သဘာဝတရားနှင့် သဟဇာတဖြစ်စွာ နေထိုင်ခြင်း
တီထွင်ဖန်တီးမှုစွမ်းရည်ဟာ ဖြစ်တည်ခြင်းနဲ့ သိစိတ်ရဲ့ ဝိရောဓိ အခြေအနေလေးတစ်ခုပဲ။ ဘာမှမလုပ်ဘဲနေရင်း လုပ်လိုက်တာမျိုး။ ဒါကို လောက်ဇူကတော့ ဝေ-ဝူ-ဝေ လို့ခေါ်တယ်။ ကိုယ့်ကိုယ်ကို ဗလာနယ်ပြုလိုက်တဲ့အခါမှာ တီထွင်မှုစွမ်းရည်ဟာ အခြားတစ်နေရာကနေ ကိုယ့်ဆီကို ဖြတ်သန်းစိမ့်ဝင်ပြီး ရလဒ်တစ်ခုအဖြစ် ထွက်ပေါ်လာတယ်။ ကိုယ်လုပ်လိုက်တာ မဟုတ်ဘူး။ ကိုယ်က သူ့ရဲ့ဖြတ်သန်းစီးဆင်းမှုကို ခွင့်ပြုလိုက်တာသာ ဖြစ်တယ်။ ခင်ဗျားဟာ ဗလာဖြစ်နေတဲ့အခါမှာ ပြည့်ဝစုံလင်ခြင်းဟာ စီးဝင်လာနိုင်တယ်။ အခေါင်းပါတဲ့ ဝါးလုံးဖြစ်သွားတာပဲ။ အခေါင်းပါတဲ့ဝါးလုံး ဖြစ်သွားရုံလေးပဲ။
ဒီလိုဖြစ်လာပြီဆိုရင် ရုတ်ချည်း တစ်ခုခု ဖြစ်ပေါ်လာတော့တာပဲ။ လူသားသဘာဝရဲ့နောက်မှာ ကွယ်ငုပ်နေတာက ဘုရားသဘာဝပဲ။ လူဟာ ဗလာနယ်ဖြစ်လာတဲ့အခါမှာ ဘုရားသဘာဝအတွက် လမ်းပွင့်သွားစေတယ်။ လမ်းပွင့်သွားလို့ ဒီသဘာဝလေးဟာ ထွက်ပေါ်လာနိုင်တယ်။ ဒါကိုပဲ တီထွင်ဖန်တီးမှု စွမ်းရည်ဆိုပြီး ဝိဂြိုဟ်ပြုခေါ်တွင်ကြတာပါပဲ။ ဘုရားသဘာဝကို ခွင့်ပြုလိုက်တာ။ တီထွင်ဖန်တီးနေတယ်ဆိုတာ လေးလေးနက်နက်ပြောရရင် ဘာသာရေးပဲ။ စိတ်က ဘုရားဘက်ကို ညွတ်နေတယ်။
ဒါကြောင့်လဲ ကျုပ်ကပြောတာပေါ့။ ကဗျာဆရာဟာ ဘာသာရေးပညာရှင်ထက်တောင် ဘုရားနဲ့ ပိုနီးသေးတယ်ဆိုတာ။ ကချေသည်က ပိုတောင် နီးတယ်။ တွေးခေါ်ရှင်ကတော့ အဝေးဆုံးပေါ့ဗျာ။ များများတွေးလေလေ၊ ပြည့်ဝစုံလင်ခြင်းနဲ့ မိမိရဲ့အတွင်းစိတ်အဇ္ဈတ္တ ဝေးကွာလေလေ ဖြစ်စေတယ်။ များများတွေးလေလေ၊ အတ္တရဲ့တည်ရှိမှုဟာ ထူထပ်သိပ်သည်းလာလေလေ။ အတ္တဆိုတာ တခြားမဟုတ်ဘူး။ အတိတ်က စုစည်းမိလာတဲ့အတွေး အစိုင်အခဲကြီးပဲ။ ခင်ဗျားရဲ့အတ္တ (ငါ) မရှိရင် ဘုရားသဘာဝ (အနတ္တ) ရောက်လာတာပဲ။ ဒါကိုပဲ တီထွင်ဖန်တီးမှုစွမ်းရည်လို့ ဆိုကြရတာ။
တီထွင်ဖန်တီးနေတယ်ဆိုတာ ခင်ဗျားဟာ လုံးဝ အပန်းပြေနေတယ်။ စိတ်သက်သာပြေလျှော့နေတယ်လို့ ဆိုလိုတယ်။ ခင်ဗျား ဘာတစ်ခုမှ လုပ်မနေဘူးလို့ မဆိုလိုဘူး။ စိတ်က သက်သာပြေလျော့ နေတဲ့အခါ သတိပါတဲ့ အလုပ် (ပြုမူလုပ်ကိုင်ခြင်း)တွေ များများ လုပ်ဖြစ်တယ်။ ဒါတွေက ခင်ဗျားလုပ်နေတာတွေတော့ မဟုတ်ဘူး။ ခင်ဗျားဟာ ယာဉ်တစ်စီးနဲ့တူတယ်။ သီချင်းသံက ခင်ဗျားဆီကနေ ထွက်ပေါ်လာတယ်။ ခင်ဗျားဟာ တီထွင်ဖန်တီးသူတော့မဟုတ်ဘူး။ ဒီသီချင်းက တစ်နေရာကနေ ခင်ဗျားဆီရောက်လာတယ်။ အမြဲတမ်း တစ်နေရာကနေပဲရောက်လာတာပဲ။ ကိုယ့်ဟာကိုယ်လုပ်ကြည့်လိုက်ရင် လက်ရာကောင်းမှ မထွက်တာ။ ဒါပေမယ့် တစ်နေရာကနေ ရောက်လာပြီး ကိုယ့်ဆီကနေတစ်ဆင့် ဖြတ်သန်းထွက်သွားတဲ့ လက်ရာတွေကတော့ သိပ်လှပလွန်းနေတာပဲ။ ဒီလက်ရာတွေမှာ အသိရခက်တဲ့သဘောလေးတွေ အမြဲပါနေတာပဲ။
ကော်လာရစ်ခ်ျ(Coleridge) ဆိုတဲ့ ကဗျာကဝိကြီး ကွယ်လွန်တော့ လက်စမသတ်နိုင်တဲ့ ကဗျာပေါင်း သောင်းနဲ့ချီ ကျန်ခဲ့တယ်။ သူ့တစ်ဘဝလုံး ဒီကဗျာတွေကို ဘာလို့ အဆုံးမသတ်တာလဲဆိုပြီး မေးကြတယ်။ တစ်ချို့ကဗျာတွေက တစ်လိုင်း၊ နှစ်လိုင်းလောက်ပဲ ကျန်တော့တာ။ အပြီးသတ်လိုက်ပါတော့လားဆိုပြီးပြောကြတာပေါ့။
ငါကြိုးစားပါတယ်။ ငါမတတ်နိုင်တာပါ။ တကယ်လို့ငါ့သဘောကျ အဆုံးသတ်လိုက်ရင် တစ်ခုခု လွဲသွားသလိုပဲ။ စိတ်ထဲကနေထွက်လာတဲ့အနုပညာပစ္စည်းနဲ့ ငါလုပ်လိုက်တဲ့အနုပညာနဲ့က တစ်လိုင်းတည်းမကျဘူး။ သံစဉ်မညီဘူး။ အံသြမင်သက်နေရတဲ့အတားအဆီးကြီး တစ်ခုပဲ။ ကျောက်တုံးကြီးပိတ်နေသလိုမျိုးပဲ။ အဲဒီ အတားအဆီးက စီးဆင်းမှုကို ဖြတ်တားထားလိုက်တာ။ အဲဒီတော့ ငါလုပ်ရမှာက စောင့်နေဖို့ပဲ။ စိတ်ထဲမှာ ဖြတ်သန်းစီးဆင်းလာမယ့်လူ၊ စိတ်ထဲမှာ ဖြတ်သန်းစီးဆင်းလာမယ့်အချိန်ကို စောင့်ရမယ်။ အဲဒီအချိန်မှာ ကဗျာ အပြီးသတ်မယ်။ ဒီထက်စောပြီး အပြီးမသတ်နိုင်ဘူးလို့ ကဗျာကဝိကြီးက ပြောတယ်။
ဒီကဗျာဆရာကြီးဟာ ဘဝမှာ ကဗျာ အနည်းငယ်လောက်ပဲ အပြီးသတ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် လက်ရာမွန်တွေ။ သိပ်ကို လှပကောင်းမွန်တယ်။ လျှိ့ဝှက်ဆန်းကြယ်တဲ့ ခမ်းနားကြီးကျယ်မှုတွေ ထုံမွှန်းနေတဲ့ လက်ရာတွေ။ ကဗျာဆရာပျောက်ကွယ်သွားတဲ့အခါမှာ တီထွင်ဖန်တီးမှုရောက်ရှိလာတယ်။ အဲဒီသဘောအတိုင်းပဲ ဖြစ်နေတာ။ သူ့ရဲ့အတ္တကို ဖယ်ထုတ်လိုက်မှ သူ့ကို အနုပညာက စီးဝင်နိုင်မယ်။ ဘုရားသဘာဝရဲ့ စီးဆင်းဝင်ရောက်ခြင်းဟာ တီထွင်ဖန်တီးမှုပဲ။
