Wednesday, May 30, 2012

တိမ်ရောင်စုံ လက်သည်းများ။

တိမ်ရောင်စုံ လက်သည်းများ။

မြို့။

စမ်းချောင်းလေးရစ်ခွေပတ်စီးနေသည့် မြို့ငယ်လေး။
မြှိုလေးရဲ့တောင်းကုန်းမို့မို့လေးတွင် ထီးတည်းပေါက်ရောက်နေသော ကုက္ကိုလ်ပင်ကြီးတစ်ပင်။
မြင်နေရသော မြို့ကလေး၏ တိတ်ဆိတ်မှု၊
ကြောင်ကလေးများ အိပ်စက်နေသည်။
အိပ်စက်နေသည်ဟုထင်ရသည်။
မျက်လွှာချထားသည်။
နေစာလှုံနေသည်လည်းဖြစ်နိုင်သည်။
အလင်းရောင်၏ စူးရှမှုကို မနှစ်သက်သောကြောင်ကလေးများ၊
အနွေးဓာတ်ကို နှစ်သက်နေသည်။
ချစ်သောနွေးထွေးမှုနှင့် မုန်းတီးစရာစူးရှရှနေရောင်ခြည်၊ ချစ်သောသူနှင့် မုန်းတီးစရာ စူးရှရှ အရာများ၊ မျက်စိမှိတ်ထားရင်း ဆက်ချစ်နိုင်မလား သူမသေချာ။ မြို့တစ်မြို့အနေဖြင့် မျက်စိမှိတ်ချစ်ရမည့်အရာများ များပြားလွန်းနေသည်။ ကြောင်လေးများကို ငုံ့ကြည့်ရင်း သူ သင်ယူနေမိသည်။ မျက်စိမှိတ်ထားသော ကြောင်လေးများ၊ ချစ်သော အနွေးဓာတ်ဖြင့် နွေးထွေးနေသောကြောင်လေးများ၊ …. သူသင်ယူနေမိသည်။ ချစ်နေသည့်အရာကို မချစ်သော အရာများထဲမှ သန့်စင်ဖယ်ရှား၍ ချစ်ခင်နိုင်မည်လား။ မြို့ကလေး သက်ပြင်းဖျော့ဖျော့ မှုတ်ထုတ်လိုက်မိသည်။



လိုအပ်ချက်

သူမ ဆေးရုံတစ်ရုံလိုအပ်စဉ်တွင် သူ ကာစီနိုရုံတစ်ရုံလက်ဆောင်ပေးခဲ့သည်။ ထိုအချိန်မှစ၍ နားလည်မှုဆိုသောအရာသည် သူမနှင့် လူသားများကြားတွင် လိုင်းမမိသော ဆက်သွယ်ရေးစနစ်ဆန်ခဲ့သည်။ တိမ်တိုက်များကို မော့ကြည့်လိုက်တော့ လူများ၏ နီယွန်မီးရောင်များ ဖြင့် အရိပ်ထင်နေသည်။ သူသည် တိတ်ဆိတ်သော မြို့ငယ်လေးသာဖြစ်သည်။ သူသည် တစ်ခုခု အထိတ်တလန့်တောင်းဆိုတတ်သူမျိုးလည်းမဟုတ်ခဲ့ပါ။ ဘာမဆို လက်ခံလိုက်၊ သည်းခံလိုက်ပါဆိုသည့် အယူအဆများဖြင့် လူလားမြောက်လာသော သူ့အတွက် မတူညီမှုများသည် ဆက်ထုံးများဖြစ်ပါသည်။ တောင်းဆိုမှရသောအရာများကို မုန်းတီးသူနှင့် တောင်းဆိုမှပေးမည်ဆိုသောသူများ တွေ့ဆုံသည့်အခါတိုင်းတွင် ဆက်ထုံးအသစ်များတိုးပွားလာတတ်သည်။ ထိုအရာသည် သဘာဝတရားဖြစ်သည်။ လျော့ထားသော ကြိုးလေးကို မည်မျှအထိ တင်းအောင် ချိန်ညှိနိုင်မည်နည်း။ ညီညာစွာ တင်းမာနေသော ကြိုးများမှ ဂီတကို မည်သူရှာဖွေနိုင်မည်နည်း။ ကြိုးများသည် ဂီတနှင့်ဝေးရာတွင် ပျော့ပြောင်းစွာ လျော့ထားသင့်သော အရာများဖြစ်ပါသည်။ ပျော့ပြောင်းမှုသည် ကြိုးများ၏ လိုအပ်ချက်ဖြစ်မည်ထင်သည်။ သူသည် တင်းလွန်းကြိုးများကို လေ့လာနေသော မြို့ကလေးတစ်မြို့သာဖြစ်ပါသည်။


