Wednesday, February 12, 2014

သေခြင်းတရားရဲ့ အနီးမှာ

သေခြင်းတရားရဲ့ အနီးမှာ

သေခြင်းတရားဟာ တော်တော်လေး ရသမြောက်တဲ့ ဇာတ်ကားတစ်ခုလိုပဲ။ ဓားချက်နဲ့ တိကနဲပြတ်ကျသွားတဲ့ ငှက်ပျောတုံးလိုပဲ။ ဓားချက်မထိခင်နဲ့ ထိပြီး စက္ကန့်ပိုင်းလေးမှာပဲ အဖြစ်အပျက်က နှစ်မျိုးဖြစ်သွားတယ်။ အခုခေတ်မှာ သေတာဟာ နေတာထက် ဈေးကြီးတယ်။ မြန်မြန်သေရင်သေ၊ မသေရင် တစ်နေ့တစ်နေ့ကုန်တဲ့ပိုက်ဆံက ပုံမှန် တစ်လစာစားလို့ရသလောက်မျိုး။ ပျမ်းမျှအားဖြင့် ၁၀ ရက်လောက် ဆေးရုံတက်ရရင် သိန်း ၁၀၀ ဝန်းကျင်ကုန်တယ်။ အရေးပေါ်အခြေအနေပေါ့။ ဟိုစက်၊ ဒီစက်တွေတပ်ထားရပြီဆိုရင် အဲဒီဈေးနီးပါးကျတာပဲ။ မတတ်နိုင်ဘူးဆိုရင် သုံးရက်လောက်နဲ့ ဒါမှမဟုတ် နှစ်ရက်လောက်နဲ့ ကွယ်လွန် အနိစ္စရောက်ကုန်တာပဲ။ လူတွေဟာ ကိုယ့်ကိုယ်ကို သတ်ထားကြတာတွေကြောင့်လည်း သေခါနီးအချိန်မှာ လွယ်ကူလွန်းကုန်တယ်ထင်တယ်။ တစ်သက်လုံး အရက်သောက်၊ ဆေးလိပ်သောက်လုပ်လာတဲ့သူတွေဟာ အင်္ဂါအစိတ်အပိုင်းတစ်ခုခုကိုတော့ သေလောက်အောင် နှိပ်စက်ထားပြီးသားဖြစ်နေကြတာများတယ်။ အဲဒီအစိတ်အပိုင်းလေးနဲ့ပဲ ကင်းဝင်သွားကြတာပဲ။

သေတယ်ဆိုတာ ခက်ခဲတာမဟုတ်ဘူး။ နာတော့ နာကျင်တယ်။ မချိမဆန့်ဖြစ်ရတယ်။ ခဏလောက်ပေါ့။ အလေးသွားတုန်း အင်အားစိုက်ထုတ်ရသလိုမျိုးနဲ့ခပ်ဆင်ဆင်၊ ဒီဘဝက ထွက်ဖို့ဆိုတာ နည်းနည်းတော့ အင်အားသုံးတွန်းလှန်ရတာပေါ့။ ဆရာဝန်အလုပ်ဟာ လူတွေ သေမှာကို မကြာမကြာထိုင်ကြည့်ရလို့ သိပ်မလုပ်ချင်တဲ့ အသက်မွေးဝမ်းကျောင်းထဲမှာပါတယ်။ ဖြစ်နိုင်ရင် စကြဝဠာမယ်ရွေးတဲ့ ဒိုင်အလုပ်လို အစာလည်းဆေး၊ဆေးလည်းအစာအလုပ်မျိုး၊ ဒီလောက်မှမဖြစ်နိုင်ရင် သဲသောင်ပြင်ဘော်လီဘော၊ အမျိုးသမီးပွဲသီးသန့်ကြေညာတဲ့သူ၊ ဒီလောက်မှကံမကောင်းရင်လည်း အလုပ်မယ်မယ်ရရလုပ်စရာမရှိတဲ့ Cubicle နိုင်ငံသား အဲဒီလို တစ်ခုခုလုပ်ဖို့ရည်ရွယ်ထားခဲ့တယ်။