ဆီမွန်ဒီဗူးဗွားပြောဖူးတယ်။ ဘဝမှာ ထပ်ပြန်တလဲလဲဖြစ်နေတာနဲ့ သာလွန်မြင့်မားတာ နှစ်ခုစလုံးပါနေတယ် တဲ့။ အားလုံးရှိနေဖြစ်နေတဲ့အတိုင်း ထပ်ပြန်တလဲလဲ ဖြစ်နေရင် ဘဝဟာ မသေရုံတမယ်နေထိုင်ခြင်းပဲ။ မသေတော့မသေဘူး။ ရှင်နေတာတော့မဟုတ်ဘူး။ အဲဒီလောက်လေးပဲ။ ဘဝမှာ အနှစ်သာရမရှိဘူး။ သူ့ဘဝက ဘဝကို မဟုတ်သေးဘူး။ နိဒါန်းပျိုးတုန်းပဲရှိသေးတယ်။ မွေးဖွားခြင်းတော့ ခံလိုက်ရပြီးပြီ။ အဲဒါတော့မှန်သေးတယ်။ ဒါပေမယ့်ရှင်သန်ပြီလို့တော့ မဆိုနိုင်သေးဘူး။
ခင်ဗျား တီထွင်ကွန့်မြူးးလာနိုင်တဲ့အခါ၊ တီထွင်ဖန်တီးမှုကို စိတ်ထဲမှာ နေရာလေး ဖယ်ပေးလိုက်တဲ့အခါ ခင်ဗျားမပိုင်တဲ့ သီချင်းတစ်ပုဒ်ကို စပြီး သီဆိုတော့မှာ။ ဒီသီချင်းကို ငါ့မူပိုင်ဆိုပြီး လက်မှတ်ထားလို့ မရနိုင်ဘူး။ ကိုယ်ပိုင်ပါလို့တောင် ပြောလို့ မရဘူး။ အဲဒီလို ဖြစ်လာမှ ဘဝမှာ အတောင်ပံတွေ ထွက်လာမယ်။ အထက်ကို ပျံဝဲမယ်။ တီထွင်ကွန့်မြူးနိုင်မှ သာလွန်မှုဟာ ဖြစ်တယ်။ များသောအားဖြင့်တော့ ဒီဗူးဗွားပြောတဲ့ ထပ်တလဲလဲ လုပ်နေရတာနဲ့ပဲ အချိန်ကုန်သွားတာပဲလေ။ ခင်ဗျား ကလေးတစ်ယောက် မွေးမယ်။ အဲဒါကို တီထွင်ဖန်တီးလိုက်ပြီလို့ ဆိုမလား။ ခင်ဗျားသေသွားတော့ ခင်ဗျားကလေးက လုပ်မြဲတရားတွေကိုပဲ ထပ်တလဲလဲ ဆက်လုပ်ရင် လုပ်နေမှာနော်။ အဲဒီလိုလေးပဲ နေသွားလို့ မဖြစ်ဘူး။ လုပ်နေကျတွေကိုပဲ ထပ်တလဲလဲလုပ်နေရုံနဲ့ တော့ မသေရုံတမယ်လေးပဲ ရှိဦးမယ်။ ဒီသမားရိုးကျ အခြေအနေကို သာလွန်အောင် လုပ်ရဦးမယ်။ ကိုယ့်အသိတရားနဲ့ ဆင်ခြင်ကြည့်လို့မရတဲ့အရာ (တရားအသိ၊ ဘုရား၊ အနတ္တ္ကဉာဏ်၊တီထွင်ဖန်တီးမှု)ဟာ ခင်ဗျားကို ဆက်သွယ်လာမှ ဒီထက် အဆင့်မြင့်တဲ့ သာလွန်ခြင်းကို ရောက်လာနိုင်မယ်။
ဒါဟာ စိတ်အဆင့်မြင့်တက်ခြင်း၊သာလွန်ခြင်းပါပဲ။ သာလွန်တဲ့ စိတ်အခြေအနေမှာပဲ၊ အံသြဖွယ် အစွမ်းတန်ခိုးတွေဖြစ်ပါတယ်။ အတ္တမရှိတဲ့ဗလာအခြေအနေမှာ ခင်ဗျား ဘယ်သူလဲဆိုတာ ပထမဆုံး သိလိုက်ရလိမ့်မယ်။
ပညာရဲ့ရေသောက်မြစ်ဟာ သဘာဝတရားနဲ့ သဟဇာတဖြစ်အောင် နေထိုင်ခြင်းပဲ။ ရှေးခေတ်အစဉ် အဆက်က အစဉ်းသိပုဂ္ဂိုလ်မြတ်တွေက ဒါကိုလက်ဆင့်ကမ်းပြီး သတင်းစကားအဖြစ် ပျံနှံ့စေခဲ့တာပဲ။ လောက်ဇူ၊ဗုဒ္ဓ၊ ဗဟုဒင်(Bahauddin)၊ စိုစန်း(Sosan)၊ စနိုင်း(sanai) တို့အားလုံးဟာ သဘာဝတရားနဲ့ သဟဇာတဖြစ်အောင် နေဖို့သတင်းစကားပြောခဲ့တာပါပဲ။ လူဟာ သတိနဲ့ သဟဇာတဖြစ်အောင် နေကြရမယ်။ လူမှာက သိစိတ်ရှိတယ်။ တိရိစ္ဆာန်တွေက သဘာဝတရားနဲ့ အညီနေကြတယ်။ အသိစိတ်နဲ့နေလိုက်တာတော့ မဟုတ်ဘူး။ မသိလိုက်ဘဲ နေမိနေတာ။ လူကတော့ သတိထားပြီး သဘာဝနဲ့ သဟဇာတဖြစ်အောင် နေရမယ်။ အဲဒီလို သတိနဲ့ နေရမှာဆိုတော့ ပိုပြီးလည်း တာဝန်ကြီးတယ်။
