ခေတ်ကုန်ချိန်
ဘလော့ခ်သေပြီ ဟု သတင်းစကားများမှတစ်ဆင့်သိလိုက်ရသည်။ ကဗျာသေပြီဟု လွန်ခဲ့သော လေးနှစ်က အက်ဆေးတစ်ပုဒ်ကဆိုခဲ့သည်။ သေသွားသည်ကို မသိလိုက်သူတစ်ချို့မှအပ ကျန်ဝိညာဉ်များ လွတ်ရာကျွတ်ရာသို့လစ်သွားချေပြီ။ သေလျှင်ပြီးပြီဟု ဆိုခဲ့သော ဂျာနယ်ဇင်းသမားလည်း မသေသေး၍ မပြီးသေး။ သို့သော် ခေတ်ကုန်ချိန်သည် ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာသည်။
မူလကတည်းက လင့်ခ်လာပို့၍ ဖတ်သည်မှအပ ဘလော့ခ်တွင် များများဖတ်စရာမရှိပါ။ ကြီးကျယ်သည်ဟုထင်ကြသော်လည်း အမှန်စင်စစ် ရင့်ကျက်ချိန်ကို စောင့်နေခြင်းသာဖြစ်သည်။ တစ်ချို့စာရေးသူများသည် အဆင့်အတန်းရှိသော စာများကိုရေးသားလာကြသည်ကို တွေ့ရသော်လည်း ဆရာချောစကားအရ ငါးဖျင်းများလေသည်။ လူကြိုက်နည်းတဲ့ကောင်ကဗျာသည် လောကကို ထင်ဟပ်လေသည်။
ပညာတတ်အသိုင်းအဝိုင်း၏ ပြဿနာမှာ သူတို့အချင်းချင်းသာ နားလည်နိုင်ကြခြင်းဖြစ်ဟန်တူသည်။ သူတို့သနားသည်ဟုပြောသော ဒုက္ခသည်များသည် သူတို့ကို ဂရုပြုပုံမရ။ သူတို့ အကြံပြုလိုသော သမ္မတအကြံပေးများသည် သူတို့ အကူအညီမလိုချေ။ သူတို့ဖော်ဆောင်လိုသော အဆင့်မြင့်ပညာရေးဆိုသည်မျိုးမှာ ကလေးပါးစပ်ထဲ ယောက်ချိုဇွန်းနှင့် ခွံ့သလိုဖြစ်နေပုံရသည်။ ပညာတတ်များသည် လက်တွေ့ကျဖို့ခက်ခဲလာလေသည်။ သူတို့၏ အမြင်များသည် လက်တွေ့မဆန်သလိုဖြစ်လာလေသည်။ လမ်းပေါ်ကလူအတွက် သူတို့စာအုပ်ပေါ်မှ ကျော်၍ကြည့်နေသည်မှာ အံလွဲသလိုလို၊ ဒီဂရီလွဲသလိုလိုဖြစ်နေပုံရသည်။ ထိုကိစ္စကို ကျွန်ုပ်က ဆင်ခြင်လေသည်။
ပြီးခဲ့သည့်အပတ်က ၃၉ ဘတ်စ်ကားကို ပရမ်းပတာမောင်းနေသော ဒရိုင်ဘာကို ဖြည်းဖြည်းမှန်မှန်မောင်းရန်ပြောသောကြောင့် ကျောင်းဆရာကို ၃၉ စပယ်ယာသည် ထိုးကြိတ်မည်ဟု ပြောလေသည်။ ထိုအခါ ဆရာများမှ မခံနိုင်၍ တိုင်တန်းကြလေသည်။ နောက်ဆုံးဘာဖြစ်မည်ဆိုသည်မှာလည်း သိပြီးသားသာဖြစ်သည်။ ပြစ်မှုထင်ရှားလျှင် စပယ်ယာ ခြောက်လခန့်နားရမည်။ ဒုတိယအကြိမ်ကျူးလွန်ခြင်းဆိုလျှင် တစ်နှစ်ခန့်နားရမည်။ မည်သူအကျိုးဖြစ်ထွန်းပါသနည်း။ အသုံးမကျ၊ ညံ့ဖျင်း ရိုင်းစိုင်းသူများကို ပထမအဆင့် ပညာပေးခြင်းသည် အင်မတန်သင့်တော်သည်ဟုထင်ပါသည်။ ပညာမပေးခင် အပြစ်ပေးလိုက်ခြင်းသည် သင့်တော်သော ဖြေရှင်းနည်းဟုတ်ဟန်မတူ။ ထိုကိစ္စကို ကျွန်တော်မနှစ်မြို့သောကြောင့် ယခုစာကိုရေးပါသည်။ မြန်မာပြည်၏ ပြဿနာမှာ Gravity ပြောင်းသွားသော မြေကြီးကို အရင်ခြေလှမ်းများဖြင့် ဆက်လျှောက်သူများလွန်းခြင်း ဖြစ်ဟန်တူသည်။
