စက်တင်ဘာ
..... ငှက်ငယ်လေးတစ်ကောင် ... ပျံ ထွက် သွား ခဲ့ .............။
ခရမ်းပြာတောင်ပံများ၊
ကြယ်ပြာပန်းများဖြင့်
စိုစွတ်နေသော နေ့ရက်များ ....................။
ကောင်းကင် ပြာသော ကောင်းကင်၊ ကြည်စင်သော တိမ်ပွင့်များ
လက်ဖြာနေခဲ့ .........။
မိုးပွင့်ဖြာသော တောလမ်းသွယ်လေး။ ရှေ့ဆက်သွားလိုက်လျှင်
ပင်လယ်သို့ ရောက်လိမ့်မည်။ ပင်လယ်သည် နွဲ့နှောင်းခဲ့သည်။ ဘောင်ခတ်ထားသော
သဲသောင်ပြင်သို့ တွားတက်လာသော လှိုင်းများ။ ခရုခွံလေးထဲမှာ အရိပ်ခိုခဲ့။
ချစ်နေခြင်းမှာ ငြိမ်းချမ်းခဲ့။ ပင်လယ်ကို ကူးလားသည့် လေပြေညင်းများကို
ကြိုဆိုခဲ့။ မိုးရေစက်များ၊ ရက်စက်သော မိုးရေစက်များ၊ ပြင်းထန်သော
မိုးရေစက်များ၊ မြေနိမ့်ကို ရေလွှမ်းမည့်မိုးရေစက်များ၊ မိုးရေစက်များ၊
ဆာလောင်နေသော ပင်လယ်ထဲ အဆုံးစီရင်ရန်တိုးဝင်လာသော မိုးရေစက်များ၊
ပင်လယ်ချောက်ထဲအထိ တိုးဝင်သွားသော
ငါးပြာလေး။ ပြန်မဆုံနိုင်သော မျှော်လင့်ခြင်းများ။ ချစ်ခြင်းဖြင့်
မာကျောမြဲမြံခဲ့ဖူးသော တစ်ချိန်ကတွဲလက်များ။ ချစ်နေခြင်းကို
အသက်ကယ်ဆေးလိုထိုးထားခဲ့သော အိမ်မက်များ။ ချစ်နေခြင်းမှာ အဆိပ်ပြေနေသော တေးသွားများ၊
ချစ်နေခြင်းမှာ တိတ်ဆိတ်ငြိမ်သက်နေသော မင်္ဂလာတရားများ။ သြော်
.... ငြိမ်းသော အချစ်။ ကြည်သောအချစ်။ အေးသော အချစ်။
အခန်း(၁)
တိမ်တိုက်တွေကို သနားလို့ ငေးကြည့်နေတာ
........................။ သူ့စကားများကို ကျွန်တော်နားမလည်ခဲ့ပါ။ ယုန်ဖြူလေးတစ်ကောင်နှင့်
ခပ်ဆင်ဆင်တူသော သူ့ကို ကျွန်တော်နားမလည်ခဲ့ပါ။ မှန်သောစကားများသည်
သစ္စာမည်လိမ့်မည်။ ချစ်နေခြင်းသည် တစ်စုံတစ်ရာမှ
အရင်းခံ၍ဖြစ်ပေါ်လာသည်မျိုးမဟုတ်ဟုထင်သည်။ "တိမ်တိုက်တွေကလည်း မင်းကို
သနားနေမှာ" ဟု ကျွန်တော်နောက်တော့ သူ မရယ်ခဲ့ပါ။"ပေါ့ပါးလွန်းသည့်
ဒဏ်ရာများဖြင့် သူမ၏ တိမ်တိုက်များ"........။
အထီးကျန်မှုဖြင့် ငြိမ်သက်နေတတ်သည့် သစ်စေ့လေးတစ်စေ့သည် သူပဲဖြစ်လိမ့်မည်။ အမှောင်ထဲမှာ
အရိပ်ရနေရတာကိုက ကံကောင်းတာမဟုတ်လား။ .... သူ့စကားတော်တော်များများကို
ကျွန်တော် တသမတ်တည်း နားမလည်ခဲ့ပါ။
