Monday, October 8, 2012

အင်ဂါ၊အင်္ဂါ။inn garrr

အင်ဂါ၊အင်္ဂါ။inn garrr

facebook ကော်မန့်ကြောင့် အလုပ်ပြုတ်ရသူ အေမီချုန်း

နည်းတောင်နည်းသေးတယ်လို့ပြောရင်လည်းမကောင်းဘူး။ လူဆိုတာ ကိုယ့်အလုပ်အကိုင် အဆင့်အတန်းနဲ့အညီနေတာပဲကောင်းတယ်ဆိုတဲ့အကောင်းဆုံးဥပမာပဲ။ စိတ်ထားအလှမရှိရင် မလှဘူးဆိုတာကိုတွေးရင်း အလှအပအကြောင်းရောက်သွားတယ်။


မလှချင်များ။

ဆံပင်  ကပ်ပလီကောက်နဲ့မလှချင်တစ်ချို့ ဆံပင်လာဖြောင့်တာတွေ့တယ်။ မွေးရာပါအကောက်က ဆံပင်နည်းနည်းရှည်ထွက်လာတာနဲ့ ပြန်ပြီးဖြောင့်ဖို့မလွယ်တော့ဘူး။ အရှိအတိုင်းလှအောင်ပြင်တတ်ဖို့မကြိုးစားဘဲ လူများလှတိုင်းလှမယ်ထင်ပြီးလုပ်ကြတာတွေ့တယ်။ အင်မတန်ရယ်စရာကောင်းတယ်လို့ထင်တယ်။

အရှိအတိုင်းလှတာကို နည်းနည်း အလိုက်သင့်ပြုပြင်ပြီး သဘာဝကျကျလှအောင်လုပ်ကြပါလို့ပဲတိုက်တွန်းချင်တယ်။ အသားအရည်လှအောင် လတ်ဆတ်တာတွေများများစား။ အသက်နဲ့လိုက်တဲ့ပြုပြင်မှုတွေလုပ်။ မျက်နှာတွေကိုပြုပြင်သလို၊ ခန္ဓာကိုယ်လည်းလှအောင် လေ့ကျင့်ခန်းလည်းလုပ်။ မျက်နှာကြည်လင်အောင် အိပ်ရေးဝဝအိပ်။ မျက်လုံးကြည်လင်အောင် မျက်စိလေ့ကျင့်ခန်းလုပ်။ မျက်လုံးကိုအနားပေး။

ပြုံးပြုံးရွှင်ရွှင်နေတတ်အောင်နေ။ အလိုလိုလှတာပဲ။ ပြင်မှလှတာ အလှမဟုတ်ဘူး။ အရှိတရားအတိုင်း၊ သဘာဝကျတဲ့ အလှဖြစ်အောင်၊ အပြုအမူ၊အပြောအဆိုကအစလှဖို့၊စိတ်ထားအလှရှိဖို့တွေကိုလည်း တန်ဖိုးထားပြုပြင်ရင် နဂိုထက်ဆယ်ဆလှမယ်လို့ ယုံကြည်ပါတယ်။

အစားအသောက်က ရုပ်ရည်ကိုပြုပြင်သောအကြောင်းတစ်ခုပါပဲ။ ကံစိတ်ဥတုအဟာရမျှရင် လူရောစိတ်ပါ ကြည်လင်တာပါပဲ။ မြန်မာအမျိုးသမီးများဟာ မျက်နှာအလှကိုပဲတန်ဖိုးထားသလားတောင်တွေးမိတယ်။ ကျန်းမာကျစ်လစ်သော အလှတရားမျိုးရှားတာတွေ့တယ်။ ဝတုတ်ဘုတ်အီးအလှတရားနဲ့ ပိန်ညှောင်ဂေါက်ဂတ်အလှတရားအစွန်းနှစ်ဘက်ရောက်နေတာတွေ့ရတယ်။

လှချင်ရင် နံပါတ်တစ်က အိပ်ရေးအပျက်မခံဖို့ပဲ။ နံပါတ်နှစ်က စိတ်မညစ်ဖို့။ ဒီနှစ်ခုကိုပြည့်စုံရင် အတော်လှနေပြီ။ စိတ်ကို ပေါ့ပေါ့ပါးပါးထား။ ပိုက်ဆံအကြောင်းသိပ်မတွေးနဲ့။ အသက်အရ အသားအရည်ပျက်ဆီးတာများလာရင် ဈေးသင့်တဲ့ spa တွေဘာတွေသွားဖို့အကြံပေးချင်တယ်။ မိန်းကလေးတစ်ယောက်ရဲ့ဘဝမှာ အလှအပဟာ အင်မတန်အရေးကြီးတယ်လို့ထင်တယ်။ ယောကျာ်းလေးတွေကတော့ စတိုင်ကျရင်ရပြီ။ မိန်းကလေးတွေကတော့ ဘယ်သူမဆို လှဖို့လိုတယ်။