ဂီတ

သူသည် ဂီတသမားတစ်ဦး၏ မိတ်ဆွေဖြစ်ပါသည်။ ဂီတသမားလေးမှာ အသက် ၇ နှစ်အရွယ်ကောင်ကလေးဖြစ်သည်။ ကောင်ငယ်လေးသည် တောင်ကုန်းမို့မို့လေးပေါ်တွင် သူ့တယောလေးကို အိတ်ထဲမှထုတ်၍ သာယာညင်းပျောင်းသော ဂီတတို့ကို လေ့ကျင့်နေတတ်သည်။ ကောင်ငယ်လေး၏ မျက်လုံးများသည် စူးရှငြိမ်သက်နေသည်။ သူ့ အနုပညာကို သူနားလည်သည့် မျက်လုံးများဖြစ်သည်။ ကောင်ငယ်လေးနှင့်အတူ ကြောင်နက်လေးတစ်ကောင် ပါလာတတ်သည်။ သူတို့နှစ်ယောက်မှာ မိတ်ဆွေများဖြစ်ပုံရသည်။ ကြောင်ကလေးသည် တယောထိုးနေသော ကောင်ကလေးကို ငေးကြည့်နေတတ်သည်။ မြို့ကလေးတွင် တကယ်နေထိုင်သော ကောင်ကလေး၊ ကြောင်နက်လေးနှင့် တယောလေးတစ်လက်ကို သူခင်မင်နေမိသည်။

မြို့တော်ဝန်

မြို့ကလေးအတွက်တော့ သူသည် ရယ်စရာသတ္တဝါသာဖြစ်သည်။ မပိုင်ဆိုင်သောအရာကို ပိုင်ဆိုင်သည်ဟု ထင်မှတ်သွားစေသော အာဏာနှင့် လုပ်ပိုင်ခွင့်ဆိုသည်များကို လူသားတို့ နားမလည်ကြသေးပါ။ ကြောင်ကလေးများ၏ စကားဝိုင်းတွင်လည်း မြို့တော်ဝန်သည် ဟာသတစ်ပုဒ်ဖြစ်သည်။ သူ့ငါးနှစ်သက်တမ်းအတွင်း မြို့ကလေးကို ရုပ်ဝတ္ထုပစ္စည်း ဖွံ့ဖြိုးတိုးတက်အောင် စွမ်းစွမ်းတမံလုပ်သွားမည်ဟု မဲဆွယ်စဉ်က မြို့သားများထောက်ခံသလောက် ကြောင်ကလေးများမှာ ရယ်၍မဆုံးခဲ့။ ရှေ့စက္ကန့်အနည်းငယ်ကို မသိသော လူသားများသည် အနာဂတ်ကိုလည်း ပိုင်ဆိုင်သည် ထင်နေကြသေးသည်။ မြို့တော်ဝန်သည် မြို့ကလေးကို သူပိုင်ဆိုင်သော ရုပ်ဝတ္ထုတစ်ခုလိုကြည့်ရှူသည်။ ရှေ့ဘက် အခြမ်းကို ဘယ်စီမံကိန်းလုပ်မည်။ တောင်ဘက်တွင် စက်ရုံတစ်ခုတည်ဆောက်မည်။ သစ်တောအချို့ကို ခုတ်ထွင်ရှင်းလင်းပစ်ရမည်။ မြို့တော်ဝန်သည် သနားစရာကောင်းလောက်အောင် ကိစ္စများသူလည်းဖြစ်သည်။ မြို့တော်ဝန်အိမ်မှ ကြောင်ကလေးတစ်ကောင် ခြေဦးတည့်ရာထွက်သွားနေသည်ကို မြို့ကလေးတွေ့နေရသည်။ လောကတွင် စွန့်ခွာသွားမှန်းမသိလောက်အောင် အလုပ်များသူများလည်းရှိနေပါလားဟု တွေးမိသည်။

