အနာဂတ်ကို ပိုကောင်းအောင်လုပ်ဖို့ လူတိုင်းလောက်နီးနီးမှာ စိတ်ကူးကောင်းရှိကြတယ်။ အခက်အခဲတွေ နည်းသွားဖို့၊ အဆင်ပြေပြေနေထိုင်နိုင်ဖို့၊ ငြိမ်းငြိမ်းချမ်းချမ်းနေနိုင်ဖို့ကို လူတိုင်းကြိုက်တာပါပဲ။ ဒါပေမယ့် အဲဒီလို အနာဂတ်ကို ရောက်ဖို့ ဖော်ဆောင်တဲ့နေရာမှာ မညီမညွတ်ဖြစ်နေကြတာနဲ့ လိုရင်းမရောက်တာကို ကျွန်တော်တို့ရဲ့ မြန်မာပြည်မှာတွေ့ရတယ်။ မြန်မာလူမျိုးတွေဟာ ဘုံရန်သူရှိရင် သိပ်ညီညွတ်ကြတယ်။ လွတ်လပ်စွာ လုပ်ကိုင်ကြပါ။ ပြောဆိုဆွေးနွေးကြပါဆိုတဲ့အခါမျိုးကြတော့ ဘာမှ အကျိုးရှိတာမလုပ်သလိုဖြစ်နေတယ်။ ကျွန်တော်ထင်တာကတော့ အဆိုးမြင်တတ်တာကိုပဲ သိပ်တော်တယ်လို့ အစွန်းရောက်ပြီး ထင်သွားတာလို့ထင်မိတယ်။ ဒါလေးကို နည်းနည်း အကျယ်ချဲ့ချင်ပါတယ်။
ကို ဒီဘိုနိုးဆိုတဲ့သူက သူ့ခေတ်သူ့အချိန်ကတော့ ဦးထုပ်ရောင်းကောင်းခဲ့ဖူးတယ်(six thinking hats ကိုအကျယ်ရှူပါ။ )။ ဦးထုပ်နက်ဟာ ဘယ်လောက်ကောင်းကောင်း တခြားဦးထုပ်တွေ ပြောင်းဆောင်းပြီးမှ ကောက်ချက်ချရတယ်။ အစိမ်းရောင်နဲ့ အဝါရောင်ဦးထုပ်တွေဟာ သိပ်ကို တန်ဖိုးရှိတာအမှန်ပဲ။ အကောင်းလည်းမြင်၊ အပြုသဘောလည်းဆောင်၊ တီတီထွင်ထွင်လည်းဖြစ်တာပေါ့။ အတွေးဆိုတာ ဖြန့်ကျက်ရတယ်။ အဲဒါ ပထမအဆင့်ဖြစ်တယ်။ ဒီလိုမဖြစ်သင့်ဘူးလား၊ ဒီလိုဆိုရင်ရောဆိုတာတွေက ပထမအဆင့်မှာဆင်ခြင်ကြရတဲ့အရာတွေ၊ ဘာလို့ အဲဒီလို အမျိုးမျိုးတွေးကြသလဲဆိုတော့ ဖြစ်နိုင်ဖွယ်ရှိတဲ့ အခြေအနေတွေအားလုံးကို ခြုံမိအောင် စေ့စေ့စပ်စပ် ထောင့်စေ့အောင်တွေးကြတာပါ။ ဦးထုပ်နက်ဟာလည်း တကယ်တော့ သိပ်ကိုတော်တဲ့သူတွေကို ဆောင်းခိုင်းတဲ့ အတွေးဦးထုပ်ဆိုတာတော့ မမှားဘူး။ သိပ်တော်မှလည်း မှားတာကို မြင်လွယ်တယ်။ ပြဿနာက တစ်ကယ့်ဦးထုပ်နက်သမားအစစ်က ဦးထုပ်ပြန်ချွတ်ရမယ့် အချိန်ကိုသိတယ်။ အမှားတွေမြင်တဲ့နေရာမှာ မရပ်လိုက်ဘူး။ အမှန်ဖြစ်အောင်လည်း အကြံပြုဖို့ နောက်ထပ်ဦးထုပ်တစ်မျိုးထပ်ဆောင်းပြီးဆက်တွေးရဦးမယ်။ အဲဒီတော့ ကျွန်တော့်အမြင်အရ အခုလို အတွေးအခေါ် စည်ပင်လာတာဟာ ကောင်းတဲ့အလားအလာလို့ထင်မိတယ်။ အရင်တုန်းကလို အမုန်းနဲ့ဆန့်ကျင်တာထက်တော့ တစ်ဆင့်မြင့်သွားပြီ။ မကောင်းတာတွေကို ပယ်ပယ်နယ်နယ်ပြောခွင့်ရပြီ။ အရည်အချင်းမမီတဲ့သူတွေ၊ လူလိမ်လူကောက်တွေကို ပေါ်ပေါ်ထင်ထင်ဝေဖန်လို့ရပြီ။ အဲဒါတွေက ဦးထုပ်နက်အတွေးအခေါ်သမားရဲ့အကြိုက်ပဲ။ ဉာဏ်ဝင်စားလို့သိပ်ကောင်းတာကိုး။ တောမရောက်တောင်မရောက်တွေလုပ်ပြီး ဝေ့လည်လည်ဖြစ်နေတာတွေကို ထောက်ပြနိုင်တယ်ဆိုပြီးတောင် ဂုဏ်ယူပျော်ရွှင်နေမိတတ်တယ်။ ဒါပေမယ့် ခက်တာက ဦးထုပ်နက်ကိုချွတ်ပြီး အပြုသဘောဆောင် အကြံဉာဏ်လေးတွေထုတ်ဖို့၊ တီထွင်ထိုးဖောက်တွေးနိုင်တဲ့ အကြုံလေးတွေပြုဖို့၊ လက်တွေ့ကျတဲ့ မူဘောင်တွေချပြဖို့ကြတော့လည်း ခက်နေသေးတာတွေ့တယ်။ မလုပ်နိုင်တာမဟုတ်ဘူး။ မလုပ်ချင်ကြတာလို့တွေ့ရတယ်။ ဦးထုပ်နက်အကြောင်းကိုပြောရင် ဟယ်ရီပေါ့တားတို့ ဟော့ခ်ဝါ့တ်(ဒ) ကျောင်းမှာ အဆောင်ရွေးပေးတဲ့ ဦးထုပ်ကိုသတိရတယ်။ Sorting hat လို့ခေါ်တယ်။ ဦးထုပ်ကတော့ ဟယ်ရီ့ကို မင်းပါရမီမျိုးနဲ့ ဆလီသရင် အဆောင်သွားသင့်တယ်အကြံပြုတာပဲ။ ဟယ်ရီကတော့ ဂရာဖင်ဒေါလ် အဆောင်ပဲဆိုပြီး သွားလိုက်တာလေးကို သတိရတယ်။ ဦးထုပ်နက်ဆောင်းနေတုန်းမှာတော့ ဦးထုပ်ရဲ့အကြံကို ကြားရမှာပဲ။ မြန်မာပြည်အကြောင်း၊ မြန်မာအစိုးရအကြောင်း၊ မြန်မာ့နိုင်ငံရေးအကြောင်း၊ မြန်မာနိုင်ငံပညာရေးအကြောင်း၊ မြန်မာနိုင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှုအကြောင်း၊ မြန်မာနိုင်ငံရဲ့ပြဿနာတွေအကြောင်း ထောက်ပြရတာတော့ သိပ်လွယ်တယ်ထင်တယ်။ ဦးထုပ်နက်ကြီးကလည်း အမှားတွေ၊ဟာကွက်တွေ၊ ပြောစရာတွေကို တစိုက်မတ်မတ်အကြံပေးနေတာပဲ။ ဒါပေမယ့် ဦးထုပ်အောက်မှာရှိတဲ့ ဦးနှောက်ထဲမှာ သံမှိုနှက်သလိုစွဲနေရမှာက ကိုယ်ပိုင်ယုံကြည်ချက်တစ်ခုခုပါပဲ။ ကိုယ်က ဘယ်လိုဖြစ်စေချင်တာလဲ။ ကိုယ့်ရဲ့ မူရင်း ရည်ရွယ်ချက်ကောင်းလေးကဘာလဲ။ အဲဒါကို လုံးဝ မမေ့လိုက်ကြပါနဲ့။
