ကြာသပတေး၊ကြာသာပတေး၊ကြာသာ့ပ်တေး
Mingalarbar
မနက်က အမ်အာတီက ဝန်ထမ်းက မင်္ဂလာပါလို့နှုတ်ဆက်တယ်။ ဘာသာစကား လေးငါးမျိုးနဲ့ ဆက်တိုက်ကိုနှုတ်ဆက်နေတာပဲ။ ဘာပဲဖြစ်ဖြစ် ပျော်စရာတစ်မျိုးကောင်းတယ်လို့ခံစားရတယ်။
ez-link card app
အခု ez-link card app ထွက်ပြီဆိုတော့ ဖုန်းမှာ သွင်းထားလို့ရတယ်။ အရင်ကဆို ကဒ်မှာ ပိုက်ဆံများများထည့်ထားပြီး ပျောက်သွားတဲ့အခါ ဘာမှလုပ်လို့မရဘူး။ အခုတော့ ခရစ်ဒစ်ကဒ်တွေလိုပဲ ကဒ်ပျောက်ကြောင်းပြောလို့ရပြီ။ ကဒ်ထဲက ပိုက်ဆံကိုလည်း ပြန်ရနိုင်တယ်။ Transaction history လည်းကြည့်လို့ရတယ်ဆိုတော့ ဝါသနာပါရင် ကြည့်လို့ရတာပေါ့။ Transaction history ကတော့ real time မဟုတ်ပါဘူး။ တစ်ရက်လောက်နောက်ကျတယ်ထင်တယ်။ ဘာပဲဖြစ်ဖြစ် ကဒ်ထဲကို တစ်လစာ ထည့်ထားတတ်ပြီး ကဒ်ပျောက်တတ်တဲ့သူတွေအနေနဲ့တော့ ez link card app ဖြစ်ဖြစ်၊ online ကဖြစ်ဖြစ် card ကို registered လုပ်ထားဖို့ကောင်းတယ်လို့ထင်မိပါတယ်။
လာဘ်မထိုးနဲ့
မူစတာဖှာနားသွားရင်း ဖိလစ်ပင်းသူတစ်ယောက် လမ်းပေါ် အမှိုက်ပစ်လို့ ရဲဖမ်းတာကို လာဘ်ထိုးဖို့ကြိုးစားတာနဲ့ ရဲကတရားပြန်စွဲတယ်လို့ကြားပါတယ်။ လာဘ်ထိုးရင် ထောင်ဒဏ်နဲ့ငွေဒဏ် နှစ်ရပ်ပူးတွဲကျခံရနိုင်ပါတယ်။ ဘာလို့ဒီလိုလုပ်တာလဲဆိုတာလည်း ရဲမှာ အကြောင်းရှိပါတယ်။ လာဘ်ထိုးတာကို မယူတဲ့ရဲသားများဟာ ရာထူးတက်ဖို့ နာမည်ကောင်းရတတ်ပါတယ်။ စလုံးကရဲတွေက ဒီလို လာဘ်ထိုးတာကို အားကြီးစိတ်ဆိုးတယ်ထင်ပါတယ်။ အမှန်တော့ သူရာထူးတိုးဖို့ အခွင့်အလမ်းဖြစ်အောင် တရားစွဲတယ်လို့ပဲ မှတ်ပါတယ်။ တကယ်စေတနာကောင်းနဲ့ဆိုရင် လာဘ်မထိုးပါနဲ့၊ ဒဏ်ငွေပဲဆောင်ပါလို့ပြောလိုက်ရင်လည်းရပါတယ်။ ဒါလေးကိုလည်း သတိထားဖို့ကောင်းတယ်ဆိုပြီးရေးလိုက်ပါတယ်။ ဘယ်သူ့ကိုမှ ထိခိုက်နစ်နာစေချင်တဲ့ဆန္ဒမရှိပါဘူး။
ဂလိုဘယ်အီကိုနမီ
ရှေ့နှစ် အေးမယ် လို့ကြားတယ်။ ပိုက်ဆံစုထားမှ။
