လမ်းလျှောက်ထွက်ခြင်း။
ဆရာချစ်(ချစ်ဦးညို) ရဲ့ လောကဓံနှင့်အတူ လမ်းလျှောက်ထွက်ခြင်းကို သတိရသေးတယ်။ အခုလမ်းလျှောက်တာတော့ ဇနီးသည်နဲ့အတူ အနီးအနားမှာ တစ်နာရီလောက် လျှောက်တာပါ။ လမ်းလျှောက်တာ အင်မတန် အပန်းပြေတာပဲ။ စကားလေးဘာလေးလည်း ပြောချိန်ရတယ်။ အိမ်မှာနေရင် သူ့အလုပ်နဲ့သူ၊ ကိုယ့်အလုပ်နဲ့ကိုယ်ဆိုတော့ စကားလည်း အေးအေးဆေးဆေးမပြောဖြစ်ဘူး။ လမ်းလျှောက်ရင်းတော့ စကားလည်းအေးအေးဆေးဆေးပြောလို့ရတယ်။
တောင်ကုန်းပေါ်က အိမ်ကလေးတွေ ဘယ်လိုဆောက်ထားသလဲကြည့်တယ်။ 20x60 မှာ သုံးထပ်ဆောက်ထားတဲ့ပုံစံလေးတွေလည်းကြည့်ကြည့်တယ်။ ခေတ်ဟောင်းက နည်းပညာနဲ့ ခေတ်သစ်က နည်းပညာပြောင်းလဲလာတာလေးတွေ ပြောဖြစ်တယ်။ ကြိုကြားကြိုကြားမှာတွေ့ရတဲ့ ဘာသာရေးအဆောက်အအုံတွေ၊ မြေလွတ်တွေအကြောင်းလည်း ပြောဖြစ်တယ်။ ကျောင်းတွေတွေ့ရင် ကျောင်းက အားကစားကွင်းတွေရှိတာ အဆင်ပြေတဲ့အကြောင်းပြောဖြစ်တယ်။
လောကကြီးဟာ အရင်တုန်းက သိပ်ခက်ခက်ခဲခဲမဟုတ်ဘူး။ လက်နှိပ်စက်ရိုက်တတ်ရင် ထမင်းစားလို့ရတဲ့ ခေတ်တစ်ခေတ်ရှိခဲ့သေးတယ်။ အခုနောက်ပိုင်းမှာ ဒီလောက်နဲ့ ထမင်းစားလို့မရတော့ဘူး။ တစ်ချို့ပြောင်းလဲမှုတွေဟာ တစ်ခြားတစ်နေရာမှာတော့ အခက်အခဲသစ်တွေဖြစ်သွားစေတာပဲ။ ကားတွေကို စက်နဲ့ထုတ်လာတော့ အလုပ်သမားမလိုတော့သလိုမျိုး။ စာပို့သမားမလိုတော့တာမျိုး။ အဲဒီအပြောင်းအလဲတွေကို စဉ်းစားကြည့်လိုက်ရင်တော့ လောကကြီးမှာ အပြောင်းအလဲသစ်ဟာ အလုပ်ဟောင်းတွေကို ပျောက်သွားစေတာကို ပိုသတိထားမိလာတယ်။ အစိုးရအလုပ်တွေမှာတောင် တစ်ချို့တွေ မသက်သာလှဘူး။ လူ့အသိုင်းအဝိုင်းဟာ ထင်သလောက်မတိုးတက်ခဲ့ဘူး။ နှစ်ပေါင်း သုံးလေးဆယ်အတွင်း ပိုခက်ခဲအောင်လုပ်လိုက်တာပဲ။ လူ့အဆင့်အတန်းအရပြောရင် တော်တော်လေး နိမ့်ကျသွားတယ်။ လူလတ်တန်းစားရဲ့ အဆင့်ဟာ လွန်ခဲ့တဲ့နှစ်သုံးဆယ်က ဆင်းရဲသားအဆင့်လောက်ဖြစ်သွားတာ။ ဝင်ငွေဆိုလည်း ပမာဏများလာပေမယ့် ဝယ်နိုင်စွမ်းပြန်နိမ့်သွားတယ်။ ငွေတန်ဖိုးကျတယ်လို့ အကြမ်းဖျင်းပြောလို့ရမလားမသိဘူး။ အဲဒီအကြောင်းတွေလည်း ပြောဖြစ်တယ်။
သစ်ရွက်တွေကြွေဖို့နေရာရှိနေတာကောင်းတယ်။ သတိထားကြည့်ရင် စိတ်ဟာ သစ်ရွက်ခြောက်တွေကြွေနေတဲ့ မြင်ကွင်းမျိုးကို ခံစားနားလည်နိုင်တယ်။ လေတိုက်လို့ သစ်ရွက်ခြောက်လေးတွေ လွင့်သွားတာမှာလည်း အလှတစ်မျိုးရှိတယ်။ ဒါတွေ အိမ်ထဲမှာနေရင် မခံစားမိဘူး။ ခံစားချက် ထုံပေပေဖြစ်သွားတယ်။ အသက်မဝင်တော့ဘူး။ စိတ်ဟာ ကျဉ်းမြောင်းသွားတယ်။ အဲဒါဟာ မသိမသာလေးပေမယ့် အင်မတန်ကြီးကျယ်နေတဲ့ ပြဿနာ။ လမ်းသွားရင်း ကလေးလေး စကူတာလေး သူ့ဟာသူ စီးပြီး သူ့အဖေနောက်ကလိုက်နေတာလည်း အနုပညာဆန်တယ်။ သူ့စကူတာတောင် သူဒီအတိုင်း မမနိုင်သေးဘူး။ ကောင်းကောင်းစီးတတ်နေပြီ။ လမ်းကူးရင်လည်း သတိထားပြီးကူးတတ်တယ်။ နှစ်နှစ်လောက်ပဲရှိဦးမယ်ထင်တယ်။ သူ့အသိဉာဏ်လေးနဲ့သူ လုပ်တတ်ကိုင်တတ်နေပြီ။ ကလေးတစ်ယောက်ရဲ့ အသိဉာဏ်ဟာလည်း သိပ်လှတဲ့ အနုပညာတရားတစ်ခုပဲ။ သူတို့နေထိုင်ဖို့ လောကကြီး နည်းနည်းခက်ခဲနေတာကို အားနာမိတယ်။ ကျနော်တို့ ခေတ်မှာ ခက်ခဲမှုတွေ နည်းနည်းလောက် လျှော့ချနိုင်ဖို့ကြိုးစားချင်တယ်။
