Thursday, May 31, 2012

ငြိမ်းချမ်းမှုနှင့် ခဏတာ

ငြိမ်းချမ်းမှုနှင့် ခဏတာ

When a man cannot choose, he ceases to be a man. (Anthony Burgess)

လူသားတွေဖြစ်ဖို့ဆိုတာ ရွေးချယ်ခွင့်ရှိဖို့လိုတယ်။ အထူးသဖြင့် စိတ်ပိုင်းဆိုင်ရာ ကိစ္စတွေမှာ overwhelm ဖြစ်နေတဲ့အခါမျိုးမှာ စိတ်ထဲက အခက်အခဲတွေကို လွှတ်ချဖို့ အခွင့်အရေးရှိဖို့လိုတယ်။ လွှတ်ချပိုင်ခွင့်ကလည်း ကိုယ့်ဆီမှာရှိဖို့လိုတယ်။

အခုတလော အချိန်နည်းနည်းရတာနဲ့ ရေးပြီးခဲ့တဲ့ပို့စ်အဟောင်းတွေ ပြန်ဖတ်ကြည့်တယ်။ ၂၀၀၈ မှာ ကျွန်တော် စာရေးဖို့ရွေးချယ်ခဲ့တယ်။ ၂၀၀၉ မှာ ကိုယ်ယုံကြည်တာတွေကို ရွေးချယ်ပြီးဆက်ရေးခဲ့တယ်။ ၂၀၁၀မှာလည်း ပြောင်းလဲလာတဲ့စိတ်အရ ထပ်ပြီးရွေးချယ်ခဲ့တယ်။ ရွေးချယ်မှုတွေကို နောက်ပြန်ကြည့်ပြီး စဉ်းစားတဲ့အခါ အပြောင်းအလဲတွေကိုတွေ့ရတယ်။ ရွေးချယ်ခွင့်ရှိခြင်းဟာ ကျွန်တော့်ကို လွတ်လပ်စေတယ်။ ရွေးချယ်ဖို့ ဖိအားပေးမခံရတာဟာ စိတ်ချမ်းသာမှုအတွက် တော်တော် အရေးကြီးပါတယ်။ ဒီလိုနဲ့ ၂၀၁၁ ကို ကျွန်တော်ဖြတ်သန်းခဲ့တယ်။ ဘဝဆိုတာ မသေချာခြင်းတွေနဲ့ တေ့ဆက် ဆက်ထားတဲ့နေရာတစ်ခုဖြစ်လို့ မသေချာခြင်းတွေနဲ့ရင်ဆိုင်ရတယ်။ ရင်ဆိုင်ရတာတွေကို ရှောင်မပြေးဘဲ ရင်ဆိုင်ခွင့်ကို ရွေးချယ်နိုင်တာဟာ ဘဝရဲ့ အရသာတစ်မျိုးလည်းဖြစ်မယ်ထင်တယ်။

အဆင်မပြေမှုဆိုတာ အခုခေတ်မှာတော့ ကျွန်တော်တို့အားလုံးနဲ့ အတော်လေးကို ရင်းနှီးတဲ့မိတ်ဆွေဖြစ်နေပြီ။ မိဘတွေ၊ အဖိုးအဘွားတွေခေတ်ထက် အပြောင်းအလဲမြန်ဆန်တဲ့ ခေတ်မှာ ကျွန်တော်တို့တွေအားလုံး မသေချာခြင်းတွေပိုများလာတယ်။ အဆင်မပြေတာတွေကို ပိုပြီးတွေ့ရတယ်။ ကျွန်တော်တို့တွေရဲ့ limit ကိုကျော်လွန်လာတဲ့ အခက်အခဲတွေကိုလည်းရင်ဆိုင်ရတယ်။ အသက်နဲ့အတူ ကြုံရတဲ့ပြဿနာတွေကလည်း ပိုကြီးလာတယ်။ ဆတိုးကြီးထွားလာတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့မှာ ဆုပ်ကိုင်ထားတဲ့ တန်ဖိုးတွေရှိတယ်။ ဘဝကို ဒီလိုဖြတ်ကျော်သွားမယ်ဆိုပြီး သတ်မှတ်ပြဌာန်းပြီးသား စည်းကမ်းတွေရှိတယ်။ ဘဝမှာ ဒီစည်းကမ်းတွေကို ဖောက်ဖျက်ပြီးတော့ မရှင်သန်နိုင်ဘူးဆိုတဲ့ ယုံကြည်မှုတွေရှိတယ်။ ဒါတွေကို ကျွန်တော်တို့ ရွေးချယ်ရယူခဲ့တယ်။ ဒါတွေကို ကာကွယ်တယ်။ တန်ဖိုးထားတယ်။ လေးစားတယ်။ နေရတဲ့ ဘဝတိုတိုလေးမှာ ကိုယ်ယုံကြည်တဲ့ တန်ဖိုးတွေကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားခွင့်ကို ကျွန်တော်တို့ရွေးချယ်ကြတယ်။