ဈာပန

ထိုမျှငိုကြွေးရန်လိုအပ်သော ဘုံကို ဒုလ္လဘဟု သင်မှတ်ယူနိုင်ပါရဲ့လား။
သေဆုံးသူများ၊
ရှင်လျက် ဝေးသူများ၊
သေလျက် ဝေးသူများ၊
အကွာအဝေးဆိုင်ရာပုစ္ဆာများ၊
လွမ်းဆွတ်ခြင်းဟာ
ရပ်နေသူနဲ့ ထွက်သွားသူကြားက စိတ်အကွာအဝေးတစ်ခုပဲလား။ မြို့ကလေးတွင် ထိုနေ့ တစ်နေ့လုံး တိတ်ဆိတ်နေသည်။ မြို့ကလေးကလည်း တိတ်ဆိတ်နေသည်။ မြို့ကလေးကိုလည်း တိတ်ဆိတ်နေစေသည်။ မြို့ကလေး၏ အစွန်အဖျား ဘုံဆိုင်အတွင်းမှ အသံတိတ်ငိုနေသူတစ်ယောက်၏ မျက်လုံးများကို ပန်းချီဆရာမတစ်ယောက် ခိုးယူသွားသည်။

ချစ်သူများ

သူတို့တွေဟာ ချိုသော စတော်ဘယ်ရီလေးတစ်လုံးကို မျှဝေစားသောက် ပြုံးပျော်ခဲ့ကြသည်။
လောကဓံလမ်းကျဉ်းရောက်တော့ တစ်ယောက်ကိုတစ်ယောက် ကန်ထုတ်လိုက်ကြပြန်သည်။

ဟေရာကလိုက်တပ်စ်

မြို့လေးရဲ့ စမ်းချောင်းလေးမှာ ရေမသန့်တော့ဘူးလို့ စပြီးပြောခဲ့တာသူပဲ။ မြို့တော်ဝန်ရဲ့ စီမံကိန်းတစ်ခုဖြစ်တဲ့ ချည်မျှင်လုပ်ငန်းက တားမြစ်ထားတဲ့ ဓာတုဆိုးဆေးတွေကို စမ်းချောင်းထဲကို စွန့်ပစ်ခဲ့တာကြောင့် ဒီလိုဖြစ်ရတာလို့ ဟေရာကလိုက်တပ်စ်ကပြောသည်။ မြို့သားတွေကတော့ ရယ်ရယ်မောမောနဲ့ ဟေရာကလိုက်တပ်စ်ရဲ့ လည်ပင်းမှာ နောက်ထပ် နို့ဆီဗူးတစ်ဗူး ချိတ်ပေးလိုက်တာတွေ့ရသည်။

ရသေ့များ

မြို့စွန်မှ ကျောင်းသင်္ခမ်းလေးတွင် ရသေ့ကြီးတစ်ပါး တရားဟောနေသည်။ 

စာသင်ကျောင်းတွေမှာသင်လိုက်တာက တစ်ခု၊ ဘဝမှာလိုအပ်တာကတခြားတစ်ခုဆိုတော့ တို့တွေမှာ ရှုပ်ထွေးမှုတွေဖြစ်လာတယ်။ အတွေးအခေါ်အားဖြင့် ပဋိပက္ခဖြစ်လာတယ်။ ဆန့်ကျင်ဘက်ဆီ သွားနေတဲ့ အယူအဆတွေဟာ ပိုဆိုးလာတယ်။ အဲဒီ ဆန့်ကျင်ဘက်တရားတွေက တို့တွေကို အပြိုင်ဆွဲခေါ်ကြတယ်။ အဲဒီတော့  ငါ့ရှင်တို့ဟာ ဟိုဘက်ရောက်တဲ့အခါရောက်၊ ဒီဘက်ရောက်တဲ့အခါရောက်နဲ့ တစ်သားတည်းဖြစ်မှုပျက်စီးသွားတယ်။ မွေးကာစမှာ ကလေးဟာ တစ်သားတည်းဖြစ်တည်နေတဲ့ ရှင်သန်တဲ့ အစုအစည်းဒြပ်ပေါင်းတစ်ခုပဲ။ ဒီလိုနဲ့နည်းနည်းလေး ကြီးပြင်းလာတဲ့အခါမှာတော့ ကလေးလေးဟာ တစ်သားတည်းဖြစ်တည်မှုပျက်လာတယ်။ အဖွဲ့အစည်းတစ်ခုဖြစ်လာတယ်။ ဖြစ်လာတဲ့အဖွဲ့အစည်းကလည်း အရူးအဖွဲ့အစည်း။ လူအုပ်ထဲရောသွားတယ်။

