ဗုဒ်ဓဟူးနေ့သည်သင့်ထံသို့ဆိုက်၂မြိုက်၂ကျရောက်လာခဲ့သည်ရှိသော်
အသက်ကြီးလေ လက်လွတ်စပယ်ပြောရခက်လေဖြစ်လာတယ်။
အရင်နှစ်တွေကတော့ ပြက္ခဒိန်တစ်နှစ်ကို အသက်တစ်နှစ်ကြီးတယ်။ အသက်သုံးဆယ်နောက်ပိုင်းတော့ ပြက္ခဒိန်တစ်နှစ်ကို အသက်နှစ်နှစ်ကြီးလာတယ်။
အသက်ကြီးလာလေ လူတွေက စိတ်တွေနုလာကြတယ်ထင်တယ်။ နုလာတယ်ဆိုတာထက် အထိအခိုက်မခံနိုင်တဲ့ ထိကရုဏ်းပင်လေးတွေဖြစ်လာကြတယ်ထင်တယ်။ အသက်သုံးဆယ်ကျော်အဖွားကြီးတွေက ၂၀ ကျော်လေးတွေထက် အချစ်အကြောင်းပိုပြောသလိုဖြစ်နေတာတွေ့ရင် သိပ်ရယ်ချင်တယ်။ ကလေးတွေချစ်ပါစေလား။ ရွယ်တူတွေထဲမှာ တွေ့တွေ့နေရတာကိုပြောပါတယ်။
စကတည်းက အိမ်ထောင်မပြုဘူးဆိုပြီး ကိုယ့်ဘာသာကိုယ်အေးအေးနေတဲ့သူတွေကိုတော့ လေးစားတယ်။ အပူမရှာချင်လို့ အေးအေးနေတာ အင်မတန်ကောင်းတယ်ထင်တယ်။ ယူမယ်လို့စဉ်းစားထားပြီးအချိန်စောင့်နေတဲ့သူတွေကိုတော့ ဘာမှစဉ်းစားမနေနဲ့အရင်ယူထားလိုက်၊ပြီးမှဆက်စဉ်းစားပါလို့အကြံပေးချင်တယ်။(ရွဲ့ပြောတာပါ။)
ယူရင်တော့ သဒ္ဓါတူတာကိုယူ၊ သီလတူတာကိုယူ၊ ဒါနတူတာကိုယူ၊ ပညာတူတာကိုယူလို့အကြံပြုတယ်။ ကျွန်တော်ကအကြံပြုတာမဟုတ်ဘူး။ ကျွန်တော့်ကိုအကြံပြုတာလည်းမဟုတ်ဘူး။ ဗုဒ္ဓက နကုလမာတာ+ပီတာ ကိုဟောတာ။ ဘဝတိုင်းပေါင်းနိုင်ဖို့ဆိုလားပဲ။ ဘဝတိုင်းပေါင်းတာမပေါင်းတာနောက် လောလောဆယ် ဒီဘဝပေါင်းရင်ကို အကျင့်မတူတဲ့သူယူမိရင်စိတ်ညစ်ရမယ်။ တစ်ချို့တွေက ဘာသာမတူလည်းဖြစ်တယ်။ အဆင်ပြေအောင် လျှော့ဈေးနဲ့ရောင်းမယ်ဆိုတဲ့အထာတွေရှိတယ်။ ယူပြီးတော့မှ မင်းဘာသာက ဘာဖြစ်တယ်၊ညာဖြစ်တယ်ဆိုတဲ့ ခပ်ပေါပေါ စကားတွေထွက်လာရင် စိတ်ညစ်ရမယ်။ လူတွေဟာ ရည်းစားဘဝကို အဟုတ်ထင်တာများတယ်။ တကယ်ယူပြီးရင် ဒီလောက်သည်းမခံနိုင်တော့ဘူး။ စကတည်းက ဟန်မဆောင်တာကောင်းတယ်။ ယူပြီးတော့မှ ပြန်အမ်းလို့ရတာမဟုတ်ဘူး။ ဘာသာမတူတဲ့သူတွေလက်ထပ်ရင်တော့ တစ်ယောက် ဘာသာကို တစ်ယောက်က လေးစားနိုင်မှဖြစ်မယ်လို့ထင်တယ်။ အယူဝါဒမတူပေမယ့်တစ်ယောက်ကို တစ်ယောက် ဘာသာရေးနဲ့ပတ်သက်ပြီး မချုပ်ချယ်တာ အင်မတန်သဘောထားကြီးတဲ့ စရိုက်လက္ခဏာဖြစ်တယ်။