လူတို့သည် အဆင့်ဆင့်ပြောင်းလဲကြသည်။ စာရွက်ပေါ်တွင် ရေးရသည်ကို ဂုဏ်ယူဟန်တူသူတို့ကလည်း သီးခြားတစ်ဂိုဏ်းဖြစ်လေသည်။ စာရွက်ပေါ်တွင်ရေးရေး၊ အိမ်သာနံရံတွင်ရေးရေး အနုပညာ (သို့) အသိပညာတစ်ခုခုတော့ပါရမည်ထင်သည်။ ဘာမှမပါလျှင် ဘာအကြောင်းနှင့် အချိန်ကုန်ဖတ်နေမည်နည်း။ အကျအပေါက်များလှသောကြောင့် ခေတ်ပေါ်မြန်မာစာသစ် ထွန်းကားလာပြီဟု မှတ်ထင်ယူဆရသော မဂ်ဂဇင်းများ၊ ဂျာနယ်များတွင် ကော်လံစားရေးသည်ဖြစ်စေ၊ အသုံးမပြုမီ သစ်လွင်နေသေးသော အိမ်သာသုံးစက္ကူတွင်ရေးသည်ဖြစ်စေ မိမိ၏ အစစ်အမှန်သိမှုကိုသာရေးသင့်သည်ဟုထင်သည်။ ဘာသာပြန်စာပေသည် မူရင်းမဖတ်နိုင်သူများအတွက်သာ အသုံးဝင်သည်။ ဘာသာပြန်အလွဲစာပေသည် ခြများကို ကျွေးရန်အသုံးဝင်လှသည်။ နိုင်ငံတကာစာပေ ဖြစ်ဖြစ်မြောက်မြောက်မဖတ်ဖူးဘဲ စာရေးဆရာယောင်ယောင်လုပ်နေသူများသည် ပီဘိသနားစဖွယ်ကောင်းလှသည်။
စတော့ခ်ရှယ်ရာဖြင့်ကြီးပွားနည်းစာအုပ်ကို မြန်မာဘာသာသို့ပြန်ဆိုသည်ကြားသည်။ သထိန်းဖေဖေဆိုသည့်စာအုပ်လည်းတွေ့သည်။ ခေါင်းစဉ်ကအစ မှားနေသော ဘာသာပြန်စာအုပ်မျိုးကို တမြတ်တနိုးဝယ်ဖတ်ရမယ့် ဘဝသည် မမီမကမ်း ဖြစ်နေသော မိမိခြေမကို ကြိုးစားကိုက်ကြည့်ရာမှ အောင်မြင်သွားသည်ထက်အဖြစ်ဆိုးလေသည်။
နိုင်ငံရေးစာပေများပြန်လည် အရောင်းသွက်လာသည်ဟုကြားသည်။ ယခုခေတ်တွင် စာကို စာလိုရေးတတ်သူရှားသွားပြီဖြစ်သည်။ မသေမပျောက်ကျန်သူအချို့လည်း သိပ်ကြာကြာနေရတော့မည့်ပုံမပေါ်။ သရဲဝတ္ထု ဘာသာပြန်လိုလို၊ မြန်မာမှုပြုသလိုလို စာအုပ်များဖြင့် ထမင်းရှာစားကြရသည်ကြားသည်။ အင်မတန်ကြေကွဲဖွယ်ရာ ကြက်ဥခွံစာပေ အမျိုးအစားသစ်ဖြစ်နိုင်သည်။ ပင်ကိုယ်ရေးမကျ ဘာသာပြန်မရသည့်သူများ၏ ထမင်းအိုးသစ်ဖြစ်မည်။