တစ်ခါတစ်လေ ဒီတန်ဖိုးထားလေးစားရတဲ့အရာတွေက ကျွန်တော်တို့ကို ပြန်ပြီးကာကွယ်စောင့်ရှောက်ကြတယ်။ ဥပမာ ငြိမ်းချမ်းခြင်း။ ငြိမ်းချမ်းခြင်းကို ရွေးချယ်လိုက်ရင် ပေးဆပ်ရမယ့်အရာတွေက အများကြီး။ မငြိမ်းချမ်းစေတဲ့ အရာတွေကို လွှတ်ချထားရလိမ့်မယ်။ သတိကြီးကြီးထားပြီး မငြိမ်းချမ်းတဲ့စိတ်ကို ငြိမ်းချမ်းအောင်ပြန်ပြီး ပျိုးထောင်ရလိမ့်မယ်။ တစ်ရက်နှစ်ရက်မဟုတ်ဘူး။ တစ်သက်လုံး ဒီလိုပဲ ငြိမ်းချမ်းမှုဘက်ကို ကိုယ့်စိတ်ကို ကိုယ် ပြန်ဆွဲခေါ်ရလိမ့်မယ်။ ငြိမ်းချမ်းခြင်းကို တန်ဖိုးမထားတဲ့ လူ၊ အဖွဲ့အစည်းတွေရဲ့ ဆန့်ကျင်ဘက်မှာ မားမားမတ်မတ်ရပ်တည်ရမယ်။ ငြိမ်းချမ်းခြင်းကို တန်ဖိုးတစ်ခုအဖြစ်ရွေးချယ်လိုက်ရင် အဲဒီတန်ဖိုးတစ်ခုအတွက် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ရမယ်။ ငြိမ်းငြိမ်းချမ်းချမ်း စိတ်ချမ်းချမ်းသာသာနဲ့နေမလား၊ ငြိမ်းချမ်းမှု၊ စိတ်ချမ်းသာမှုကို အပျက်အစီးခံပြီး တစ်ခုခုလုပ်မလားဆိုတာကို အမြဲသတိထားနေရမယ်။ ငြိမ်းချမ်းနေတာကို အရသာခံတတ်ရင် မငြိမ်းချမ်းတာဟာ အနာရောဂါတစ်ခုလိုဖြစ်လာမယ်။ မငြိမ်းချမ်းတဲ့ အခိုက်အတန့်ဟာ ရောဂါဆိုးတစ်ခုလိုပဲ ကိုယ့်ကိုနှိပ်စက်နေမယ်။ မငြိမ်းချမ်းတဲ့ အတွေးတစ်ခုဟာ နာတာရှည်ရောဂါတစ်ခုလိုပဲ။

ကိုယ့်ဘဝကို ကိုယ့်ဟာကိုယ် ရွေးချယ်ထားနိုင်တာကောင်းတယ်။ အများသဘောတူမှ ကိုယ့်ဘဝဟာ အဆင်ပြေမှာလား။ ကိုယ်တစ်ယောက်တည်းနဲ့ အဆင်ပြေရင်ကောင်းတယ်။ ကိုယ့်စိတ်ဟာ ကိုယ့်ရဲ့မိတ်ဆွေ။ အပူတွေကို လာမဟပ်အောင်နေမယ်။ လူများရင် ပြဿနာများလို့ အဖွဲ့အစည်းတွေနဲ့ကင်းအောင်နေမယ်။ ကိုယ်စိတ်ချမ်းသာတာလေးတွေ လုပ်မယ်။ ဘယ်သူ့မှမထိခိုက်တဲ့ ဝါသနာတွေကို အားကောင်းအောင်လုပ်မယ်။ လူလူချင်းတန်ဖိုးထားဆက်ဆံမယ်။ ငြိမ်းချမ်းမှုကို ဘာသာတရားလို သဘောထားတယ်။ ယာယီကြုံတွေ့ရတဲ့ အခက်အခဲတွေကို ငြိမ်းငြိမ်းချမ်းချမ်းဖြတ်ကျော်မယ်။ အဆိုးတွေကြုံလာလာ၊ အကောင်းတွေကြုံလာလာ ကိုယ့်ပြဿနာကို ကိုယ်တိုင်ရှင်းရမှာပဲ။ လောကမှာ ကိုယ်တစ်ယောက်တည်း ကြုံနေရတာမဟုတ်တဲ့ လောကဓံနဲ့ပတ်သက်ပြီး သားကောင်စိတ်မမွေးဘူး။ ငါ့မှ ဖြစ်ရလေးခြင်းလို့မတွေးဘူး။ တခြားသူတွေလည်း ကြုံမှာပဲ၊ ဘဝတူတွေအချင်းချင်း စာနာနိုင်တယ်။ အခက်အခဲကြုံရတဲ့သူ အချင်းချင်း တစ်ယောက်ကို တစ်ယောက် နားလည်ဖို့မခက်ဘူး။ လူတိုင်းမှာ ကိုယ့်ပြဿနာနဲ့ကိုယ်ရှိတယ်။ သူ့ရဲ့အခက်အခဲကိုလည်း ဒီလောက်လေးနဲ့ ဖြစ်ရတယ်လို့ ဖော့မတွေးဘူး။ ကိုယ့်အခက်အခဲကိုလည်း ဇာမချဲ့ဘူး။ သူ့ငြိမ်းချမ်းမှု၊ လွတ်လပ်မှုကိုလည်း တန်ဖိုးထားတယ်။ ကိုယ့်ငြိမ်းချမ်းမှု၊ လွတ်လပ်မှုကိုလည်း အပျက်စီးမခံနိုင်ဘူး။

လောကမှာ အရေးကြီးတာတွေ အရင်မလုပ်ရင် အချိန်လောက်မှာမဟုတ်ဘူး။ ကိုယ်အလိုချင်ဆုံးအရာကို အရင်ရအောင်ကြိုးစားသင့်တယ်။ ဒါကိုလည်း လူတိုင်းသိကြတယ်။ သိတဲ့အရာတွေ များလာတဲ့အခါမှာ ရှုပ်ထွေးလာတယ်။ အဲဒီလို ရှုပ်ထွေးလာတိုင်း ကိုယ့်ရဲ့ အခြေခံယုံကြည်မှုနဲ့တိုက်ဆိုင်ပြီး ကိုယ်နဲ့ကိုက်ညီတဲ့လမ်းကိုရွေးရတာပါပဲ။

ငြိမ်းချမ်းမှုကို ရွေးလိုက်ပြီးရင် ငြိမ်းချမ်းမှုရှိဖို့နဲ့ ရှိနေတဲ့ငြိမ်းချမ်းမှု မပျက်စီးဖို့နှစ်ခုစလုံးကို သတိထားရမှာပဲ။ လမ်းလျှောက်သင်စ ကလေးတွေ ချော်လဲသလိုမျိုး ကိုယ်ရွေးချယ်တဲ့ လမ်းမှာ လမ်းကောင်းကောင်း မလျှောက်တတ်သေးဘဲ ချော်လဲရင်လည်း ပြန်ထရမှာပဲ။ ကိုယ့် လမ်းကို ကိုယ့်ခြေထောက်နဲ့ကိုယ်လျှောက်တဲ့ကိစ္စမှာ ဘာမှ အားငယ်ဝမ်းနည်းစရာမရှိဘူး။ သေခြင်းတရားလို ကျဉ်းမြောင်းတဲ့လမ်းတွေမှာ ငြိမ်းငြိမ်းချမ်းချမ်း ဖြတ်လျှောက်သွားနိုင်ဖို့ စောစောစီးစီး ပြင်ဆင်ထားတာမမှားနိုင်ဘူး။ ကိုယ့်ရဲ့ ငြိမ်းချမ်းမှု ဟာ ကိုယ့်စိတ်ကို ပြန်ပြီးစောင့်ရှောက်လိမ့်မယ်။ ငြိမ်းချမ်းတဲ့သူဟာ လူများကို ဒုက္ခပေးစရာမလိုဘူး။ သူ့ဘာသူ တစ်ယောက်တည်း အဆင်ပြေတယ်။ မငြိမ်းချမ်းတဲ့သူတွေမှာ ပြင်ပက အားအင်တွေလိုတယ်။ တစ်ချိန်မှာ ပြင်ပက အားအင်မရှိတော့ရင် တော်တော်စိတ်ဓာတ်ကျကုန်တာတွေ့ရတယ်။ အပေါင်းအသင်းတွေဟာ၊ ခင်ပွန်း၊ ဇနီးတွေဟာ၊ မိဘဆွေမျိုးတွေဟာ ပြင်ပက အင်အားတွေနဲ့တူတယ်။ တစ်ချိန်မှာ ကိုယ်တစ်ယောက်တည်း ကိုယ့်အင်အားနဲ့ကိုယ် လုပ်မှ ဖြစ်တာတွေ အများကြီးရှိသေးတယ်။ ကုမရနိုင်တဲ့ရောဂါရခဲ့ရင်၊ ချစ်ခင်သူတွေ ဆုံးပါးကွယ်လွန်ခဲ့ရင်၊ ကိုယ်တိုင် သေငယ်ဇောမျောနေခဲ့ရင်၊ ကိုယ်တစ်ယောက်တည်း ရင်ဆိုင်ရမှာပဲ။ ဒါတွေအတွက် အားမွေးထားရမယ်။ ငြိမ်းငြိမ်းချမ်းချမ်း တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်နိုင်ဖို့ အားမွေးရလိမ့်မယ်။