ဒါဟာ ငါ့ရှင်တို့ နားလည်ရမယ့်အချက်ပဲ။ ငါ့ရှင်တို့ သိထားတတ်ထားသမျှတွေဟာ တခြားသူတွေဆီက သင်ထားတဲ့အရာတွေပဲ။ သင်ထားသမျှတွေကို မေ့ပစ်လိုက်လို့ရတယ် ဆိုတဲ့ ဘဝရဲ့ အခြေခံ သစ္စာလေးတစ်ခုကိုလည်း မမေ့လျော့စေဘဲ သေချာမှတ်ထားကြပါ။  ဒါဟာသိပ်ကိုအရေးကြီးတယ် ငါ့ရှင်တို့။ တခြားသူတွေဆီက လေ့လာသင်ယူထားတာတွေဟာ ငါ့ရှင်တို့ရဲ့ ကိုယ်ပိုင်မဟုတ်ဘူး။ ဒါတွေကို ပြန်မေ့ပစ်ဖျောက်ပစ်လို့ရတယ်။ သတိဉာဏ်ဟာ အရေးအကြီးဆုံးပဲ။ တခြားလူတွေဆီက သင်ယူထားတဲ့အရာတွေကို ပြန်ဖျက်ပစ်ဖို့ သတိလိုတယ်။ သတိနဲ့ပဲ ဘဝသစ်ကို စတင်ကြရမယ်။ သညာဟောင်းတွေကိုမေ့ပစ်ရမယ်။

ဘာသာတရားတွေ သိပ်များနေတာ ဘာလို့လဲဆိုတော့ မပျော်တဲ့သူတွေ သိပ်များနေလို့ပဲ။ ပျော်ရွှင်နေတဲ့လူတစ်ယောက်ဟာ ဘာသာတရား မလိုအပ်ဘူး။ ပျော်ရွှင်နေတဲ့သူတစ်ယောက်ဟာ ဘုရားကျောင်းဆောင်မလိုအပ်ဘူး။ ဝတ်ပြုရာဌာနမလိုအပ်ဘူး။ ပျော်နေတဲ့သူအတွက် စကြဝဠာတစ်ခုလုံးဟာ ဘုရားကျောင်းဆောင်ဖြစ်နေလို့ပဲ။ ဖြစ်တည်ရှင်သန်ခြင်းဟာ ဘုရားကျောင်းပဲ။ ပျော်ရွှင်နေတဲ့သူမှာ ဘာသာတရားထုံးစံအရ လုပ်ဆောင်ရမယ့်အရာတွေ တစ်ခုမှမရှိဘူး။  သူ့ဘဝတစ်ခုလုံးဟာ သူကျင့်ကြံနေတဲ့ ဘာသာရေးကျင့်စဉ် နည်းလမ်းဖြစ်နေလို့ပဲ။

စစ်မှန်ငြိမ်းချမ်းတဲ့ ပျော်ရွှင်မှုနဲ့ ငါ့ရှင်တို့ပြုလုပ်လိုက်သမျှအရာတွေဟာ ဆုတောင်းပတ္တနာတွေပါပဲ ............။ 