အပွင့်မပွင့်တဲ့ပန်းပင်တွေစိုက်ပါလား။
ဘာလို့လဲနှင်း။
ဒါမှ ရှင် သူတို့ကို ညီတူမျှတူချစ်တတ်လာမှာပေါ့
.....................။
ထိုအချိန်ကတော့ အလေးအနက်မထားမိပါ။ ကိုယ့်ဘာသာ
အတ္တကြီးတာ မွေးရာပါဖြစ်သည်။ ဘက်လိုက်သည်မှာလည်း မွေးရာပါဖြစ်သည်။
ကိုယ်ချစ်ချင်တာ ချစ်တာလည်း မွေးရာပါဖြစ်သည်။ နေရာတကာမျှတနေဖို့
မလိုအပ်ဟုထင်သည်။ ကိုယ့်အတ္တဟာ ကိုယ်ကိုယ်တိုင်ကလွဲရင် ဘယ်သူ့ကိုမှမထိခိုက်လျှင်ပြီးတာပဲမဟုတ်လား။
အစောင်းကမ္ဘာကြီးမှာ ဖန်ခွက်ထဲကရေတွေလို အတင်းတည့်နေရတာ
မပင်ပန်းဘူးလား။ နေသာသလိုလေးနေလိုက်တာမကောင်းဘူးလား။
ကိုယ့်အတွေးနဲ့ကိုယ်မျောလွင့်နေမိသည်။ သူ့ကိုတော့ ပြုံးပြခဲ့မိသလား မသေချာ။
အခန်း(၂)
ရှင့်လောကကြီးကို
ရှင် ကြိုက်တာတွေနဲ့ တည်ဆောက်ထားတယ်။
ရှင် မကြိုက်တာတွေလည်း လောကကြီးမှာ
ရှိသေးတာမမေ့နဲ့။
............. မွေးနေ့ကဒ်မှာ သူမရေးပေးခဲ့သော
စာသားလေးဖြစ်သည်။ မေ့ထားတာမကောင်းဘူးလား။ မေ့နေလို့သက်သာနေတာတွေကို
ထုတ်ခံစားနေရမှာလား။ ရေခဲသေတ္တာထဲက ရေအေးငွေ့လေး သူ့အခန်းကျဉ်းလေးထဲ အေးခဲနေတာမကောင်းဘူးလား။
အခန်းတွင်းအပူရှိန်မှာပဲ ပျော်ကျ ပျောက်ပျက်သွားနိုင်တဲ့လူတစ်ယောက်၊
သူ့စိတ်ကြိုက် တည်ဆောက်ထားတဲ့ ကမ္ဘာမှာ သူနေတာ မကောင်းဘူးလား။ ဘာပဲဖြစ်ဖြစ်
သူပေးထားတဲ့ မွေးနေ့ကဒ်က ခွေးပုံလှလှလေးတွေကို ချစ်သည်။ အမှတ်တရ
ကဒ်များထားသည့် သားရေသေတ္တာလေးအတွင်း သေသေပ်သပ်စုသိမ်းထားဖြစ်သည်။
သူသည် ညောင်ရွက်များကို ဖယောင်းတိုက်ပြီး သိမ်းထားလေ့ရှိသည်။ လှလှပပ
သိမ်းဆည်းထားသော ညောင်ရွက်ပုံစံအမျိုးမျိုး၊
သူရောက်ခဲ့သည့် နေရာအနှံ့မှ ညောင်ရွက်များ။ တစ်ချို့ညောင်ရွက်များ၏
ပုံသဏ္ဍာန်မှာ ဆန်းကြယ်သည်။ဗောဓိညောင်ပင်ကိုခုတ်တာ အကုသိုလ်လို့ ကျမ်းထဲမှာပါသည့်စာသားလေးကို
တုပပြီး၊ ဗောဓိညောင်ပင်ခုတ်ရင် အကုသိုလ်၊ အရွက်ကို ဖယောင်းတိုက်ရင်တော့
အဝီစိလားမလားဘဲဟု ကဒ်သေးသေးလေးတစ်ခုမှာရေးပြီး သူ့ကို လက်ဆောင်ပေးတော့
သူပြုံးခဲ့သည်ဟုထင်သည်။ အင်မတန် အရယ်အပြုံးနည်းသော မျိုးရိုးဖြစ်မည်ဟုထင်သည်။
ပရိုင်းမိတ်များဘက်မှ နောက်ဆုံးလူဖြစ်လာသော အသုတ်ဖြစ်မည်ဟု တစ်ခါတစ်ခါထင်သည်။