သဒ္ဓါကို ဘာသာလို့စွဲယူလိုက်ရင်တော့ မဟုတ်သေးဘူးလို့ထင်တယ်။ ကုသိုလ်အကုသိုလ်ကိုတောင် တစ်ဘာသာနဲ့တစ်ဘာသာမတူဘူးထင်တယ်။ ပညတ်တော်ဆယ်ပါးဆိုတာနဲ့ ငါးပါးသီလနဲ့လည်းတူတာမဟုတ်ဘူး။ ခရစ်ယာန်မှာတော့ ပညတ်တစ်ပါးပဲရှိတယ်။ အချင်းချင်းတစ်ယောက်ကိုတစ်ယောက်ချစ်ပါ ဆိုတဲ့တစ်ခုပဲ။ ကျန်တာတွေက မိုးဇက်ဆိုတဲ့သူ စတန့်ထွင်ပြီး ကျောက်ပြားမှာလျှောက်ရေးတာတွေပဲ။နောက်တော့ ရောင်းကောင်းအောင် မုတ်ဆိတ်ဖြူကြီး God ပေးလိုက်တာလို့ပြောတဲ့ဟာတွေ။ Jesus ကတော့ရှင်းရှင်းပဲ တစ်ယောက်နဲ့တစ်ယောက်မေတ္တာအစစ်နဲ့မှမချစ်ရင် ကျန်တာတွေက ဟန်ဆောင်တာတွေပဲဖြစ်မယ်ဆိုတဲ့ အယူဝါဒကနေလာတယ်။ အဲဒါကြောင့်ပဲ ဂျူးတွေက သတ်လိုက်တာပဲ။ ဂျူးတွေရဲ့ ရှေးရိုးဝါဒအရ ဟန်ဆောင်တာသိပ်များတယ်။ သီလယူထားရင် လမ်းပေါ်မှာပဲ တလွှားလွှားနဲ့။ အဲဒီ ဖာရိရှဲ ဆိုတဲ့ စာတတ်ပေတတ် လူကတ်တွေကို ဟစ်ပိုခရစ်လို့ ပြောလို့ အသတ်ခံရတာဖြစ်ဖို့များတယ်။ သူ့အဖေရဲ့ road map အရ ဂေါလဂေါသဆိုတဲ့ ဦးခေါင်းခွံအရပ်မှာ သုံးနာရီလက်ဝါးကပ်တိုင်မှာနေပြီး ဧလိဧလိ လာမာစာဘတ်သနီ (Eloi, Eloi, lama sabachthani)ဆိုတာလေး ရွတ်ပြီး သေသွားတာပဲ။ သူကတော့သုံးဂဏန်းသိပ်ကြိုက်တယ်။ တရားစဟောတော့ အသက်သုံးဆယ်။ ဟောတော့ သုံးနှစ်။ သုံးရက်မြောက်သောနေ့မှာ အိပ်ရာကပြန်နိုးတယ်လို့အဆိုရှိတယ်။
ဗုဒ္ဓဘာသာမှာဆိုရင် မကောင်းမှုရှောင်၊ကောင်းမှုဆောင်၊ဖြူအောင်စိတ်ကိုထားဆိုတာဟာ အရိုးဆုံးနဲ့အရှင်းဆုံးပဲ။ အဲဒါဟာ အခြေခံပဲ။ ကျန်တာတွေကတော့ ဒီအခြေခံရရင်လွယ်သွားမယ့်အရာတွေ။
