မော်ဒန် မရဏ ဋီကာ
အဖိုးနည်းဝန်ပါ ဝန်ဆောင်မှုများစွာဖြင့် ကြိုလင့်လျှက်ရှိသော မာကျောကျစ်လျစ် ထုပ်တန်းတွင် အခိုင်အမာအခြေချထားသော ဆွဲကြိုးတစ်ချောင်း၏ ပိရိသေသပ်မှုမျိုးကို ကျွန်တော်တို့ပြန်ရနိုင်ပါ့မလား။ သံချေးအထပ်ထပ် တက်နေတဲ့ သွပ်ပြားဟာ ရန်ကုန်မြို့တော်ကို နာဂစ်မတိုင်ခင်ကာလတစ်ခုအထိ လုံခြုံမှုပေးခဲ့သေးသည်။ ဆက်သွယ်မှုဧရိယာပြင်ပတွင် အသက် ၃၅ နှစ်အထိ နေထိုင်သွားမည်ဟုစိတ်ကူးမိသေးသော်လည်း ထိုစိတ်ကူးသည် စိတ်ကူးထက်ခိုင်မာနေသည်။ ရောင်းမကောင်းလှသော အဖြူရောင်များကိုသာ ကျွန်တော်လျှော်ဖွပ်ပါရစေ။
မဲတူကိုသတိရသည်။ မဲတူသည်ကျွန်တော့်သူငယ်ချင်းမဖြစ်သည်။ သူသည် အတန်းထဲတွင် ဆိုးသည်ဟုကျော်ကြားသည်။ ၅ တန်းတွင်ရည်းစားထားပြီး ၈ တန်းတွင် ကောင်လေးတစ်ယောက်နှင့်လိုက်ပြေးသလိုဖြစ်သည်။ မိဘကိုဆန့်ကျင်ရာမှ လမ်းမှားသွားခြင်းဖြစ်ပုံရသည်။ မဲတူသူငယ်ချင်း၊ ကျွန်တော့်သူငယ်ချင်း ဆရာဝန်မ၏ အပြောအရ မဲတူတွင် သေလောက်သော ကင်ဆာရောဂါရှိနေပြီဟု ၂၀၀၄ ကသိလိုက်ရသည်။ တကယ့်အဖြစ်အပျက်များကို ကျွန်တော်ပိုသဘောကျနေသည်။ကျနော့်မျက်ရည်တွေဟာအစစ်တွေဟူသော စာတစ်ပုဒ်တွင် တကယ့်အဖြစ်အပျက်များကို ကျွန်တော်ထည့်ရေးနေမိသည်။ တကယ်သေဆုံးခြင်းသည် အရသာတစ်မျိုးရှိပုံရသည်။
ဦးခင်မောင်ရီသည် ကျွန်တော့်မိခင်၏ သူငယ်ချင်းဖြစ်သည်။ ဝန်ကြီးများရုံး စီမံကိန်းရေးဆွဲရေးဌာနတွင် လုပ်ကိုင်သည်။ မျိုးရိုးလိုက်သော စိတ်ရောဂါတစ်မျိုးရှိသည်။ ပညာချွန်သည်။ သူ့ထံမှ သွေးသောက်မဂ္ဂဇင်းများ ကျွန်တော်ငှားဖတ်ခဲ့ဖူးသည်။ ကျွန်တော်တို့ညီအကိုကို သူချစ်သည်။ ကျွန်တော်ရှစ်တန်းနှစ်တွင် ဦးခင်မောင်ရီ ရုံးမလာတော့ဘူးဟု အမေကပြောသည်။ သူတို့ရဲကိုသတင်းပို့ကြသည်။ အေးခဲတောင့်တင်းစွာ သေနေသော သူ့အလောင်းကို တွေ့ရှိရသည်ဟုဆိုသည်။ ဦးခင်မောင်ရီတွင် စိတ်ရောဂါရှိသည်။ မျိုးရိုးလိုက်သည်ဟုသိရသည်။ အထူးပြုပြောလို၍ ထပ်ခါတလဲလဲပြောနေခြင်းဖြစ်သည်။ ဦးခင်မောင်ရီတွင် သွေးသောက်မဂ္ဂဇင်းစာအုပ်များရှိခဲ့ပြီး ကြောင်စီစီနိုင်သော်လည်း ဖော်ရွေသောအပြုံးရှိသည်။ တစ်နေ့နေ့တုန်းကတော့ လက်ဖက်ရည်သွားသောက်ကြရအောင်ဟု သူ ကျွန်တော့်ကို ခေါ်ခဲ့ဖူးသည်။ သူ့မျက်မှန်သည်အထူကြီးဖြစ်သည်။ သူသည် စာရင်းဇယားနိုင်နင်းပုံရသည်။ အမေ့ကိုလည်း ခင်သည်။
ဦးသန်းရွှေသည် ကျနော်တို့ရပ်ကွက်မှဖြစ်သည်။ အန်တီမာဂရက်၏ ယောကျာ်းဖြစ်သည်။ ရုံးဝန်ထမ်းပင်ဖြစ်သည်။ မူးတယ်မူးတယ်ဟုဆိုကာ လှေကားမှပြုတ်ကျသော် ဦးနှောက်သွေးကြောပြတ်ပြီးသားဖြစ်လေသည်။ သေခြင်းတရားသည် လှေကားအဆင်းနှင့်အတူပါလာတတ်သည်ဟုကျွန်တော်ထင်သည်။ အသုဘမှမုန့်ဟင်းခါးစားတိုင်း ကျွန်တော်အန်သည်။ မသာမယာရှိသာ မသာကို ကျွန်တော်မကြည့်ရဲ။ သေနေသည်မှာ ရှင်နေသည်နှင့်မတူဟုထင်သည်။ သို့သော် ဦးသန်းရွှေသေသွားသည်။
ဒေါ်ဌေးမြင့်သည် ကျွန်တော်၏ ယောက္ခမဖြစ်သည်။ အုန်းနို့ခေါက်ဆွဲချက်တော်သည်ဟုဆိုသည်။ မော်လမြိုင်သူဖြစ်သည်။ အလှူတွင် အုန်းနို့ခေါက်ဆွဲချက်ကျွေးသည်။ သွေးတိုးရှိသူ အဘတစ်ယောက် လာသော် အဘမတည့်ရင် နည်းနည်းစားဟုဆိုသော် ထိုအဘက ဆေးသောက်လိုက်ရင်ရတယ်ဟုဆိုကာ နှစ်ပွဲတွတ်သွားသည်။ နောက်တစ်နေ့ အုန်းနို့ခေါက်ဆွဲကောင်းမှုဖြင့် နတ်ရွာလားသွားသည်ဟုသိရသည်။ သေခြင်းတရားသည်အုန်းနို့ခေါက်ဆွဲတစ်ပွဲစာအကွာအဝေးတွင်ရှိလေသည်။
ဦးအောင်ကျော်သိန်းသည် ကျွန်တော်တို့ ဘေးအိမ်တွင်နေထိုင်သည်။ အငြိမ်းစားဖြစ်သည်။ ဆေးပေါင်းခသည့်ညတွင် ကျွန်တော်တို့ လမ်းလုပ်အားပေးအဖွဲ့ ပျော်ပွဲရွှင်ပွဲအဖြစ် အရက်အနည်းငယ်၊ ဘီယာအနည်းငယ်၊ စားသောက်ဖဖွယ်အနည်းငယ်ဖြင့် ပျော်လိုက်ကြသည်။ ဦးအောင်ကျော်သိန်းအရက်နှစ်ခွက်ခန့်သောက်သည်။ မသောက်တာကြာပြီဟုဆိုသည်။ ထိုအချိန်မှစ၍ နေမကောင်းသလိုလိုဖြစ်သည်။ လအတန်ကြာဆေးကုသသည်။ ဆေးရုံတစ်ရုံမှ တစ်ရုံပြောင်းသည်။ နောက်ဆုံး ပင်လုံသို့ရောက်သည်။ ပင်လုံဆေးရုံကြမှ ရောဂါကို မှန်မှန်ကန်ကန် အမည်ဖော်နိုင်သည်။ ထို့နောက်သူကွယ်လွန်သွားသည်။ သေခြင်းတရားသည် ရောဂါအမည်သိရှိပြီးနောက်သိပ်မကြာခင် လိုက်လာတတ်သော နောက်လိုက်ကောင်းဖြစ်ပုံရသည်။
အေးမင်းသည် ကျွန်တော်၏ အကိုဝမ်းကွဲဖြစ်သည်။ တောသားဖြစ်သည်။ အင်မတန် ထုံသည်။ အင်မတန်အေးသည်။ ၉ တန်းကျောင်းသားဖြစ်သည်။ နောက်တော့ အဖော်ကောင်းရလာသည်။ ယုကိုဝင်းဟုခေါ်သည်။ ချမ်းသာသည်။ ဆေးစွဲသည်။ နောက်တော့ သူငယ်ချင်းကောင်းအေးမင်းပါ ဆေးစွဲလေသည်။ ဖြတ်မည်ဟု စိတ်ကူးသည်။ နောက်တော့ မဖြတ်ခင်တွင် ဘဝတစ်ပါးသို့ကူးပြောင်းသွားသည်။ အေးမင်းမိဘများမှာ တစ်ဦးတည်းသော သားအတွက် ရင်ကွဲပက်လက်ဇြစ်ကျန်ခဲ့သည်။ သေခြင်းတရားသည် ဂငယ်ကွေ့ကွေ့မည်ကို ကြိုက်ပုံမရချေ။
အန်တီ။ အန်တီ့နာမည်ကို ကျွန်တော်မမှတ်မိပါ။ သန်လျင်ကျောင်းမှ ဂျူနီယာဖြစ်သော ကြည်လင်းအောင်၏ မိခင်ဖြစ်သည်။ ကင်ဆာရောဂါဖြင့် ဆေးရုံတက်နေရသည်။ ရွှေဂုံတိုင်ဆေးရုံတွင်ဖြစ်သည်။ ကျွန်တော်ရောက်သွားသည်။ ထိုစဉ်က ကျွန်တော်သည် ခရစ်ယာန်ထုံးစံကို အင်မတန်မှ သဘောကျသူဖြစ်လေရာ လူမမာမေးရန် ဖင့် နွှဲ့လေ့မရှိ။ သွားရောက်ကာ ဆုတောင်းပေးသည်။ ဝါသနာဖြစ်ပုံရသည်။ ကျွန်တော်သည် သေဆုံးခါနီးလူများကို ကြည့် လိုက်သည်နှင့် အချိန်ကြာကြာမနေရဟု သဘောပေါက်လာလေ့ရှိသော အလိုလိုသိစိတ်ရှိသည်။ အန်တီ အေးအေးချမ်းချမ်း အသက်ဆုံးသွားနိုင်ရန် ဆန္ဒရှိမိသည်။ အန်တီကလည်းမခေချေ။ ဝိပဿနာတရားကို အထုံပါအောင်ပွားထားသူဖြစ်လေရာ အေးချမ်းသော စိတ်အထာဖြင့်သာ နောက်ဆုံးအချိန်အနည်းငယ်ကို ကုန်ဆုံးသွားသည်။ နောက်တစ်နေ့တွင် အန်တီဆုံးသွားသည်။ ကျွန်တော်တို့လာတုန်းက မှိန်းနေသော်လည်း ကျွန်တော်တို့ကို တွေ့လိုက်သည်ဟု ပြန်ပြောပြသည်။ ငြိမ်းချမ်းစွာထွက်ခွာသွားသူများကို ကျွန်တော်သဘောကျမိသည်။ သေခြင်းတရားသည် မကြောက်လန့်သူကို မခြောက်လှန့်နိုင်ဟု ယူဆမိသည်။