လူမှာ တာဝန်ရှိတယ်။ လူတွေမှာပဲ တာဝန်ရှိတယ်လို့ ပြောနိုင်တယ်။ ဒါကိုက လူရဲ့ အများနဲ့မတူတဲ့ ထူးကဲမှုပဲ။ တခြားတိရိစ္ဆာန်တွေမှာ တာဝန်မရှိဘူး။ သူတို့တွေက သဟဇာတဖြစ်အောင်ပဲ နေတတ်တယ်။ တခြားနည်းလမ်းလည်း မရှိဘူး။ သိလည်းမသိဘူး။ သူတို့သိတဲ့နည်းနဲ့ပဲနေထိုင်ကြတယ်။ အဲဒီနည်းလမ်းကိုက သဟဇာတဖြစ်နေတာ။ သူတို့ သတိထားပြီး သဟဇာတဖြစ်အောင် လုပ်နေတာမဟုတ်ဘူး။ သူတို့တွေ နေထိုင်နေတယ်ဆိုတာ ခင်ဗျား နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတုန်းရှိတဲ့စိတ်လိုမျိုးပဲ။ သဘာဝသက်သက်ပဲ။
ခင်ဗျား နှစ်နှစ်ခြိုက်ခြိုက် အိပ်နေရင် သဘာဝတရားနဲ့ သဟဇာတဖြစ်နေတယ်။ အဲဒါကြောင့်ပဲ အိပ်ရေးဝဝ အိပ်လိုက်ရရင် ပြန်ပြီး အားပြည့်လန်းဆန်းတယ်။ စိတ်သက်သာပြေလျော့တယ်။ မိနစ်အနည်းငယ်လောက် အိပ်ရေးဝဝအိပ်လိုက်ရရင်တောင် နုပျို လန်းဆန်းသွားတယ်။ စုထား၊သိမ်းထားတဲ့ ဖုန်မှုန့်တွေ၊ ပင်ပန်းမှု၊ပျင်းရိဖွယ်ကောင်းမှုတွေလည်း ပျောက်ကွယ်သွားတာပဲ။ သဘာဝရင်းမြစ်ကြီးနဲ့ ပြန်ချိတ်ဆက်ပြီး အားပြန်ဖြည့်လိုက်တာကိုး။
ဒါပေမယ့် ဒီနည်းဟာ အဟိတ်တိရိစ္ဆာန်နည်းပဲရှိသေးတယ်။ အိပ်စက်ခြင်းဟာ တိရိစ္ဆာန်တွေ အားဖြည့်တဲ့နည်းပဲ။ တိရိစ္ဆာန်တွေဟာ အလျားလိုက်နေထိုင်တယ်။ လူဟာ ဒေါင်လိုက်နေထိုင်တယ်။ အိပ်တဲ့အခါ လဲလျောင်းရတယ်။ အလျားလိုက်ဖြစ်အောင်လုပ်ရတာပဲ။ ဒီလိုမှ မနေလည်း အိပ်ပျော်ဖို့ ခက်မယ်။ မတ်တပ်ရပ်ပြီး အိပ်လို့မဖြစ်ဘူး။ ရရင်တောင် သိပ်ခက်မယ်။ ခင်ဗျား နှစ်သန်းပေါင်းများစွာဆီ ပြန်သွားရမယ်။ အဲဒီကမ္ဘာဦးက တိရိစ္ဆာန်တစ်ကောင်လိုနေလိုက်ရတာ။. အလျားလိုက်နေလိုက်ရတယ်။ ကမ္ဘာကြီးနဲ့ မျဉ်းပြိုင်ကျအောင် နေလိုက်ရတယ်။ သိစိတ်က တစ်ဖြည်းဖြည်းလျော့နည်းသွားမယ်။ ရုတ်တရတ် ခင်ဗျားမှာ ဘာတာဝန်မှမရှိတော့ဘူး။