သူသည် ယခုမှ ပြုံးတတ်၊ရယ်တတ်ဖို့ကြိုးစားနေရတုန်း ရှိသေးသည်။
တစ်ခါတစ်ခါ ရယ်စရာပြောပါဟုသူမကပြောသည်။ ရယ်စရာဆိုသော
အရာကျွန်တော့်တွင် အမြဲအဆင်သင့်ရှိနေမည်ဟု သူထင်နေသလားမသိပါ။ သို့သော်
ရယ်စရာကောင်းသူများကို ကျွန်တော်သိသည်။ ကျွန်တော်တို့ရပ်ကွက်ထဲတွင်
ရယ်စရာကောင်းသော အဖြစ်အပျက်များရှိသည်။ ထို့ကြောင့် ကျွန်တော်က ပြန်ပြီး ဖောက်သည်ချရသည်။
ပြောခဲ့ဖူးတာတစ်ခုက ဘောလုံးပွဲတစ်ခုအကြောင်းဖြစ်မည်ထင်သည်။ရပ်ကွက်ထဲတွင်
ဆိုးပေဆိုသော ကောင်လေးတစ်ယောက်ရှိသည်။ သူသည် ဘောလုံးအင်မတန်
အကန်ကောင်းသူဖြစ်သည်။ စွာလည်း အင်မတန်စွာသည်။ ရပ်ကွက်ထဲမှ ဘုန်းကြီးကျောင်းတွင်
မီတင်းနေထိုင်သော ဘုန်းကြီးကျောင်းသားများကလည်း ဘောလုံးပညာတွင်မခေ။
နှစ်စဉ်သီတင်းကျွတ်တွင် ဘောလုံးပြိုင်ပွဲကျင်းပသည်။ ဖိုင်နယ်သို့ရောက်လာသော နှစ်သင်းတွင်
ဆိုးပေတို့အသင်းနဲ့ ဘုန်းကြီးကျောင်းသားများအသင်းတွေ့သည်။ ပွဲကလည်းကြမ်းသည်။
ပရိတ်သတ်များမှာ လူပရိတ်သတ်နဲ့ ရဟန်းပရိတ်သတ်ဖြစ်နေသည်။ ဒိုင်လူကြီးကိုပင်
ကိုရင်တစ်ပါးက သောက်သုံးကိုမကျတဲ့ဒိုင်ဆိုလို့ ဒိုင်လူကြီးက အဲဒီကိုရင်ကို
အဝါကဒ်ပြပြီး ကိုရင်ကျောင်းပြန်တော့ မပြန်ရင်
ဆရာတော့်ကို လျှောက်လိုက်မယ်ဆိုတော့မှ မန်ယူနဖူးစည်းနှင့်
ကိုရင်လည်း ကျောင်းပြန်သွားသည်။ ဒါတောင် သောက်ဒိုင်က အာစင်နယ်ကဖြစ်မယ်
ဟု တီးတိုးပြောသွားသေးသည်။ ပွဲကကြမ်းသထက်ကြမ်းပြီး ရန်ဖြစ်ကြသည်။ ကိုရင်များကပါ
အသင်းသားများကိုယ်စား ရန်ဖြစ်ပေးသည်။ ထိုအခါ ဆိုးပေနှင့်ငြိသည်။
ကိုရင်တစ်ပါးနှင့်ဆိုးပေ လက်သီးချင်းဖလှယ်မလိုဖြစ်သည်။ ကိုရင်ဖြစ်နေလို့ပေါ့ကွာဟု
ဆိုးပေက ကြိမ်းဝါးသည်။ ကိုရင်ကလည်း လာခဲ့စမ်းပါ။ ဘာညာဖြင့်
သရစ္စာယ်သည်။ ဘောလုံးပွဲပျက်သွားသည်။ ညနေ ဆိုးပေ တစ်ယောက် သူ့အမေကို
ကိုရင်ဝတ်ချင်သည်ပြောသည်။ နောက်တစ်နေ့ ဆိုးပေ သင်္ကန်းစည်းသည်။ အဲဒီနေ့ညနေတွင်
ဆိုးပေလူပြန်ထွက်လာသည်။ သူနှင့်ရန်ဖြစ်ခဲ့သော
ကိုရင်ကိုနောက်တစ်နေ့တွင် နှုတ်ခမ်းကွဲပြီး လက်သီးရာများဖြင့်
ဖူးယောင်လျက်သားမြင်ရသည်။ ကိုရင်ချင်း fight တာဆိုတော့ သင့်မြတ်သည်ဟုယူဆရသည်။