ဦးဝင်းမြင့်။ ဦးဝင်းမြင့်သည် အဖေ့ငယ်သူငယ်ချင်းဖြစ်သည်။ သူသည် သူ့သူငယ်ချင်း ကျွန်တော့်အဖေ၏သားများ ၁၀ တန်းအောင်သည့်တိုင် လူပျိုကြီးဘဝဖြင့် အရိုးထုတ်သည်။ ဧရာဝတီမြစ်ကူးတံတားဆောက်ရာမှ လူပျိုအင်ဂျင်နီယာကြီး ဂျူနီယာ ဝန်ထမ်းနှင့် မေတ္တာမျှလေသည်။ ညောင်တုန်းတံတားဖူးစာဟုဆိုနိုင်သည်။ ငှက်ပျောခြောက်ကျော်များ တစ်ယောက်တစ်ဖဲ့စားရင်းကြည်နူးနေနိုင်သည်ဟုပင်တွေးမိသည်။ အသက်ကြီးမှ ပေါက်သော ဝက်သက်သည်ဆိုးသည်ဟုကြားဖူးသည်။ ဦးဝင်းမြင့် အိမ်ထောင်ပြုသွားသည်။ ထို့နောက် နှစ်အနည်းငယ်တွင် ဆုံးသွားသည်။ သေခြင်းတရားသည် ချစ်ခြင်းတရား၏ နောက်တွဲပမာ ကပ်လျက်ခိုတွယ်လိုက်နေခြင်းမျိုးဖြစ်လိမ့်မည်ဟု ကျွန်တော်တွေးမိသည်။
ဦးနှုတ်ခမ်းမွှေး။ ဦးနှုတ်ခမ်းမွှေးသည် ကြက်တောင်ဝါသနာအိုး သင်္ဘောသားဖြစ်သည်။ ကျွန်တော်တို့ရပ်ကွက်ထဲမှပင်ဖြစ်သည်။ အဖေ့သူငယ်ချင်းလည်းဖြစ်သည်။ သင်္ဘောကပြန်လာရင် ကြက်တောင်ရိုက်ဖို့သာ စိတ်ဝင်စားပုံရသည်။ ကြက်တောင်ရိုက်ရင်း smash ဆွဲပြီး ပြုတ်ကျသွားပြီး အသက်ပါသွားသည်။ သူရိုက်ခဲ့သော ကြက်တောင်ပွဲများအနက် ဂုဏ်ယူစရာ အင်မတန်ကောင်းသော ကြက်တောင်ပွဲဟုကျွန်တော်ထင်သည်။ ထိုသတင်းကြားပြီးချိန်မှစ၍ ကျွန်တော်ကြက်တောင်မရိုက်ဖြစ်တော့ပါ။
တောင်ဥက္ကလာကျောင်းကားပေါ်က ကောင်မလေး။ သူမသည် တောင် ဥက္ကလာကျောင်းကားစီးသည်။ သူ့ကောင်လေးသည် သုဝဏ္ဏကျောင်းကားစီးသည်။ သန်လျင် ဂျီတီစီမှ ကျွန်တော့် ဂျူနီယာများဖြစ်သည်။ သာကေတ ကျောက်တိုင်တွင် သုဝဏ္ဏကျောင်းကားရပ်လေ့ရှိသည်။ ထိုမှတ်တိုင်တွင် ကားပြောင်းစီးသူတစ်ချို့ရှိတတ်သည်။ အထူးသဖြင့် စုံတွဲများ ကျောင်းအတူသွားလို၍ဖြစ်သည်။ သုဝဏ္ဏကျောင်းကားနှစ်စီးရှိသည်။ ထိုအချိန်က တစ်စီးမှာ တံခါးပေါက်သည် ညာဘက်မှာရှိသည်။ ထို့ကြောင့်ကားရှေ့မှတစ်ပတ်ပတ်ပြီး တက်ရသည်။ တစ်နေ့တွင် ကောင်မလေးက ထုံးစံအတိုင်း ကျောင်းကားပြောင်းစီးသည်။ ကားပေါ်တက်ရန် ကားရှေ့မှပတ်အထွက် အရှိန်ဖြင့်မောင်းလာသော တခြားကားတစ်စီးနှင့်တိုက်မိသည်။ ပွဲချင်းပြီးဆုံးသွားသည်။ သေခြင်းတရားသည် ကျွန်တော်မစီးမိလိုက်သော ဒုတိယကျောင်းကား၏ အနီးတွင် ဖြစ်ပေါ်တောက်လောင်သွားခဲ့ဖူးသည်။
သေခြင်းတရား၏ အနီးကပ်တွင် ရှင်သန်နေထိုင်ရုံမျှ ကျယ်ဝန်းနေသေးသော ဖြစ်တည်မှု အစဉ်တန်း၏ ခဏမစဲပြတ်ခြင်း၊ အစိုးမရသော သဘာဝ၏ ပြက်ပြက်ထင်ထင် သူ့သဘောသူဆောင်ခြင်း၊ တားဆီးမရနိုင်သော၊တည်မြဲခြင်းမရှိသော၊ နှစ်လိုတပ်မက်ဖွယ် တစ်စိုးတစ်စိမှမရှိသော ခန္ဓာ၏ ဓမ္မတေးသည် ရိုးရှင်းလင်းပွင့်လွန်းသည်။ သေခြင်းတရားအစုအဖွဲ့မှနေ၍ ရှင်သန်ခြင်းဟုထင်မှတ်မှားစေသော မောဟအစေး၏ ကပ်ငြိနှောင်ဖွဲ့ခြင်းကင်းသော၊ ဝိမုတ္တိ၏ ချိုလွင်သော၊ သိင်္ဂါရ၏ လှပသော၊ ဓမ္မ၏ တည်ငြိမ်အေးစိမ့်သော၊ သင်္ခါရတရား၏ အကြောင်းကင်း၍မဖြစ်ကုန်သောနေ့ရက်များ၊ စက္ကန့်နာရီများမှ တတိတိ လျှော့နည်းလာသော၊ တရွေ့ရွှေ့နီးကပ်လာသော၊ တလှပ်လှပ် ကျဆင်းနိမ့်ဆင်းလာသော၊ ဇီဝနာရီ၏ လက်တံများရှိရာသို့ တည်ကြည်စွာမျက်နှာမူ၍ ....... နောက်ဆုံးထွက်သက်၏ ရှေ့ နှစ်စက္ကန့်အကွာတွင် ကြည်လင်ရွှင်လန်းသော တေးသွားကို လေချွန်လျှက် .................။ ။
Regards,
Z
နောက်ဆက်တွဲလက်ကျန်။
