမြန်မြန်ကုန်သွားတာပါပဲ။ လောကဓံနဲ့ ထိုးသတ်နေရင်လည်း အသက်လေး မှန်မှန်ရှူပြီး ချက်ကောင်းကို ထိုးနှက်ကြပါ။ အသက်ရှူတော့ မပျက်စေနဲ့။ ဘဝဟာ တိုတိုလေး။ သောကတွေ သိပ်မများဘဲနဲ့ ကျက်သရေရှိရှိလေး နေဖို့ကောင်းပါတယ်။ နေရတဲ့စက္ကန့်တိုင်းဟာ တန်ဖိုးသိပ်ရှိတယ်။ ကိုယ်မသိလိုက်ဘဲ အချိန်တွေ မကုန်သွားစေနဲ့။

ကျက်သရေရှိတဲ့ ရှင်သန်မှုဟာ တည်တည်ငြိမ်ငြိမ်ဖူးပွင့်နေတဲ့ ကြာပန်းဖြူလေးတစ်ပွင့်လို၊ သိပ်လှပပြီး တင့်တယ်နေတယ်။ လောကကို ကျက်သရေရှိရှိ အလှဆင်ထားတယ်။ အဲဒီ ကြာဖြူပန်းလေး ခင်ဗျားတို့ရင်ဘတ်ထဲမှာ ပွင့်နေတာကို ငုံ့ကြည့်ဖို့ အချိန်လေး နည်းနည်းပါးပါးတော့ ပေးကြပါ။     ။

Regards,
Z



Peace B with U.