ဘာလိုလိုနဲ့
ဘာလိုလိုနဲ့ Blog မှာ စာရေးဖြစ်ခဲ့တာ လေးနှစ်တင်းတင်း ပြည့်လုတော့မယ်။
ခဏလေးလိုပဲ။ အချိန်ကာလဟာ သတိမထားမိလောက်အောင် သိမ်သိမ်မွေ့မွေ့ရွေ့လျားနေတယ်။
လေးနှစ်ဆိုတဲ့အချိန်မှာ နာရီပေါင်း ရာနဲ့ချီ စာရေးတာနဲ့ အချိန်ကုန်ခဲ့တယ်လို့ဆိုနိုင်တယ်။ ဒီအတွက်လည်း နောင်တရစရာတော့မရှိဘူး။ အချိန်တွေကတော့ ဒီတိုင်းနေလည်းကုန်တာပဲ။ တစ်နှစ်ထက်တစ်နှစ် ရေးဖြစ်တာ နည်းသထက် နည်းလာတယ်။ အချိန်ပိုတွေ နည်းပါးလာတာလား၊ ပိုပြီးပျင်းရိလာတဲ့သဘောလားတော့မသိဘူး။
ကိုယ်ရေးထားတာတွေ ရုံးမှာ အားတဲ့အချိန်ပြန်ဖတ်ဖြစ်တယ်။ ဘုန်းကြီးတွေလို ကိုယ့်တရား ကိုယ် ပြန်နာတဲ့သဘောပဲ။ စိတ်ကျေနပ်စရာကောင်းတဲ့အခါ ရေးဖြစ်ခဲ့တာကို ကျေနပ်မိတယ်။ စိတ်ချမ်းသာစရာကောင်းတာတွေ များများရေးထားတာတွေ့ရရင် ဒါဟာလည်း ကောင်းတဲ့အလုပ်တစ်ခုပဲလို့ခံစားရတယ်။ ငြိမ်းချမ်းမှုဖြစ်ဖြစ်၊ ပူလောင်မှုဖြစ်ဖြစ် ကူးစက်တတ်တဲ့သဘောရှိတယ်။ ကိုယ်ကြိုက်တဲ့စာ၊ကိုယ်ဖတ်တဲ့စာတွေကိုလည်း ဝေငှတဲ့သဘောနဲ့ရေးဖြစ်ခဲ့တာတွေလည်းရှိတယ်။ ရေးချင်တာရေးတာတွေလည်းရှိတယ်။ ရေးသင့်တာရေးတာတွေလည်းရှိသင့်သလောက်ရှိခဲ့တယ်လို့ထင်တယ်။
ရေးတာကတော့ လူငယ်တစ်ချို့ဖတ်ဖို့ရေးခဲ့တာများတယ်။ ကိုယ့်ထက်ငယ်တဲ့သူတွေ သိစရာတွေသိဖို့၊ တန်ဖိုးထားစရာတွေ တန်ဖိုးထားတတ်ဖို့၊ စိတ်ချမ်းသာအောင်နေတတ်ဖို့၊ ကိုယ့်ဘဝကို ကိုယ်တန်ဖိုးထားဖို့တွေ တတ်နိုင်သလောက် ရေးခဲ့တယ်။ ဘဝမှာ စိတ်ချမ်းသာဖို့ကိုပဲ အမြဲတမ်းဦးစားပေးနေထိုင်တတ်တဲ့လူတွေ များလာဖို့လိုအပ်တယ်လို့ထင်တယ်။ လောကကြီးမှာစိတ်ချမ်းသာတဲ့သူ များလေကောင်းလေပဲလို့ထင်တယ်။ စိတ်မှမချမ်းသာရင် နေရတာ တန်ဖိုးမဲ့မှာပဲလို့လည်း ထင်မိတယ်။ လူတိုင်းဟာ စိတ်တွင်းမှာရှိတာနဲ့ အပြင်မှာပြုမူတာ လိုက်လျောညီထွေရှိသင့်တယ်လို့ထင်တယ်။ ဟန်ဆောင်တာတွေ ဘာတွေကို လျှော့နိုင်သမျှ လျှော့ပြီး စိတ်ရင်းနဲ့များများနေတဲ့သူဟာ စိတ်ချမ်းသာဖို့ အခွင့်အလမ်းပိုများမယ်ထင်တယ်။ ကိုယ့်အားနည်းချက်ကို အတင်းဖုံးကွယ်တဲ့သူမျိုးဟာ ပိုစိတ်ဆင်းကြတယ်လို့တွေးမိတယ်။ အနာဂတ်အတွက်၊ အပြောင်းအလဲတွေအတွက် ပြင်ပြင်ဆင်ဆင် ကြိုတင်စီမံတတ်တဲ့အလေ့အထရှိတာလည်း ကောင်းတယ်လို့ထင်တယ်။
