Thursday, July 21, 2011

ဇာတ်ပေါင်းသော်

ဇာတ်ပေါင်းသော်

လူကောင်းက ဘုရားလောင်းဖြစ်ပြီး၊ ဗီလိန်က ပစ္စေကဗုဒ္ဓါလောင်းဖြစ်နေပါလေရော။



စွယ်စုံကျော်ထင် အဖွင့်ကျမ်းလိုမျိုး ပြန်ဖွင့်တဲ့ပို့စ်ပါ။ အလေးအနက်တွေမဟုတ်ပါဘူး။ မနေ့က ရေးတဲ့ အဲဒီတစ်ကြောင်းကို သူငယ်ချင်းတွေက သိပ်နားမလည်ဘူးဆိုတာနဲ့ နည်းနည်းပြန်ရေးလိုက်တာပါ။

ငါးရာ့ငါးဆယ် 550 နိပါတ်တော်တွေ ဖတ်တဲ့အခါမှာ အကျင့်စရိုက်ကောင်းတဲ့သူက ဘုရားလောင်းဖြစ်တယ်ဆိုတာ တော်တော်များများမှတ်မိကြမှာပါ။ ဖြစ်လေရာဘ၀တွေမှာ ဘုရားလောင်းကို ဇာတ်ပို့ပေးနေတဲ့ ဗီလိန်က အရှင်ဒေ၀ဒတ်ပါပဲ။ ပုံမှန်အားဖြင့် ကောင်းတဲ့သူက ကောင်းတာဖြစ်၊ မကောင်းတဲ့သူက မကောင်းတာဖြစ်ဆိုသလို၊ ဘုရားလောင်းက ဘုရားဖြစ်သွားတဲ့အခါမှာ အရှင်ဒေ၀ဒတ်က ဒယ်အိုးလားသွားပါတယ်။ အဲဒီအထိပဲဖြတ်ပြီးကြည့်မယ်ဆိုရင်တော ယုတ္တိဗေဒ ကျကျ သပ်သပ်ရပ်ရပ် ဖြစ်စဉ်လေးပါပဲ။ သူတော်ကောင်းဘာဖြစ်လဲ။ ကောင်းတဲ့ နိဗ္ဗာန်ရောက်တယ်။ သူတော်ကောင်းကို နှောက်ယှက်တဲ့သူ ဘာဖြစ်လဲ။ ငရဲအိုးရောက်သွားတယ်။

ဒါပေမယ့် ဆန့်ထွက်ကြည့်လိုက်တော့ အရှင်ဒေ၀ဒတ်ဟာလည်း ပစ္စေကဗုဒ္ဓါ အလောင်းအလျာဖြစ်နေတယ်။
အဲဒီနေရာမှာ Linear အတိုင်း တွေးရင် အတွေးအခေါ်တွေ ချော်လဲကုန်တယ်။ ဗီလိန်ဟာ ပစ္စေက ဗုဒ္ဓါလောင်းဖြစ်တယ်ဆိုတာ Linear အတိုင်းသွားတာမဟုတ်ဘူး။

နည်းနည်းလေး ၀ါသနာပါရင် သင်္ချာအကြောင်းနဲ့ဆက်စပ်လို့ရတယ်။ သင်္ချာက စက်ဝိုင်းဟာ မျဉ်းဖြောင့်တွေလို့ပြောရင် တစ်ချို့ကလည်းရယ်မယ်။ အမှန်က သိပ်သေးငယ်တဲ့ အပိုင်းလေးကိုဖြတ်လိုက်ရင် အဲဒါဟာ မျဉ်းဖြောင့်ပဲ။ စက်ဝိုင်း အကြီးကြီးဆွဲကြည့်ရင် အဲဒီသဘောကသိသာပါတယ်။ စက်ဝိုင်းဟာ ပွိုင့်တွေ ထပ်နေတာလို့လည်းပြောနိုင်တယ်။ ဘယ်လိုကြည့်မလဲ။ အနီးကပ်ပြီး ပိုင်းဖြတ်ကြည့်ရင်မျဉ်းဖြောင့်တွေ၊ အစက်တွေရဲ့အစုအဖွဲ့။ နည်းနည်းလေးခွာကြည့်ရင် စက်ဝိုင်း။

