တန်ဖိုးထားမှု
နှစ်တစ်နှစ်ရဲ့ နောက်ဆုံးနေ့မှာ ... ဘဝကို တန်ဖိုးထားပြီး နေသွားကြပါလို့ ကျွန်တော်ပြောချင်တယ်။ ရှင်သန်ခြင်းမှာ အလှတရားရှိပါတယ်။ အဲဒါကို တန်ဖိုးထားကြပါ။ ကျွန်တော်တို့ရှင်သန်နေတဲ့အချိန်မှာ မရှင်သန်တော့တဲ့သူတွေရှိနေတယ်။ ရှင်သန်နေခြင်းဟာ အခွင့်ထူးတစ်ခုပဲ။ ဘုရားပေးထားတာပဲဖြစ်ဖြစ်၊ ကံတရားထောက်ပံ့ထားတာကြောင့်ဖြစ်ဖြစ်၊ သူ့အလိုလိုဖြစ်နေတာကြောင့်ဖြစ်ဖြစ် အဆင်ပြေပြေ ညီညီညွတ်ညွတ်ရှိနေသေးလို့သာ ရှင်သန်နေကြတာ။
ကိုယ့်စိတ်ကို သေချာကြည့်ပြီး အကောင်းဆုံးတွေကို ရွေးချယ်လုပ်သွားကြပါ။ ရှင်သန်မှုကို တန်ဖိုးထားတဲ့စိတ်နဲ့ အကောင်းဆုံးကို ရွေးချယ်လုပ်နိုင်ခွင့်ဟာ လူသားရဲ့ ကြီးမြတ်တဲ့ စွမ်းအားပါပဲ။ ဖြစ်ချင်တာနည်းနည်းတော့ လောကမှာ ဖြစ်ခွင့်ရှိပါတယ်။ ကိုယ်ဖြစ်ချင်တဲ့ဘဝဖြစ်ဖို့ ဘဝကို တန်ဖိုးထားနေသွားဖို့လိုတယ်။ တစ်ခုခုကို သေချာရွေးချယ်လိုက်ဖို့လိုတယ်။ ရွေးတယ်ဆိုတာနဲ့ ဉာဏ်ရဲ့ ကိစ္စပါလာပြီ။ ကိုယ့်အသိဉာဏ်ကိုလည်း တန်ဖိုးထားပါ။ အဲဒါ အရေးကြီးတယ်။
ကျွန်တော်တို့ရဲ့ ရှင်သန်မှုဟာ တန်ဖိုးကြီးပါတယ်။ တန်ဖိုးရှိပါတယ်။ ကိုယ့်ကိုယ်ကို တန်ဖိုးထားကြပါ။ ဘဝမှာ တန်ဖိုးရှိတဲ့ စိတ်ထားနဲ့ နေသွားနိုင်ရင် ကျေနပ်မှုရတယ်။ ပိုင်ဆိုင်မှုနဲ့ ကျေနပ်မှု အစစ်မရဘူး။ ကိုယ်ပိုင်တာကို အများအတွက် အသုံးချနိုင်တဲ့နေ့မှ ကျေနပ်မှုအစစ်ရတယ်။ ကိုယ့်ရဲ့ အရည်အချင်းတွေကိုလည်း တန်ဖိုးထားပါ။ ဒီအရည်အချင်းတွေနဲ့ အများကောင်းဖို့ လုပ်နိုင်တယ်။
လူတွေကိုလည်း တန်ဖိုးထားပါ။ ဆင်းရဲသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ၊ လူသားတိုင်းဟာ ကိုယ့်ရဲ့ မျိုးနွယ်တွေပဲ။ မာနကြီးကြီးထားပြီး မတူသလို၊ မတန်သလို မလုပ်ကြပါနဲ့။ ကံတရားအကြောင်းခံမတူတဲ့အတွက် ဘဝချင်းမတူကြပေမယ့်၊ လူသားတွေဟာ လူသားတွေပဲ။ လူသားတိုင်းမှာ ဒုက္ခရှိပါတယ်။ သူတို့မှာလည်း ပျော်ရွှင်တဲ့စိတ်ကလေးရှိပါတယ်။ လူသားချင်း နာလည်မှုကို တန်ဖိုးထားပါ။ လောကမှာ ငြိမ်းငြိမ်းချမ်းချမ်းနေသွားနိုင်ဖို့ နားလည်မှု သိပ်အရေးကြီးတယ်။
သိပ်ချစ်တဲ့သူတွေ ကွဲကွာကုန်တာ၊ ငွေကြေး၊ ဥစ္စာတွေကြောင့်မဟုတ်ဘူး။ နားလည်မှုမရှိတော့လို့ပဲ။ နားလည်မှုဟာ မေတ္တာနဲ့ ကရုဏာ ဆတူ ပါဝင်တဲ့ ဆေးဝါးတစ်မျိုးပဲ။ အဲဒါကြောင့် နားလည်မှုကိုလည်း တန်ဖိုးထားပါ။ လူတွေဟာ တစ်ယောက်နဲ့ တစ်ယောက်တူကြတာမဟုတ်ဘူး။ နားလည်မှုမရှိရင် ခက်ခဲကုန်မယ်။ ဘဝကို ခက်အောင်မလုပ်ကြနဲ့။ လွယ်လွယ်လေး၊ ပျော်ပျော်လေး၊ ငြိမ်းငြိမ်းချမ်းချမ်းလေး ဖြတ်သန်းနိုင်အောင် ကြိုးစားကြပါ။ ဥပမာပေးရရင် ငါးတစ်ကောင်ဟာ ရေထဲမှာ ရေကူးနေတာ၊ လူတွေကူးသလိုမဟုတ်ဘူး။ အလိုက်သင့်လေးပဲ။ ပင်ပင်ပန်းပန်းအားထုတ်ပြီး ကူးနေတာမျိုးမဟုတ်ဘူး။ သူ့ရဲ့ကမ္ဘာမှာ သူလွယ်ကူနေတယ်။ အသားကျမှုဟာ လွယ်ကူပေါ့ပါးစေတယ်။ ဘဝမှာ ကိုယ့်အတွက် သိပ်မနေဘဲ၊ လိုအပ်နေတဲ့ လူသားတွေအတွက် တစ်ခုမဟုတ် တစ်ခု လုပ်နေလိုက်တာဟာ စိတ်ပေါ့ပါးစေတယ်။ အတ္တမှာ အခြေခံတဲ့စိတ်ဟာ သိပ်လေးတယ်။ မလွတ်လပ်ဘူး။
စိတ်ရဲ့ လွတ်မြောက်မှုကို ရဖို့ နှောင်ကြိုးတွေကို ဖြည်ရမယ်။ ကိုယ့်ကိုယ်ကိုလည်း ခွင့်လွှတ်လိုက်ပါ။ ကိုယ့်စိတ်ထဲမှာ ချည်နှောင်ထားတာတွေကိုလည်း ဖြည်လိုက်ပါ။ တစ်ယောက်ယောက်ကို မုန်းရတာဟာ စိတ်အင်အားသိပ်ကုန်တယ်။ သူ့အမှားတွေ၊ သူ့အားနည်းချက်တွေကို မှတ်ထားရတာ ပင်ပန်းတာပေါ့။ လိမ်ရ၊ညာရတာ သိပ်ပင်ပန်းတယ်။ အဖြစ်မှန်အတိုင်း မှတ်မိနေတာက ရိုးရှင်းတယ်။ လူထင်ကြီးအောင်ဖြစ်ဖြစ်၊ လူအထင်သေးခံရအောင်ဖြစ်ဖြစ် တစ်ခုခုလုပ်နေစရာမလိုဘူး။ ကိုယ့်ရဲ့ စိတ်ကို ကိုယ်တန်ဖိုးထားနိုင်အောင်ကြိုးစားပြီးနေရမယ်။ တစ်ချိန်မှာ စိတ်က ကိုယ့်ရဲ့ မိတ်ဆွေဖြစ်လာရင် စိတ်က နှောင်ကြိုးကနေ လွတ်မြောက်သွားတာပဲ။ စိတ်ရဲ့ပင်ကိုယ်အလုပ်က ကြည်လင်ပြီး လင်းလက်နေတာပဲ။ အပေါ်ယံ အညစ်အကြေးတွေကို ဖယ်လိုက်ရင် စိတ်ရဲ့ မူလသဘာဝ ပြန်ရောက်လာတာပါပဲ။ ကိုယ့်စိတ်ကိုလည်း တန်ဖိုးထားပါ။ အဲဒီစိတ်ဟာ နောက်ဆုံး သေချိန်အထိ ကိုယ့်အနားမှာရှိနေမှာ။ ကြောက်အောင်လည်း သူပဲလုပ်နေတာ။ လေ့ကျင့်ထားတဲ့စိတ်ဟာ တုန်လှုပ်မှုနည်းလာတာပါပဲ။
သိပ်များများပြောရင် မမှတ်မိတော့ဘူးဖြစ်သွားလိမ့်မယ်။ အခုခေတ်မှာ လူတွေက များများသိတယ်။ ဘာမှ လိုက်မလုပ်တော့ဘူးဖြစ်နေကြတာပဲ။
တန်ဖိုးရှိတဲ့ ရှင်သန်မှုကို တန်ဖိုးထားပြီး နေသွားကြပါ။ ကိုယ်တတ်နိုင်တာလေးတွေ လုပ်ကြပါ။ လောကကြီးမှာ ကုသိုလ်သေးသေးလေးတွေကအစ တန်ဖိုးသိပ်ကြီးတယ်။ လိုနေတဲ့သူကို ကူလိုက်။ လဲနေတဲ့သူကို ထူလိုက်။ အရိုးသားဆုံး အခြေခံအပြုအမူလေးတွေက အစ တန်ဖိုးထားကြည့်စေချင်တယ်။ စိတ်ထားပြောင်းလိုက်တာဟာ မျက်မှန်ပြောင်းတပ်လိုက်သလိုပဲ၊ လောကကြီး အသစ်ဖြစ်သွားတယ်။ ဒီကမ္ဘာသစ်ဟာ သိပ်လှတယ်။ လူတွေရဲ့ ခံစားချက်ကိုလည်း ပိုပြီး နားလည်လာတယ်။ လူတစ်ယောက်နဲ့ တစ်ယောက် ဆက်သွယ်နေတဲ့ မမြင်ရတဲ့ ကြိုးတွေကိုလည်း သိမြင်လာတယ်။ လွတ်လပ်တဲ့သူဖြစ်လာတယ်။ လွတ်လပ်တဲ့သူဟာ မလွတ်လပ်တဲ့ အပြုအမူကို ပြုမှာ၊ပြောမှာ၊ကြံမှာမဟုတ်တော့ဘူး။ လွတ်လပ်တဲ့စိတ်နဲ့ လွတ်လပ်တဲ့အတွေးကို တွေးပြီး၊ လွတ်လပ်တဲ့တေးကို သီနေလိမ့်မယ်။
ငြိမ်းချမ်းတဲ့စိတ်နဲ့ နှစ်သစ်ဆီကို ဦးတည်ကြပါစို့။ ။
With Peace,
Z
Peace B with U.