အဲဒါကြောင့်လည်း ဆစ်ဂမန်ဖရွိုက်ဟာ လူနာတွေအတွက် လဲလျောင်းလို့ရတဲ့ ခုံရှည်ကို ရွေးချယ်သုံးစွဲတာ။ အဲဒါ လူနာ ဇိမ်ကျအောင်မဟုတ်ဘူး။ ဒါက သူ့နည်းတစ်ခုပဲ။ လူနာဟာ အလျားလိုက်ဖြစ်သွားတဲ့အခါမှာ သူ့မှာ တာဝန်ကင်းသွားတယ်။ သူ့စိတ်က သက်သက်သာသာမဖြစ်သေးရင်၊ မသိစိတ်ထဲက ကိစ္စတွေကို ထုတ်ပြောမှာမဟုတ်ဘူး။ သူ့ကို ထိုင်ခိုင်း၊ ရပ်ခိုင်းထားပြီးပြောခိုင်းရင် သူက ပြောသင့်၊မပြောသင့်တွေ တွေးတော့မယ်။ သူ့မှာ တွေးဖို့၊ ချင့်ချိန်ဖို့ တာဝန်ရှိသွားပြီ။ သူဟာ ခုံရှည်မှာ လဲလျောင်းနေတုန်းမှာ သူ့ရဲ့အတွင်းစိတ်က ကိစ္စတွေကို ဆင်ဆာဖြတ်မှာမဟုတ်ဘူး။ အရှိ၊အရှိအတိုင်းပဲပြောမှာပဲ။ ရုတ်တရတ်သူ့ရဲ ဗီဇစိတ်အတိုင်းပြန်ဖြစ်သွားတာ။ သူ့မှာ တာဝန်မရှိတော့ဘူး။ သူက တခြားသူစိမ်းတွေဆို ပြောပြလေ့မရှိတာတွေကအစ ထုတ်ပြောမှာပဲ။ သူ့ရဲ့ မသိစိတ် အနက်အရှိုင်းက ကိစ္စတွေအထိ ထုတ်ပြောလာတယ်။ မသိစိတ်မှ မြုပ်နေတဲ့အရာတွေ ပြန်ပေါ်လာတယ်။ အဲဒါဟာ ဖရွိုက်ရဲ့ နည်းလမ်းပဲ။ သူက လူနာကို ကလေးတစ်ယောက်လို၊ တိရစ္ဆာန်ဗီဇစိတ်နဲ့ လွတ်လွပ်လပ်လပ် ပြောခွင့်ရှိအောင် လုပ်ထားပေးလိုက်တာပဲ။
တစ်ခုခုအတွက် တာဝန်မရှိတော့ဘူးဆိုတဲ့ အချိန်မှာ သဘာဝအတိုင်း နေမိသွားတယ်။ စိတ်ကုပညာရပ်ဟာ သိပ်အကျိုးရှိစေတယ်။ ဒီပညာနဲ့ လူတွေ စိတ်သက်သာရာရအောင် လုပ်ပေးနိုင်စေတယ်။ စိတ်ထဲမှာ ဖုံးထား၊ပိတ်ထား၊ မေ့ဖျောက်ထားတာတွေကို ဖော်ပြလိုက်တယ်။ အဲဒီလိုဖော်လိုက်မှ အဲဒီ တင်းကြပ်မှုတွေဟာ အငွေ့ပျံသလို ပျောက်သွားနိုင်မှာ။ စိတ်ကိုခွဲခြမ်းစိတ်ဖြာပြီး ကုသတဲ့ ကုထုံးနဲ့ကုသခံလိုက်ရင် ခင်ဗျားမှာ ဝန်ထုပ်ပေါ့သွားတာပဲ။ ဝန်ထုပ်ပေါ့သွားရင် သဘာဝအတိုင်း ပိုနေနိုင်လာတာပဲ။ သဘာဝနဲ့ပိုပြီး သဟဇာတ ဖြစ်သွားတာ။ ကိုယ့်စိတ်နဲ့ကိုယ် တည့်သွားတာ။ အဲဒီလို သဟဇာတဖြစ်တာကိုပဲ ကျန်းမာတယ်ခေါ်တာပဲ။
ဒါပေမယ့် ဒီနည်းဟာ ရှေးသဘာဝကို ပြန်သွားတာ။ နောက်ကြောင်းပြန်တာ။ မြေအောက်ခန်းထဲပြန်သွားတာ။ သာလွန်အောင် လုပ်တဲ့ နောက်တစ်နည်းရှိသေးတယ်။ ဒီနည်းကတော့ ဆစ်ဂမန်ဖရွိုက်နည်းမဟုတ်ဘူး။ ဗုဒ္ဓနည်းပဲ။ ဒီနည်းနဲ့ အတွင်းပိုင်းကို သွားလို့ရတယ်။ သတိရှိရှိနဲ့ သဘာဝနဲ့ သဟဇာတဖြစ်အောင် နေလိုက်လို့ရတယ်။ အဲဒီလိုနေလိုက်ရုံနဲ့ သာလွန်မြင့်မြတ်မှုဆီကို သွားလို့ရပြီ။
သဘာဝနဲ့ သဟဇာတဖြစ်အောင်နေ။ ဒါကိုက ပညာရဲ့ အချုပ်အချာပဲ။ သဘာဝတရားဆိုတာဟာလည်း စကြဝဠာရဲ့ သဘာဝစည်းချက်ပဲ။ ဒီ စကြဝဠာရဲ့ သဘာဝစည်းချက်နဲ့ သဟဇာတဖြစ်သွားပြီဆိုရင် ခင်ဗျားဟာ ကဗျာဆရာ၊ ပန်းချီဆရာ၊ ဂီတပညာရှင်၊ ကချေသည် အကုန်ဖြစ်သွားတယ်။