ရသေ့ကြီး တရားအဆုံးမှာ ... ရသေ့ငယ်တွေ တွေးတွေးဆဆဖြစ်သွားသည်။

ကောင်းကင်


တစ်ခါတစ်ခါ ကောင်းကင်သည် လေယာဉ်ပျံများဖြင့်ရှုပ်ထွေးနေသည်။
အထူးသဖြင့် အောက်ဆီဂျင်နည်းနည်း၊ စစ်ရနံ့များများရသော အခါများတွင်ဖြစ်သည်။
တိတ်ဆိတ်သော လေယာဉ်ပျံတစ်စီး၏ ချဉ်းကပ်သံကိုလည်း ကြားရတတ်သည်။
သူ့ဝမ်းဗိုက်ထဲ ဘယ်လို အရာဝတ္ထုတွေ သယ်ဆောင်လာမည်မှန်း မြို့ကလေးအနေဖြင့် မမှန်းဆတတ်ချေ။

ကလေးငယ်များ


ကလေးငယ်များ ပျော်ရွှင်စွာ ကစားခုန်ပေါက်နေကြသည်။ သူတို့၏ မျက်နှာမှ အပြုံးများကို မြို့ကလေး ရေတွက်နေမိသည်။ လမ်းလျှောက်ရန်ကြိုးစားနေသော ကလေးငယ်များ .... ပျော်ရွှင်နေသော မိသားစုမှ ချစ်စဖွယ် ကလေးရယ်သံဖွဖွလေးများသည် ဆည်းလည်းသံပမာ။ ရက်စက်ကြမ်းကြုတ်မှုများအကြောင်း မသိနားမလည်သေးသည့်အရွယ် ကလေးငယ်များ၏ အပျော်ရွှင်ဆုံး ရယ်မောသံများ .........။ သာယာသော ကမ္ဘာ၏ သန့်စင်သော ကျက်သရေဆောင် တေးသံများ။ အလင်းတရားဖြင့်ရှင်သန်နေသော ဝိညာဉ်များ၊ ပြာစင်သော ငြိမ်းချမ်းခြင်း သင်္ကေတများ၊ မျှော်လင့်ခြင်း ပျိုးပြက်သော မနက်ဖြန်များ။


အမည်နာမ


မြို့ကလေးသည် နာမည်မျိုးစုံပိုင်ဆိုင်ခဲ့ဖူးသည်။ ကိုဆိုဗို၊ ဆာရာဂျေဗို၊ ဘဂ္ဂဒက်၊ နာကာဆာကီ၊ ဟီရိုရှီးမား .... နာမည်စုံဖြစ်ခဲ့ဖူးပြီ။ တစ်ခါတစ်ခါ သစ်ပင်စိမ်းစိမ်း ...၊ တစ်ခါတစ်ခါ သွေးအလိမ်းလိမ်း ဖြစ်ခဲ့ဖူးပြီ။ သမိုင်းသည် သူ့အတွက်တော့ စူးရှနေရောင်ခြည်သက်သက်သာဖြစ်သည်။ အချိန်မရွေးပေါက်ကွဲနိုင်သော လက်ပစ်ဗုံးတစ်လုံး မျိုချမိထားသော ကမာကောင်တစ်ကောင်သည် မြို့ကလေးပင်ဖြစ်သည်။ စိမ်းလန်းသော တောအုပ်မှ သာယာသော ဝံပုလွေအူသံ ကြားနေရသည်။

နိဂုံး



စစ်ရနံ့ဆိုးရွားစွာပါသော စစ်လေယာဉ်ပျံတစ်စီး မြို့ကလေး၏ လေပိုင်နက်အတွင်းသို့ ချဉ်းနင်းဝင်ရောက်လာသည်။ ငြိမ်းချမ်းမှု ဆိုတာ စစ်ပွဲနှစ်ခုကြားက အချိန်တိုလေးတစ်ခုပင်ဖြစ်နေမည်ထင်သည်။ ဝမ်းနည်းစိတ်ဖြင့် တုန်ယင်ညှိုးငယ်နေသော မြို့ကလေးကို သူမြင်နေရသည်။ တယော လေ့ကျင့်ခန်းကို ထပ်ပြန်တလဲလဲလေ့ကျင့်နေသော ကောင်ငယ်လေးနှင့် သူ့အဖော် ကြောင်ကလေး တောင်းကုန်းမို့မို့လေးပေါ်တွင် အပူအပင်ကင်းစွာ ရှိနေသည်။ ဂီတနှင့် ပန်းပွင့်များသည် ပြာသော ကောင်းကင်အောက်တွင် လှပစွာ ဖွဲ့တည်နေကြသည်။