နစ်ရှေးရဲ့စာသားတွေကို ကျွန်တော် တော်တော်ကြိုက်ခဲ့ဖူးတယ်။ အဲဒီအတွက်လည်း မကြာမကြာ တိုက်ဆိုင်တဲ့အခါတိုင်း နစ်ရှေးကို အကိုးအကားထည့်လေ့ရှိတယ်။ That which does not kill us makes us stronger. ဆိုတာကို Friedrich Nietzsche ပြောတာကြာပြီ။ ကယ်လီကလာ့ခ်ဆန် ဆိုတဲ့ အဆိုတော်မလေး ဆိုတော့မှ ဒီစာသားက အောင်မြင်သလိုဖြစ်သွားတယ်။ အခုနောက်တစ်ခုပြောချင်တယ်။ နစ်ရှေးက မကြိုက်မနှစ်သက်တာကို ဆန့်ကျင်ရင် ကိုယ်ဆန့်ကျင်နေတဲ့သူနဲ့တူမသွားအောင်သတိထားဖို့လည်းပြောတယ်။ အရင်လည်း ဒီစာသားကို မကြာမကြာကိုးကားဖူးပါတယ်။
Beware that, when fighting monsters, you yourself do not become a monster... အဲဒါကို ကျွန်တော် ပြောချင်တယ်။ အခု ရဟန်းတစ်ချို့ အကြမ်းဖက်တယ်ဆိုတာဟာ အကြမ်းဖက်တာကို လက်တုန့်ပြန်လိုက်ရာကနေ အဲဒီလိုဖြစ်ကုန်တာမျိုးဖြစ်နိုင်တယ်။ ကြည့်မရတဲ့ ကုလားတွေရဲ့ အမူအကျင့်မျိုးကို အတုခိုးပြီး မျိုးစောင့်ဥပဒေ၊ မျိုးဖောက်ဥပဒေတို့လုပ်မိတာဟာ နစ်ရှေးပြောတဲ့ အန္တရာယ်ကောင်ကြီးကို တိုက်ခိုက်ရင်း ကိုယ်တိုင် အဲဒီလို ကောင်ကြီးဖြစ်မှန်းမသိ ဖြစ်သွားတာမျိုးနဲ့ ဆင်ပါတယ်။နောက်တစ်ခုက သမ္မတဖြစ်ချင်တယ်ဆိုတဲ့ ကိစ္စပါ။ နိုင်ငံရေးသမားတစ်ယောက်ဟာ သမ္မတဖြစ်ချင်တာမဆန်းပါဘူး။ သမ္မတဖြစ်ချင်တဲ့သူကို ထောက်ခံတဲ့သူက သူပြောတာကို ကြိုက်ပြီး၊ အရင်ကတည်းက မကြိုက်တဲ့သူက သူပြောတာကို လှောင်မှာပါပဲ။ မြန်မာပြည်မှာ လောလောဆယ်ခက်နေတာက အထက်ကလူကို ထောက်ခံလို့ လက်ခုပ်တီးချင်ရင် လွတ်လပ်ခွင့်ရှိပြီး၊ မကျေနပ်လို့ တစ်ခုခုပြောမိရင် အဲဒီလိုလုပ်ခွင့်မရှိဘူးထင်တာပါပဲ။ ကိုယ့်အမြင်ကိုယ်ပြောခွင့်ရှိရပါမယ်။ ပြောဆိုတဲ့ tone ကိုတော့ လေးစားလောက်တဲ့သူ၊ (အသက်အရ၊ဂုဏ်အရ၊ဝါအရအပေါ်မူတည်ပြီး) နင်ပဲငဆတော့ မပြောသင့်ဘူး။ ကိုယ်မကြိုက်တဲ့အချက်ကို မကြိုက်ဘူးပြောရုံလောက်တော့ အားလုံးသဘောထားကြီးသင့်ပြီထင်ပါတယ်။ ပြောတဲ့သူကလည်း အငြှိုးအတေးနဲ့ တိုက်ခိုက်တာမဟုတ်၊ ကောင်းကျိုးလိုလားတဲ့စိတ်အခံနဲ့ပြောတာဆိုရင် တန်ဖိုးရှိတဲ့ အမြင်တစ်ခုတောင် ဖြစ်ကောင်းဖြစ်နေနိုင်တယ်။ NLD မှာ နောက်လိုက် ငဖျင်းများတယ်ပြောရင် နာကြတာတွေ့တယ်။ အဲဒီလိုပြောလိုက်ရင် စစ်တပ်ဘက်၊ ကြံ့ဖွံ့ဘက်ကမို့လို့ ပြောတယ်တောင် ထင်ကြတယ်ပြောတယ်။ ငဖျင်းမများဘူး၊ ငါတို့မှာ ဘယ်သူရှိတယ်၊ ဘယ်လောက်ပြည်ဝတဲ့သူတွေ အဆင်သင့်ရှိတယ်ဆိုပြီး ဒီမိုကရေစီဆန်ဆန်၊ လူကြီးလူကောင်းဆန်ဆန် ပြန်ပြောနိုင်ဖို့လုပ်နိုင်ရင် အင်မတန်ကြည့်ကောင်းမယ်ထင်ပါတယ်။
စစ်တပ်မှာလည်း အပေါ်မှာ အင်္ဂတေကိုင်ထားသလို အမြဲတမ်းနေရာရနေသူတွေကို အောက်က အရည်အချင်းရှိပြီး၊ စိတ်ဓာတ်ကောင်းမွန်တဲ့သူတွေက အစားထိုးနိုင်တဲ့စနစ်မျိုးရှိအောင်၊ အခုနပြောသွားတဲ့ နစ်ရှေးဥပမာထဲကလိုတော့ မဖြစ်စေဘဲ ကိုယ်တိုင် အထက်ရောက်လာတဲ့အခါမှာ ကိုယ့်ရဲ့ ကနဦးရှိခဲ့တဲ့ ပြုပြင်လိုစိတ်လေး ပျောက်မသွားအောင် ထားပြီး နိုင်ငံ့ကောင်းကျိုးလုပ်သွားရင် ကောင်းတာပါပဲ။ ကျွန်တော်သဘောကျတာတစ်ခုကတော့ စစ်သားဟာ ဝေ့လည်ကြောင်ပတ်မပြောဘူး။ အဲဒါကို တန်ဖိုးထားကြပါ။ စိတ်ထားနဲ့အပြော တစ်ထပ်တည်းကြအောင် လုပ်တတ်တဲ့သူတွေများလာရင် တိုင်းပြည်ကောင်းစားဖို့ပါပဲ။ ၂၅ ရာခိုင်နှုန်းရဲ့ပြဿနာဟာ ၂၅% စလုံး ဦးနှောက်မရှိတဲ့သူတွေဖြစ်နေမှာကြောက်ရတာပါ။ တစ်ကယ်လို့ စစ်ဘက်က ၂၅ % ဟာ ကိုယ်ပိုင် အတွေးအခေါ်လည်းရှိ၊ အမိန့်နာခံတာလောက်ကိုပဲ တစ်သက်လုံးရိုကျိုးတတ်မြောက်ခဲ့တဲ့ ပညာလို့သဘောမထားဘဲ၊ ကာလဒေသအလျှောက် ကိုယ့်အသိဉာဏ်လေးနဲ့ မှန်တာကိုထောက်ခံရဲ၊ သတ္တိရှိတဲ့သူတွေဖြစ်ပြီး၊ လွှတ်တော်မှာ ကိုယ်ယုံကြည်တာ ကိုယ်ထောက်ခံလို့ ရာထူးမကျတဲ့အဖြစ်မျိုးရှိမယ်ဆိုရင် သင့်လျော်တယ်ထင်မိတာပါပဲ။ တစ်သွေး၊တစ်သံ၊တစ်မိန့်ဆိုတာက စစ်တိုက်တဲ့နေရာမှာတော့ အသုံးဝင်တယ်။ ညီလာခံလို စုစည်းပြီး အဖြေရှာတဲ့နေရာမှာကြတော့ ကိုယ်ပိုင် အသိတရား၊ အသိဉာဏ်၊ဆင်ခြင်တုံတရားက ပိုအရေးကြီးတယ်လို့ယူဆမိတယ်။
