ဘာမှမဟုတ်ပါဘူး။ ရေးဖြစ်တဲ့ပို့စ်နဲ့ နှစ်ကာလတွေကိုပြန်ကြည့်ပြီး တစ်လမှာ ဘယ်လောက်ရေးဖြစ်သလဲဆိုတာကို ပြန်သုံးသပ်တာပါ။ နောက်ပိုင်းမှာ တစ်လကို ပို့စ် ၆ ခုအောက်ပဲ ကြိတ်နှုန်းထွက်တော့တာတွေ့တယ်။ ငါးရက်မှာ တစ်ပုဒ်လောက်ပဲရေးတဲ့သဘောဖြစ်သွားပြီ။ အသက်ကြီးလာတာဖြစ်မယ်။ 2009 တုန်းက သုံးရက်မှာ နှစ်ပုဒ်လောက်ရေးဖြစ်သလိုဖြစ်နေတာတွေ့တယ်။ ရောဂါဖြစ်လိမ့်မယ်ထင်တယ်။ ၂၀၁၀ နဲ့ ၂၀၁၁ မှာတော့ သိပ်ဇယားမငြိမ်ဘူး။ ၂၀၁၂ လောက်မှာတော့ သိသာသွားပြီ။ အကျပိုင်းရောက်သွားပြီ။ ဂရပ်ဖ်နဲ့ပြရင် ကုန်းဆင်းဘက်ကို ဆက်သွားနေပြီ။ ကိုယ့်စိတ်ထဲမှာရှိတာတွေလောက်ပဲရေးတော့တယ်။ ရင့်ကျက်သွားပြီ။ ဒါမှမဟုတ်လည်း ရေးချင်စိတ်နည်းသွားပြီဖြစ်လိမ့်မယ်။ ရေးစရာတွေကုန်သွားတာတော့မဟုတ်ဘူး။
နှစ် ရက်
5 | 1826.25 |
10 | 3652.5 |
15 | 5478.75 |
20 | 7305 |
25 | 9131.25 |
30 | 10957.5 |
35 | 12783.75 |
40 | 14610 |
45 | 16436.25 |
50 | 18262.5 |
55 | 20088.75 |
60 | 21915 |
65 | 23741.25 |
70 | 25567.5 |
75 | 27393.75 |
80 | 29220 |
အသက် ငါးဆယ်လောက်အထိနေရရင် ရက်ပေါင်း သောင်းရှစ်ထောင့်နှစ်ရာခြောက်ဆယ့်နှစ်ရက်ခွဲတိတိနေရမှာပဲ။ နောက်ထပ် ဆယ့်ရှစ်နှစ်လောက်နေရဦးမယ်။ ခြောက်ထောင့်ငါးရာ ခုနှစ်ဆယ့်လေးရက်ခွဲ တိတိကျန်သေးတယ်။ အလုပ်လုပ်တာနဲ့ဘာနဲ့ဆိုရင် ရက် ၄၀၀ လောက်တော့ ကိုယ့်အတွက်ကျန်မှာပဲ။ တကယ်တော့ လူဆိုတာ စိတ်ကူးနဲ့နေကြတာပဲ။ တစ်လကို ၂၂ ရက်လုပ်ရတဲ့ လမှာ ပိတ်ရက်က ပျမ်းမျှ ၈ ရက်လောက်ပဲ။ ၈ ရက်ကို ၁၂ လနဲ့မြှောက်ရင် ၉၆ ရက် + public holidays+ leaves ဆိုရင် ရက် ၁၂၀ လောက် အားလပ်ရက်ရမယ်။ ရက် ၁၂၀ ကို ၁၈ နှစ်နဲ့မြှောက်ရင် ၂၁၆၀ ရက်လောက်ကျန်မယ်။ အဲဒီထဲမှာမှ ရက် ၄၀၀ လောက်ကို တကယ်နေဖြစ်အောင်နေမှ၊ မဟုတ်ရင် တွက်ခြေမကိုက်လိုက်ဘူးဖြစ်သွားမယ်။