စာပေ၏ အသုံးဝင်မှုသည်လည်း အတန်အသင့် နိမ့်ကျသွားပုံရသည်။ မြန်မာစာမတတ်သော ကလေးများ များလာသည်ကိုတွေ့နေရ၍ ဤအဆိုသည် မှန်လောက်သည်ဟု တစ်ထစ်ချထင်စရာရှိသည်။ စာရွက်တစ်ရွက်၏ တန်ဖိုးမှာ တစ်ကျပ်ဖြစ်လျှင် တစ်ကျပ်ထက် ပိုတန်ဖိုးမရှိသော စာမျိုးကို မင်ကုန်ခံ၍ မရေးသင့်ပေ။ စာမျက်နှာ ၁၀၀ ဝန်းကျင်အတွင်း ထူးမခြားနားဇာတ်လမ်းကို အချိန်ပေး၍ ရေးနေနိုင်သည်မှာ အတော်ပင် အံ့သြချီးမွမ်းစရာဖြစ်လာသည်။ ထို့ထက် ထုံအသူများပင် စာရေးဖို့ကြိုးစားလာကြသည်မှာ မြန်မာ့စာပေလောကအတွက် ရင်အေးဖွယ်၊ စိတ်ချလောက်ဖွယ်ဖြစ်လာခြင်းပင်။ ယုတ္တိစဉ်ပင် မသိသော လူ့အန္ဓတို့၏ စာများကို ပိုမိုတွေ့လာရသည်။ ကြက်ဆူပင်တို့သည်မင်းမူရန်စိုင်းပြင်းကြလေသည်။ ငတုံးများရေးသောစာဖတ်ခြင်းထက် စာမဖတ်ခြင်းက သာ၍ အန္တရာယ်ကင်းလေသည်။
မြန်မာစာဖြင့် ရေးသားဆက်သွယ်ပြောဆိုစရာကိစ္စများသည် ခေတ်တုံးသွားပြီဖြစ်သည်။ Template ခေါ် အသင့်ရေးသားစီစဉ်ပြီးသော စာရွက်စာတမ်းများကိုသာ အသုံးပြု၍ ဌာနဆိုင်ရာကိစ္စများတွင် လျှောက်လွှာတင်ရာမှအစ၊ အသုဘကိစ္စအဆုံး အသင့်သုံးဖြစ်နေပြီဖြစ်သည်။ ဘလော့ခ်သေဆုံးသွားသည်မှာ သိပ်မဆန်းလှ၊ စာဖတ်သူလူတန်းစား၏ စာပေအပေါ်တန်ဖိုးထားမှု၊ အချိန်ပေးနိုင်မှု၊ စဉ်းစားဆင်ခြင်ဖြန့်ကျက်တွေးခေါ်မှုတို့သည်လည်း အချိန်ကိုက် လျော့နည်းကျဆင်းသွားသည်ကမှ ဆန်းလှသည်။ မြန်မာစာ မတတ်သော ဆယ်တန်းကလေးများကို တွေ့တိုင်း ဒီကလေးတွေ အသက် ၁၆ နှစ်အထိ မြန်မာစာအုပ်တွေ၊ ကာတွန်း၊ ဝတ္ထုတွေကို ဘယ်လိုရှောင်တိမ်းနေထိုင်ခဲ့ပါလိမ့်ဟု အံ့အားသင့်ခဲ့ရာမှ ယခု ၂၀၁၃ သို့အရောက်တွင် စာအုပ်ဆိုင်သေဆုံးခြင်း၊ စာဖတ်သူသစ်သေဆုံးခြင်းကိစ္စများနှင့်စပ်လျဉ်း၍ ဆက်လက်၍ ကြီးစွာ အံ့အားသင့်နေမိသည်။
ဟယ်ရီပေါ့တားစာအုပ်ကို အင်္ဂလန်မှ ကလေးများ တန်းစီ၍ ဝယ်နေကြချိန်တွင် မြန်မာပြည်မှ ကလေးများ ဘာလုပ်နေကြပါလိမ့်။ စာမဖတ်သော မိဘများ၏ အမွေကို အပြည့်အဝဆက်ခံထားနေပုံရသည်။ စာဖတ်မည်ဆိုလျှင်ရော ကလေးစာပေ မြန်မာလိုစုံစုံလင်လင် များများပြားပြားရှိနေမည်လား။ မသေချာ။ မြန်မာလိုစာအုပ်ဖတ်စရာမရှိ၍ English လိုဖတ်ရန်အတွက်လည်း မြန်မာလူလတ်တန်းစားမိသားစုမှ ကလေးများအတွက်ခက်သထက်ခက်နေသေးသည်။ English လိုမတတ်သော Englishစာ ဆရာများ၏ ရမ်းသမ်းသင်ကြားမှုအောက်တွင် ဘွဲ့ရသည့်တိုင် English လို စာငါးကြောင်းပြည့်အောင် မရေးတတ်သူများ ဒုနဲ့ဒေး စည်ကားဖွံ့ဖြိုးဝေဆာလာသည်မှာ အင်းဝ စာအုပ်ဆိုင်မှ ရောင်းမကုန်သော English စာအုပ်များအတွက် အဖြေဖြစ်လေသည်။