သမ္မတတစ်ယောက်ရဲ့ လုပ်ပိုင်ခွင့်နဲ့ပတ်သက်ပြီး သံသယသိပ်ရှိစရာတော့ မရှိလှဘူး။ အိုဘားမား နဲ့ ကလင်တန်မကြီး တစ်ယောက်နဲ့တစ်ယောက် အပြိုင်ကြဲခဲ့စဉ်တုန်းကတော့ တစ်ယောက်ရှုံးအောင်၊တစ်ယောက်က အစွမ်းကုန်တိုက်ခဲ့ကြတာပဲ။ ပါတီအတူတူတောင်မှ ဖိုက်ဖို့လိုတုန်း ဖိုက်ရတာပဲ။ အိုဘာမား သမ္မတဖြစ်လာတော့ ဟီလာရီ့ကို အင်တာဗျူးသမားတွေကဘယ်လိုသဘောရှိလဲဆိုတာကို ချောက်တွန်းဖို့မေးတယ်။ ။ (ကြားဖြတ်ပြောရရင် မီဒီယာသမားတွေထဲမှာ အဲဒီလို အစွန်းမလွတ်တာမေးချင်တဲ့သူတွေ သိပ်ပေါတယ်ထင်တယ်။) အခုတော့ သူ့မှာ နိုင်ငံ့အတွက် အကောင်းဆုံးဖြစ်အောင် လက်တွဲလုပ်သွားဖို့ပဲ စိတ်ကူးရှိတယ်လို့ ဟီလာရီဖြေသွားပါတယ်။ အဲဒါဟာ သိပ်ကို ဒီမိုကရေစီဆန်တဲ့ အဖြေတစ်ခုလို့မြင်ပါတယ်။ နိုင်ငံရေးသမား၊ နိုင်ငံရေးလုပ်နေတယ်ဆိုတာ ချစ်လို့၊မုန်းလို့ မဟုတ်ဘူး။ ဆိုက်ကားသမား ဆိုက်ကားနင်းသလို၊ ဆရာဝန်ဆေးကုသလို၊ မြို့ပြအင်ဂျင်နီယာ အိမ်ဆောက်သလို၊ ကိုယ့်အလုပ် ကိုယ်လုပ်နေတာပဲ။ နိုင်ငံရေးခံယူချက်အောင်မြင်အောင် မဲဆွယ်သင့်တဲ့နေရာဆွယ်ရတာပဲ။ ခရိုနီလောင်းတွေနဲ့ ပေါင်းတန်ပေါင်းရတာပဲ။ ခရိုနီလို့ပြောတာတော့ နည်းနည်းလွန်တယ်။ အစိုးကို ပက်ပက်စက်စက်ထောက်ခံတဲ့ စီးပွားရေးသမားကြီးတွေလို့ပြောင်းသုံးချင်တယ်။ အဲဒီလူတွေက လက်ရှိ လုပ်နေတဲ့ လုပ်ငန်းတွေ ပုံမှန်ဆက်လက်လည်ပတ်နေဖို့ အစိုးရရဲ့ ပေါ်လစီတွေပေါ်မူတည်နေတာသိလို့ ရင်းနှီးမြုပ်နှံမှုတစ်ခုအနေနဲ့လုပ်နေကြတာပဲ။ ဒါကို အမှားလို့မမြင်ဘူး။ စီးပွားရေးသမားဟာ သူ့အတွက် အကျိုးရှိမယ့် မြုပ်နှံမှုအနေနဲ့ အစိုးရအဖွဲ့ကို ထောက်ပံ့တာ ဘာမှမမှားဘူး။ နိုင်ငံတကာမှာရှိတယ်။