အန်တီအောက်ဆီးဒင့်များများပါတာစားတတ်ဖို့အကျင့်လုပ်ပေးရင် အသားအရည်ဝင်းပတဲ့ အလှအတွက် စိတ်ချရတယ်။ ဝတ်တာစားတာလည်း စိတ်ပေါ့ပါးပြီး လန်းဆန်းစေတာမျိုးပဲဝတ်။ ရာသီဥတုနဲ့လိုက်ဖက်အောင်ဝတ်ရင်ကျန်းမာပြီးလှတာပါပဲ။ အစားအသောက်လည်း ရာသီဥတုနဲ့လိုက်ဖက်တာစား၊ ကိုယ့်လိုအပ်ချက်အတိုင်းစားတာဟာ လှဖို့ပါပဲ။

Detox ဖြစ်တာတွေ များများစား။ ညစာကိုနည်းနည်းလျှော့ပြီး အသီးအနှံလုံလုံလောက်လောက်စားရင်ကို တော်တော်လေး အဆိပ်အတောက်ကင်းလာနိုင်တယ်။ ရေများများသောက်တာဟာလည်း ဆီးကနေတစ်ဆင့် အပူတွေနဲ့အဆိပ်အတောက်တွေပြေစေလို့ လှပဖို့၊ကျန်းမာဖို့အကျိုးများတာပါပဲ။

ဝတာကို မထိန်းနိုင်ရင် လှဖို့ပိုခက်လာမယ်။ ကိုယ်လှဖို့တာဝန်ဟာကိုယ့်တာဝန်လို့သဘောထား။ အချိန်နည်းနည်းပေးပြီး လေ့ကျင့်ခန်းလုပ်။ ဝတာက ပြဿနာမဟုတ်ပေမယ့် ရောဂါတော်တော်များများအတွက် သိပ်ဝတာမကောင်းလှဘူး။ လှတာဟာ အရေးမကြီးဘူးဆိုပြီးမရှိဘူး။ သေတဲ့အထိကိုအရေးကြီးတယ်။ လှလှလေးသေတတ်ဖို့အထိကို အရေးကြီးတယ်။

အလှတရားမှအမှန်တရားဆီသို့

ဆရာတော်ဦးဇောတိကရဲ့စာအုပ်တစ်အုပ်နာမည်ပါ။ ဆရာတော်လည်း အလှအပကြိုက်ပုံရတယ်။ လှလှပပလူတွေတွေ့ရတာစိတ်ချမ်းသာစရာကောင်းတယ်။ စိတ်ထားရော ရုပ်ဆင်းရူပကာပါလှရင်ကောင်းတာပဲ။

ဗုဒ္ဓဘာသာဝင်တွေအနေနဲ့တော့ ဂုဏ်တော်ပွားတာဟာ ရုပ်လှဖို့အထောက်အကူပြုတယ်လို့ဆိုတယ်။ အမှန်တော့ ဘယ်သမထနည်းလမ်းမဆို စိတ်တည်ငြိမ်ပြီး သမာဓိတည်လာရင် ရုပ်ရည်ကြည်လင်လာတာပါပဲ။ ကိလေသာနည်းတဲ့ရုပ်က အလင်းထွက်တဲ့သဘောပဲ။ ဒါကတော့ တရားအလှထဲထည့်ရမယ်။ လှချင်ရင်တော့ သမထလည်းပွားသင့်ပွားရမှာပဲ။

ဖက်ရှင်ပညာကိုလည်း အထိုက်အလျောက်တော့လေ့လာသင့်တယ်။ အမျိုးသမီးတွေရဲ့ဘဝမှာ  အလှအပဟာ ပထမတန်းအရေးကြီးတယ်ဆိုတာကို ထပ်ပြီးပြောချင်တယ်။ ဘယ်အရွယ်ပဲရှိရှိ လှလှပပလေးနေတာကောင်းတယ်။ တည်တည်ကြည်ကြည် ကျက်သရေရှိရှိလေးလှနေကြတာ မင်္ဂလာတစ်ပါးပဲ။ အရည်ပြားတစ်ထောက်စာ၊ဘာညာဆိုတာ ရုပ်ဆိုးတဲ့သူတွေ လျှောက်ပြောကြတာ။ ဒါတွေကို အဟုတ်မမှတ်သင့်ဘူး။