မနေ့က ငယ်သူငယ်ချင်းက မိန်းမယူဖို့ပြောတာ အိမ်က အင်တင်တင်လုပ်လို့ အိမ်ပေါ်က ဆင်းသွားတယ်ပြောတယ်။ အေးအေး ချသာချ၊ ကိုယ်ပိုင်လွတ်လပ်ရေးရဖို့ တိုက်ခိုက်ယူရတာပဲလို့ မြှောက်ပေးလိုက်တယ်။ မြန်မာဗစ်ဒီယိုတွေအကြည့်များသွားတဲ့ သထေးသားပီပီ ကောင်မလေးကို ခိုးရာလိုက်ဖို့ သွေးဆောင်သတဲ့။ ဟိုကလည်း မလိုက်ဘူးပြောတယ်။ ဂုံနီအိတ်ထဲရိုက်ထည့်လာပြီး စင်ကာပူကို ပြေးလာခဲ့ပါလားလို့ အကြံပေးထားတယ်။ ကိုယ်လို သူငယ်ချင်းကောင်းမရှိရင် ခက်ရချည်သေးရဲ့လို့တွေးမိတယ်။ လူတိုင်းမှာ ပြဿနာရှိတယ်။ သေရတာချည်းခက်တာမဟုတ်ဘူး။ နေရတာလည်းခက်တယ်။

သေခြင်းတရားရဲ့ အနီးမှာ ကျွန်တော်တို့ပေါ့ပါးနေကြတယ်။ Symbol နဲ့ပြောရင်တော့ သတိ ဗို့အား ၂၆၀၀ အရိုးခေါင်းဘေးမှာ အပေါ့သွားနေသလိုမျိုးပဲ။ စိတ်လွတ်လက်လွတ်လေလည်းချွန်ရင်းပေါ့လေ။ ဘေးနားလှည့်ပန်းမိရင်တော့ ဂင်းနစ် စံချိန်တင် ဓာတ်လိုက်ပြီးသေမှာပဲ။ သို့သော်လည်း တည်တည်ငြိမ်ငြိမ်ပေါက်နိုင်သေးသ၍တော့ သေခြင်းတရားက ကိုယ့်ကို မလွှမ်းမိုးနိုင်ပြန်ဘူး။

ရုံးက လုပ်ဖော်ကိုင်ဖက် တစ်ယောက်လည်း ရုံးကို လာနေကျအတိုင်း လာတာပဲ။ လမ်းမှာတော့ သူ့အမေက ဖုန်းဆက်တယ်။ "ဖေဖေ အခုပဲ ဆုံးသွားပြီ" ဆိုတာ ပြောသတဲ့။ အဲဒီလောက်နီးကပ်မှန်းတော့ ကျွန်တော်တို့လည်း မသိထားဘူးပေါ့လေ။ လေယာဉ်ပျံလက်မှတ်ဝယ်ပြီး နေ့လည်ပြန်ဖို့လုပ်နေတာတွေ့တယ်။ Ticket Agent ရဲ့ Phone နံပါတ်တော့ ရှာပေးလိုက်တယ်။

အမေနဲ့အဘွားဆုံးသွားတော့ သေမင်းနဲ့ကျွန်တော်နဲ့ဟာ ၂ ဂိုး ဂိုးမရှိဖြစ်သွားတယ်။ ကျန်သေးတဲ့ အဖေ၊ အစ်ကိုနဲ့ ဇနီး သုံးယောက်စာပဲ ခံစားဖို့ကျန်တယ်။ အဖေနဲ့ အစ်ကိုနဲ့လည်း သိပ်ရင်းနှီးလွန်းတာမဟုတ်တော့ သိပ်ခံစားရမယ်မထင်ဘူး။ အမေနဲ့အဘွားမှာတင် ထုံဆေးက ပြင်းသွားပြီထင်တယ်။ ဇနီးသည်လည်း အသက်လမ်းကြောင်းက ကိုယ့်ထက်ရှည်တယ်။ ကိုယ်သာ အရင်လစ်ရမယ့်သဘောဆိုတော့ သိပ်မပူပင်ဘူး။ သေတယ်ဆိုတာ သေတဲ့သူတင် ပြင်ဆင်ထားရတာမဟုတ်ဘူး။ မသေဘဲကျန်ခဲ့မယ့်သူတွေလည်းပြင်ဆင်ရတယ်။ မရဏနုဿတိဟာ သူတော်ကောင်းတရားပဲ။ ငယ်ကတည်းက ဘယ်တရားမှာလည်းမမှတ်မိဘူး မရဏနုဿတိပွားဖို့ကိစ္စ အထူုးအရေးကြီးကြောင်းနာလိုက်ရတယ်။ မိုးကုတ်ဆရာတော်ကြီးဟောတာပဲ။ သိတယ်၊မသိဘူး။ တကယ်တော့မသိဘူးဆိုတဲ့ ကလေးမလေး တစ်နှစ်လုံး မရဏနုဿတိပွားနေတဲ့အကြောင်းဖြစ်ရင်ဖြစ်မယ်။ အဲဒီကတည်းက ချစ်တဲ့ခင်တဲ့သူတွေကို စိတ်ထဲကနေ သေသွားပြီလို့ကို နှလုံးသွင်းထားတယ်။ ဒါတောင်မှ အမေဆုံးသွားတော့ တစ်ရက်လောက် စိတ်မကောင်းဖြစ်လိုက်ရသေးတယ်။ အဘွားဆုံးတော့ နည်းနည်းဖြေသာသွားပြီ။ အဖေနဲ့အစ်ကို အလှည့်ကြရင်တော့ ပရိုဖြစ်သွားလောက်ပြီ။