အခုဆက်စပ်လို့ ဦးပိုင် ကိစ္စကိုလည်း နည်းနည်း စဉ်းစားစေချင်တယ်။ ဦးပိုင်ရဲ့ စီးပွားရေးလုပ်ငန်းတွေက အကျိုးအမြတ်တစ်ချို့ဟာ စစ်တပ်ဘက်ကိုပြန်ရောက်တယ်။ ဒါဟာ ဟိုးအရင်ကတည်းက အကွက်ကျကျစီစဉ်ထားတဲ့ကိစ္စတစ်ခုပဲ။ စစ်မှုထမ်းဟောင်းတွေရဲ့ အလုပ်လက်မဲ့ပြဿနာ၊ ပင်စင်ပြဿနာတွေကို ဖြေရှင်းဖို့ ဦးပိုင်ကို တည်ထောင်ထားတာပဲ။ ရည်ရွယ်ချက်အနေနဲ့ မှားတယ်လို့မပြောနိုင်ဘူး။ ဦးနေဝင်းလက်ထက်ကတည်းကလည်း တခြားနာမည်နဲ့ စပြီးလုပ်လာခဲ့ဖူးတာပဲ။ လုပ်တာက မမှားဘူး။ အာဏာကို အလွဲသုံးစားမလုပ်ဖို့ကိုသာ သတိထားသင့်တယ်။ အရင်ခေတ်က စစ်တပ်အာဏာကို အလွဲသုံးစားလုပ်ထားတဲ့သူတော်တော်များခဲ့တယ်။ အဲဒါရဲ့ အကျိုးဆက်တွေကို ပြင်ဆင်သွားဖို့ကြိုးစားသင့်တယ်။ စစ်တပ်အာဏာနဲ့ စီးပွားလုပ်တဲ့အကြောင်းကို Bottom Billion မှာ တစ်ခန်းပါလို့ အရင်ကလည်း နည်းနည်းရေးဖူးတယ်။ အဲဒါဟာ ဆင်းရဲတဲ့နိုင်ငံအများစုမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ လက္ခဏာတစ်ရပ်ပဲ။ ကိုယ်မကြိုက်တာနဲ့ မှားတယ်လို့ ပြောမနေသင့်ဘူးလို့ ကျွန်တော်ထင်တယ်။ မှားနေတာတွေ ပြင်ခွင့်ပေးဖို့၊ မပြင်ဘူးဆိုရင် ဒီမိုကရေစီဆန်ဆန် ကန့်ကွက်ကြဖို့ပဲလိုတယ်။ သမ္မတကို စစ်တပ်ရဲ့ ထမင်းအိုးခွဲပစ်လိုက်ပါလို့ တောင်းဆိုလို့မရနိုင်ဘူး။ ရာထူးတွေကွာပေမယ့် စစ်သားဟာ စစ်သားစိတ်တော့ရှိရမှာပဲ။ ဓားမနောက်ပိတ်ခွေး ရဲဘော်နဲ့ ရွှေတောင်ကြားမှာ ခြံသုံးခြံရှိတဲ့ ဗိုလ်မှုးကြီးတို့ဟာ စီးပွားရေးအခြေအနမတူကြဘူး။ အောက်ဆုံးက နယ်ရုပ်လေးတွေ ငတ်အောင် ဘယ်ရာထူးရှိတဲ့ စစ်သားမှ မလုပ်သင့်ဘူး။ ဒါပေမယ့် အာဏာကို ဆက်ပြီး အလွဲသုံးစားလုပ်နေမယ်ဆိုရင်တော့ ဦးပိုင်ရဲ့ပြဿနာကို ပိုပြီး ထိထိရောက်ရောက်ဖြစ်အောင် ဖြေရှင်းရမယ်လို့ထင်တယ်။