ကိုယ်နဲ့လိုက်၊မလိုက်ကိုသိရင်ကို အတော်လေးလှလာနိုင်ပြီ။ မလိုက်တာတွေဝတ်မှ ဂေါ်တယ်ထင်တာက တကယ်တမ်းမှာမဂေါ်ဘူး။ သင်္ကြန်မှာ ဝတ်တာတစ်ချို့ဆိုရင် အတော် အောက်တာပဲ။ အဆင့်အတန်းရှိသော ဝတ်ဆင်မှုဖြစ်ဖို့ကိုသတိပြုပြီး တိုချင်တို၊ရှည်ချင်ရှည်၊ လှလှပပ ကျက်သရေရှိရှိလေးဝတ်တတ်အောင်ဝတ်ပါ။ ကိုယ်ဝတ်ထားတဲ့အဝတ်အစားနဲ့လိုက်ဖက်တဲ့ ပါစင်နယ်လတီကိုလည်း ပြုပြင်ပါ။

အခြေခံအလှပြုပြင်တာတွေလည်း သင်ပါ။ ရှက်မနေနဲ့။ ကိုယ်လှဖို့တာဝန်ကို ကိုယ့်ဟာကိုယ်ယူမှဖြစ်မယ်။ လက်သည်း၊ခြေသည်းကအစ လှအောင်ထားတတ်ဖို့ သင်ပါ။ တကိုယ်ရေသန့်ရှင်းတဲ့အလှရအောင်အမြဲနေပါ။ အမွှေးအကြိုင်တွေကိုလည်း ကိုယ့်ကိုယ်သင်းနံ့နဲ့လိုက်တာတွေသုံးပါ။ ကိုယ်က ချွေးထွက်များတယ်ဆိုရင် အနံ့သင်းသင်းနဲ့ တစ်နေ့လုံး ကြာရှည်မွှေးနေတဲ့ ဘော်ဒီလိုးရှင်းမျိုးသုံးပါ။ ရေကိုအခြေခံတာတွေကို ဖြစ်နိုင်ရင်ပိုသုံးစေချင်တယ်။ အဆီကိုအခြေခံတာတွေကို သိပ်အကြိုက်မတွေ့ဘူး။ သဘာဝကျတာတွေများများသုံးပါ။ ရနံ့ကိုလည်း ခပ်သင်းသင်းလောက်ပဲသုံးတာကောင်းတယ်။ ကိုယ်နဲ့လိုက်တာကိုသုံးပါ။ ဈေးကြီးတာ၊မကြီးတာထက် ကိုယ်နဲ့လိုက်ဖက်တာကို ရွေးတတ်တာကအများကြီးပိုတာ/သာသွားတာကိုတွေ့ရတယ်။

ဒေါသမထွက်ဖို့သတိထားတာကောင်းတယ်။ ဒေါသထွက်တာနဲ့ အရက်အလွန်အကျွံသောက်တာနှစ်ခုက ဆဲလ်ပျက်ဆီးနှုန်းများတယ်လို့ထင်တယ်။ ဒေါသထွက်တာရုပ်ဆိုးစေသလို၊ မေတ္တာဘာဝနာနဲ့နေရင် ကြည်လင်နှစ်လိုစရာကောင်းတာပါပဲ။ လူများကို ဒေါသမထွက်တာကောင်းတယ်။ ကိုယ့်ကို အကျည်းတန်စေမယ့်ကိစ္စတွေမလုပ်နဲ့။ စိတ်ဖိစီးမှုတွေသိပ်များစေနဲ့။ နည်းနည်းလောက်ဖြစ်လာရင် လျှော့ချ။ စိတ်ပြေလက်ပျောက်ဖြစ်စေမယ့် ပျော်ရွှင်စရာ အလုပ်လေး၊ဝါသနာလေးတွေထားတာကောင်းတယ်။ ကျန်းမာရေးအတွက်ပြေးတာ၊လေ့ကျင့်ခန်းလုပ်တာတွေဟာ စိတ်ဖိစီးမှုကိုလည်း အထိုက်အလျောက်သက်သာစေတာပါပဲ။ အချိန်ရရင် ယောဂသင်တန်းတို့ဘာတို့တက်စေချင်တယ်။ လှပပြီး ကျန်းမာစေတယ်။