ဆိုးပေအမေကတော့ ဆရာတော်ကြီးကို ဦးသုံးကြိမ်x၇၆ ခါလောက် ဦးချပြီး
သားလိမ္မာလေးအတွက် တောင်းပန်သည်ဟုသိရသည်။ ဆရာတော်ကြီးကတော့
ခပ်ပြုံးပြုံးဖြင့်သာ။
သူပြုံးခဲ့သည်ဟုမှတ်မိသည်။ အရယ်အပြုံးနည်းခြင်းသည် ရောဂါတစ်ခုဆိုလျှင်
သူမသည် အသက်အန္တရာယ်ရှိနေပြီဖြစ်သည်။
အခန်း(၃)
-----------------------------------------------------------------------------------
ကျွန်တော်တို့နှစ်ယောက်စလုံး သဘောကျသည့် အလုပ်တစ်ခုမှာ ကျောက်တန်း
ရေလယ်ဘုရားတွင် ငါးစာကျွေးခြင်းဖြစ်သည်။ ငါးစာ ပေါက်ပေါက်ဆုပ် ကျွေးခြင်းမဟုတ်။ ပေါင်မုန့်ဆိုင်မှ
ဝယ်သွားသော ပေါင်မုန့်ရှည်ကြီးများသွားကျွေးခြင်းဖြစ်သည်။ တစ်လတစ်ခါလောက် သွားဖြစ်သည်။ ပြဿနာမှာ
ငါးများကို ပွတ်သပ်ကိုင်တွယ်ချင်သော သူ့အကျင့်ဖြစ်သည်။ ငါးများသည် သူတို့ကို
ထိလျှင်ကြောက်လန့်တတ်သည်။ ထိုအခါ ရေထဲသို့ အမြန်ငုပ်နိုင်ရန် ကြိုးစားပြီး ကာကွယ်သည့်သဘောမျိုးနှင့်
အမြီးဖြင့် ရေမျက်နှာပြင်ကို ဗြန်းခနဲ ရိုက်လိုက်လေ့ရှိသည်။ သူကတော့
သူ့ဘာသူ ရှောင်ပြီးသားဖြစ်ပေမယ့် ဘေးနားတွင် ငါးစာကျွေးနေသော
ကျွန်တော့်ကို ရေစိုသည်။ တစ်ခါနှစ်ခါတော့ ကိစ္စမရှိ။ သုံးလေးခါကြတော့
သည်းမခံချင်တော့။ သူငါးရဲ့ဦးခေါင်းကို ထိလိုက်ပြီး နောက်ဆုတ်ပြေးခါနီးမှာ
လက်ကိုဆွဲထားလိုက်သည်။ ထိုအခါမှ သူ့ကိုပါရေစိုတော့ ဆက်မဆော့တော့။
ကျိုက်မှော်ဝန်းစေတီ ပြုပြင်ရေးအတွက် ကျောက်ခဲအိတ်များလှူသည်။
တစ်ခါတစ်ခါ ရွှေသင်္ကန်းလှူသည်။ စက်လှေစီးရမှာကြောက်သောသူက ဒီနားနဲ့ဒီနား
တံတားထိုးလိုက်ရင်ကောင်းမှာဟု ရောက်တိုင်းပြောသည်။ ကျွန်တော်ကတော့
စက်လှေစီးရတာကြိုက်သည်။ ပျော်သည်။ အဓိဌာန်ကျောက်တုံးသေးသေးလေးကို
အမြဲမကြည့်သည်။ ရေနွေးကြမ်းသောက်သည်။ ပုဝါအစိမ်းဖက်ရှင်နှင့် စတိုင်လန်းသော
ဘီးလူးနှင့်တွဲပြီး ဓာတ်ပုံရိုက်သည်။ ဘီလူးတွေထဲမှာ မင်းအလန်းဆုံးပဲဟု
မကြာမကြာချီးမွမ်းစကားဆိုမိသည်။
ညနေဘက်လမ်းလျှောက်ရင်း တစ်ခါတစ်ခါ ရာဝိန္ဒြာနတ်တဂိုး၏ ကဗျာများရွတ်လေ့ရှိသော ကျွန်တော့်ကို တရုတ်ကားတွေ