ဘွဲ့ရတွေရဲ့ ခုနစ်ဆယ်ရာခိုင်နှုန်းအလုပ်မရှိဘူးဆိုတာကို ဟိုတလောက ကြားလိုက်ရတယ်။ ကြားလိုက်တာနဲ့ sampling result ဆိုတာသိတယ်။ ကျွန်တော်တို့ ဘွဲ့ရစဉ်က အတန်းထဲမှာ လူ ၄၈ ယောက်ရှိရင် ၂၄ ယောက်က စင်ကာပူရောက်လာတယ်။ အဲဒါကိုကြည့်ပြီး မြန်မာပြည်ရဲ့ ဘွဲ့ရ ၅၀ ရာခိုင်နှုန်းက စင်ကာပူမှာ အလုပ်လုပ်ကြတယ်လို့ ပြောမယ်ဆို ပြောလို့ရတယ်။ sampling ရဲ့ပြဿနာဟာ လေ့လာတဲ့ အုပ်စုငယ်လေးတစ်စုက လေ့လာနေတဲ့ အုပ်စုကြီးတစ်ခုလုံးကို ကိုယ်စားပြု၊မပြုဆိုတာပါပဲ။ နမူနာတစ်ခုပြောရရင် ပဲရွေးတယ်ဆိုပါတော့။ ပဲတွေထဲမှာ ကောင်းမွန်နဲ့ပဲတွေနဲ့ အစင်းကြားနဲ့ ပဲကြားတွေ ရောနှောပါနေတယ်။ ပဲကြားဘယ်နှစ်ရာခိုင်နှုန်းပါသလဲဆိုတာသိဖို့ ပဲလက်တစ်ဆုပ်ယူလိုက်ပြီး ရေတွက်ကြည့်လိုက်ရင် ရာခိုင်နှုန်းတစ်ခုရတာပဲ။ ပဲကြားနဲ့ ပဲ ရာခိုင်နှုန်းကို အဲသလို တွက်ရင် မှန်ချင်မှမှန်မယ်။ ဘာလို့လည်းဆိုတော့ စုစုပေါင်းအရေအတွက်က တန်ငါးရာလောက်ဖြစ်ရင်ဖြစ်မယ်။ အဲဒီမှာမှ ပဲနဲ့ပဲကြားက အချိုးမျှမျှရောနေမလားဆိုတာ မသိနိုင်ဘူး။ အချိုးမျှရင်တော့ လက်တစ်ဆုပ်စာပမာဏရဲ့ ရာခိုင်နှုန်းဟာ တကယ့်အဖြေမှန်နဲ့နီးစပ်တယ်။ မဟုတ်ရင်တော်တော်ဝေးကုန်တယ်။ အနာဂါမ်ဆရာသက်ကြီးဆိုတာ ပျော်ဘွယ်ကြီးမှာနေတယ်။ ပျော်ဘွယ်ကြီးမှာ နေတဲ့လူတစ်ယောက်မှမတွေ့ဘူးဘဲ၊ ဆရာသက်ကြီးကိုပဲတွေ့ဖူးတဲ့သူက ပျော်ဘွယ်ကြီးမှာ ၁၀၀ ရာခိုင်နှုန်း အနာဂါမ်တွေလို့ပြောတာလည်း sampling result ကိုပြောတာဆိုရင် မှန်တယ်။ အဲဒါမျိုးကို ဘယ်လိုခေါ်သလဲဆိုတော့ မတိကျလွန်းလို့ တိုင်းတာတာနဲ့ မတိုင်းတာတာနဲ့ မထူးတဲ့ရလဒ်တွေလို့ခေါ်တယ်။ စာရင်းအင်းမှာတော့ အဲဒါကို မသိရင် အညာခံကြရတယ်။ sampling result ကို တစ်သက်လုံးမှတ်မိနေဖို့ ကျွန်တော်ဖတ်ဖူးတဲ့ ယုန်သားဟော့ဒေါ့ခ်ဆိုင်လေးကို မျှလိုက်ပါတယ်။
ယုန်သားဟော့ဒေါ့ခ်ဆိုင်