ဘလော့ခ်မှာအလှအပအကြောင်းတွေ တစ်ခါမှ မရေးလို့ နည်းနည်းထူးဆန်းကောင်းထူးဆန်းနေနိုင်တယ်။ လှတာကိုသဘောကျပါတယ်။ ချောတာနဲ့လှတာဟာမတူဘူး။ ချောတာက ပင်ကိုယ်နဲ့ဆိုင်ပြီး လှတာက ပြုပြင်ယူလို့ရတယ်လို့ထင်ပါတယ်။ ချောတာဟာ အသက်အရွယ်နဲ့ဆိုင်ပြီး လှတာကတော့ တစ်သက်လုံး အရွယ်အလိုက် အလှအပဖြစ်စေတယ်လို့ထင်ပါတယ်။

ရထားပေါ်မှာ မလိုက်ဖက်တဲ့ပြင်ဆင်မှုတွေနဲ့ မိန်းမချောလေးတွေတွေ့ရင် ကိုယ့်ရုပ်ကိုယ်ဆိုးအောင်လုပ်နေတယ်လို့ထင်တယ်။ ပြင်တာဆင်တာမှာလည်း များသွားရင်းချွန်းသွားတတ်ပုံရတယ်။ မြန်မာမင်းသမီးတွေဆိုရင်ကြည့်၊ တက်သစ်စမှာ ဘယ်သူမှမလှသလာက်ဘဲ။ တဖြည်းဖြည်း လိုက်ဖက်ညီတဲ့ အပြင်အဆင်တွေနဲ့ဖြစ်လာတဲ့အခါမှ အလှအပဟာပေါ်လွင်လာတာပဲ။ အဲဒီတော့ ကိုယ်နဲ့လိုက်ဖက်တာကို ရွေးချယ်တတ်ဖို့နဲ့စိတ်ရှည်ဖို့က သိပ်အရေးကြီးတယ်။

ကျန်းမာတာဟာ လှတယ်။ ချောပေမယ့် ချူချာရင်မလှဘူး။ အသိဥာဏ်ဟာလည်း လှတယ်။ ချောပြီး အသိဥာဏ်နည်းရင် ချောပေါဖြစ်ကုန်တယ်။ မလှဘူး။ ချောတိုင်းလည်းမလှနိုင်ဘူး။ မချောပေမယ့် လှနိုင်တယ်။ ကိုယ့်ရဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်း၊ ရုပ်ရည်နဲ့ပတ်သက်ပြီး မကျေမနပ် ဘယ်တော့မှမဖြစ်နဲ့။ ပင်ကိုယ်အတိုင်းကိုက အလှအပဆိုတာရှိတယ်။ ဘယ်သူ့မှာမဆိုရှိတယ်။ ကိုယ့်မှာရှိတဲ့အလှတရားကို သိအောင်ကြိုးစားကြဖို့ပဲလိုတယ်လို့ထင်တယ်။

စိတ်ထားကောင်းတာလည်း သိပ်လှတယ်။ စိတ်ထားကောင်းတဲ့သူဟာ မင်္ဂလာရှိတဲ့သူပဲ။ စိတ်ထားကောင်းတဲ့သူဟာပြုံးဖို့လွယ်တယ်။ ပြုံးနေတဲ့သူဟာ လှတာပါပဲ။ မျက်နှာပေါ်မှာ အရေးအကြောင်းနည်းဖို့က ပြုံးပြုံးလေးနေမှပဲဖြစ်နိုင်တယ်။

အလှကုန်ပစ္စည်းတွေသုံးရင်လည်း set တစ်ခုလုံးသုံးတတ်အောင်လုပ်သင့်တယ်။ တစ်ခုချင်းသုံးတာထက် သုံးသင့်တာတွေကို တစ်ဆင့်ချင်း သုံးသင့်တယ်။ ညဘက်လိမ်းတဲ့ ခရမ်ဆိုရင်လည်း လိုအပ်ရင်လိမ်းသင့်တယ်။ အိပ်နေတုန်း အလှပြင်ပြီးသားဖြစ်စေတာကောင်းတာပဲ။