ဗုဒ္ဓခေတ်တုန်းကတော့ ဟိန္ဒူတွေများသေးတော့ အခြေခံသဘောတရားတွေမှာ သတိထားပြီးပညတ်တာကိုတွေ့နိုင်တယ်။ ဗုဒ္ဓမပေါ်ခင်ကတည်းက ငါးပါးသီလဆိုတာရှိတယ်။ သူတော်ကောင်းတွေလည်း အများကြီးရှိတယ်။ ဒါပေမယ့် တစ်ချို့ထင်တာက ဒီလူတွေကို တိတ္ထိ=အယူမှားသောသူလို့ထင်တယ်။ တိတ္ထိလို့ ဗုဒ္ဓပြောတဲ့သဘောက မဂ်တရား၊ဖိုလ်တရားနဲ့ဝေးနေသေးလို့ ကရုဏာနဲ့သုံးတဲ့စကားဖြစ်ပါတယ်။ နောက်ပိုင်းတော့ အယူဝါဒမတူတာနဲ့တင် အပါယ်လားမယ်ဆိုတဲ့သဘောမျိုးနဲ့ တိတ္ထိလို့ နှိမ်သလိုခေါ်တာတွေဖြစ်လာတာကတော့ နည်းနည်းလေး သုံးသပ်ဖို့ကောင်းတယ်။ ဗုဒ္ဓပွင့်တော့ ဗုဒ္ဓကလွဲရင်ကျန်တဲ့သူတွေအားလုံးက တိတ္ထိတွေပဲ။ သူ့ဆရာတိတ္ထိကြီးကိုပဲ တရားဟောဖို့ကြည့်တော့ ဗြဟ္မာပြည်ရပ်ပြစ်ထဲရောက်နေတာတွေ့ရတယ်။ တကယ်ဥာဏ်ကောင်းတဲ့ တိတ္ထိကြီးဆိုလို့ အဲဒီဆရာကြီးပဲရှိပုံရတယ်။ နောက်မှ ရှေးဘုရားတွေဘာလုပ်သလဲဆင်ခြင်ပြီး ဝေနေယျတွေကို ဟောတာပဲ။ ဗုဒ္ဓဘာသာမှာတော့ ကုသိုလ်ဆိုတာ စိတ်ကြည်လင် သန့်ရှင်းမှုကို မပျက်ပြားစေဘဲ တွေးမိတိုင်း ပီတိဖြစ်ရတဲ့ မွန်မြတ်တဲ့လုပ်ရပ်။ အကုသိုလ်ဆိုတာ စိတ်ကြည်လင်မှု၊ဖြူစင်ရှင်းသန့်မှုကို နောက်ကျိ ပျက်ပြားစေတဲ့ အတွေး၊အကြံ၊အလုပ်၊အပြုအမူ၊အပြောအဆိုတွေပဲ။
ဘာသာတရားတွေမတူညီသော်လည်း မြင့်မြတ်တဲ့တန်ဖိုးတွေဟာ တစ်ခုကိုတစ်ခု ပြဿနာမတက်ကြဘူးလို့ထင်တယ်။ ဘာသာမတူညီသော်လည်း ဓမ္မအနှစ်သာရအရတစ်ယောက်ကိုတစ်ယောက် နားလည်မှုရှိနိုင်တယ်။ ဟိုတစ်ခေါက်လည်း ဘာသာနဲ့တရားခွဲပြီးတစ်ခါပြောဖူးပါတယ်။ ဘာသာဆိုတာ နာမည်ခံပဲ။ အဲဒီဘာသာရဲ့ တရားကို တကယ်သိရင် ငြိမ်းချမ်းတာပဲ။ ပျော်ရွှင်ရတာပါပဲ။ အဲဒီ အနှစ်သာရကို ရထားရင် တခြားဘာသာကို မကောင်းဘူးလို့ ဘယ်လိုမှမပြောနိုင်ဘူး။ သူ့အယူ၊သူ့ဝါဒ သူ့အတိုင်းအတာနဲ့သူမှန်မှာပဲ။ တောထဲမှာနေတဲ့ ခြင်္သေ့ဟာ သမင်ကို အစာအဖြစ်ဖမ်းဆီးပြီးစားမှာပဲ။ သူရှင်သန်ဖို့လိုတာကို