ယုန်သားဟော့ဒေါ့ခ်စစ်စစ်တွေကို ဘာလို့ဈေးသက်သက်သာသာနဲ့ရောင်းနိုင်တာလဲဆိုတော့ ဆိုင်ရှင်ကဖြေတယ်။ ယုန်သားသက်သက်နဲ့တော့ ဒီလောက်ဘယ်ဈေးပေါမလဲ။ ယုန်နဲ့မြင်းသားရောတာပါတဲ့။ ၅၀ ရာခိုင်နှုန်းစီအတိအကျရောတယ်တဲ့။ငါးဆယ်ရာခိုင်နှုန်းရောလည်း ဒီဈေးနဲ့ဘယ်လိုရမလဲ။ ဘယ်လို ၅၀ ရာခိုင်နှုန်းလည်းဆိုတော့ ဆိုင်ရှင်ကပြန်ဖြေတယ်။ ယုန်တစ်ကောင်ဆိုရင် မြင်းတစ်ကောင်တဲ့။ အဲဒီလိုမျိုး ဆတူရောတာဆိုပဲ။
ကျွန်တော်ထင်ပါတယ်။ ခုနစ်ဆယ်ရာခိုင်နှုန်းတွက်တဲ့အထဲမှာ မြင်းသားတွေပါနေတယ်။ အဲဒါတွေကို နိုင်ငံရေးသမားတွေ မကြာမကြာ ကိုးကားသုံးတတ်တယ်။ နိုင်ငံတကာမှာသုံးပါတယ်။ နိုင်ငံရေးသမားဉာဉ်လို့ဆိုလိုတယ်။ ကောင်းတယ်၊မကောင်းဘူး မပြောလိုဘူး။ သူ့အလုပ်သူလုပ်နေတာ သင့်လျှော်ပါတယ်။
ဒီပို့စ်ရဲ့ ရည်ရွယ်ချက် သုံးခုကို တရားကိုယ်ပြန်ကောက်ရရင်တော့၊
နံပါတ်တစ်၊ အနာဂတ်ကို ဖန်တီးကြဖို့။
နံပါတ်နှစ်၊ သမ္မတ ဘယ်သူဖြစ်မလဲဆိုတာထက် ၊ နိုင်ငံကောင်းအောင် လုပ်မယ့်သူကို အားတက်သရောထောက်ခံကြဖို့။
နံပါတ်သုံး၊ သတင်းတစ်ခုကို ခြေခြေမြစ်မြစ်နားလည်ကြဖို့ပါပဲ။
ဘယ်သူ့ဘယ်သူကိုယ်မှ ဆရာမလုပ်သလို၊ ဘယ်သူ့ဘယ်သူကိုမှလည်း တပည့်မခံလိုပါဘူး။ ကိုယ့်ဘဝမှာ ကိုယ့်လမ်းကိုယ် ပျော်ပျော်ရွှင်ရွှင် ငြိမ်းငြိမ်းချမ်းချမ်း လျှောက်ပါတယ်။ အားလုံးလည်း နိုင်ငံရေးသားကောင်မဖြစ်စေဘဲ၊ ထက်မြက်ပြီး ပြည့်ဝတဲ့ ဒီမိုကရေစီ နိုင်ငံသားကောင်းများဖြစ်အောင် ကြိုးစားတည်ဆောက်နိုင်ကြပါစေ။ ပျော်ရွှင်တဲ့လမ်းကို ရွေးချယ်ပြီး တည်တည်ငြိမ်ငြိမ် လျှောက်လှမ်းသွားနိုင်ပါစေ။ သတင်းတွေကြောင့် တုန်လှုပ်တဲ့သူမဖြစ်ကြပါနဲ့။ ဆိုလိုရင်းကို ထိထိမိမိသိပြီး၊ ခိုင်ခိုင်မာမာ သတင်းဖြစ်မှ မျှဝေကြပါ။ ကိုယ်တိုင်လည်း အသိဉာဏ်တရား၊ ဆင်ခြင်တုံတရားနဲ့ပြည့်ဝမှ ကိုယ့်နိုင်ငံလည်း အသိတရားပြည့်ဝတဲ့ လူမျိုးတွေရဲ့ နိုင်ငံဖြစ်လာမယ်လို့ ယုံကြည်ပါတယ်။
တော်သေးပြီ။
Regards,
စာရင်းအင်းလေ့လာနေသူ လူလတ်လေးတစ်ဦး။
Z
Peace B with U.