ကြည့်တာများသွားတာဟု မှတ်ချက်ပြုတတ်သော သူမသည် ဟာသဓာတ်ခံတော့ရှိမည်ဟုထင်ရသည်။
ထိုသို့ပြောသည့်အခါတိုင်း
ကျွန်တော်ရွတ်လေ့ရှိသည်မှာ ပိုးစုန်းကြူး အပိုဒ် ၁၀၈ ဖြစ်သည့်
အိုအလှတရား
သင်၏ ပန်းပွင့်ထဲမှ ဆူးတို့
ငါ့ကို စူးကြသည့်တိုင်
သင့်ကို ငါ ကျေးဇူးတင်ပါ၏။ ။
သူမနှာခေါင်းရှုံ့ပြီး
စိတ်လေတယ်ဟူသော အမူအယာကို သာဓုခေါ်သံပမာ ကျွန်တော်မှတ်သားခဲ့မိသည်။
အခန်း(၄)
ဘယ်လိုလရောင်မျိုးက
ဒီရေတက်စေတာလဲ။ဘယ်လိုမေတ္တာမျိုးက အရောင်စုံမပါတာလဲ။ မျိုးမည်မသိသော ရနံ့ဖြင့်စိမ်းလန်းနေသော
ကောင်းကင်။ ဆူးပြည့်သော ခရီးများ။ ဒဏ်ရာများကို ထပ်မံခွဲစိတ်ကြည့်ရဦးမည်။ ထွန်ကြောင်းတစ်လျှောက်
လှိမ့်ဆင်းသွားသော ခံစားချက် အပြင်းစားများ။ မာယာမပါသော၊ ရိုးရှင်းသော အလှတရား။ ငြိမ်သက်သော
အဖြူရောင်သည် ကျွန်တော်တို့နှစ်ဦး၏ ဘာသာစကားဖြစ်သည်။ တိတ်ဆိတ်နေသော အခါမျိုး၌ပင် အဖြူရောင်၏
အသံကို ကြားနေရတတ်သည်။ သူ့အကြည့်ထဲတွင် ဗလာ။ သူသည် သုညတ။ သူသည် ကျွန်တော့်၏ တစ်သက်စာဒိုင်ယာရီ။
ခရမ်းပြာတောအုပ်။ ပျံသန်းခြင်းကိုမေ့လျော့စေသော တောင်ပံများ။ ဆောင်းခိုချိန် လေနီကြမ်းများ
ဖြင့် သထားသော ခိုင်မတ်မြဲမြံသော ကျောက်သားတောင်တန်း။ ယုံကြည်ရသော နားတစ်စုံ။ မီခိုရသော
ပခုံးစွန်း။ မျက်ရည်လည်းမျက်ရည်၊ နှလုံးသွေးလည်း နှလုံးသွေး ဖလှယ်တိုင်း ထပ်တူရသော
နားလည်မှု။ သီးခြားဖြစ်တည်နေသော ပြည့်စုံမှု။ နူးညံ့သော ကံကော်ရွက်နုလေးတစ်ရွက်။ ရာနှုန်းပြည့်မိတ်ဆွေကောင်း။
အပြုံးအရယ်နည်းတဲ့သူငယ်ချင်းတစ်ယောက်။ ကော်ဖီသောက်ဖော်၊ ကျောင်းသွားဖော်နှင့် လမ်းအတူလျှောက်ဖော်။
တိမ်တိုက်များကိုအတူငေးကြည့်နေရန်၊ ကြယ်ပွင့်များကို အတူရေတွက်ရန်မဟာလိုအပ်ချက်။ သီချင်းတစ်ပုဒ်တည်းကို
စီဒီတစ်ချပ်လုံး ကူးထားပေးထားတတ်သူ၊ ဦးခေါင်းအနီရောင် ရွှေငါးလေးများ ဝယ်လာပေးတတ်သူနှင့်
ကဗျာရှည်များ စိတ်လိုလက်ရကူးပေးသူလည်းဖြစ်သည်။
သူမ၏ ရှည်သွယ်သောလက်ချောင်းများကို
ဆန့်တန်းရင်း သေချာကြည့်တော့ ကိုယ့်လက်တွေက အနုပညာလုပ်ရင်အောင်မြင်မယ့်လက်တွေဟုပြောသည်။
ငါ့လက်တွေကရော။
ရှင့်လက်တွေက လေးထောင့်ဖြစ်ပြီး၊တိုတယ်။