နေရတာနဲ့ သေရတာဟာ တစ်ချို့အတွက် တစ်ခုစီခက်ကြတယ်။ တစ်ချို့အတွက် နှစ်မျိုးစလုံးခက်တယ်။ တစ်ချို့အတွက် နှစ်ခုစလုံးမခက်ဘူး။ ဖြစ်နိုင်ချေ နှစ်မျိုးဆိုရင် 2^2=4 မျိုးဖြစ်သွားတယ်ထင်တယ်။ သင်္ချာကနောက်မှတက်တာ အိမ်မှာ ငယ်ကတည်းက ချဲထီထိုးရင် ဂဏန်းသုံးလုံးဆို ရင် ဂဏန်းက ၀ ကနေ ၉ အထိဆိုတော့ ၁၀လုံး။ ၁၀ လုံးရှိတဲ့ဂဏန်းကို သုံးနေရာမှာဖြစ်ချင်တာဆိုရင် အလုံး ၁၀၀၀=10^3 ဆိုတာကို သိနေတာပဲ။ ငယ်တုန်းကတော့ လခစားပဲလုပ်တယ်။ မုန့်ဖိုးကို တစ်နေ့စီပေးရင် မယူဘူး။ တစ်လပေးထားပြီး ထပ်ပေးရင်သာ ယူရင်ယူတယ်။ ကိုယ့်ငွေကိုယ် စီမံတတ်တာဟာ ပညာပဲ။ ငယ်တုန်းကတည်းက မုန့်ဖိုးများများမရဖူးတဲ့ကလေးဟာ ကြီးလာလို့ ပိုက်ဆံများများရရင် စီစီစစ်စစ်သုံးတတ်ဖို့မလွယ်ဘူး။ ကိန်းဂဏန်းတွေကို ချစ်တတ်အောင်သင်တဲ့ ဆရာနဲ့မတွေ့ရင်တော့ ဆရာကြီးဥလို ယူကလစ်မှာ လူမဖြစ်ဘူးတွေဘာတွေဖြစ်ကုန်လိမ့်မယ်။ ကိုယ့်ဘဝကြီးကို ခက်အောင်မလုပ်ကြနဲ့။ လွယ်အောင်လုပ်ထားပါ။
ဗန်ဂိုးဆိုတဲ့သူက ပန်းချီသာဆွဲတာ ပရိုဂျက်ရှင်းဆွဲတာကို ကောင်းကောင်းမဆွဲတတ်ဘူး။ အဲဒီတော့သူ့ဘာသူ ဘောင်တစ်ခုလုပ်ထားတယ်။ အဲဒါလေးနဲ့ တိုင်းတိုင်းပြီး ဆွဲတယ်ပြောတယ်။ ဟုတ်လိမ့်မယ်ထင်တယ်။ သူဆွဲတဲ့ ထိုင်ခုံတွေဆို လိမ်ဖယ်ဖယ်ဖြစ်နေတာတွေ့ဖူးတယ်။ သူ့ဟာသူအဆင်ပြေမယ့် နီးလမ်းကို လုပ်ထားတာကို ပြောချင်တာပါ။ ကိုယ့်ဘဝလွယ်အောင် ကိုယ်မတတ်တာတွေကို ဘယ်လို အလုပ်ဖြစ်အောင်လုပ်မလဲဆိုတာကို တွေးထားရမယ်။
ဒါရိုက်တာမောင်မျိုးမင်းဆိုရင် ရုပ်ရှင်ရိုက်တော့ တခြားသမ္ဘာရင့်တွေလို ထောင့်စေ့အောင်မရိုက်တတ်ဘူးပြောတယ်။ အဲဒီတော့ သူ့ဘဝအဆင်ပြေအောင် ကင်မရာ နှစ်လုံးနဲ့ ရိုက်ပြီး ပြန်ဆက်စပ်ယူတယ်။ နောက်တော့ သူ့နည်းလိုလိုတောင်ဖြစ်သွားတယ်လို့ အင်တာဗျူးတစ်ခုမှာပြောဖူးတယ်။ အလုပ်ဖြစ်တယ်ဆိုတာ အဲဒါမျိုးကိုပြောတာ။
အေစီဒီစီက ဂစ်တာသမား ဂစ်တာတီးရင် သူတီးတာကို အသံ ပြည့်ပြည့်ဝဝဖြစ်အောင် ဆောင်းဘောက်စ်နှစ်ခုထားတယ်ဆိုလား ငယ်တုန်းက အလင်္ကာမှာဖတ်လိုက်ရတယ်။ အဲဒါလည်း သူ့ဟာသူဟုတ်သွားတာပဲ။ ကိုယ်အဆင်ပြေအောင်လုပ်တတ်ရင် အဆင်ပြေတာပဲ။