သေတယ်ဆိုတာကို လှည့်စားလို့မရဘူး။ သေတယ်ဆိုတာ စိတ်ထဲမှာ မကျန်ရစ်တော့တာမဟုတ်ဘူး။ ရှင်သန်တဲ့သက်ရှိအနေနဲ့မမြင်ရတော့တာသက်သက်ပဲ။ ချစ်တဲ့ခင်တဲ့သူတွေကို သေသွားလည်း သတိရတာပဲ။ မချစ်တဲ့မခင်တဲ့သူတွေကို ရှင်နေလည်း မေ့နေတာပဲ။ အဆင်ပြေနေတာပဲ။ တစ်ခုခုလိုချင်တဲ့သူတွေသာ ဆုံးရှုံးမှာကြောက်တာပါ။ မိဘမရှိတော့ရင် ထမင်းငတ်မယ့်သူတွေကတော့ မိဘသေသွားရင် ကိုယ် ပုန်းကြောင်(ထမင်းငတ်)မှာစိုးလို့ ပိုဝမ်းနည်းတာဖြစ်မှာပေါ့။ သေရမယ့်သူတွေကို မသေစေချင်ဘူးဆိုတာ အင်မတန်ကြီးတဲ့ အတ္တပဲ။ အသက်ကြီးလာရင် ပိုနေလို့ကောင်းလာတယ်ဆိုတာမရှိဘူး။ ပိုနာလာတယ်။ ဇရာက နေ့တိုင်း ထုထောင်းနေတာ။ မရဏမှာသာ ဘရိတ်အုပ်မပေးလိုက်ရင် ဒီအိုခြင်းတရားနှိပ်စက်တာကို စက္ကန့်မလပ်ခံရမှာ။ သေခြင်းတရားဟာ လှောင်ချိုင့်ဖွင့်ပေးလိုက်တာနဲ့တောင်တူသေးတယ်။ ကိုယ်ချစ်တဲ့သူတွေကို ဒုက္ခများတဲ့ လောကကနေ လွတ်သွားစေချင်မှ တစ်ကယ့် မေတ္တာ၊ တစ်ကယ့် ဥပေက္ခာဖြစ်တယ်။ ကိုယ့်ရဲ့ လိုအပ်ချက်ကြီးအတွက် ရှိနေစေချင်တာကတော့ အတ္တသက်သက်ပဲ။ ရှိနေတုန်း ချစ်ပြီး၊ သေသွားရင် ဝမ်းမနည်းတာအကောင်းဆုံးပဲ။ ရှိနေတုန်း ဒုက္ခပေးပြီး၊ သေသွားမှ ငိုနေတာ တော်တော် ဟာသမြောက်တယ်။ သား၊သမီးကောင်းဆိုတာ မိဘသေသွားလို့ နောင်တရစရာဘာမှမရှိဘူး။ ကိုယ့်တာဝန်ကိုယ်ကျေ၊ သူ့တာဝန်သူကျေပဲ။ သူအရင်သေ၊ ကိုယ်အသုဘချမယ်။ ကိုယ်အရင်သေ ၊ သူအသုဘချမယ်။ ကြံဖန်ပြီး ခံစားနေတာကိုက တရားမရှိတာပဲ။ သေတဲ့အချိန်မှာ နှလုံးသွင်းမှန်တဲ့သူက နည်းနည်းလောက်၊ခဏလောက်ကြေကွဲမယ်။ နှလုံးသွင်းမမှန်သူတွေသာ ဟိုလျှောက်တွေး၊ဒီလျှောက်တွေးနဲ့ငိုလို့မဆုံးဘူးဖြစ်ကြတာပဲ။ ပိုကောင်းတဲ့ဘုံရောက်သွားမှာပါဆိုတာမျိုး တစ်ချို့လည်းတွေးတယ်။ ရောက်ချင်လည်းရောက်မယ်။ မရောက်ချင်လည်းမရောက်ဘူး။ ရောက်ရင်လည်း သူ့ကုသိုလ်ကြောင့်၊ မရောက်ရင်လည်း သူ့အကုသိုလ်ကြောင့်ပဲ။ လူတိုင်းမှာ ကောင်းတာလုပ်ဖို့ အချိန်တွေရခဲ့ကြတယ်။ ကိုယ့်မိဘပေမယ့် သူ့ဟာသူ တန်ဖိုးရှိတာမလုပ်ခဲ့လို့ အပါယ်ဘုံရောက်တယ်ဆိုလည်း ဝမ်းနည်းစရာမရှိပါဘူး။ သံဝေဂရစရာသာရှိပါတယ်။ ဥပေက္ခာရဲ့အလှတရားဟာ လူတိုင်းဟာ ကိုယ့်ကံကို ကိုယ်တည်ဆောက်ပြီး အဲဒီပြုသောကံတွေနဲ့ခင်းတဲ့လမ်းကပဲသွားကြမယ်လို့ ယုံကြည်လိုက်တာပါပဲ။ ပူပန်နေလို့လည်းအကျိုးမထူးဘူး။ ကိုယ့်လမ်းကိုယ်လျှောက်ရတာပဲ။ နောက်ဆုံးလမ်းကျဉ်းလေးမှာ အဖော်မပါဘူးဆိုတဲ့ ကဗျာလေးထဲကလိုပဲ နောက်ဆုံး ကိုယ့်လမ်းကိုယ်လျှောက်ရမှာ။ ကျန်ရစ်သူတွေကို သပိတ်မသွပ်နဲ့လို့ မှာသွားရဲတဲ့ သူတော်ကောင်းမျိုးဖြစ်နိုင်ရင် ကောင်းတာပေါ့။ ကိုယ့်စိတ်က အရိယာစိတ်ဆိုရင် သေမှာလည်းမပူဘူး။ လားရာကတိအတွက်လည်း မပူဘူး။ ကျန်ရစ်သူအတွက်လည်းမပူ ဘူး။ ကိုယ့်သိက္ခာနဲ့ကိုယ် ရဲရဲရင့်ရင့် သေလိုက်တာပဲ။

