Monday, January 23, 2012

အလွတ်တစ်ပွဲ please

အလွတ်တစ်ပွဲ please

သေခြင်းတရားနှင့်တို့ကြည့်လိုက်တိုင်း အရောင်ပြောင်းသွားသော တန်ဖိုးများ။ မမြင်ရသည့်ကြိုးဝိုင်းများ၊ ကြိုးဝိုင်းများကို သတ်မှတ်ထားသော စိတ်များ၊ စိတ်ထဲ ထပ်မံဖြတ်သန်းခွင့်မရရှာတော့သောစိတ်ကူးစိတ်သန်းများ။ အနုပညာမဲ့သော ညနေများ၊ ပျော်ရွှင်စွာ ဟင်းအိုးမွှေသောလက်များ။ အနုပညာမြောက်သော စိတ်များ။ စိတ်များ၏မွန်းကြပ်မှုများ။ ကြယ်ငွေ့ဖြာသော မျက်လုံးလေး၏ နှလုံးသားထောင့်ချိုးတွင် ကြွေကျသွားသော မျက်စောင်းလေး တစ်ခု နှင့် အခြားအရာများ။

ချစ်ခြင်းတရား၏ ကိန်းသေများ။
နှလုံးခုန်ချက်များ၏ ဦးညွတ်ဝပ်စင်းခြင်းတရား၊ Made in သံယောဇဉ် ဟုရေးထွင်းထားသော ကမ္ပည်းကျောက်စာများ။ နေ၀င်ခြင်းသည် မည်သည့်အရာ၏ သင်္ကေတမျှ မဟုတ်ပါ။ စိတ်လက်ပေါ့ပါးသွားသော ငှက်တောင်ကျွတ်လေး တစ်ချောင်း၏ လွတ်လပ်မှု။

နောက်တစ်လမှာသေရင် ခင်ဗျားဘာလုပ်မလဲ။
နောက်ပြီး ဘာကြောင့် အဲဒီအချိန်အထိ ခင်ဗျားစောင့်နေတာလဲ။ (လုပ်စရာရှိတာ အခုလုပ်လိုက်ပေါ့။ လုပ်ချင်ပြီး မလုပ်လိုက်ရတဲ့ နောင်တကြီးကို သယ်ဆောင်ထားရတာ မလေးဘူးလား)
နောက်တစ်လမှာသေမယ်မှန်းသိရင် ကျွန်တော်ဒီစာကို အခုလိုရေးပစ်လိုက်မှာပဲ။

ချစ်ခြင်းဟာလည်း ဆင်းရဲ။
မုန်းခြင်းဟာလည်း ဆင်းရဲ။
ချစ်၍ဖြစ်သော ဆင်းရဲ နဲ့ မုန်း၍ဖြစ်သော ဆင်းရဲ။
ချမ်းသာချင်ရင်တော့ အချစ်အမုန်းတွေလျှော့ဦးမှပဲလို့ တစ်ခါမှ မစဉ်းစားသေးတာ ဇာတ်လမ်းရဲ့သုံးပုံတစ်ပုံမရောက်သေးလို့လား။ စာမျက်နှာ ၁၁ ရောက်ရင် ကျွန်တော်ကြေကွဲနေတာ ခင်ဗျားတို့တွေ့ရမယ်။

ငယ်တုန်းကကြည့်ခဲ့တဲ့ Lion King မှာကို တစ်ဘ၀စာနေနည်းပါသွားမှန်း သက်လတ်ပိုင်းရောက်မှ ကျွန်တော်သတိထားမိတယ်။ Hakuna Matata တဲ့။ No problem. ဘ၀ဟာ ကိစ္စ / ပြဿနာမရှိဘူး။ အေးဆေးပဲ။ သိပ်ဂရုမစိုက်နဲ့။ ရှင်သန်နေရခြင်းနဲ့ပတ်သက်ပြီး ပြဿနာဖြစ်နေတဲ့ တစ်မျိုးတည်းသော သက်ရှိအဖြစ် ခင်ဗျားနာမည်ကို စာရင်းမသွင်းလိုက်နဲ့။ မနက်ဖြန်တွေဟာ မသေချာပေမယ့် ကျွန်တော်တို့ မသေချာခြင်းမှာ ဟန်ချက်ထိန်းနိုင်တဲ့ ဗီဇ ပါလာပြီးသား။ လည်နေတဲ့ ကမ္ဘာကြီးပေါ်မှာ အောင်မြင်စွာ ရပ်နေနိုင်တဲ့ လူသားတစ်ယောက်အနေနဲ့ မနက်ဖြန်အတွက် စိတ်ပူစရာမလိုဘူး။ အဆင်ပြေသွားမယ်။ မပြေရင် ပြေအောင်ကြိုးစားခွင့်လည်းရှိသေးတယ်။

သမင်လေး Bambi ကားကို ခင်ဗျားတို့မှတ်မိကြဦးမယ်ထင်ပါတယ်။ ကျွန်တော်ရဲ့ ၂၀၁၂ နေထိုင်နည်းကို Thumper ဆီကနေ ယူထားပါတယ်။ Thumper ကို သူ့အမေကမေးတာကို Thumper ပြန်ဖြေလိုက်တာပါ။


Mrs. Rabbit: What did your father tell you this morning?
Thumper: [clears throat] If you can't say something nice... don't say nothing at all.

အဲဒီ quotes လေးတစ်ခုဟာ ကိစ္စတွေ တော်တော်နည်းသွားစေဖို့ ကူညီပေးပါတယ်။ အပိုအလုပ်တွေများများလုပ်ရင်တော့ ကိုယ်ပိုင်အချိန် မကျန်တော့တဲ့ ဘ၀မျိုးမှာပဲနေရမှာပါပဲ။ မလိုတာတွေကို မလုပ်တာ၊ မပြောတာ၊ မရေးတာဟာ မင်္ဂလာတစ်ပါးပါပဲ။ စိတ်ကိုကြည်လင်စေဖို့ အလုပ်နှစ်ခုလိုပါတယ်။ ပထမတစ်ခုက စိတ်ထဲ မလိုအပ်တာတွေ မထည့်ဖို့။ ဒုတိယတစ်ခုက စိတ်ထဲက ရှိနေပြီးသား အရှုပ်တွေကို မအိပ်ခင်မှာ စစ်ဆေးပြီး ရှိနေမှန်းသိဖို့ပဲ။

များများသိတယ်ဆိုတာကောင်းသလားဆိုတာကို ကျွန်တော် Tangled ကို သုံးခါမြောက်ပြန်ကြည့်ပြီးတဲ့နောက်မှာကောင်းကောင်း သဘောပေါက်သွားပါတယ်။ များများသိတဲ့အခါ ရလဒ်ကတော့ Flynn Rider ရဲ့ခေါင်းပေါ် ကျရောက်လာတဲ့ ဒယ်အိုးပြားရဲ့ထိချက်လေးတစ်ခုပါပဲ။

"[Rapunzel hides Flynn Rider's satchel in the pot]
Flynn Rider: Oh... oh no... where is my satchel?
Rapunzel: [proudly] I've hidden it. Somewhere you'll never find it.
Flynn Rider: It's in that pot, isn't it?
[Rapunzel hits him with her frying pan] "

စိတ်ချမ်းသာရင် ဒီတစ်ဘ၀တန်တယ်။
သိပ်အများကြီးလည်း မမျှော်လင့်ဘူး။
စိတ်ချမ်းသာအောင်နေမယ်။ ဒါလေးတစ်ခုပဲ။ ။

Regards,
Zephyr



Peace B with U.