အနုပညာသမားတော့မဖြစ်နိုင်ဘူး။ လူသတ်သမားတော့ဖြစ်ကောင်းဖြစ်နိုင်တယ်။
ကိုယ့်ဘက်ကအထူးတလည်အားစိုက်ကြိုးစားလုံ့လပြုဖို့ရောလိုသေးလား။
ဟင့်အင်း။ မွေးရာပါ
ပါရမီပဲ။
ဘာပဲဖြစ်ဖြစ် တစ်ခုခုဖြစ်ဖို့
အားထုတ်နေရာထက်စာရင် တော်သေးတာပေါ့။ တစ်နေ့မှာတော့ စိတ်သတ်သမားဖြစ်ချင်တယ်။ လူသတ်သမားတော့မဖြစ်ချင်ဘူး။
သူ ခေါင်းတယမ်းယမ်းခါသည်။
ညမွှေးပန်းများသည် လရောင်တစ်လျှောက် ပျံတက်သွားခဲ့သည့် လပြည့်ညတစ်ညသည် စိမ့်စို ညွတ်နူးနေပုံရသည်။
ကြယ်ငွေ့များ ၊ကြယ်စင်တန်းများ၊ ကြယ်စုပန်းပွင့်များ၊ ညတစ်လျှောက်လုံးဖြတ်ကူးနေသော
လေယာဉ်ပိုးစုန်းကြူးတစ်ကောင်။ ကြွေရန်အသင့်ပြင်ပြီးသာ ဥက္ကာခဲများ။
နှစ်ယောက်သား ဝေမျှနားထောင်နေသည့်
တိုးတိုးလေးဖွင့်ထားသော workman နားကြပ်တစ်ဖက်စီမှ စီးဆင်းလာနေသည်က System of a
Down ရဲ့ Toxicity.
Now, what do you own the world?
How do you own disorder, disorder?
Now somewhere between the sacred silence
Sacred silence and sleep
Somewhere between the sacred silence and sleep
Disorder, disorder, disorder
How do you own disorder, disorder?
Now somewhere between the sacred silence
Sacred silence and sleep
Somewhere between the sacred silence and sleep
Disorder, disorder, disorder
ကြီးမြတ်သောရူးသွပ်မှု၊ဖောက်ပြန်သောစိတ်အခြေအနေတစ်ရပ်နှင့်
အိပ်စက်ချိန်၊ကမ္ဘာကြီးမှာရခဲ့သမျှ……….။ ဘာကြောင့် သူမ မျက်လုံးတွေမှာ မျက်ရည်စက်တွေ
ခိုသီဝေ့နေမှန်းမသိခဲ့ပါ။
အခန်း(၅)
လူနာတင် ခုတင်ပေါ်မှ
မျက်ရည်စက်များ စီးကျနေသော သက်လတ်ပိုင်း အမျိုးသားလူနာတစ်ယောက်။ သူ့ခေါင်းထဲတွင် ကမ္ဘာတစ်ခု ရှိနေပြီး
သူ့ကမ္ဘာလေးအတွင်း သူနေထိုင်နေသည်။ ရှင်သန်နေခြင်းဟာ ကမ္ဘာကျဉ်းလေးတစ်ခုထဲမှာ တိတ်တိတ်ဆိတ်ဆိတ်လေး သေဆုံးနေတာမဟုတ်ဘူးလို့ ဘယ်သူက
ငြင်းဆန်နိုင်မှာလဲ။ အဲဒီ စက်တင်ဘာလ ……….ငှက်ငယ်လေးတစ်ကောင် ပျံထွက်သွားတဲ့အခါ သူ့ရဲ့နောက်ဆုံးထွက်သက်ကို
သယ်ဆောင်သွားဖို့ ……………. မျှော်လင့်ခဲ့မိသည်။ ။
Zephyr
2:20am
Peace B with U.