မနှစ်က ဒီနေ့မှာ ဒီကဗျာကို ရေးခဲ့တယ်။
ဖေဖော်ဝါရီ ၁၄။
တစ်ဖက်တည်းတီးတဲ့လက်ခုပ်၊
တစ်ခြမ်းပဲရေးတဲ့စာ
တစ်ယောက်ပဲသိတဲ့ မျက်ရည်၊
တစ်ရောင်ပဲရှိတဲ့ ကင်းဗတ်စ်
တစ်ကြောင်းတည်းဆွဲတဲ့မျဉ်း၊
တစ်ရက်ပဲခံတဲ့ ပန်းပွင့်များ .................။ ။
(Zephyr)
ချစ်ခြင်းတရားရဲ့ မတည်မြဲမှုနဲ့ အထီးကျန်မှုတွေအကြောင်း နည်းနည်းပါးပါးလောက်ပါတာတွေ့တယ်။ ဒီနှစ်တော့ ရေးစရာမရှိဘူး။ ချစ်တယ်ဆိုတာ လက်ဆောင်ပစ္စည်းတွေမဟုတ်ဘူး။ ဘွဲ့မှုးကြီးရေးသလို အိုဗာတင်းတွေ၊ချော့(က)လက်ခ်တွေဝယ်ပေးလို့ ဝမ်းနည်းရတာမျိုးဖြစ်ရတာမကောင်းဘူး။ မတတ်နိုင်တဲ့ဘဝမှာတုန်းကရှိခဲ့တဲ့ချစ်သူဆိုရင် ဘာမှ မဝယ်ပေးနိုင်ဘူး။ တတ်နိုင်တဲ့ဘဝရောက်လာတော့ သူ့မှာလည်း ဘာမှမလိုအပ်တော့ဘူး။ တစ်ယောက်ရဲ့ ချစ်ခြင်းကို တစ်ယောက်က အသိအမှတ်ပြု တန်ဖိုးထား လေးစားဖို့သာလိုတယ်။ တစ်ယောက်နဲ့တစ်ယောက်ချစ်တယ်ဆိုတာ ဘာလဲဆိုတာကို သေသေချာချာနားလည်ဖို့လိုတယ်။ တခါတလေ ချစ်တယ်ထင်ပေမယ့် မချစ်တာကို တွေ့ရတယ်။ ကိုယ်က ချစ်ဖို့လား၊ ကိုယ့်ကို ချစ်ဖို့လားဆိုတာလည်း လေးနက်တဲ့ စဉ်းစားစရာတွေ။ တစ်ချို့ချစ်သူတွေက ဘဝမှာ ခဏပျော်ရွှင်ဖို့၊ တစ်ချို့တွေကတော့ တစ်သက်လုံး လက်တွဲသွားဖို့ဖြစ်လာကြတယ်။ ဘယ်အချိန်မှာမဆိုပါ၊ ချစ်တဲ့သူအနားမှာ နေထိုင်ခွင့်ရတာ ကြီးမြတ်တဲ့ ကံကောင်းမှုတစ်ခုလို့ ခံစားရတာပါပဲ။
လောကကြီးမှာ ကံကောင်းတဲ့ချစ်သူတွေလည်းရှိမယ်။ ခဏလောက်ပဲ ကံကောင်းတဲ့ ချစ်သူတွေလည်းရှိမယ်။ အတူရှိနေချိန်တွေဟာ ထာဝရမဟုတ်ဘူး။ တစ်ချိန်မှာ ကွဲကွာရင်လည်းကွဲကွာသွားမယ်။ ရှိနေတုန်းမှာ တစ်ယောက်နဲ့တစ်ယောက် ချစ်ချစ်ခင်ခင်နဲ့ တစ်ယောက်အကျိုး တစ်ယောက်လိုလားတဲ့ စိတ်ထားနဲ့ မွန်မွန်မြတ်မြတ်ချစ်ခင်ရင် ကောင်းတာပဲ။ ကိုယ့်မှာ တစ်ခုခုလိုနေလို့ ကိုယ်လိုနေတဲ့ ကွက်လပ်တစ်ခုခုကို ဖြည့်နိုင်ဖို့ တစ်ယောက်ယောက်ကို ချစ်တယ်ဆိုရင် သဘောထားမမှန်ဘူးလို့ပြောရမယ်ထင်တယ်။ တကယ်ချစ်တတ်တဲ့သူဖြစ်ဖို့ဆိုတာ ဘာမှ မလိုအပ်တဲ့သူဖြစ်ဖို့လိုတယ်။ တစ်ယောက်တည်းနေလို့ အဆင်မပြေလို့ တစ်ယောက်ယောက်ကို လိုအပ်တယ်ဆိုတာမျိုးက ချစ်တာမဟုတ်ဘူး။ ကိုယ့်ရဲ့ အတ္တအတွက် လိုအပ်မှုသက်သက်ပဲ။ ကိုယ့်ရဲ့ အချိန်ပိုတွေအတွက် ဖျော်ဖြေပေးဖို့ လူရွှင်တော်လိုအပ်သလိုမျိုးပေါ့။ တစ်ယောက်ဟာ နောက်တစ်ယောက်ရဲ့ လူရွှင်တော်၊ တစ်ချို့တွေကတော့ အပြန်အလှန်လူရွှင်တော် ဆက်ဆံရေးဖြစ်လာကြတယ်။
ကိုယ်ခန္ဓာရဲ့ ဓာတုဗေဒဖြစ်စဉ်ပြောင်းလဲမှုပေါ်မူတည်ပြီး ချစ်ခြင်းဟာ အတိုးအလျှော့ဖြစ်နိုင်တယ်။ မေတ္တာတရားကတော့ ဒီလိုဟုတ်ချင်မှဟုတ်မယ်။ တစ်ခါတစ်လေ ချစ်တဲ့သူကို အဆုံးရှုံးခံလိုက်ပြီး သူ့ဘဝအတွက် ပိုကောင်းစေလိုက်ရတယ်။ တစ်ခါတစ်လေလည်း ချစ်တဲ့သူကို အသက်နဲ့လဲကာကွယ်ပြီး ကိုယ့်ဘဝကိုယ်ထူထောင်ရတယ်။ အမှား၊အမှန်ဆိုတာထက် ကိုယ့်ရဲလမ်းကို ဘယ်လိုရွေးချယ်သလဲဆိုတာပေါ်မူတည်ပါတယ်။ စီးပွားရေးအရ၊လူမှုရေးအရ အဆင့်အတန်းတစ်ခုအထိအောင်မြင်မှ ချစ်တဲ့သူနဲ့ နီးစပ်နိုင်မယ်ဆိုရင် တစ်ခုခုကို ရွေးချယ်ရတာပဲ။
ချစ်တဲ့သူဆိုတာ ရည်းစားမှမဟုတ်ဘူး။ ကိုယ်ချစ်တဲ့သူတွေအားလုံးပါတာပဲ။ လောကမှာ လူတွေဟာ လူသန်းပေါင်းများစွာရှိတဲ့ ကမ္ဘာကြီးမှာ လူနည်းစုကို ရွေးချယ်ပြီး ချစ်ခင်မိတာပဲ။ ရူပဗေဒမှာ ဒြပ်ဝတ္ထုတွေစုစည်းသလိုမျိုးပဲ။ ဓာတုဗေဒမှာတော့ stable electronic sturcture ဖြစ်အောင်စုဖွဲ့သလို ပေါင်းစုနေထိုင်ကြတာပဲ။ ချစ်ခင်သူတွေနဲ့ မိမိပါဝင်တဲ့အစုဟာ လောကကြီးထဲမှာ လှပသာယာနေတဲ့ ပြည့်စုံတဲ့ အဖွဲ့အစည်းငယ်လေးတွေပဲ။ လောကရဲ့ တည်ဆောက်မှုအရ အရာခပ်သိမ်းအဆင်ပြေတယ်ဆိုတာမရှိဘူး။ ချစ်ခြင်းတရားဟာ စက်ပစ္စည်းလို တစ်ခုပျက်၊ တစ်ခုအစားထိုးလို့ရတာမျိုးမဟုတ်ဘူး။ တစ်ခုခုလစ်ဟာသွားရင် အဲဒီကွက်လပ်အတိုင်းရှင်သန်ရတာပဲ။ အစားထိုးမှားသွားရင် ပိုဆိုးတဲ့ ရလဒ်တွေဖြစ်သွားတတ်တယ်။
ချစ်တဲ့သူဆိုတာ လူသားသက်သက်တောင် ဟုတ်ချင်မှဟုတ်မယ်။ သဘာဝတရားကို ချစ်တဲ့စိတ်ကလေးလည်းရှိတယ်။ အဲဒါဆိုရင် သဘာဝတရားဟာလည်း ကိုယ်ချစ်ရတဲ့သူထဲမှာပါတယ်။ နောက်တစ်ခုက ကိုယ့်ရဲ့စိတ်။ ကိုယ်ကျေနပ်သည်ဖြစ်စေ၊ မကျေနပ်သည်ဖြစ်စေ၊ ဒီဘဝမှာတော့ စိတ်က ကိုယ့်ကို ချယ်လှယ်တာပဲ။ ကိုယ့်ရဲ့ စိတ်ကိုရော ကိုယ့်ဟာကိုယ် ချစ်သလား။ ကောင်းတဲ့ ကုသိုလ်စိတ်တွေ များများပေါ်နေရင်တော့ ချစ်ကောင်းချစ်မိနိုင်တယ်။ ဆိုးတာတွေများနေရင်တော့ ကိုယ့်စိတ်ကိုလည်း မချစ်နိုင်တာရှိမယ်။ တည်ငြိမ်တဲ့စိတ်နဲ့နေနိုင်ဖို့ကြိုးစားကြတာဟာ ကိုယ့်စိတ်ကို ကိုယ်ချစ်လို့ပဲ။ စိတ်နဲ့ ထိခိုက်ရတာဟာ ကိုယ်ခန္ဓာထိခိုက်တာထက် အများကြီးပိုခံစားရတဲ့အတွက်လည်း ကိုယ့်စိတ်ကို ကိုယ်ကာကွယ်ကြတယ်။ အဲဒါကြောင့်ပဲ ကိုယ့်စိတ်ကို ထိခိုက်အောင်လုပ်နိုင်တဲ့ လူနည်းစုကို သတိထားရွေးချယ်ကြတာပဲ။ ကိုယ်ချစ်တဲ့သူတွေဆီက ရတဲ့ စိတ်ဒဏ်ရာဟာ တစ်သက်လုံး ပြန်မကောင်းတော့တာမျိုးဖြစ်နိုင်တယ်။ အဲဒါကို အလေးအနက်ထားရတယ်။ မဟုတ်ရင် ကြုံရာလူချစ်မိပြီး ကိုယ့်ဒုက္ခကိုယ်ရှာသလိုဖြစ်တယ်။
လူတစ်ယောက်ကို ချစ်တယ်ဆိုတာ ကောင်းကျိုးလိုလားစိတ်ပေါ်အခြေခံပြီး သူ့အတွက် စဉ်းစားနိုင်တဲ့နေ့မှပဲ တစ်ကယ်ချစ်တတ်ပြီဆိုနိုင်တယ်။ သူ့ဘဝမှာ အကောင်းဆုံးဖြစ်ဖို့ ကိုယ်က သူ့ဘဝထဲက ထွက်ပေးဖို့လိုတယ်ဆိုရင် ထွက်ပေးလိုက်ရမှာပဲ။ စိတ်ပိုင်းဆိုင်ရာက အစ ကိုယ့်ပေါ် မီခိုမှုမရှိအောင်ကြိုးစားရမှာပဲ။ ကိုယ့်ကို တစ်သက်လုံး