လောကကြီး ခက်ခဲနေတာကို ဘယ်သူက အဆင်ပြေအောင်လုပ်ပေးမလဲ။ အားလုံးက ကိုယ်နဲ့မဆိုင်ဘူးလို့ ယူဆရင် ဒီပြဿနာကြီး အေးသွားမှာမဟုတ်ဘူး။ လူတစ်ယောက်ဟာ ပိုက်ဆံမရှိရင် တစ်သက်လုံး ပူပူပန်ပန်ကြီး နေသွားရတာ လူ့ဘုံဟာ ငရဲဘုံဆန်လာတာပဲ။ မြင့်မြတ်တဲ့ ဘုံဘဝဆိုတာ ပူလောင်မှုမကင်းသေးရင်တောင် ပူလောင်မှုနည်းရမယ်။ နာရေးကူညီမှုအသင်းကိုကြည့်။ အဲဒီတစ်ဖွဲ့လေးရှိရုံနဲ့ မြို့လေးတစ်မြို့မှာ သေတဲ့ဒုက္ခ အတော်လေးအေးသွားတယ်။ သေခါနီးလူတွေက မတွေးဘူးမထင်နဲ့။ တွေးတာပဲ။ ကျန်နေတဲ့သူတွေ အသုဘစရိတ်မတတ်နိုင်ဘူးဆိုရင် အသေတောင်ဖြောင့်မှာမဟုတ်ဘူးထင်တယ်။ ဒီလိုအဖွဲ့အစည်းလေးရှိလာတော့ အသေဖြောင့်တာပေါ့။ အသေဖြောင့်ရင် ကောင်းတဲ့တရား နှလုံးသွင်းမိဖို့ နည်းနည်းလွယ်တာပေါ့။ လူကောင်းတွေ ကောင်းတာလေးတွေ လုပ်ခွင့်ရှိရမယ်။ အဲဒါလေးတွေက အခြေခံပေမယ့် သိပ်အရေးကြီးတယ်။ အာဏာရှင်ခေတ်မှာ ဘုန်းကြီးကို ဆွမ်းကပ်လို့ ထောင်ချခံရတာလည်းရှိတယ်။ ခေါင်းကွဲနေတဲ့ဘုန်းကြီးကို ချုပ်ပေးလို့ နားရင်းအုပ်ခံရတဲ့ ဆရာဝန်လည်းရှိခဲ့တာပဲ။ လူကောင်းတွေ ကောင်းတာ လုပ်ခွင့်မရတဲ့နိုင်ငံဟာ အင်မတန် နိမ့်ကျသွားတာပဲ။ အခြေခံတရားကို မလိုက်နာရင် နိုင်ငံပျက်စီးတာပဲ။ ပျက်စီးတဲ့စိတ်ဓာတ်နဲ့နိုင်ငံတွေများလာရင် ကမ္ဘာကြီးပျက်စီးတာပဲ။ လမ်းလျှောက်ရင်း ခဏလေးတွေးလိုက်ရင် လောကကြီးမှာ ကိုယ်လုပ်နိုင်တဲ့ အခန်းကဏ္ဍကို ဆင်ခြင်နိုင်တာပဲ။
မြန်မာပြည်မှာ အခုရောဂါတွေ သိပ်များတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့သေတာ သိပ်များတယ်။ အခမဲ့ဆေးခန်းတွေ ရှိရင်တောင် အလကားနေရင်း ရောဂါမရအောင် အစားအသောက်တွေ စီစစ်တဲ့အဖွဲ့တွေ အများကြီးလိုသေးတယ်။ ကိုယ့်နိုင်ငံထဲ ဝင်ချင်သလိုဝင်နေတဲ့ အဆိပ်အတောက်တွေကို တားမြစ်ဖို့လိုတယ်။ အဲဒါတွေကို သေသေချာချာမလုပ်ရင် တစ်နိုင်ငံလုံးကို အန္တရာယ်ဖြစ်အောင်လုပ်နေတာနဲ့အတူတူပဲ။ ခင်ဗျားသိပ်ချမ်းသာနေရင်တောင် အဲဒီမှာဝယ်လို့ရတဲ့ပစ္စည်းတွေထဲမှာ ကင်ဆာဖြစ်စေနိုင်တာတွေ သိပ်များနေရင် ကျန်းမာရေးအန္တရာယ်ရှိနေဦးမယ်။ တစ်နိုင်ငံလုံးစားနေတဲ့ အခြေခံစားသောက်ကုန်တွေက ဆိုးဆေးတွေကအစ၊ ကွာလတီကွန်ထရိုးမရှိတဲ့ ပစ္စည်းတွေရဲ့ ပြဿနာဟာ တော်တော်လေး ကြောက်စရာကောင်းတယ်။ ဈေးပေါပေါနဲ့ရောင်းတာတွေမှာ မသုံးသင့်တဲ့ပစ္စည်းတွေ အများကြီးပါတယ်။ ကောင်းကောင်းမွန်မွန် ထုတ်လုပ်ရင် တန်ရာတန်ကြေးမြင့်သွားတာပဲ။ အဲဒီဈေးကို ပေးမဝယ်နိုင်သေးဘူးဆိုရင်လည်း အရည်အသွေးမီ ပစ္စည်းသုံးရဖို့မလွယ်ဘူး။ အရည်အသွေးကောင်းပြီး၊ အန္တရာယ်ကင်းတာကို ခြိုးခြံသုံးလိုက်တာဟာ အန္တရာယ်ရှိတဲ့ ဈေးပေါပေါပစ္စည်းကို ဖောဖောသီသီသုံးတာထက် ပိုမကောင်းဘူးလား။ နိုင်ငံနဲ့ချီဖြစ်နေတဲ့ အခြေခံပြဿနာလေးတွေကို ပထမအဆင့် identify လုပ်ရမယ်။ ပြီးတော့ ဖြေရှင်းဖို့ နည်းလမ်းရှာရမယ်။ ဒီနှစ်ခုမှာ identify လုပ်ဖို့ကို ပျက်ကွက်နေရင် ဒုတိယအဆင့်ရောက်မလာတော့ဘူး။ ဆိုးဆေးလေးကြောင့်၊ ပိုးသတ်ဆေးလေးကြောင့် ဒီလောက်ဖြစ်မှာမဟုတ်ဘူး။ ဆီအုန်းလေးအိတ်စ်ပို့ထ်လုပ်လိုက်ရုံနဲ့ ဘာမှမဖြစ်လောက်ဘူး။ အဲဒီလိုအတွေးအခေါ်ဟာ နှစ် နှစ်ဆယ်လောက်မှာ ကြောက်စရာ ပြဿနာတွေ ဖြစ်သွားစေတာပဲ။ လွန်ခဲ့တဲ့နှစ်နှစ်ဆယ်က အမှားကို အခုတစ်တိုင်းပြည်လုံး ခံစားရတယ်။ အခုအချိန်မှာ ဒါတွေကို ကောင်းကောင်းသဘောပေါက်ဖို့လိုနေပြီ။ လမ်းလျှောက်ရင်းနဲ့ တိုင်းပြည်ရဲ့ ပြဿနာလည်း ပြောဖြစ်သွားတယ်။
တိုင်းပြည်ရဲ့ ပြဿနာကို များများပြောဖို့လိုတယ်။ နှမ်းတစ်စေ့နဲ့ ဆီမဖြစ်ဘူး လို့ပြောကြတယ်။ အမှန်တော့ နှမ်းတစ်စေ့ကဖြစ်တဲ့ဆီက နည်းလွန်းလို့ မမြင်ရတာပါ။ မိုက်ခရိုစကုပ်နဲ့ကြည့်ရင် နှမ်းတစ်စေ့က ဖြစ်တဲ့ဆီကို မြင်ရတယ်။ နှမ်းတစ်စေ့ စားကြည့်လိုက်ရင်လည်း စိမ့်တာလေးတော့ ရှိတာပဲ။ တစ်ယောက်စီ တတ်နိုင်တဲ့ဘက်က ပြောရမယ်။ စာရေးတဲ့သူက စာရေးပြီးပြောမယ်။ ဟောပြောတဲ့သူက ဟောပြောရင်းပြောမယ်။ လူအများဟာ ယုံကြည်မှုတစ်ခုကို စုစုစည်းစည်း၊ ညီညီညွတ်ညွတ် ယုံကြည်လာရင် အဲဒီကိစ္စကို ဖြေရှင်းနိုင်ဖို့ကြိုးစားနိုင်တဲ့ အဆင့်ကို ရောက်လာမယ်။ ညီညွတ်မှုရဲ့ စွမ်းအားဟာ အဲဒီလို အရေးကြီးတယ်။ တစ်နိုင်ငံလုံးဟာ အရေးအကြီးဆုံး ကိစ္စတွေကို ဖြေရှင်းဖို့ညီညွတ်ရင် ပြဿနာအားလုံး တစ်ခုချင်းပြေလည်သွားမယ်။ အသေးအဖွဲကိစ္စကို အရင်ဆုံးဖြေရှင်းခိုင်းနေရင် အရေးကြီးပြဿနာဘက်မှာ အားနည်းသွားတယ်။ ရည်မှန်းချက် ဝေဝါးတဲ့ အစိုးရဟာ ဘာမှ မယ်မယ်ရရမလုပ်သွားနိုင်ဘူး။ ဟန်ဆောင်ပန်ဆောင်လောက်ပဲ ဟိုလိုလို ဒီလိုလိုလုပ်သွားကြတယ်။ အရေးကြီးတဲ့နေရာမှာ နေရာယူပြီး ဟန်ဆောင်ပန်ဆောင်လောက်ပဲ အလုပ်လုပ်ရင် တိုင်းပြည်မှာ ပြဿနာရှိတယ်။ နောက်ထပ်ပိုဆိုးတာက ကြိုးစားပြီးတော့လုပ်တယ်။ ဒါပေမယ့် အရည်အချင်းမရှိဘူး။ ငါးနှစ်အရွယ်ကလေးလေးကို ရှိတ်စပီးယားလိုဖြစ်အောင် ရေးကွာဆိုပြီး စာအုပ်အကန့်အသတ်မရှိပေးရင်လည်း မဖြစ်နိုင်ဘူး။ ပညာကောင်းကောင်းမတတ်တဲ့သူကို ဝန်ကြီးခန့်ပြီး ဉာဏ်စွမ်းရှိသလောက်လုပ်ကွာ ဆိုရင် ဖေ့စ်ဘွတ်ခ်တက်ပြီး ပေါက်ကရပြောတာလောက်ပဲဖြစ်တာပဲ။ အဲဒီတော့ပြဿနာက နှစ်ခုဖြစ်လာတယ်။ ရိုးသားပြီး မုန့်ဟင်းခါးရောင်းစားချင်တဲ့သူကို မုန့်ဟင်းခါးဆိုင်ဖွင့်ခွင့်ပေးနိုင်ပေမယ့်၊ သမ္မတတော့ ပေးမလုပ်သင့်ဘူး။ လူတကာပါးရိုက်ရဲတဲ့သူကို လွတ်လပ်စွာ အရက်သောက်ခွင့်ပေးနိုင်ပေမယ့် ဝန်ကြီးရာထူးမပေးသင့်ဘူး။ လူမှန်နေရာမှန်မဟုတ်ရင် ကြိုက်သလောက်ကြိုးစားပါ။ ဟာသထဲက အရက်မူးပြီး ဓာတ်တိုင်ကို ကိုင်ပြီးပတ်နေတဲ့ အရက်သမားတစ်ယောက် သူ့ဟာသူ အုတ်တံတိုင်းတွေနဲ့ပိတ်မိပြီး ထွက်ပေါက်ပျောက်နေပါပြီ အော်နေရသလိုပဲဖြစ်မယ်။ ဒီလောက်ကြိုးစားပြီးရှာနေရက်နဲ့ ထွက်ပေါက်မတွေ့ဘူးဖြစ်နေတာ အမူးမပြေသေးလို့ပါ။ အာဏာအမူးမပြေသေးရင် လူလူချင်း တန်ဖိုးထားတတ်မှာမဟုတ်ဘူး။ အရင်အစိုးရခေတ်ကထက် တံတားအစင်း ဘယ်လောက် ပိုလာတယ်ဆိုတာလောက်ကို အဟုတ်မှတ်ကုန်တော့မှာ။ ကင်မ်ဂျုံအီတို့ဆီမှာ ပီစီကို မီးမဖွင့်ဘဲ ကလေးတွေကို ပေးသုံးထားတာမျိုးကို မြန်မာပြည်မှာလည်း လုပ်ဖူးတာပဲ။ အညာခံချင်တဲ့စိတ်ရှိမှ အညာခံရတာပဲ။ တိုင်းပြည်ကြီးတိုးတက်နေပါတယ်ဆိုတာကို တကယ်ယုံထားလိုက်ပြီး၊ အဲဒီယုံကြည်မှုအမှားကို သက်သေပြဖို့ တပည့်မွေးလိုက်လို့ နိုင်ငံနဲ့ချီ မွဲပြာသွားတာ။ မဖြစ်နိုင်တာကို မဖြစ်နိုင်ဘူးလို့ပြောတဲ့သူကို ဝန်ကြီးနေရာကဖြုတ်ခဲ့ကြတာတွေ ဘယ်သူမှမမေ့ကြသေးဘူး။ ဆရာပီ (အော်ပီကျယ်)တောင် ကာတွန်းတစ်ကွက်ဆွဲတယ်။ နွားကို ပုလင်းထဲထည့်ခိုင်းတာ တစ်ယောက်က မရဘူးပြောတယ်။ တစ်ယောက်က ကြိုးစားထည့်တယ်ဆိုပြီး နွားကို နပမ်းဖက်လုံးပြီး ထည့်တော့ထည့်လိုက်တယ် ပုလင်းကွဲသွားပါတယ်ဆိုတယ်။ အဲဒီလို ပုလင်းကွဲဝန်ကြီးတွေ အခုလည်းရှိသေးတယ်။ နည်းပညာတက္ကသိုလ်မှာတော့ ပုလင်းကွဲတွေရဲ့တပည့်တွေ ဟိုတလောကပြန်တော့ ဌာနမှုးတွေဖြစ်နေတယ်။ phD ချင်းအတူတူ ပုလင်းကွဲဘက်ကနေလာရင် နယ်မှာဆို ပါမောက္ခဖြစ်ပြီ။ သာမန်လူတွေလို ကျောင်းတက်လာတဲ့သူတွေကတော့ လက်ထောက် ကထိကကနေ မတက်ဘူး။ ဘာလို့လည်းဆိုတော့ ပုလင်းကွဲမွေးထုတ်လိုက်တဲ့ စံပြအင်ဂျင်နီယာဆိုတာတွေက စာသာကောင်းကောင်းမတတ်ပေမယ့်၊ ကျောင်းတက်တဲ့ ငါးနှစ်ကို လုပ်သက်ထဲထည့်ပေါင်းပေးတယ်။ ကြံကြံဖန်ဖန်တွေလုပ်ထားတာ။ အဲဒီပုလင်းကွဲ အခုပြုတ်သွားပြီ။ သူ့ရဲ့ ပုလင်းကွဲပေါက်စလေးတွေကို ရာထူးပြန်မချသေးဘူး။ အဲဒီပြဿနာမျိုးကို ပြန်သုံးသပ်တဲ့ အဖွဲ့လိုတယ်။ မဟုတ်ရင် တကယ့်လူတွေ နေရာမရနိုင်တော့ဘူး။ ဒါက ဌာနတိုင်းမှာဖြစ်နေတာ။ အမှားလုပ်တဲ့သူမရှိတော့ရင်တောင် သူလုပ်လိုက်တဲ့ အမှားက ဆက်လက်ရှင်သန်နေတယ်။ ကိုယ်တိုင်က မေးမယ့်မေးခွန်းလောက်သာ ကျက်ပြီးဖြေခဲ့ဖူးတဲ့သူတွေက ဘယ်လိုတွေများ ပညာရေးကို မြှင့်တင်မလဲဆိုတာ ကျနော် တော်တော်လေးစဉ်းစားမိတယ်။ အမှားလုပ်တဲ့သူကို ပြင်ဖို့လွယ်တယ်။ သူလုပ်လိုက်တဲ့ အမှားကို လိုက်ပြင်ဖို့တော့ သတ္တိအများကြီးရှိမှဖြစ်မယ်။ နိုင်ငံ့အတွက် အလုပ်လုပ်တဲ့သူတွေမှာ အဲဒီလို အများအကျိုးအတွက်ကို ရဲရဲရင့်ရင့် လုပ်တတ်တဲ့ စိတ်ဓာတ်လိုတယ်။ ပျော့တိပျော့ညံ့နဲ့ နိုင်ငံခေါင်းဆောင်လုပ်လို့မရဘူး။ အမှားကိုမပြင်ဘဲ အပေါ်ယံလေး လုပ်နေရုံနဲ့တော့ မပျောက်နိုင်ဘူး။ အိုရှိုစာအုပ်မှာပါတဲ့ဟာသလိုပေါ့။ ဆင်းရဲသားက ဆေးခန်းလာပြတော့ အဆုတ်ကင်ဆာဖြစ်နေတယ်တဲ့။ အဲဒီတော့ ကုရင်ဘယ်လောက်ကုန်မလဲ ဆရာဝန်က တွက်ပြတယ်။ ဒေါ်လာသိန်းနဲ့ချီကုန်မယ်တဲ့။ အဲဒီတော့ ဆင်းရဲသားက မကုနိုင်ဘူးဗျာလို့ပြောတယ်။ အဲဒီတော့ဆရာဝန်က ကျနော့်ကို တစ်ဆယ်ပဲပေး။ ခင်ဗျားရဲ့ ဓာတ်မှန်ကိုပဲ ပြင်လိုက်ကြတာပေါ့လို့ပြောတယ်။ ကင်ဆာဖြစ်တယ်ဆိုပြီး ဓာတ်မှန်ကပြနေတာကို ပြင်လိုက်ရုံနဲ့တော့ ကင်ဆာမပျောက်နိုင်ဘူးပေါ့။ အစဉ်အဆက်မှားလာတာတွေကို ဟိုလူ့ဖြုတ်၊ဒီလူ့ဖြုတ်လုပ်လိုက်ရုံနဲ့ ဘယ်ပြင်နိုင်မှာလဲ။ မြန်မာပြည်မှာတော့ ဓာတ်မှန်ရလဒ်ကိုပြင်ဖို့တောင် ကော်မတီဖွဲ့ရသေးတယ်။ ပိုက်ဆံကုန်လိုက်တာဗျာ။