စမ်းကြည့်စမ်းပါ။ သစ်ပင်အောက်မှာ ထိုင်နေရင်း သဘာဝစည်းချက်နဲ့ သဟဇာတဖြစ်အောင်လေး သတိထားနေလိုက်။ သဘာဝတရားနဲ့ တသားတည်းဖြစ်သွားရင် တံတိုင်းတွေအားလုံး ပျော်ကျသွားတယ်။ သစ်ပင်ဖြစ်သွားတယ်။ မြက်ပင်ဖြစ်သွားတယ်။ လေညင်းဖြစ်သွားတယ်။ အရင် မမြင်ဖူးတဲ့ အမြင်မျိုးနဲ့ ခင်ဗျားမြင်ရလိမ့်မယ်။ ဆေးဝါးကြောင့် စိတ်ထဲမှာ ထင်ယောင်မြင်ယောင်တွေဖြစ်နေသလိုမျိုး သစ်ပင်တွေက အရင်ကထက် ပိုစိမ်းလာ။ နှင်းဆီတွေက ပိုပြီး နှင်းဆီရောင်သမ်းလာ။ အားလုံးက တောက်ပလာတယ်။ ရုတ်တရတ် ခင်ဗျား သီချင်းဆိုချင်စိတ် ပေါက်ရင်လည်းပေါက်မယ်။ သီချင်းက ဘယ်ကရောက်လာလဲ မသိဘူး။ ခြေလက်တွေက ကဖို့ အသင့်ဖြစ်နေမယ်။ ကခုန်မှုဟာ သွေးကြောထဲမှာ တီးတိုးပြောနေပြီ။ ဒါကိုလည်း ခင်ဗျား ခံစားနားလည်နိုင်တယ်။ ဂီတရဲ့တေးသံကို အတွင်းရော၊အပြင်ပါ ခင်ဗျားကြားနေရမယ်။
ဒါဟာ တီထွင်ဖန်တီးမှုရဲ့ အခြေအနေပဲ။ သူ့ရဲ့အခြေခံက သဘာဝတရားနဲ့ သဟဇာတဖြစ်မှုပဲ။ ဘဝနဲ့လိုင်းမိသွားပြီ။ စကြဝဠာနဲ့လည်း လိုင်းမိသွားပြီ။
လောက်ဇူက ဒါကို နာမည်လှလှလေးပေးထားတာ။ (wei-wu-wei) ဝေ - ဝူ - ဝေ ဆိုတဲ့ မလုပ်ကိုင်ခြင်းအားဖြင့် လုပ်ကိုင်ခြင်းတဲ့။ ဒါကိုက တီထွင်ဖန်တီးမှုရဲ့ ဝိရောဓိပဲ။ ပန်းချီဆရာ ပန်းချီဆွဲတာကိုကြည့်ရင် သူက တက်တက်ကြွကြွရှိနေတာပဲ။ အလွန်အမင်းကို တက်ကြွနေတာ။ အရူးအမူးကို တက်ကြွနေတာ။ သူက သိစိတ်နဲ့ လုပ်နေတာ။ စိတ်အပြည့်အဝအသုံးချပြီးလုပ်နေတာ။ ကချေသည်ကိုလည်းကြည့်။ သူလှုပ်ရှားတက်ကြွနေတယ်။ ဒါပေမယ့် အတွင်းစိတ်ရဲ့ အနက်အရှိုင်းမှာ ပြုလုပ်သူမရှိဘူးဖြစ်နေတယ်။ သရုပ်ဆောင်မရှိဘူး။ တိတ်ဆိတ်မှုလေးပဲရှိတယ်။ အဲဒါကြောင့် တီထွင်ဖန်တီးခြင်းကို ဝိရောဓိအခြေအနေလို့ပဲ ကျုပ်ကပြောတာ။
သိပ်လှတဲ့ စိတ်အခြေအနေတိုင်းဟာ ဝိရောဓိတွေပဲ။ အမြင့်ကို ခင်ဗျားသွားလေလေ၊ အရှိတရားရဲ့ ဝိရောဓိအနက်အရှိုင်းထဲကို သက်ဆင်းဝင်ရောက်သွားလေလေပဲ။ သိပ်အဆင့်မြင့်တဲ့ ပြုမူလုပ်ကိုင်မှုတစ်ခုအတွက် သိပ်အဆင့်မြင့်တဲ့ ပြေလျော့မှုလိုတယ်။ မျက်နှာပြင်မှာတော့ ပြုမူလုပ်ကိုင်မှုတွေ ဖြစ်နေတယ်။ အနက်အရှိုင်းကိုကြည့်ရင် ဘာမှ ဖြစ်မနေဘူး။ ဘာမှမဖြစ်ခြင်းလေး ဖြစ်နေတယ်လို့ ပြောချင်ပြောလို့ရမယ်ထင်တယ်။ ခင်ဗျားမပိုင်ဆိုင်တဲ့ စွမ်းအားတွေ ထွက်နေတယ်။ မသိနိုင်တဲ့ နေရာကနေ ရောက်လာတဲ့ စွမ်းအားကို အညံ့ခံလိုက်တာကိုက တီထွင်ဖန်တီးခြင်းပဲ။ တရားရှုမှတ်ခြင်းဟာလည်း တီထွင်ဖန်တီးမှုပဲ။ အတ္တကင်းဆိတ်သွားတဲ့အခါမှာ ခင်ဗျားမှာရှိတဲ့ ဒဏ်ရာ ပျောက်သွားတာပဲ။ ခင်ဗျား ရောဂါပျောက်ပြီ။ ခင်ဗျားပြည့်ဝစုံလင်ပြီ။ အတ္တကိုက ခင်ဗျားရဲ့ ရောဂါပဲ။ အတ္တမဲ့သွားရင် ခင်ဗျားဟာ အတ္တစံပ္ပာယ်တဲ့ လူမဟုတ်တော့ဘူး။ ခင်ဗျား စတင်စီးဆင်းပြီ။ အရှိတရားရဲ့ နက်နက်နဲနဲ စီးကြောင်းထဲ ခင်ဗျား စီးဝင်သွားပြီ။
Norbert Weiner နော်ဘတ်သ် ဝင်န်နာကပြောတယ်။ ကျုပ်တို့ဟာ နေရာချထားတဲ့ အရာဝတ္ထုတွေမဟုတ်ဘူး။ သူ့ဟာသူ ထပ်တလဲလဲဖြစ်နေတဲ့ ပက်တမ်တွေ။ အစဉ်မပြတ်စီးဆင်းနေတဲ့ ရေစီးကြောင်းမှာပေါ်လာတတ်တဲ့ ဝဲကတော့လေးတွေ။ အဲဒီတော့ ခင်ဗျားဟာ အတ္တမဟုတ်ဘူး။ ဖြစ်ရပ်တစ်ခုပဲ။ ဆက်တိုက်ဖြစ်နေတဲ့ ဖြစ်ရပ်အစုအပေါင်းတစ်ခုပဲ။ အရာဝတ္ထုတစ်ခုမဟုတ်ဘူး။ ဖြစ်စဉ်တစ်ခု။ အဲဒီဖြစ်စဉ်ကို အရာဝတ္ထုတစ်ခုဖြစ်အောင် ကျုပ်တို့လုပ်နေကြတာ။ အဲဒီအရာကို ခင်ဗျားက ငါလို့ ခေါ်လိုက်တာနဲ့ ဖြစ်ရပ်တွေပျောက်သွားပြီး အရာဝတ္ထုတစ်ခုဖြစ်သွားတော့တာပဲ။ အတ္တဝင်ရောက်လာရင် အဟန့်အတားတွေဖြစ်လာတယ်။ ရပ်တန့်သွားတယ်။ စိတ်ထဲမှာ အတ္တက နေရာယူသွားတယ်။ အဲဒီတော့ ခင်ဗျား အသက်မဝင်တော့ဘူး။ အသေကောင်ဖြစ်သွားတယ်။
အတ္တဟာ ခင်ဗျားရဲ့ သေဆုံးမှုပဲ။ အတ္တရဲ့သေဆုံးမှုဟာ တကယ့်ဘဝအစစ် စတင်ခြင်းပဲ။ တကယ့်ဘဝက သူ့အလိုလို တီထွင်ဖန်တီးမှုရှိတယ်။
တီထွင်ဖန်တီးမှုဖြစ်အောင် ဘယ်ကျောင်းမှ တက်နေစရာမလိုပါဘူး။ တကယ်လုပ်စရာလိုတာက စိတ်အတွင်းပိုင်းကို ဝင်ရောက်ပြီး အတ္တကို အရည်ဖျော်ပစ်ဖို့ပဲ။ အဲဒီ အတ္တကို မထောက်ပံ့နဲ့။ အတ္တကို သန်မာအောင်၊ အင်အားပြည့်အောင် မလုပ်ပါနဲ့တော့။ အတ္တကင်းမဲ့နေရင် အမှန်တရားအပြည့်ရှိနေတယ်။ အားလုံးလှနေတယ်။ အဲဒီအချိန်မှာ ဖြစ်နေသမျှဟာ အကောင်းတွေချည်းပဲ။