သွားလေးတွေ ဖြူစင်လှပနေတာလည်း လှတာပါပဲ။ မျက်လုံးတွေကြည်လင်နေရင်လည်းလှတာပါပဲ။ မျက်တောင်ကို ဆေးမည်းကြီးသုတ်ပြီး ကော့ညွတ်ရှည်သွယ်သယောင်ပြုမှ လှတာမဟုတ်ပါဘူး။ သဘာဝကလည်း လှပါတယ်။ ပြင်တာဆင်တာကိုတော့ အချိန်အခါနဲ့လိုက်ဖက်အောင်လုပ်ပေါ့။ အမြဲတမ်းကြီးပြင်ထားတော့လည်း ရိုးသွားတယ်။ တစ်ခါတစ်လေလောက်ပဲပြင်တာဟာ ပိုပြီးအမြင်ဆန်းပြီးလှပတယ်။ အလှကုန်ပစ္စည်းဆိုတာလည်း သုံးပြီးရင်း စနစ်တကျဖယ်ရှားပစ်ဖို့အချိန်ပေးရတယ်။ မပေးရင်တော့ အသားအရည်ပျက်ဆီးဖို့ဖြစ်နိုင်တယ်။ လက်သည်းဆိုးဆေးတွေသေချာမချွတ်ရင် လက်သည်းမကောင်းတော့တာတွေဖြစ်နိုင်တယ်။ ဆံပင်ဆေးဆိုးလွန်းရင်လည်း ဆံပင်ပျက်ဆီးတာဖြစ်နိုင်တယ်။ လှဖို့လုပ်ပါတယ်ဆိုမှ ပျက်ဆီးကုန်ရင်တော့ မဖြစ်သေးဘူး။ လှလည်းလှရမယ်၊ အလှတရားရဲ့ရမ်သမ်ကိုလည်း မပျက်စေရဘူး။ ပြေပြစ်ညီညွတ်သောအလှဖြစ်အောင်လည်း ကြိုးစားရမယ်။

အသီးအရွက်စားသုံးသူတွေဟာ သားကြီးငါးကြီးစားတဲ့သူတွေထက် ကိုယ်နံ့လည်းပိုသင်းတယ်။ ပိုလည်းဝင်းပတယ်။ အသီးအရွက်ကိုများများစားပေးနိုင်ရင်လည်းကောင်းပါတယ်။ လတ်ဆတ်တာတွေများများစားတဲ့အကျင့်လုပ်တာကောင်းတယ်။ အစာကြေလောက်တဲ့အစာတွေပဲစားတတ်အောင်၊လိုတာထက်ပိုမစားမိအောင်နေတာဟာ လှဖို့အတွက်လိုအပ်တာတွေပါပဲ။ ဘယ်အစားအစာက ကိုယ်နဲ့တည့်သလဲ၊ ကိုယ့်အသားအရည်အတွက် ဘယ်ဟာကကောင်းမလဲဆိုတာတွေကိုလည်း သိအောင်လုပ်ပါ။ အရောင်စုံအောင်စားတတ်အောင်လည်းကြိုးစားသင့်တယ်။

လူလှသလို အပြောအဆို၊အနေအထိုင်လေးကလည်း စမတ်ကျကျဖြစ်ဖို့လည်း လေ့လာပါ။ လူချည်းလှနေလို့မဖြစ်ဘူး။ စကားပြောတဲ့အခါလည်း လှလှပပဖြစ်နေအောင်လုပ်ရမယ်။ စမတ်ကျကျပြောတတ်တဲ့သူ၊ အစားအသောက်စားလည်း စမတ်ကျကျလှလှပပစားတတ်တဲ့သူဖြစ်အောင်လုပ်ရမယ်။ ပြုံးတာရယ်တာကအစလှလှလေးဖြစ်အောင်၊ခွက်ထိုးခွက်လှန်တွေကို နည်းနည်းချင်းလျှော့ရမယ်။ ဟန်ဆောင်ရမယ်လို့ဆိုလိုတာမဟုတ်ဘူး။ အခြေအနေအရလိုက်ဖက်ညီတဲ့ အပြုအမူအပြောအဆိုဖြစ်တာလှတယ်လို့ဆိုလိုတယ်။ သူငယ်ချင်းတွေနဲ့ပြောနေဆိုနေရယ်နေပြောနေသလို နေရာတကာမှာ နေလို့ရချင်မှရမယ်။ ဒါကိုသတိထားရမယ်။