ဒီမှာရေးထားတာတွေအများစုဟာ ကိုယ်နှစ်သက်တဲ့အကြောင်းအရာ၊ စိတ်ဝင်စားတဲ့အကြောင်းအရာတွေများပါတယ်။ ရေးထားတာနဲ့ draft တွေနဲ့ယှဉ်ရင် draft တွေကပိုများမယ်ထင်တယ်။ အသက်အရွယ်အရ စိတ်ဝင်စားတဲ့အကြောင်းအရာတွေ နည်းနည်းပါးပါး ပြောင်းလဲလာတာတွေလည်းရှိမယ်ထင်တယ်။ လူတစ်ယောက်ရဲ့ ဘဝမှာ သူကြုံတွေ့ရတာတွေနဲ့ သူဖြတ်သန်းနေတဲ့ လမ်းခရီးတွေအကြောင်း အမှတ်တရ ပြောပြတာမျိုးတွေလည်းဖြစ်ကောင်းဖြစ်နေမယ်ထင်တယ်။
လူ့ဘဝရဲ့ အဆင်မပြေမှု၊အဆင်ပြေမှုတွေကို အရင်းအတိုင်း လက်ခံတတ်ဖို့ကြိုးစားရင်း တခါတခါလည်း စိတ်ပြေလက်ပျောက် ပျော်စရာလေးတွေရေးဖြစ်ခဲ့တယ်။ အထူးသဖြင့် သောကြာနေ့တွေမှာ ပေါ့ပေါ့ပါးပါးတွေ ရေးဖြစ်ခဲ့တယ်။ အခုတလောတော့ တောက်တယ်ကျင်းတွေ များနေတယ်ထင်တယ်။ ဖတ်နေတဲ့စာအုပ်က လောလောဆယ်အချိန်ကို လွှမ်းမိုးတဲ့သဘောရှိတယ်။ ဖတ်ဖြစ်တဲ့စာအုပ်တွေထဲက တချိန်ချိန်မှာရေးမယ်ဆိုပြီး မှတ်ထားတာတွေလည်းမနည်းဘူး။ တဖြည်းဖြည်းနဲ့ရေးဖြစ်မယ်လို့မျှော်လင့်ရပါတယ်။
စာရေးတယ်ဆိုတာ တကယ်တော့ အင်မတန် တစ်လမ်းမောင်းဆန်တဲ့ဆက်ဆံရေးဖြစ်မယ်ထင်တယ်။ ကိုယ်တိုင်ကတော့ အွန်လိုင်းမှာ အင်မတန်စာဖတ်ခဲတဲ့သူဖြစ်တယ်။ အသိတော်တော်များများ စာရေးကြပေမယ့်မဖတ်ဖြစ်တာများတယ်။ အချိန်ရှိတဲ့အခါမျိုးမှာတော့ online မှာဖတ်ဖြစ်ဖို့ကြိုးစားပါတယ်။ ဝယ်ထားတဲ့စာအုပ်တွေကို ပြီးအောင်ဖတ်ဖို့တောင် အချိန်မရလို့ ရထားပေါ်မှာ တစ်နေ့နည်းနည်းချင်းဖတ်နေရတာ အတော်လေးကြာပြီ။ ပြောင်းလိုက်တဲ့အလုပ်တွေက အလုပ်ချိန်များတာတွေဖြစ်နေလို့ အိမ်ပြန်ရောက်ရင် ညနက်နေတာများတယ်။ စာနည်းနည်းပါးပါးဖတ်၊သီချင်းနားထောင်တာနဲ့ ၁၂ နာရီထိုးသွားတာပဲ။ အချိန်ကုန်တာသိပ်မြန်လွန်းတယ်လို့ ထင်လာတယ်။
ခရီးသွားတဲ့အခါ စာအုပ်လေးတစ်အုပ်လောက်သယ်သွားပြီး ဇိမ်ကျကျဖတ်နေရတဲ့အရသာကိုကြိုက်တယ်။ Virtual world ကိုလည်း မပျော်မွေ့တော့တာကြာပြီ။ လူအစစ်ဟာ မိတ်ဆွေအစစ်တွေနဲ့လူ့လောကမှာ များများနေသင့်တယ်။ တစ်နှစ်ကို သုံးလေးခါလောက် ခရီးထွက်ပေးမှ လူဟာ လူပိုဆန်လာမယ်လို့ထင်တယ်။ ရုံးက ကိစ္စတွေကို တစ်ပတ်လောက် မပြောဘဲနေနိုင်ရင် စိတ်ချမ်းသာဖို့ တစ်ဝက်သေချာနေပြီ။ ဘယ်သူမှမရှိဘဲ တစ်ယောက်တည်း ပျော်အောင် နေတတ်ဖို့လည်း ကြိုးစားသင့်တယ်လို့ယူဆတယ်။ လေနဲ့ပဲကိုယ့်ကို ချစ်ကြတာကို အဟုတ်မှတ်ရင် ခံစားရလိမ့်မယ်။ တကယ်တမ်း ကိုယ်ဒုက္ခရောက်ရင် ဘယ်သူက အနားမှာရှိသလဲဆိုတာကို စဉ်းစားပြီး အဲဒီလို မိတ်ဆွေကောင်းတွေနဲ့ အချိန်များများအသုံးပြုသင့်တယ်။ လောကကြီးဟာ သိပ်ရိုးရှင်းတယ်။ ကိုယ်ကတန်ဖိုးထားတာကို အသိအမှတ်ပြုတဲ့သူတွေနဲ့ပဲ အဆင်ပြေလိမ့်မယ်။ အသက်ကြီးလာလေ စိတ်ထားက ပိုဆိုးလာလေဖြစ်လာတတ်တဲ့သဘာဝရှိတယ်ထင်တယ်။ အသက်သုံးဆယ်ပြည့်ပြီးကတည်းက တစ်ယောက်ယောက်က နားလည်ပါတယ်။ ကိုယ်ချင်းစာပါတယ်ဆိုတာမျိုး ခပ်ပေါ့ပေါ့ပြောတာမျိုးကို အလိုလိုနေရင်းကို မကြိုက်ဘူး။ ချဉ်သလိုတောင်ဖြစ်တယ်။ ကိုယ့်စိတ်ကိုယ် ကိုယ်တိုင်တောင် နားမလည်ဘူး။ တခြားလူတွေ နားလည်ဖို့ဆိုတာ ဝေးရောပဲ။ ဘာတွေနားလည်နေတာလဲတောင် ပြန် မေးချင်တယ်။ တွေ့ရရင် စိတ်မချမ်းသာရတဲ့သူတွေနဲ့ ဝေးဝေးနေတာ ကျန်းမာရေးအတွက် အင်မတန် အထောက်အကူပြုတယ်လို့ယူဆတယ်။
အခုတလော စင်ကာပူမှာတော့ ရာသီဥတု ပြောင်းနေတယ်။ သတိထားကြည့်ရင် လည်ချောင်းရုတ်တရတ် နာတာကို သိလိမ့်မယ်။ အပူအအေးပြောင်းလဲမှုကြောင့်ဖြစ်တာလို့ထင်တယ်။ ရေများများသောက်ပေးဖို့လိုမယ်ထင်တယ်။ ရုံးမှာဆိုလည်း ရေများများသောက်ပေးကြပါ။
စီးပွားရေးအနေနဲ့တော့ အာရှမှာ နှေးကုန်ပြီ။ တရုတ်စီးပွားရေးနှေးသွားပြီ။ စင်ကာပူ နောက်ဆုံး ကွာတားမှာ ဒီနှစ် ၂.၅ % တက်မယ်ဆိုတဲ့အထင် က ထင်သလိုဖြစ်ချင်မှဖြစ်တော့မယ်။ ငွေကြေးဖောင်းပွဖို့လည်း ရှိသလိုလိုဖြစ်နေတယ်။ တရုတ်ယွမ်နဲ့ သြဇီဒေါ်လာထိခိုက်မယ်ထင်တယ်လို့ရေးတာလည်းဖတ်လိုက်ရတယ်။ ပိုက်ဆံတွေကို တန်ဖိုးမပြုန်းတီးတာတစ်ခုခု ဝယ်ထားရင်ကောင်းမယ်လို့ယူဆတယ်။ ဒီနှစ်ကုန်ပိုင်းမှာ မြန်မာပြည်က ဆောက်လုပ်ရေးတစ်ချို့လည်း စင်ကာပူမှာ အိမ်လာရောင်းဖို့ရှိတယ်လို့သိရတယ်။ အရစ်ကျစနစ်နဲ့ဆောက်မယ့် ကွန်ဒိုမီနီယံတွေ ဖွံဖြိုးလာစရာရှိတယ်။
မြန်မာပြည်က စတန့်ထွင်တဲ့အစိုးရကတော့ ဆက်သွယ်ရေးဝန်ကြီးဌာနကို ဖြုတ်မလိုလုပ်နေတယ်လို့သိရတယ်။ ဒီဇင်ဘာမှ ပိုပြီး အတိအကျသိရမယ်။ ဆက်သွယ်ရေးက ဝန်ထမ်းတွေ အသက်ကြီးမှ အလုပ်ပြုတ်ပြီး အလုပ်ပြန်ရှာရမလိုဖြစ်အောင်လုပ်နေတာ အင်မတန်ကြည့်ရဆိုးတယ်။ ကြားလိုက်ရင် စိတ်ချမ်းသာစရာကို မရှိတာများတယ်။
ဘာပဲဖြစ်ဖြစ် ဒီနေ့ဟာ ဗုဒ္ဓဟူးနေ့ဖြစ်သည်။
ရုံးပိတ်ရန် နှစ်ရက်အလိုဟု နှလုံးသွင်း၍ သည်ယနေ့ နားနားနေနေဖြင့် အလုပ်လုပ်ပါ။
ရေများများသောက်ပေးပါ။
အပူစာများကိုရှောင်ပါ။
အအေးစာမီဝဲပါ။
အိပ်ရေးဝဝ အိပ်စက်တော်မူကြပါလို့ တိုက်တွန်းရင်း ............။
Regards,
The Gardener
Peace B with U.