စတော့ခ် ရှယ်ရာနိယာမ ၁
ဘယ်စတော့ခ်ရှယ်ရာ ဝယ်သင့်သလဲတော့မသိဘူး။ ကိုယ့်ကုမ်ပနီက ရှယ်ရာကိုတော့ များများမဝယ်သင့်ဘူးပြောတယ်။ ဂူဂယ်တို့၊ပန်းသီးတို့မှာ အလုပ်လုပ်နေတဲ့သူတွေဆိုရင်တော့ မသိဘူး။ ကျန်တဲ့ကုမ်ပနီတွေမှာလုပ်ရင်တော့ ကုမ်ပနီအခြေအနေဆိုးလာရင် ကိုယ့်ရှယ်ရာပါအခြေအနေဆိုးပြီး နှစ်ထပ်ကွမ်းနစ်နာသလိုဖြစ်တယ်လို့ဆိုပါတယ်။ မနေ့ကဖတ်လိုက်ရတာတစ်ခုကို မှတ်မိတုန်းရေးထားတာပါ။ ဟုတ်ချင်မှဟုတ်မယ်လို့ထင်ပါတယ်။ ဟုတ်ရင်လည်းဟုတ်နိုင်တယ်။
သောကြာနေ့ရောက်ရန် နေ့ဝက်သာလိုတော့သည်။
ဒါက အရေးကြီးတယ်။ ဒါလေးကို အမြဲသတိရနေမှ အလုပ်လုပ်ရတာအဆင်ပြေတယ်။ အမြဲသတိရနေဖို့လိုတယ်။ It works like a charm. အလုပ်နဲ့ပတ်သက်ပြီး စိတ်ပင်ပန်းတာကို လျှော့ဖို့သတိရပါ။ အသက်ရှည်ရှည်ပျော်ပျော်ရွှင်ရွှင်နေနိုင်ဖို့ဆိုတာ စိတ်ချမ်းသာမှပဲဖြစ်နိုင်တယ်။ ဘယ်သူမှားတာ၊ဘယ်သူမှန်တာကို ခဏထားပြီး ကိုယ့်ဒေါသကိုယ်သိမ်းဆည်းပြီး ငြိမ်းအောင်နေတတ်ဖို့ကြိုးစားပါ။ စောစောသေရင်လည်း ကိုယ်ပဲသေရမှာ။ တခြားဟာတွေက နောက်မှ။ ဘယ်သူ့ကြောင့်စိတ်အနှောင့်အယှက်ဖြစ်ဖြစ်၊ကိုယ့်ကိုယ်ကို စိတ်ချမ်းသာအောင်ပြန်ထားပါ။ ကိုယ့်အသက်ရှည်ဖို့ ကိုယ့်တာဝန်ဆိုတာကိုမမေ့စေနဲ့။ စိတ်ချမ်းသာအောင်နေပါ။ အကုသိုလ်မဖြစ်စေတဲ့ ဘယ်နည်းနဲ့မဆို စိတ်အပန်းပြေအောင်နေသင့်တယ်။ စိတ်ချမ်းသာရင် သက်တမ်းစေ့နေရဖို့များတယ်။ စိတ်ပင်ပန်းတဲ့သူတွေကတော့ စောစောသေတာပဲ။ စောစောမသေခင် အစာအိမ်နာသလိုလို၊ ခေါင်းကိုက်သလိုလို၊ အန်ချင်သလိုလို၊ အိပ်မပျော်သလိုလိုတွေ အရင်ဖြစ်လာမယ်။ ရောဂါရလောက်အောင်မဖြစ်ဖို့ အမြဲသတိထားပါ။ အလုပ်ကြောင့်ရတဲ့ရောဂါကိုပြန်ကုဖို့ အလုပ်ကရတဲ့ပိုက်ဆံနဲ့မလောက်တာမျိုး ဖြစ်နိုင်တယ်။ တတ်နိုင်သလောက် စိတ်အေးအေးနဲ့ အလုပ်လုပ်ပါ။ အလုပ်အကြောင်းကို ခေါင်းထဲက ထုတ်နိုင်သမျှထုတ်ပါ။ အလုပ်ကပြန်တာနဲ့ အလုပ်အကြောင်း မပြောမိအောင် နေတာအကောင်းဆုံး။