ခင်ဗျားတို့ အားလုံး ပီကာဆိုတွေ ရှိတ်စပီးယားတွေ ဖြစ်လာမယ်လို့ ကျုပ်ပြောနေတာ မဟုတ်ဘူးနော်။ ကျုပ်ဒီလိုမပြောဘူး။ ခင်ဗျားတို့ထဲက တစ်ချို့က ပန်းချီဆရာတွေ ဖြစ်လာမယ်။ တစ်ချို့က အဆိုတော်တွေဖြစ်လာမယ်။ တစ်ချို့က ကချေသည်တွေဖြစ်လာမှာ။ ဒါတွေက ကိစ္စမရှိပါဘူးဗျာ။ ခင်ဗျားတို့အားလုံး ကိုယ့်ရဲ့ရှင်သန်နေထိုင်မှုထဲမှာ တီထွင်ဖန်တီးနိုင်သူတွေဖြစ်လာမှာ။ ခင်ဗျားဟာ စာဖိုမှုးဖြစ်ရင်ဖြစ်မယ်။ ဒါပေမယ့် တီထွင်ဖန်တီးမှု ရှိလာမယ်။ လမ်းသန့်ရှင်းရေးလုပ်သူတစ်ယောက် ဖြစ်ရင်ဖြစ်မယ်။ ဒါပေမယ့် တီထွင်ဖန်တီးမှုလေးရှိနေမယ်။
ခင်ဗျားဘဝမှာ ပျင်းရိငြီးငွေ့မှု ပျောက်သွားမယ်။ အသေးအဖွဲလေးပဲ လုပ်နေပါစေ၊ ခင်ဗျား ထိုးထိုးထွင်းထွင်းတွေ လုပ်လာမယ်။ သန့်ရှင်းရေးလုပ်တာကအစ ဘုရားရှိခိုးသလို မွန်မြတ်သန့်စင်မှုလေးပါလာမယ်။ လုပ်နေတဲ့အလုပ်ကိုက ဘုရားကိုပူဇော်နိုင်တဲ့ ဘုရားစာတစ်ခုလိုဖြစ်လာမယ်။ ဘာပဲလုပ်လုပ်၊ တီထွင်ဖန်တီးနိုင်စွမ်းလေးရဲ့ အရသာလေးပါနေလိမ့်မယ်။ ကျုပ်တို့တွေ ပန်းချီဆရာတွေ အများကြီးမလိုဘူး။ အားလုံး ပန်းချီဆရာဖြစ်သွားရင် ဘဝကြီးဟာ ခက်ခဲသွားမယ်။ ကျုပ်တို့ ကဗျာဆရာတွေလည်း အများကြီးမလိုဘူး။ ကျုပ်တို့တွေ ဥယျာဉ်မှုးတွေလည်း လိုသေးတယ်။ လယ်သမားတွေလည်း လိုတယ်။ ကျုပ်တို့ လူအမျိုးစုံလိုတယ်။ ဒါပေမယ့် လူတိုင်း တီထွင်ဖန်တီးနိုင်စွမ်းရှိရမယ်။ လူတစ်ယောက်ဟာ သတိသမ္ပဇဉ်တရားနဲ့နေပြီး အတ္တကင်းမဲ့နေရင် အနတ္တတရား/ဘုရားက သူ့ဆီ စီးဝင်လာနိုင်မယ်။ အဲဒီလူရဲ့ အခြေအနေ၊ လက်ခံနိုင်စွမ်းပေါ်မူတည်ပြီး ဘုရားဟာ ပုံသဏ္ဍာန်တွေဖြစ်လာစေမယ်။ အဲဒီဟာတွေ အားလုံးဟာ ကောင်းမြတ်ခြင်းတွေပဲ။
ခင်ဗျားနာမည်ကြီးတဲ့သူ ဖြစ်ဖို့မလိုဘူး။ တကယ့်ကို တီထွင်ဖန်တီးနိုင်စွမ်းရှိသွားပြီဆိုရင် အဲဒီလူဟာ နာမည်ကြီးရေး၊ မကြီးရေးကို ခေါင်းထဲမထည့်တော့ဘူး။ သူ့အတွက် ဒါတွေ မလိုအပ်တော့ဘူး။ သူဟာ သူလုပ်နေတာတွေကို သိပ်ကျေနပ်ပြီး စိတ်က ပီတိနဲ့ပြည့်နေတော့တာ။ သူဟာ သူ့ရဲ့ လက်ရှိ ပကတိအနေအထားကို သိပ်ကျေနပ်တယ်။ ဆန္ဒတွေရဲ့တောင်းဆိုမှုမရှိဘူး။ တီထွင်ဖန်တီးလာနိုင်ရင် ရည်မှန်းချက်တွေ၊ စိတ်ဆန္ဒတွေ ပျောက်ကွယ်သွားတာပဲ။ ခင်ဗျား တီထွင်ဖန်တီးမှုရှိလာရင် ခင်ဗျားအမြဲဖြစ်ချင်တာတွေအားလုံး ဖြစ်ပြီးသား ဖြစ်သွားပါပြီ။
Regards,
Z
ဘာသာပြန်ခြင်း စာမျက်နှာ ၃၈ မှာ နိတ္ထိတံပါပြီခင်ဗျာ။
Peace B with U.