ပြင်တာဆင်တာကို ကိုယ့်အရွယ်နဲ့ကိုယ် လိုက်ဖက်အောင်ပြင်တာအကောင်းဆုံးပဲ။ သိပ်လည်းမငယ်ချင်နဲ့။ သိပ်လည်းမကြီးချင်နဲ့။ အရှိအတိုင်းသင့်တော်အောင်ပြင်တာအကောင်းဆုံး။ စင်ကာပူမှာ အဘွားကြီးတွေ လွှတ်ဂေါ်ပေမယ့် လက်မောင်းတွေ လေလျော့နေတော့ရယ်စရာဖြစ်နေတယ်။ သူ့အရွယ်နဲ့သူပြင်ဆင်ရင် ဘယ်တော့မှ ရယ်စရာမဖြစ်ဘူး။ ကျက်သရေရှိတဲ့ အလှတရားဖြစ်တယ်။

ဝတ်တာစားတာကို ကိုယ့်အလုပ်နဲ့လိုက်ဖက်အောင်ဝတ်ဆင်တာကောင်းတယ်။ စိတ်ပေါ့ပါးစေတာမျိုး အဆင့်အတန်းရှိတာမျိုးကိုဝတ်စေချင်တယ်။ သိပ်အပေါစားဆန်လွန်းတာမျိုးကို မဝတ်စေချင်ဘူး။ ကိုယ့်အလုပ်နဲ့၊ကိုယ့်ဂုဏ်အဆင့်အတန်းနဲ့လိုက်ဖက်ညီထွေရှိဖို့သတိထားဝတ်ဆင်သင့်တယ်။ ဒီလိုပြောတာဟာလည်းအကြောင်းရှိပါတယ်။ အဝတ်အစားပေါ်မူတည်ပြီး အထင်သေးတတ်၊အထင်ကြီးတတ်တဲ့သူတွေအများကြီးရှိတတ်တာကြောင့် လိုက်ဖက်ညီတဲ့ အဝတ်အစားဝတ်ဖို့ပြောရတာပါ။ကြွားဖို့ဝါဖို့မဟုတ်ပါဘူး။ လူအထင်သေးမခံရအောင်နဲ့ ကိုယ့်ရဲ့ professional ပီသတဲ့ဝတ်စားဆင်ယင်မှုနဲ့လှပစေဖို့ပါပဲ။

weekends တွေမှာတော့ ပေါ့ပေါ့ပါးပါးပဲဝတ်ပါ။ ကိုယ်ပိုင်အချိန်မှာတော့ သိပ်ပြီး စမတ်ကျနေစရာမလိုဘူးလို့ထင်ပါတယ်။ သက်သာချောင်ချိပြီးစိတ်လက်ပေါ့ပါးစေတာပဲဝတ်ပါ။ အဲဒါကိုလာပြီးအထင်သေးနေရင်လည်းကိစ္စမရှိဘူးလို့မှတ်ပါ။

ရွယ်တူသူငယ်ချင်းတွေနဲ့စကားစမြည်ပြောပါ။ခရီးလေးဘာလေးထွက်ပါ။ စိတ်ချမ်းသာရင် လှပတာပါပဲ။ စိတ်ဆင်းရဲနေရင်တော့မလှပါဘူး။ စိတ်ဖိစီးနေရင်လည်းမလှတော့ပါဘူး။ အသက်ကြီးလာလို့ဖြစ်လာတဲ့ ယိုယွင်းမှုတွေကိုလည်း လက်ခံပါ။ လှအောင်ပြုပြင်နိုင်တာပြုပြင်ပါ။စိတ်တော့မဆင်းရဲပါနဲ့။ မနုပျိုပေမယ့် ရင့်ကျက်တဲ့အလှဖြစ်လာတာပါ။ အိုသွားတာမဟုတ်ဘူး။ ရင့်ကျက်တည်ငြိမ်လာတာပါ။

ကိစ္စနည်းအောင်နေပါ။ အလုပ်သိပ်ရှုပ်လွန်းနေရင် လှလှပပဖြစ်အောင်နေဖို့အချိန်မရဘဲဖြစ်နိုင်တယ်။ ကိုယ်နေတဲ့ နေရာကိုလည်း လှအောင် သန့်အောင်ထားပါ။ ပတ်ဝန်းကျင်ကရှုပ်ရင်စိတ်ရှုပ်ရပါတယ်။ ညစ်ပတ်တဲ့၊မသန့်ရှင်းတဲ့၊ လှောင်ပိတ်တဲ့နေရာမှာနေရရင်လှဖို့ခက်ပါတယ်။

လှအောင်နေတတ်သူဖြစ်ကြပါစေ။

Regards,
The Gardener






Peace B with U.