စာပေတစ်ခု၏ သေဆုံးခြင်းသည် ယဉ်ကျေးမှု အမွေအနှစ်၏ အသက်ငင်ခြင်းလည်းဖြစ်သည်ဟုထင်သည်။ ရှေးဘိုးဘွားဘီဘင်တို့သည် အရိုင်းအစိုင်းဘဝမှ အဆင့်ဆင့်မြင့်တက်လာသော ယဉ်ကျေးမှုများကို လက်ဆင့်ကမ်းရန် စာပေကို တီထွင်ခဲ့ကြသည်။ ဗဟုသုတကို မျှဝေခဲ့ကြသည်။ ခံစားချက်ကိုဝေမျှခဲ့သည်။ လူကြီးလူကောင်းဆန်ရန် စာရိတ္တဗလကို ထုဆစ်စေနိုင်သော စာပေကို အမွေချန်ထားရစ်သည်။ ဆရာမြသည် ဘာသာပြန်များကို စွမ်းစွမ်းတမံကြိုးစားခဲ့သည်။ ဆရာကြီးရွှေဥဒေါင်းသည် မြန်မာလူကြီးလူကောင်းဖြစ်ရန် ဆေးတံအသောက်ကျင့်ခဲ့သည်။ ကမ္ဘာ့စာပေကို ရှေးလူကြီးတို့သည် မူရင်းမပျက်ခေါ်သွင်းလာကြသည်။ နှောင်းလူတို့သည် ဉာဏ်တစ်ထွာတစ်မိုက်ဖြင့် ဘာသာပြန်မကျ၊ ပင်ကိုယ်ရေးမမြည် အာကလိအောက်စာပေကို တီထွင်ကြလျှင်ဖြင့် ရှေးလူကိုလည်း ရှက်စရာမည်သလို ကိုယ့်ခေတ်ရောက်မှ ကိုယ့်စာပေသမိုင်း ရာဇဝင်ရိုင်းစေရာလည်းကျမည် အမှန်ပင်။
စာကို စာလိုရေးတတ်သူများအနေဖြင့် ကိုယ်နိုင်ရာဝန် ကိုယ်ထမ်းခြင်းသည် ကိုယ့် အမျိုးဂုဏ်၊ ကိုယ့်စာပေဂုဏ်ကို တတ်နိုင်သမျှ ခွဲဝေထမ်းဆောင်ခြင်းလည်းဖြစ်သည်ဟု ထင်သည်။ ဘလော့ခ်မှာရေးရေး၊ သစ်ရွက်မှာရေးရေး၊ ဗလာစာအုပ်မှာရေးရေး၊ ရသစာပေရေးရေး၊ သုတစာပေရေးရေး၊ ပျော်စရာရေးရေး၊ ငိုစရာရေးရေး ... စာကိုချစ်စိတ်ဖြင့် ရေးသော် နေရာကျပေစွဟုထင်သည်။ မြန်မာလူမျိုးဖြစ်သည်ကို တန်ဖိုးထားခြင်းသည်လည်း မြန်မာ့စာပေကို ရှင်သန်ကျန်ရစ်ရန် တစ်တပ်တစ်အားဟုထင်သည်။ စာချစ်သူမရှိလျှင်၊ စာရေးသူသည် သူတစ်ယောက်တည်းရေး၍ သူ့ဘာသူဖတ်နေရုံသာရှိချိမ့်မည်။ နိုင်ငံတကာစာပေများကိုလည်း ဖတ်ရမည်၊ အသိပညာကိုလည်းဝေငှရမည်။ မိမိစာပေအဆင့်အတန်းကိုလည်း မြှင့်တင်နိုင်စွမ်းရမည်။ ယခုမဖြစ်သေးသော် တစ်ချိန်တွင် ဖြစ်စိမ့်မည်ဟု စိတ်ထားကြီး ထားအပ်သည်။
သို့ဖြစ်ရာ .. ဘလော့ခ်သေဆုံးသွားပြီဟုဆိုသည့်တိုင် အကျွန်ုပ်သည် ခရာဝန်း အက္ခရာဆန်းများကို ရိုက်ကာနှိပ်ကာဖြင့် ... ခေတ်ကုန်ချိန် ဟု အမည်တွင်သည့် ဤစာစုကို အားမနာတမ်း ရေးလိုက်ရလေသည်။ မသေမရှင် ရေးဖော်ရေးဖက်များအနေဖြင့်လည်း အချိန် အနည်းငယ်ယူကာ စာရေးသားခြင်းအမှုကို မကြာမကြာပြုလုပ်နိုင်ပါစေကြောင်း ဆုမွန်ကောင်းပို့သလိုက်လေသည်။ ။
လေးစားသမှုဖြင့်
Z
Peace B with U.