ချစ်ခင်တဲ့သူတွေ ဆုံးသွားရင် ပထမဆုံးလုပ်ရမှာတော့ နှလုံးသွင်းမှန်မှန်နဲ့ ကိုယ့်ဘဝလမ်းကို ကိုယ်ဆက်လျှောက်သွားဖို့ပါပဲ။ တစ်နေ့ကိုယ်လည်းသေမှာပဲ။ အဝိုင်းပတ်ပြေးနေသလို တစ်ချို့ရှေ့နားမှာ နည်းနည်းစောပြီးပန်းဝင်သွားတာပါ။ ကိုယ်က မသေတော့မလိုကြီး ဝမ်းနည်းမနေကြနဲ့။ ကိုယ်လည်းသေမှာပဲ။ ရှင်သန်ခြင်းဟာ သေခြင်းမှာ အဆုံးသတ်တာပဲ။ မှိုဟာ ပေါက်လာကတည်းက မြေကြီးခေါင်းပေါ်မှာပါလာသလို၊ လူဟာ မွေးလာကတည်းက သေခြင်းတံဆိပ်ပါလာတာပဲ။ ဘယ်ဘုရားကိုးကွယ်၊ကိုးကွယ် ဒီလက်ရှိ ရုပ်ခန္ဓာကတော့ သေခြင်းမှာ အဆုံးသတ်ရမှာပဲ။ ဒါက သဘာဝတရားပဲ။ ခွေးတွေဟာ အချစ်ဆုံး ခွေးတစ်ကောင်ဆုံးသွားရင် တစ်ချက်နမ်းကြည့်ပြီး တစ်ခါအူတယ်။ အဲဒါပဲ။ ဘယ်လောက်ရှင်းတဲ့ ဈာပနပို့ဆောင်မှုလဲ။ လူတွေသာ ကြေကွဲမှုထောင်ချောက်မှာ မိမိသွားကြတယ်။ သေတာမဆန်းဘူး။ အဲဒီလောက် ဝမ်းနည်းတတ်တာကိုက ဆန်းနေတာ။ စိတ်ရောဂါတောင်ဖြစ်ရင်ဖြစ်မယ်။ သာမန်စိတ်အခြေအနေကောင်းသူတစ်ယောက်ဟာ ဝမ်းနည်းစရာကို ဝမ်းနည်းပေမယ့် ဖြေဆည်နိုင်ချိန်မှာ ဖြေဆည်နိုင်ရတယ်။ ရင့်ကျက်မှုရှိရမယ်။ ကြိတ်ခံစားဖို့ပြောတာမဟုတ်ဘူး။ သေတတ်တဲ့သူသေတာကို လက်ခံနိုင်ဖို့ကြိုးစားရမယ်။ ကိုယ့်မိဘမို့သာ ဝမ်းနည်းကြတာ။ တစ်နေ့တစ်နေ့ ကမ္ဘာမှာ လူတွေ စက္ကန့်မလပ်သေနေတာကြတော့ ဘာမှ ခံစားရတာမှမဟုတ်တာ။ သမုဒယခေါ်တာပေါ့။ သံယောဇဉ်တွေ။ အတ္တရဲ့ အစွန်းထွက်တွေ။ မရှိတဲ့ငါကို စွဲသွားပြီး သက္ကာယဒိဌိဖန်ဆင်းထားတဲ့ ဇာတ်လမ်းထဲက ငါပိုင်ဆိုင်သော မိဘတွေဖြစ်ကုန်ရင် ခံစားရတာပဲ။ ခံစားချက်တိုင်းဟာ သက္ကာယ ဒိဌိမပါရင် ရိုးရှင်းပြီး ဖြေရှင်းရလွယ်တယ်။ သက္ကာယဒိဌိက ဓာတ်ဆီလောင်းလို့သာ ခံစားချက်မီးတောက်ဟာ ထိန်းမနိုင်သိမ်းမရဖြစ်ကုန်တာပဲ။ ဒါတွေကို မသေခင်မှာ၊ ဒါမှမဟုတ် ကိုယ်ချစ်တဲ့သူတွေ မသေခင်မှာနားလည်အောင်လုပ်ထားကြပါ။