မီခိုအောင်လုပ်နေတာဟာ ချစ်တာမဟုတ်ဘူး။ သံယောဇဉ်ကြီးတာပဲဖြစ်မယ်။ လူတစ်ယောက်ရဲ့စိတ်ပိုင်းဆိုင်ရာ လွတ်လပ်မှုကို မချုပ်ချယ်တဲ့သူဖြစ်မှ တစ်ကယ်ချစ်နိုင်မယ်။ ဘာသာရေး၊ လူမှုရေး၊ စီးပွားရေး သူ့အတွေးအခေါ်နဲ့သူကြိုးစားပြီး လုပ်ကိုင်နိုင်ဖို့အားပေးရမယ်။ ကိုယ်ချစ်တဲ့သူရဲ့ တန်ဖိုးတွေကို မတိုက်ခိုက်ရဘူး။ သူတန်ဖိုးထားတာကို ကိုယ်တန်ဖိုးမထားနိုင်ရင်တောင်တလေးတစား အသိအမှတ်ပြုရမယ်။ သဘောထားမကြီးတဲ့သူဟာ တကယ်ချစ်တဲ့သူမဟုတ်သေးဘူး။ သဝန်တိုတာဟာ စိတ်ရောဂါဖြစ်ရင်ဖြစ်မယ်။ အချစ်တော့မဟုတ်ဘူး။ ကိုယ့်ရဲ့ချစ်သူကို မယုံကြည်ရင် သဝန်တိုတာပဲ။ မလုံခြုံတဲ့စိတ်အခြေခံရှိတဲ့သူဟာ သဝန်တိုတာပဲ။ အေးချမ်းတဲ့သူဟာ သဝန်မတိုဘူး။ ယုံကြည်မှုရှိတယ်။ နားလည်မှုရှိတယ်။
ငယ်တုန်းက အချစ်ဟာ ကြီးလာလို့ ပြန်ကြည့်ရင် သိပ်လေးနက်မှုမရှိဘူး။ ကိုယ်ချင်းစာတရားနဲ့လည်း မယှဉ်ဘူးလို့မြင်ရတယ်။ ကိုယ့်အတ္တကို ဦးစားပေးပြီး ချစ်ကြတာများတယ်။
ဘာပဲဖြစ်ဖြစ်ပါ။ ကိုယ့်အရွယ်၊ ကိုယ့်အသိဉာဏ်နဲ့ကိုယ် ချစ်တတ်ခင်တတ်တဲ့သူဖြစ်အောင်နေနိုင်ရင်ကောင်းတာပဲ။ ကိုယ့်ကို ချစ်တာကို တန်ဖိုးမထားတဲ့သူဟာ သူမထိုက်တန်ဘဲရနေတဲ့ ချစ်ခြင်းတွေဆုံးရှုံးရတတ်တယ်။ စိတ်ကျန်းမာရေးကောင်းမှပဲ မေတ္တာ စစ်စစ်နဲ့ချစ်နိုင်တယ်။ ချစ်သူများနေ့မှာ ကိုယ်ချစ်တဲ့သူတွေကို ချစ်နေခွင့်ရရင် ကံကောင်းတာပါပဲ။ ဒါဟာလည်း လောကဟာ ဒုလ္လဘ (ရခဲသောတရား) ဖြစ်နေရခြင်းအကြောင်းပါပဲ။ ခွဲခွာရမယ့်ရက်တွေရှိသေးတယ်။ အတူရှိနေတုန်း တစ်ယောက်နဲ့တစ်ယောက် စိတ်ချမ်းသာအောင်ထားနိုင်ရင် အင်မတန်ကြည်နူးစရာပါပဲ။
ငြိမ်းချမ်းတဲ့စိတ်နဲ့ တစ်ယောက်ကို တစ်ယောက် နားလည်မှုရှိရှိ ချစ်နိုင်တဲ့သူတွေ ဖြစ်ကြပါစေ။ ။
Regards,
Z
Peace B with U.