လမ်းလျှောက်တာ တော်တော်တွက်ချေကိုက်တယ်။ စကားပြောရင်း မေ့နေတာလေးတွေ ပြန်သတိရလာတယ်။ နိုင်ငံမှာ ဒီမိုကရေစီ လမ်းစဉ်ကိုလျှောက်ပြီလို့ပြောတယ်။ မကြာဘူးတစ်မျိုးပြီးတစ်မျိုးဖြစ်တယ်။ အဓိကရုဏ်းတွေဖြစ်တယ်။ မထင်လောက်တဲ့နေရာမှာ မထင်လောက်တဲ့ အဖြစ်အပျက်တွေဖြစ်တယ်။ အဲဒီအဖျက်စွမ်းအားစုဟာ ဒီမိုကရေစီလမ်းစဉ်ဖြစ်သွားမှာကြောက်နေသေးတယ်လို့မြင်လာတယ်။ ၂၀၁၄-၁၅ အတွက် စစ်စရိတ် ဒေါ်လာ23 ဘီလျံတောင်းတယ်ပြောတယ်။ အဲဒီပမာဏဟာ ဟိုပုလင်းကွဲပြောတဲ့ တစ်နေ့နှစ်ထောင်နှုန်းနဲ့ကျွေးရင် မြန်မာပြည်သား သုံးဆယ့်တစ်သန်းကို တစ်နှစ်အလကားကျွေးထားလို့ရတယ်ဗျ။ စက်မှုဝန်ကြီးတွေကလည်း အစိုးရစရိတ်နဲ့ ဖရီးကစ်လုပ်တာတောင်မှ တစ်နှစ်တစ်နှစ် အရှုံးပေါ်တယ်ပြောတယ်။ ကျနော်တို့တွေ အမြဲအံ့သြလေးစားရတဲ့ ကမ္ဘာ့ဈေးအကြီးဆုံး မြန်မာ့ဆက်သွယ်ရေးတောင်မှ ရှုံးသေးတယ်တဲ့ခင်ဗျာ့။ လူလိမ် သူခိုးနဲ့ ကြမ်းပိုးတွေကို မပေးသင့်တဲ့နေရာပေးတော့ ရှုံးတာပေါ့။ လိပ်ကို ခုန်ခိုင်းသလိုဖြစ်နေတာပေါ့။ လိပ်ကတော့ တစ်လက်မလောက်ခုန်ဖို့တောင် မဖြစ်နိုင်ဘူုး။ အခက်အခဲတွေ အများကြီးရှိတယ်ပြောမှာပေါ့။ သူမှ မခုန်တက်ဘဲ။ အဲဒီတော့ လိပ်မှာ အမှားမရှိဘူး။ လိပ်ကို ခုန်ရမယ့်နေရာမှာ ရာထူးသွားပေးတဲ့သူမှာသာ ပြဿနာရှိတယ်။ ကမ္ဘာမှာ အဆင့်အမြင့်ဆုံး တက္ကသိုလ်က မြန်မာပြည်က စစ်တက္ကသိုလ်ပဲ။ အဲဒီမှာ တက်လိုက်ရင် ဘာမဆိုတတ်သွားတာ။ အဲဒီယုံကြည်ချက်မျိုးနဲ့ကြိုးစားသွားရင် မြောက်ကိုးရီးယားလောက်ဖြစ်သွားနိုင်တယ်။ လူလူသူသူနိုင်ငံတော့ မဖြစ်နိုင်ဘူး။ ရွှေဘီပိုးနဲ့ ရွှေမိုးကျညွှန်ကြားရေးမှုးတွေ အကုန်ဖြုတ်ပြီးရင်တောင် မြန်မာပြည်ရဲ့ အစိုးရဝန်ထမ်းလောကကို ပြန်တည့်မတ်ဖို့ အချိန်အများကြီးလိုဦးမယ်။ ဒီကြမ်းပိုးတွေနဲ့ ပညာတတ်အလုပ်တွေနဲ့မဆီလျော်ပါဘူး။ တိုင်းပြည်ကာကွယ်ချင်လို့ စစ်ထဲဝင်ရင်ကောင်းတယ်။ စစ်တပ်ဟာ နိုင်ငံတိုင်းမှာလိုလိုရှိတယ်။ ကာကွယ်ရေးအတွက် လိုလို့ ထွင်ထားတာ။ အဲဒါကို ငြင်းလို့မရဘူး။ ဒါပေမယ့် အုပ်ချုပ်ရေးက သပ်သပ်စီပဲ။ တကယ်တော်တဲ့သူတွေက အုပ်ချုပ်ရေးဘက်ကို မလာတော့ဘူး။ အဲဒီဘက်မှာ ကြမ်းပိုးများနေတယ်။ ကိုယ့်ထမင်းကိုယ်ရှာစားပြီး အေးအေးဆေးဆေးနေတော့မယ်။ ကြမ်းပိုးတွေနဲ့တော့ အတူညီလာခံမတက်ချင်ဘူးဆိုတဲ့ လူကောင်းသူကောင်းတွေများလာတယ်။ အဲဒါလည်းမကောင်းဘူး။ လူငယ်တွေ နိုင်ငံရေးမှာ ပါဝင်မှုနည်းလေလေ၊ ပညာတတ်တွေ ပါဝင်မှုနည်းလေလေ၊ နိုင်ငံရဲ့ အနာဂတ်ဟာ သွက်ချာပါဒလိုက်လေလေပဲ။ စေတနာချည်းလှိမ့်ကောင်းနေလို့မဖြစ်ဘူး။ ပညာလည်းတတ်ရမယ်။ သဒ္ဓါနဲ့ပညာလိုပေါ့။ တစ်ခုတည်းကောင်းနေလို့မဖြစ်ဘူး။ သဒ္ဓါလိုရင် ပညာနဲ့ဖြည့်ရတယ်။ ပညာလိုရင်သဒ္ဓါနဲ့ဖြည့်ရတယ်။ သီလနဲ့ပညာလည်း အဲဒီလိုပဲ။ အကျင့်ကောင်းနေရုံနဲ့တော့ လူကြီးလူကောင်းတော့ဖြစ်မယ်။ ပညာရှိမဖြစ်နိုင်သေးဘူး။ အကြံဉာဏ်တောင်းလို့မဖြစ်သေးဘူး။ နှစ်ခုလုံးပြည့်စုံမှဖြစ်မယ်။ အတိုက်အခံတွေကိုလည်း အမတ်နေရာလောက်ပေးလို့မဖြစ်ဘူး။ လက်တွေ့အကောင်အထည်ဖော်နိုင်တဲ့ ဝန်ကြီးနေရာတွေလည်းပေးရဦးမယ်။ လျှပ်စစ်မီးပိုတာတို့၊တစ်နပ်လျှော့စားတို့၊ ပါးရိုက်တတ်တယ်တို့၊နှစ်ထောင်နဲ့လောက်တယ်တို့တောင် ဝန်ကြီးလုပ်လို့ရသေးရင် မြန်မာပြည်ရဲ့လက်ရှိဝန်ကြီးနေရာဆိုတာ မူလတန်းအောင်ရင် လူတိုင်းဝင်လုပ်လို့ရတဲ့အလုပ်ပဲမဟုတ်လား။ နေရာအများစုမှာ အရည်းအချင်းမမီသူတွေများလွန်းတာဟာ အဓိကပြဿနာမဟုတ်ဘူးလားဗျာ။