သူစားတာ သူ့အပြစ်မဟုတ်ဘူး။ သူ့အတွက်သဘာဝတရားထဲမှာ ရှင်သန်နေထိုင်နိုင်ဖို့ သူကြိုးစားရတဲ့သဘောပဲ။ သူ ကုသိုလ်အကုသိုလ်ကို မသိနိုင်ဘူး။ ဗိုက်ဆာရင်ဖမ်းစားလိုက်မယ်။ မဆာရင်မစားဘူး။ ကြိုပြီးဖမ်းထားမယ်လို့စိတ်မကူးဘူး။ သူနားလည်တဲ့ အတိုင်းအတာ ဒိုင်မင်းရှင်းတစ်ခုမှာ သူနေထိုင်တယ်။ သူ့မှာ သူ့ရဲ့ဓမ္မရှိမယ်။ သူ့ရဲ့အတွေးအခေါ်ရှိမယ်။ ခြင်္သေ့အတွက်တော့ ဒါဟာ သဘာဝပဲ။
ဘာသာတရားတွေမှာလည်း သူ့သဘာဝနဲ့သူ၊ သူ့အလှနဲ့သူပဲ။ စက္ကူပန်းဟာ အနံ့မရှိပေမယ့် လှသလို၊ နှင်းဆီပန်းဟာဆူးတွေနဲ့လှတာပါပဲ။ ရွက်လှပန်းဟာလည်း စိမ်းစိမ်းစိုစိုလှနေတာပဲ။ နာမည်ဖျက်နေတာက ဘာသာရေးအရေခြုံ တရားမဲ့တဲ့သူတွေပဲ။ အဲဒီလို အရေခြုံတွေယူမိရင်တော့ စိတ်ညစ်ရမယ်။ သူပိုကောင်းတယ်လို့ထင်တဲ့သူ့ဘာသာကို ပရိုမိုးရှင်းဆင်းတာတွေကိုလည်း နားကလောရမယ်။ ကိုယ့်ဘာသာကို စော်ကားသလိုပြောတာကိုလည်း အောင့်သက်သက်နဲ့သည်းခံရမယ်။ ဒါတွေမဖြစ်ချင်ရင် မယူခင်သေချာစဉ်းစားဖို့လိုတယ်။ဒါကို အလေးအနက်ပြောချင်တယ်။
လူတိုင်းမှာ ကိုယ့်ကိုယ်ကို အကောင်းဆုံးတည်ဆောက်ခွင့်ရှိပါတယ်။ ဒီအခွင့်အရေးဟာ မွေးရာပါအခွင့်အရေးပါပဲ။ ဒီအခွင့်အရေးကို တန်ဖိုးထားရမယ်။ ကိုယ့်ရဲ့ ပိုကောင်းတစ်ခြမ်း(better half) မှာရှိတဲ့ မွေးရာပါ အခွင့်အရေးကိုလည်းလေးစားရမယ်လို့အလေးအနက်ယုံကြည်ပါတယ်။ ယူကတည်းက သိပ်ပြီး အသိဥာဏ်အဆင့်အတန်းကွာတဲ့သူကိုယူထားရင်တော့ အခက်အခဲရှိမယ်ထင်ပါတယ်။
တခါက ဆရာအောင်သင်းပြောသလို မိန်းမတွေဟာ ယောကျာ်းယူတာကို ထမီလောက်တောင်မရွေးဘူးဆိုတာကို သတိရပါတယ်။ ထမီဝယ်ရင် ရှိပြီးသား အဝတ်အစားတွေနဲ့လိုက်ရဲ့လား၊ကိုယ့်အသားအရောင်နဲ့လိုက်ရဲ့လား၊ပွဲနေ့ပွဲထိုင်နဲ့သင့်တော်လား သေချာအထပ်ထပ်ရွေးပေမယ့် ကိုယ်ယူမယ့် ယောကျာ်းကိုတော့ မိဘအသိုင်းအဝိုင်းနဲ့အဆင်ပြေမလား၊ ကိုယ့်ဘာသာအယူဝါဒနဲ့ အဆင်သင့်ပါ့မလား မတွေးဘူးလို့ ဆရာသင်းကပြောဖူးပါတယ်။