(ကျွန်တော် အခုအထိတော့မသေသေးဘူး။ တစ်ချိန်မှာတော့ သေလိမ့်မယ်။ အဲဒီအခါကြရင် ဘယ်လိုသေရင်ကောင်းမလဲစဉ်းစားနေမိတယ်။ ကွန့်မြူးတီထွင်တဲ့ရဟန်းတာတစ်ပါးကတော့ catwalk လျှောက်သလို ကွက်တိစင်္ကြံလျှောက်ရင်း သူ့တပည့်တွေကို စတိုင်ကျကျ ခန္ဓာစွန့်ပြသွားဖူးတယ်။ (ဒီစည်းကို အရောက်၊ ငါလည်း ခန္ဓာအစွန့်ဆိုတာမျိုးပေါ့)။ ဗုဒ္ဓနာမည်ဆိုးဆိုးပေးသွားတဲ့ သားတော်ရာဟုလာဟာ ရှင်အာနန္ဒာငိုနေမှာစိုးတာနဲ့ နတ်ပြည်မှာ ခန္ဓာဝန်ချသွားတယ်လို့ဆိုတယ်။ (နတ်ပြည်ရောက်တဲ့အခါကြည့်ခဲ့ကြပါ။ အဲဒီမှာ ရှင်ရာဟုလာရဲ့ဓာတ်တော်စေတီရှိတယ်။)။ သာမန်လူသေတာကတော့ ခန္ဓာဝန်ချသလို ပျော်စရာကိစ္စ၊ ဝမ်းမြောက်စရာကိစ္စမဟုတ်ဘူး။ ဒီဘဝမှာ ဝဋ်ကြွေးရှိသလောက်ခံပြီးလို့၊ နောက်တစ်ဘဝကို အနှိပ်စက်ခံဖို့ ဆက်လက်ထွက်သွားတာပဲ။ အနာဂမ်ဖြစ်မှပဲ မျက်ရည်ကုန်တယ်လို့ဆိုတယ်။ ဆိုလိုချင်တာကတော့ သကဒါဂမ်အထိ ငိုလို့ကောင်းတုန်းနေမယ်ထင်တယ်။ ချစ်တဲ့သူနဲ့ပဲဖြစ်ဖြစ်၊ မချစ်တဲ့လူနဲ့ပဲဖြစ်ဖြစ်၊ ဒီဘဝမှာ သေပြီဆိုရင် မတွေ့ရတော့ဘူး။ အပြန်အလှန်အားဖြင့် မတွေ့ရတော့ဘူးဆိုရင် သေပြီလို့ဆိုနိုင်တယ်။ ယာယီသေသွားပြီလို့ ပိုပြီးတိတိကျကျဆိုနိုင်တယ်။ သေတယ်ဆိုတာ နောက်စိတ်မဖြစ်တော့တာဆိုရင် နောက်စိတ်မှာ သတိရတဲ့စိတ်မရှိတော့ရင် အဲဒီလူသေပြီ။ စိတ်ထဲမှာကျန်နေသေးရင် မသေသေးဘူး။ အသက်မရှူတော့ပေမယ့် ရှင်နေသေးတဲ့သူနဲ့ အသက်ရှူနေသေးပေမယ့် သေသွားတဲ့သူတွေ ...၊ ဒါကို စိတ်ကပဲပိုင်းဖြတ်တယ်။ မတွယ်တာတဲ့စိတ်၊ တည်ငြိမ်ပြီး အေးချမ်းတဲ့စိတ်နဲ့သေဖို့ စက္ကန့်မလပ် မောဟဝင်ပေါက်မရှိအောင် သတိနဲ့စောင့်ကြပ်ပြီး ကိုယ့်အသေလှအောင် ကြိုးစားကြရမယ်ထင်ပါတယ်။
သေတယ်ဆိုတာမဆန်းဘူးဆိုတာကို ကျွန်တော်ပြန်တွေးကြည့်တာပဲ။ အနားမှာ သေသွားတဲ့သူတွေကို စာရင်းပြုကြည့်တော့ အသက်ကြီးလာလေ၊ စာရင်းကရှည်လာလေပဲ။ မရဏနုဿတိဆိုတာ ထူးထူးခြားခြားပွားနေစရာမလိုဘူး။ သေတတ်တဲ့သူတွေ သေကုန်တာကို သိနေရင်ရတာပဲ။ သေသွားတဲ့သူတွေမှာ မသေဘဲကျန်ခဲ့တဲ့ အိမ်မက်တွေအများကြီးရှိတာပေါ့။ )
Peace B with U.