ကိုယ်တန်ဖိုးထားတာတွေကို အချိန်ပေးပါ။ ကိုယ့်ကို တကယ်ချစ်ခင်သူတွေကို အချိန်ပေးပါ။ အချိန်ပေးနိုင်တုန်း ပေးထားတာဟာ အချိန်မပေးနိုင်တော့တဲ့အခါမှာ နောင်တရစရာမလိုတော့ဘူး။ ကိုယ့်စိတ်နဲ့သိတဲ့ အကောင်းဆုံးတွေကို လုပ်ဖြစ်ရင် နောင်တရတာ နည်းသထက် နည်းလာမယ်။ ကိုယ်လုပ်ပေးနိုင်တာရှိရင် ကူညီလိုက်ပါ။ ကိုယ် လှူနိုင်တာရှိရင် လှူဒါန်းလိုက်ပါ။ ကိုယ့်စိတ် မြင့်မြတ်လာဖို့၊ ငြိမ်းချမ်းနေဖို့တွေကို ကိုယ့်တာဝန်လို့လက်ခံလိုက်ပါ။ ကမ္ဘာမှာ အဆင်မပြေတဲ့သူတွေ သန်းနဲ့ချီရှိတယ်။ တစ်နေ့တစ်နေ့ ငတ်ပြတ်နေတဲ့သူတွေ သန်းနဲ့ချီရှိတယ်။ ဆေးရုံပေါ်မှာ သေဖို့ စောင့်နေရတဲ့လူနာ သန်းနဲ့ချီရှိတယ်။ ကိုယ့်ဒုက္ခကိုယ် ကြီးတယ်ထင်ရင် တခြားသူတွေကိုလည်း ကြည့်ပါ။ အခြေခံလိုအပ်ချက် မပြည့်ဝတဲ့မိသားစုတွေအများကြီး။ ကိုယ့်သားသမီး ပညာရေးအတွက် မဖြည့်ဆည်းပေးနိုင်တဲ့ မိဘတွေအများကြီး၊ ကိုယ်ချစ်ခင်တဲ့သူရဲ့ ရောဂါအတွက် ကုသဖို့ ဆေးဖိုးမလုံလောက်တဲ့ သူတွေ အများကြီး ၊သူတို့တွေရဲ့ စိတ်ဒဏ်ရာတွေကလည်း ကြီးမားလွန်းတယ်။ ကိုယ့်ရဲ့ပြဿနာတွေမှာပဲ စိတ်ကို ပိတ်မိမနေအောင် ဂရုစိုက်သင့်တယ်။ စိတ်ညစ်စရာရှိတာ ညစ်မိမှာပဲ။ ညစ်နေတဲ့စိတ်ကို မြန်မြန် ပြန်သန့်စင်ပြီး ငြိမ်းချမ်းပျော်ရွှင်တဲ့စိတ်ဖြစ်အောင် ပြန်ကြိုးစားရမှာပဲ။

ဘာပဲဖြစ်ဖြစ်၊ ငြိမ်းချမ်းနေတဲ့စိတ်လေးနဲ့ ဘဝကို ဖြတ်သန်းသွားနိုင်ဖို့ ကြိုးစားနိုင်သလောက်ကြိုးစားရမှာပဲ။

ဘဝကို ငြိမ်းချမ်းပျော်ရွှင်စွာ ဖြတ်ကျော်နိုင်သူတွေ ဖြစ်နိုင်ကြပါစေ။           ။

With peace,
Zephyr



Peace B with U.