နောက်ထပ် ဆရာအောင်သင်းပြောတာတစ်ခုက ရည်းစားတွေပြတ်ကြတာဟာ အိမ်ထောင်ကွဲတာထက်ပိုကောင်းပါသေးတယ်ဆိုတာကိုလည်းမှတ်မိတယ်။ မကြိုက်ရင် စောစောစီးစီးဖြတ်ထားဖို့အကြံပေးလိုပါတယ်။ ကျွန်တော်ကတော့ စိတ်ဆင်းရဲရတဲ့သူကို ယူကို မယူပါနဲ့လို့ပြောချင်ပါတယ်။ ဘဝက သူ့အလိုလို ဒုက္ခများပြီးသား၊ တစ်ယောက်တည်းနေရင်တောင် ဒီလောက်ဒုက္ခများမှာမဟုတ်ဘူး၊ စိတ်ညစ်စရာလူကို ယူမိတာဟာ ယာဉ်ကြောပိတ်နေတုန်း အမိုက်ကားနောက်မှာ ကပ်လျက်ရပ်မိတဲ့ အမိုးပွင့်ကားထဲကလူလိုပါပဲ။ အသက်ရှူမဝဘူး။ လမ်းကလည်းပိတ်နေတယ်။ နောက်လည်းပြန်လှည့်လို့မရဘူး။
ဖတ်ဖူးတဲ့စာအုပ်တစ်အုပ်ထဲမှာ ကိုယ်တကယ်လိုမလိုမသေချာရင် အဲဒီပစ္စည်းကို မဝယ်နဲ့လို့ဆိုတယ်။ အဆင်ပြေမယ်လို့မထင်ရင်မယူတာကောင်းတယ်။ ကိုယ့်ဘဝကို ပြည့်ပြည့်ဝဝနေလို့ရတယ်။ ဘာမှညှိနှိုင်းနေစရာမလိုဘူး။ သူစောသေသွားလို့ တောမလိုက်ဘဲ မုဆိုးဖြစ်စရာလည်းမလိုဘူး။ ကောင်းချက်။
ကိုယ်ယူဖို့ရည်စူးထားတဲ့သူမှာ ကိုယ်လုံးဝလက်မခံနိုင်တဲ့အချက်တွေရှိရင် စောစောစီးစီး ဆုံးဖြတ်ပါ။ ယူပြီးမှပြင်မယ်လို့စိတ်မကူးပါနဲ့။ သောက်နေကြလူက သောက်မှာပါပဲ။ ကိုယ်ဘယ်လောက်အတိုင်းအတာအထိ လိုက်လျောညှိနှိုင်းနိုင်မယ်ဆိုတာကို ချင့်ချိန်ပါ။
မယူတော့ဘူးလို့စဉ်းစားရင်လည်း ပြတ်ပြတ်သားသားလုပ်ပါ။ ကားကြပ်တဲ့ကားပါ့ခ်လို၊ ကိုယ်ဖယ်ပေးမှ တခြားကားလာရပ်လို့ရမယ်။ ကိုယ်ချင်းစာပါ။
အားမနာပါနဲ့။ ကိုယ့်ဘဝမှာ အေးအေးချမ်းချမ်းနေဖို့ဆုံးဖြတ်ရမှာ ကိုယ့်တာဝန်ပဲ။
ယူမယ့်သူတွေဖြစ်ဖြစ်၊မယူမယ့်သူတွေဖြစ်ဖြစ် ကိုယ့်ဘာသာကိုယ် ချင့်ချိန်ပြီး အသင့်တော်ဆုံးနဲ့နားလည်မှုအရှိဆုံးသူကို ရွေးချယ်နိုင်ကြပါစေကြာင်း ဆန္ဒမွန်ပို့သပါတယ်။
Regards,
The Gardener
Peace B with U.