ကိုယ်သေမှာလည်း ဝမ်းမနည်း၊ သူသေမှာလည်း ဝမ်းမနည်းတဲ့သူဖြစ်အောင် ကြိုးစားကြပါ။

ချစ်ခင်တဲ့သူတွေနဲ့ ထာဝရခွဲခွာခြင်းဟာ ကိုယ့်ကို ရင့်ကျက်တဲ့သူဖြစ်စေတာပဲ။ လောကဓမ္မတွေပါပဲ။ ဘယ်သူမှ ဆန့်ကျင်ပြီး နေလို့မရဘူး။ ကွဲတတ်တဲ့ မြေအိုးဟာ ကွဲသွားမှာပဲ။ သတိထားပြီး ထိန်းကိုင်ထားသည့်တိုင်အောင် တစ်ချိန်မှာ ကွဲအက်သွားမှာပါပဲ။

ငြိမ်းချမ်းတဲ့စိတ်ဆိုတာ တစ်ခြားမဟုတ်ဘူး။ အသင့်အတင့်နှလုံးသွင်းတတ်ပြီး ဘာကိုမှ အလွန်အကျွံမခံစားတော့ရင် ဖြစ်လာတဲ့ စိတ်ရဲ့ မူလသဘာဝသက်သက်ပါပဲ။ ဝမ်းနည်းတာတွေဟာ သက်သာသွားတာပါပဲ။ ခက်ခဲနေတာတွေဟာ လွယ်ကူသွားတာပါပဲ။ သူ့အလှည့်ပြီး ကိုယ့်အလှည့်လာမှာပဲ ....၊ပြင်ဆင်ထားနိုင်ကြပါစေ။                   ။

လေးစားစွာဖြင့်
ဦးဇင်း ဇက်ဖှာ ဘိဝံသ။



Peace B with U.