အားလပ်ချိန်တွေမှာ စိတ်ကို အလုပ်နဲ့ဝေးဝေးမှာထားပါ။ အရင်တုန်းကတော့ နားထောင်ချင်မှန်းမသိ၊နားမထောင်ချင်မှန်းမသိ အလုပ်အကြောင်း မကြာမကြာပြောမိတယ်။ အခုတော့ဆင်ခြင်စပြုလာပြီ။ တစ်နေ့လုံးလည်းလုပ်လာခဲ့ပြီးပြီ၊ မနက်ဖြန်ပြန်ရောက်ရင်လည်း လုပ်ရဦးမယ့်အလုပ်ကို ခဏလောက်မေ့ထားလိုက်ရင်ကောင်းတယ်။ အဲဒါဟာ ရေရှည်မှာသိပ်ကောင်းတယ်။ အိမ်မှာတော့ အလုပ်အကြောင်း မပြောကြေးဆိုပြီး ဇနီးသည်နဲ့ သဘောတူညီမှုယူထားတယ်။
တကယ်တော့ အလုပ်ဆိုတာက ကိုယ်လုပ်နိုင်တဲ့အလုပ် ကိုယ်လုပ်စားကြတာပဲ။ အလုပ်တိုင်းမှာ သူ့အခက်အခဲနဲ့သူရှိမှာပဲ။ အခက်အခဲမရှိဘဲ ပိုက်ဆံအလကားပေးတဲ့အလုပ် ရှိရင်တော့လည်းကောင်းသား။ လခပိုရတဲ့သူက ပိုပြီးခက်တာကို ရှင်းရတာပဲ။ ဒါက သဘာဝပဲ။ အလုပ်အကြောင်း မကျေနပ်ဘူးများများပြောတဲ့သူတွေဟာ စိတ်ဆင်းရဲဖို့များတယ်။ မကျေနပ်ရင်ပြောင်းဖို့ကြိုးစားရမယ်။ မပြောင်းဘဲနဲ့ မကျေနပ်ဘူးပဲ နေ့တိုင်းပြောနေရင်တော့ အဲဒါဝါသနာဖြစ်သွားပြီ။
အလုပ်ထဲကက တစ်ယောက်ယောက်ကို မကောင်းဘူးလို့ထင်ရင် အဲဒါကို သတိထားသင့်တယ်။ မဟုတ်ရင် ကိုယ်မုန်းတဲ့၊မကြိုက်တဲ့လူနဲ့ အလုပ်လုပ်တိုင်း စိတ်ပင်ပန်းရလိမ့်မယ်။ မကြိုက်တာကို၊ သဘာဝမကျတာကို သည်းမခံဘဲ ပြောစရာရှိတာပြောပြီး စိတ်ထဲမှာ မခံစားတတ်တာကောင်းတယ်။ အဲဒါမှ စိတ်ကျန်းမာရေးအတွက် ကောင်းလိမ့်မယ်။ ရှေ့မှာပြုံးပြပြီး နောက်ကွယ်မှာမုန်းနေတာ စိတ်ကျန်းမာရေးအတွက် မကောင်းဘူး။ သဘောထားမှန်မှန်နဲ့ဖြေရှင်းတတ်တဲ့အကျင့်လုပ်ရမယ်။ ထွက်ပြေးလို့မရဘူး။ စိတ်အခြေခံသဘောထားမှားနေရင် နောက်တစ်နေရာပြောင်းလဲ အဲဒီလို ပြဿနာမျိုး ထပ်ကြုံရနိုင်တယ်။ အခြေခံသဘောထားမှားနေရင် ပြဿနာများတယ်။
နိဂုံး
စိတ်ချမ်းသာပြီးပျော်တတ်တဲ့သူဖြစ်အောင်နေဖို့သတိရပါ။ အသက်တွေကြီးလာပြီ။ မသေခင်ပျော်ပျော်နေကြပါလို့ အားလုံးကို သတိပေးရင်း ..........။ ။
Regards,
Z
Peace B with U.