လမ်းလျှောက်ရင်းတွေးမိ ပြောမိတာတွေပါဗျာ။ တောင်စဉ်ရေမရကိစ္စတွေ။ ကိုယ်တိုင်ကတော့ ကောင်းတာလုပ်နေတဲ့၊ လူတွေ အခက်အခဲဖြေလျှော့ပေးတဲ့သူတွေကို ကူတယ်။ ကိုယ်လုပ်နိုင်တာလေးတွေကူတယ်။ ကိုယ်လုပ်နိုင်တဲ့ဘက်ကိုလုပ်တယ်။ အာဏာမရှိဘူး။ ကိုယ့်ဟာကိုယ်ရှာထားတဲ့ ပိုက်ဆံနည်းနည်းလောက်ကို သင့်တဲ့နေရာတွေမှာ နည်းနည်းစီလိုက်ခွဲလှူတယ်။ နေရတဲ့အခက်အခဲ၊ရှာရတဲ့အခက်အခဲတွေကို ကျနော်စာနာတယ်။ စာနာတယ်ဆိုတာ ခပ်ပေါ့ပေါ့လေး ပြောလိုက်တာမဟုတ်ဘူး။ သောကကို မြင်လို့ စာနာမိတာမျိုး။ ပိုက်ဆံမတတ်နိုင်တဲ့ မိဘတွေရဲ့ သား၊သမီးအတွက် အပူတွေလည်းမြင်ရတယ်။ အဲဒါကိုစာနာတယ်။ ဆေးမကုနိုင်တဲ့ မိသားစုတွေရဲ့ အပူကိုစာနာတယ်။ စောင့်ရှောက်မယ့်သူမရှိလို့ ဘိုးဘွားရိပ်သာရောက်နေတဲ့ အဘိုးအဘွားတွေကိုလည်း စာနာတယ်။ ကိုယ်လှူနိုင်တာ တစ်ရက်စာ ကြက်သားထမင်းလောက်ပဲ ဖြစ်ရင်ဖြစ်မယ်ဗျာ။ ဒါပေမယ့် ကျနော်စာနာတယ်ဆိုတာ သူတို့သိတယ်။ အဲဒါအရေးကြီးတယ်။ လူ့လောကမှာ လူတိုင်းက ကိုယ့်ကို စာနာနိုင်တဲ့သူတစ်ယောက်လောက် အနည်းဆုံးရှိတာလေးသိရရင် စိတ်အင်မတန်အားရှိတယ်။ ဆင်းရဲတဲ့ကလေးတွေကို လှူရင် သူတို့ကို ချစ်လို့ ခင်လို့လှူတာဆိုတာလေးကို သိအောင်ပြောခဲ့သင့်တယ်။ လောကမှာ အဲဒီစိတ်ထားလေး အင်မတန်အရေးကြီးတယ်။ စေတနာ့ဝန်ထမ်းလုပ်နေတဲ့သူတွေ တွေ့ရင်လည်း နည်းနည်းပါးပါး ချီးကျူးပေးကြပါ။ သူတို့မလုပ်ရင် အဲဒီနေရာတွေမှာ ပိုက်ဆံအများကြီးပေးပြီး လူရှာရမှာ။ သူတို့အလုပ်ဟာ အင်မတန် တန်ဖိုးရှိတယ်ဆိုတာလေး ပြောရတာ အပမ်းမကြီးဘူး။ စာနာစိတ်လေးနဲ့ နည်းနည်းပြောလိုက်။ သူလည်းပျော်သွားတာပေါ့။ တစ်ယောက်ရဲ့ အခက်အခဲကို တစ်ယောက်က စာနာမှ အခက်အခဲကြုံရတဲ့သူလည်း စိတ်အားရှိမယ်။ ရှေ့မှာတော့ နိုင်ငံနဲ့ချီ လွဲနေတာတွေပြောပြီးပြီ။ အဲဒီအလွဲတွေကို ပြင်ဖို့ကျွန်တော်တို့ လတ်တလောမတတ်နိုင်သေးဘူး။ လတ်တလောလုပ်နိုင်တာက charity ကိစ္စတွေမှာ စည်းစနစ်တကျလှူဖို့ပဲ။ စည်းစနစ်တကျလို့ပြောတာက ကိုယ်လှူတာကို သူတို့ဘယ်လို စီမံသလဲဆိုတာကို မေးရတယ်။ ဖြေတဲ့နေရာမှာ ဝိုးတိုးဝါးတားဆို နောက်တစ်ခါမလှူတော့ဘူး။ ဘာအလုပ်ပဲလုပ်လုပ် စီမံကိန်းရှိရှိနဲ့လုပ်တတ်မှ ရေရှည်အောင်မြင်တယ်။ မြန်မာပြည်မှာနှင်းဆီကုန်း ဘိုးဘွားရိပ်သာဆိုတာရှိတယ်။ အဲဒီမှာ တရားနာ၊တရားထိုင်တာတွေလုပ်ရတယ်။ ကျနော့်သဘောအရတော့ ဒီဘာသာရေးကိစ္စတွေက optional ဖြစ်သင့်တယ်။ ကချင်တဲ့သူ ကနေပါစေ။ သီချင်းဆိုချင်တဲ့ အဘိုးအဘွားတွေ သီဆိုနေပါစေ။ ရိပ်သာဝင်နေသလိုနေရတာ လူတိုင်းအတွက် မသင့်လျော်ဘူး။ ဘဝရဲ့ နေဝင်ချိန်မှာ ကောင်းတာတွေလုပ်နိုင်သလောက်လုပ်သွားတာကောင်းတယ်။ ဒါပေမယ့် ကောင်းတာကိုတောင် မလုပ်မနေရမို့လို့ လုပ်တာမကောင်းလှဘူး။ လူတစ်ယောက်ရဲ့လွတ်လပ်ခွင့်နဲ့ စည်းကမ်းကို အဆင်ပြေပြေလုပ်ဖို့ ခက်ပုံရတယ်။ စီမံခန့်ခွဲမှုနဲ့ပတ်သက်ရင်တော့ နှင်းဆီကုန်းဘိုးဘွားရိပ်သာနဲ့ ဇီဝိတဒါန သံဃာ့ဆေးရုံက အမြော်အမြင်ရှိတယ်။ သူတို့မှာ ငွေပင်ငွေရင်းရှိတယ်။ ဘဏ်တိုးနဲ့လည်းရတယ်ထင်တယ်။ တစ်ချို့သိပ်ဆင်းရဲတဲ့ charity တွေလည်းရှိတယ်။ အင်မတန်ချို့ချို့တဲ့တဲ့ရပ်တည်နေတာတွေ။ အဲဒါတွေတွေ့တော့ လူတွေရဲ့ ချစ်စရာကောင်းတဲ့ စာနာစိတ်ကို တွေ့ရတယ်။ လူတွေကို ကူညီချင်စိတ်ဟာ အင်မတန်လှတဲ့တရားပဲ။ ကရုဏာနဲ့မေတ္တာမရှိရင် ဒါမျိုး charity လုပ်ငန်းတစ်ခုခု ထူထောင်ဖို့မလွယ်ဘူး။ အလှူရတာ၊မရတာကိုမကြည့်ဘဲလုပ်နေကြတာ။ အဲဒါမျိုးကိုလေးစားတယ်။