ဘဘဦးသုခ ရဟန်းစားသောတွေ၊မစားသောတွေရိုက်တော့ မျက်လုံးမကောင်းတော့ဘူး။ အဲဒီတော့ ရိုက်ပြီးသားပြန်ပြရင် သူ့ကို အသံကျယ်ကျယ်ဖွင့်ပေးထားရတယ်။ အဲဒီအသံမှာ တမ်ပိုကိုနားထောင်ပြီး မှားနေသလားဆိုတာကို သူထောက်ပြနိုင်တယ်။ အသံသရုပ်ဆောင်တာနဲ့ ရုပ်အမူအယာဟာ ဆက်စပ်နေတာပဲ။ မမြင်ရရင်လည်း အဆင်ပြေအောင်လုပ်သွားတာပဲ။ တစ်ချို့လူကြီးတွေက တော်တော် တော်ကြတာလည်းပါတာပေါ့။
ဘဝကြီးကို ခက်အောင်မလုပ်နဲ့လို့ ကိုယ့်ကိုယ်ကိုလည်းပြောရတယ်။ တခြားသူတွေကို ပြောတယ်ဆိုတာ ဆရာလုပ်ချင်လို့ဖြစ်မယ်။ ကိုယ့်ကိုယ်ကို မပြောဘဲ တခြားသူတွေကိုပြောနေရင် Hypocrite ဖြစ်မှာပဲ။ တခြားသူတွေ မပြောဘဲ ကိုယ့်ကိုယ်ကို ဆုံးမနေရင်တော့ ငြိမ်းချမ်းတဲ့သူဖြစ်လာမယ်ထင်တယ်။ ဘဝဆိုတာ လွယ်တာတော့မလွယ်ဘူး။ ခက်တာတွေရှိတာကို ပိုခက်အောင်မလုပ်မိရင်ကို တော်တော်သက်သာပြီ။ ခန္ဓာကိုယ်ကိုရော စိတ်ကိုပါ မညှင်းဆဲတဲ့သူဖြစ်အောင် နေဖို့လိုတယ်။ တခြားသူတွေကို ဒုက္ခပေးပြီး စာဖတ်ဖို့ ခုံဖယ်ပေးမယ်ဆိုလို့ဖြစ်တာမဟုတ်ဘူး။ လူများကို စိတ်ဆင်းရဲအောင်လုပ်ဖို့ဆိုတာ ကိုယ်တိုင် စိတ်ဆင်းရဲအရင်ခံရတာပဲ။ ဟိုဒင်းပေအောင် ဟိုဒင်းငုံထွေးသလိုမျိုးပဲ။ (ကွမ်းသွေး)။
ကိုယ့်ဘဝကြီးကို အဆင်ပြေအောင်လုပ်ရမယ်။ အခုလည်းအဆင်ပြေ၊ နောင်လည်းအဆင်ပြေ၊ သေခါနီးလည်းအဆင်ပြေအောင်ထားရမယ်။ သေဖို့ဆိုတဲ့ကိစ္စက သိပ်အရေးကြီးတယ်လို့မမှတ်သင့်ဘူး။ အပြင်ကို လမ်းခဏထွက်လျှောက်ဖို့သွားတဲ့ကိစ္စမျိုးလိုပဲသဘောထားသင့်တယ်။ သိပ်ပူနေစရာမလိုဘူး။ ကျန်ခဲ့တဲ့သူတွေ ဘယ်လို၊ဘယ်ဝါ တွေးမနေနဲ့၊ ကိုယ်က စိတ်ပုတ်ထားပြီး ဦးအောင်သေတာမဟုတ်ဘူး။ သူ့ဟာသူ ဇီဝနာရီ ရပ်သွားတာ ဘာတတ်နိုင်မလဲ။
သေတဲ့အချိန်မှာ နောင်တမဖြစ်ဖို့လိုတယ်။ မဟုတ်ရင် လားရာကတိတွေ လွဲသွားလိမ့်မယ်။ မောင်းထွက်သွားမယ့်ကားပေါ် ပြေးတက်နေတုန်း ဘေးဘီကို လှည့်ကြည့်ရင်း ချော်လဲ ဒူးပြဲ ကားမမီဖြစ်သွားတာမျိုးနဲ့ဆင်တယ်။ အာစိဏ္ဏကံကောင်းပြီးသားဆိုရင် ဘာမှမလုပ်တာက တစ်ခုခုလျှောက်လုပ်တာထက်ပိုအဆင်ပြေစရာရှိတယ်။
ပြောရင်းဆိုရင်း အသက်ရှူကြပ်လာသလိုပဲ။ တော်သေးပြီ။ ။
Regards,
Z
ပြောရင်းဆိုရင်း အသက်ရှူကြပ်လာသလိုပဲ။ တော်သေးပြီ။ ။
Regards,
Z
်
Peace B with U.