စစ်လေယာဉ်၏ ဝမ်းဗိုက်ထဲတွင် ဥယျာဉ်တစ်ခု သယ်ဆောင်လာသည်ဆိုပါစို့ ...............။
ငြိမ်းချမ်းသော အပြုံးများ၊ ချိုသာသော ရယ်မောသံများ မတိတ်ဆိတ်ခင် အခိုက်အတန့်လေးမှာ အဲဒီလိုလေးပဲ ယုံကြည်ထားလိုက်ချင်သည်။ .........

နိဂုံး ၂။


အလန့်တကြားနိုးထလာသော မြို့ကလေး။ အိမ်မက်ဆိုးများဖြင့် ရွှဲစိုနေသော ဇောချွေးများ။ ကလေးငယ်များ၏ ရယ်သံများ၊ ကောင်ငယ်လေးရဲ့ တယောသံ ... အိုး ... တော်ပါသေးရဲ့။ မြို့ကလေး သက်ပြင်းရှည်တစ်ခုမှုတ်ထုတ်ရင်း ပြုံးလိုက်မိသည်။ စစ်ပွဲများဖြတ်သန်းခဲ့ဖူး၍ ကြောက်မက်ဖွယ်အတိတ်သည် သူ့နောက်ကျောကို စီးပိုး၍ ခေတ်အဆက်ဆက် လိုက်လံနေပုံရသည်။ အထူးသဖြင့် စစ်ပွဲများ ... လူများ၏ ရင်ဘတ်ထဲမှ စစ်ပွဲများ ......... လောဘနှင့်ဒေါသတို့ဖြင့် လှပကျစ်လစ်ထားသော စစ်ပွဲများ။ အမုန်းတရားဖြင့် ပေါက်ကွဲအားပြင်းစေသောစစ်ပွဲများ၊ လူသားတို့ အမြော်အမြင်ရှိရှိ မိုက်မဲထားသော စစ်ပွဲများ... စသဖြင့် စစ်ပွဲမျိုးစုံသည် လူ့ဘဝများကို မျိုးစုံပျက်သုဉ်းစေခဲ့ပြီဖြစ်သည်။

တိုးတက်ခြင်းနှင့်အတူ ဆုတ်ယုတ်လာသော လောကဓမ္မများကိုတွေးရင်း မြို့ငယ်လေး သံဝေဂရနေသည်။

နိဂုံး ၃။


စစ်ဒဏ်ကြောင့် သေဆုံးသွားသော မြို့ကလေး၏ နောက်ဆုံး သိစိတ်သည် နိဂုံး ၂ ဖြစ်ခဲ့သည်။ သူ ထပ်မံ၍ နိုးထစရာမလိုတော့သော အစစ်အမှန်လောကကို ကျွန်တော်တို့ လက်တွင် အပ်နှံ၍ သူထွက်သွားခဲ့ပြီ။ ....... မြို့ကလေး၏ နှလုံးသားဖြင့် ဆက်လက်ရှင်သန်နေထိုင်သော ကျွန်တော်တို့ .........ကမ္ဘာကြီးကို တကယ်ချစ်တတ်ပြီလား။ ကောင်းကင်ကို မော့ကြည့်လိုက်တော့ တိမ်ရောင်စုံ လက်သည်းများ ကျွန်တော့်ကို ကုတ်ခြစ်နေကြသည်။                      ။

Regards,
Zephyr
ခြေမကွဲ။

Notes:
အခုလိုရှည်ရှည်လျားလျားဝေးဝေးလံလံ ရသစာပေရေးဖြစ်တာကတော့ ကုလားကားများများကြည့်ခြင်းရဲ့ အကျိုးပါပဲဟု ကျွန်တော်ဆိုပါရစေ။ အဟက်။





Peace B with U.