နောက်ထပ်ပြဿနာလေးတွေလည်းတွေ့ခဲ့တယ်။ ခွေးတွေကိုစောင့်ရှောက်ထားတဲ့အဖွဲ့အစည်းတွေ တစ်လကို သိန်းသုံးဆယ်လောက်ကုန်တယ်ပြောတယ်။ လမ်းဘေးခွေးပြဿနာကမသေးဘူး။ အဲဒီခွေးတွေ မပွားအောင် ဆေးထိုးပေးရမယ်ထင်တယ်။ လျှောက်သတ်နေတာတော့ မလုပ်အပ်ဘူး။ ဒီအတိုင်းပွားချင်သလောက်ပွားဆိုပြီးထားလို့လည်းမဖြစ်ဘူး။ အဘက်ဘက်မှာ အခက်အခဲဖြစ်စေတယ်။ ခွေးရူးရောဂါဖြစ်နိုင်တယ်။ ကလေးတွေနဲ့သက်ကြီးရွယ်အိုတွေ အကိုက်ခံရတာတွေဖြစ်တယ်။ လမ်းဘေး ခွေးတွေကို တားဆေးထိုးတာ၊တိုက်တာတွေကို မြို့နယ်အလိုက်လုပ်ရမယ်ထင်တယ်။ လမ်းဘေးခွေးမရှိအောင် တဖြည်းဖြည်းလုပ်သွားရမယ်။ ဒါလေးတွေ အရေးကြီးတယ်။ လမ်းထဲကခွေးတွေကအစ ကာကွယ်ဆေးထိုးပြီးသားဖြစ်ရမယ်။ ကြောင်ကလေးတွေလည်း ဆေးထိုးထားရမယ်။ ခွေရူးရောဂါက ခွေးကနေပဲဖြစ်တယ် ထင်နေကြသေးတာလည်း တွေ့ခဲ့သေးတယ်။
ရပ်ကွက်တိုင်းမှာ အမှိုက်ပုံးကြီးကြီးတွေ နေရာများများမှာ ထားပြီး အမှိုက်စနစ်တကျပစ်ဖို့လည်းလိုတယ်။ အခုတစ်ခေါက်ပြန်တော့ အမှိုက်နည်းနည်းလေးပိုနည်းသွားတာ ဝမ်းသာစရာကောင်းတယ်။ ဒါတွေက လွယ်လွယ်ကူကူနဲ့ မြန်မြန်ဆန်ဆန်ပြောင်းလဲလိုက်လို့ရတာတွေ။ အမှိုက်တွေ စနစ်တကျစွန့်ပစ်ပြီးရင် ရောဂါတစ်ဝက်လောက် ကင်းသွားမယ်။ ရေစီးရေလာမကောင်းတဲ့မြောင်းတွေဖော်ရမယ်။ ရေမဝပ်အောင်လုပ်ရမယ်။ မိုးတွင်းမှာ သွေးလွန်တုပ်ကွေးဖြစ်တာ ကြောက်စရာကောင်းနေတုန်းပဲ။ အဲဒါကို ကြောက်စရာလို့မထင်သေးတဲ့သူတွေ ကလေးဆေးရုံတွေကို တစ်ရက်လောက်သွားကြည့်စေချင်တယ်။ ခြင်အကိုက်မခံရအောင် ခြင်ဆေးလေးထွန်းနေရုံနဲ့မပြီးဘူး။ ရေမဝပ်အောင်လည်းလုပ်ရဦးမယ်။ စည်ပင်ကအလုပ်တွေ စည်ပင်မလုပ်ရင် စည်ပင်ခွန်မဆောင်သင့်တော့ဘူး။ ရေမစီးတဲ့မြောင်းက ခြင်တွေကြောင့် တစ်နှစ်တစ်နှစ် ကလေး ဘယ်နှစ်ယောက်သေနေသလဲ စာရင်းကောက်ကြည့်ဖို့ကောင်းတယ်။ သန့်နေရင် ခြင်မရှိဘူး။ ရေစီးရေလာကောင်းနေရင် ခြင်မပေါက်ဘူး။ ရေသေမှာပဲပေါက်တယ်။ အဲဒါတွေ ပြုပြင်ဖို့ ပိုက်ဆံတွေ အများကြီးမလိုပါဘူး။ အားလုံး ညီညီညွတ်ညွတ်နဲ့ သန့်ရှင်းရေးလုပ်၊ မြောင်းဖော်၊ ရေကန်တွေ အဖုံးအုပ်။ အဖုံးမအုပ်ထားနိုင်ရင် ငါးမွေးထားလိုက်ရုံပဲ။ သိပ်ခက်တာတွေမဟုတ်ဘူး။ အများစု သတိထားအောင်လုပ်နိုင်ရင်ရပြီ။ ခက်နေတာက အရေးကြီးတာတွေကို အရေးကြီးသလိုမလုပ်လို့ပဲ။ ကိုကျော်သူတို့ ဒဂုံမှာ အမှိုက်ကောက်တော့ ရပ်ကွက်ကလူတွေက ဒီအတိုင်းရပ်ကြည့်နေသတဲ့။ တော်တော်ကောင်းတယ်။ ကိုယ့်အမှိုက် လာကောက်ပေးတာတောင် ကူမကောက်တတ်သေးဘူး။ အဲဒီလို စိတ်ဓာတ်နဲ့တော့ မရဘူး။ တာဝန်သိစိတ်လေး နည်းနည်းပိုမွေးကြပါ။ လူကောင်းသူကောင်းတွေက ခင်ဗျားတို့အတွက် လုပ်နေကြတာဆိုတာကို နားလည်ရင် နည်းနည်းပါးပါး ဝိုင်းကူလိုက်ကြပါ။
လူတိုင်းဟာ တစ်ယောက်ရဲ့ အခက်အခဲကို တစ်ယောက်နားလည်ပြီး နည်းနည်းလေး စာနာစိတ်ထားလိုက်ရုံနဲ့ ပိုကောင်းတဲ့ လူ့အဖွဲ့အစည်း ဖြစ်လာနိုင်တယ်။ ဒါကို ကျွန်တော် အလေးအနက်ပြောချင်တယ်။ ကျန်တာတွေကတော့ အရေးမကြီးလှဘူး။ အစိုးရမကောင်းတာတွေ ကောင်းလာလိမ့်မယ်။ ကိုယ့်ရပ်ကွက်က ကိစ္စကိုယ်ဝင်မကူတဲ့စိတ်ကတော့ ကိုယ်အခုမပြင်ရင် အစိုးရကောင်းလာလည်း ဒုံရင်းဖြစ်နေမယ်။ လူတိုင်း ကိုယ့်တာဝန်လေးကိုယ်ကျေလိုက်။ ကိုယ့်လမ်းကိုယ်သန့်ရှင်းလိုက်။ ကိုယ့်အမှိုက်ကိုယ်သိမ်းလိုက်။ ကိုယ်လုပ်နိုင်တာလေး ကူညီလိုက်။ အခက်အခဲတော်တော်နည်းသွားမယ်။
အစ်ကိုအရင်းကြီးနဲ့လည်း စကားပြောဖြစ်တယ်။ သူက ကားမောင်းတော့ ညဘက်ကြီး ကလေးတစ်ယောက် အဖျားတက်တော့ ဆေးရုံကိုမောင်းပို့ရတယ်။ မီးပွိုင့်အနီလည်း ကားမရှိရင်ဖြတ်မောင်းတာပဲ။ အဲဒီတော့ လမ်းပြပုလိပ်ကတားတယ်။ ကလေးဆေးရုံပို့မလို့ဆိုပြီး ပြောတော့ လမ်းပြပုလိပ်ကလည်း အေးအေး ညီလေး မောင်းမောင်းဆိုပြီး လွှတ်ပေးတယ်။ ဆေးရုံကို အချိန်မီရောက်သွားတယ်။ မဟုတ်ရင်သေနိုင်တယ်။ လမ်းပြပုလိပ်မှာလည်း လူသားစိတ်လေးရှိတယ်။ အဲဒါကိုလည်း အသိအမှတ်ပြုရမယ်။ ကလေးအဖေမှာလည်း သောကရှိတယ်။ ကားဆရာမှာလည်း ကလေးအတွက်ပူပန်မှုရှိတယ်။ လူတွေပဲဗျာ။ သူ့အပူ၊ကိုယ့်အပူကိုယ်စီပဲ ၊စာနာလိုက်ရင် နားလည်မှုလေးရသွားတာပဲ။
ဘာမဟုတ်တဲ့ကိစ္စနဲ့ တစ်ယောက်နဲ့တစ်ယောက် အချွန်အတက်တွေနဲ့ထိုးပြီး ဒဏ်ရာရလို့ ဆေးရုံပြေးရတာတွေလည်း အစ်ကို့ဆီကကြားခဲ့တယ်။ လူတွေ မိုက်နေကြတုန်းပဲ။ ထင်တာထက်တောင် ပိုမိုက်ကြသေးတယ်။ အခန့်မသင့်ရင် ထောင်ကျပြီး ဘဝပျက်နိုင်တယ်။ ဒေါသကြောင့်မှားကြတယ်။ အရက်လည်း အလွန်သောက်ကြတယ်။ အဲဒါကြောင့်လည်း ပိုပြီးသွေးကြွသလားမသိဘူး။ အခုဖြစ်နေတာက ဆင်းရဲတဲ့သူတွေက ပိုပြီးဆင်းရဲမယ့်လမ်းကို ရွေးချယ်နေကြတယ်။ ဒီအတိုင်းကို ခက်ခဲပြီးသား ဘဝထဲမှာ မိုက်မဲမှုကြောင့် ပိုခက်ကုန်တယ်။ အဲဒါတွေကိုလည်း ကြားခဲ့တယ်။ တွေ့လည်းတွေ့ခဲ့တယ်။ အချိန်အားတွေများရင် စိတ်တွေလေလွင့်တယ်။ တန်ဖိုးရှိတာတွေလုပ်မနေရင် အလဟဿကိစ္စတွေနဲ့ အချိန်ကုန်သွားမယ်။ စိတ်လည်း အားမရှိကြတော့ဘူး။ အဲဒီပြဿနာဟာ ကြောက်စရာကောင်းတယ်။ စိတ်အားရှိတဲ့သူဖြစ်ဖို့ တန်ဖိုးရှိတာလေး တစ်ခုခုလုပ်နေဖို့လိုတယ်။
လူကြီးတွေကိုတော့ ပြင်ဖို့မလွယ်တော့ဘူး။ ကျွန်တော်ကတော့ ကလေးတွေနဲ့လူငယ်တွေကိုပဲ ပြုပြင်စေချင်တော့တယ်။ သူတို့ကောင်းလာရင် အနာဂတ်လည်းကောင်းလာမှာပဲ။ လူကြီးတစ်ယောက် ဒီစာဖတ်လိုက်လို့ တစ်ခုခုနားလည်သွားဖို့ မမျှော်လင့်ဘူး။ လူငယ်တစ်ယောက် ဒီစာဖတ်လိုက်ပြီး စာနာစိတ်လေးနဲ့ သူ့တိုင်းပြည်အတွက် သူလုပ်နိုင်တာလေး လုပ်သွားရင်သိပ်လှပသွားမှာပဲ။ ပိုကောင်းတဲ့ ကမ္ဘာကို ဒီလိုပဲ ချီတက်သွားရမယ်။ အာဏာရူးတွေ၊ကြမ်းပိုးတွေ အာဏာစားခွက်လုရင်လုနေပါစေ။ လူကောင်းတွေက လူ့အသိုင်းအဝိုင်းကို လှပပြီး ဒုက္ခနည်းအောင် လုပ်ကြရဦးမယ်။
ငြိမ်းချမ်းခြင်းတရားထွန်းကားရာ နိုင်ငံသစ်ဆီသို့ .....။
Regards,
Z
Peace B with U.