ကြည့်တဲ့ထောင့်နဲ့ အကွာအဝေးပေါ်မူတည်ပြီး အမှန်တရားတွေဟာ အလှတရားတွေရှိနေတယ်။ ပစ္စေကဗုဒ္ဓါလောင်းဟာ ဘာလို့ဗီလိန်ဖြစ်တာလဲ။ ဒါမှမဟုတ် သရုပ်ဆောင်ပီပြင်တဲ့သူတွေကို ဗီလိန်နေရာမှာ အသုံးပြုသလို ကံတရားဟာ အကောင်းဆုံးဗီလိန်ကို ရွေးချယ်လိုက်တာလား တွေးကြည့်ဖို့ကောင်းတယ်။

အရှင်ဒေ၀ဒတ်သာမရှိရင် ဗုဒ္ဓရဲ့ မြင့်မြတ်မှု၊ ပါရမီနဲ့ စွမ်းရည်တွေကို အခုလို သိရှိရမှာမဟုတ်ဘူး။ ဗုဒ္ဓ၀င်တွေဖတ်ရင် အရှင်ဒေ၀ဒတ်ဟာ ဗီလိန်နဲ့တူတယ်။ နောက်မှ တဖြည်းဖြည်း သူ့ရဲ့ အခန်းကဏ္ဍ ပေါ်လွင်လာတယ်။ သူဟာ အသပ်ရပ်ဆုံး အမြင့်မြတ်ဆုံးဗီလိန်။ ဘယ်သူ့မှ သူ့ role မှာ သူ့ထက်တော်စရာမရှိဘူး။

လာခြင်းကောင်းသောအရှင် ဆိုတဲ့စာအုပ်မှာဆိုလည်း သူ့ကိုဖွဲ့ထားတာလေးတွေကောင်းတယ်။ မြသန်းတင့် ဘာသာပြန်ပါတယ်။ pdf လည်း online မှာရှိတယ်။ မူရင်းက The Lord Comes (Robert Payne) ။ Payne က နာမည်ကပိန်းပေမယ့် လူကတော့ မပိန်းဘူး။ သတင်းစာဆရာ။ ဇာတ်လမ်းလိုဖတ်ရတော့လည်း အရှင်ဒေ၀ဒတ်ဟာ သူ့ဘာသာတော့ ဘယ်နေရာတွေ့တွေ့ ဗီလိန်ပီသနေတာပါပဲ။ တစ်သမတ်ထဲသွားတဲ့ဗီလိန်မျိုးပေါ့။

အရှင်ဒေ၀ဒတ်ဟာ ဗုဒ္ဓ၀င်ထဲမှာတော့ နောင်တရတဲ့အခါမှ နောက်ကျသွားရှာတယ်။ ပစ္စေကဗုဒ္ဓါတွေက ပစ္စေကဗုဒ္ဓါဖြစ်တဲ့ဘ၀ကြတော့လည်း အလွယ်တကူ တရားသိမြင်သွားပေမယ့် မဖြစ်ခင်ဘ၀တွေမှာတော့ သာမန်လူတွေလိုပါပဲ။ (ပစ္စေက ဗုဒ္ဓါ အလောင်းအလျာတွေအကြောင်းလည်း အကျဉ်းချုပ်ပို့စ် တစ်ခုတင်လိုက်ပါဦးမယ်။) ဗီလိန်ဖြစ်နေတဲ့သူတွေဟာ ဆုကြီးပန်တွေလည်းဖြစ်နေတတ်တယ်။ တစ်ချို့ကိစ္စတွေဟာ Linear အတိုင်းတွေးလို့မရဘူး။ ဘူမာရင်းကို အတည့်အတိုင်းပစ်လိုက်ပေမယ့် သူကတော့ ကွေ့ဝိုက်ပြီးပြန်လာတယ်။ အဲဒီလိုပဲ ကိုယ်မသိနိုင်တဲ့ ရှေ့စွန်းနောက်စွန်းတွေကို သိတဲ့သူက ပြောတဲ့အခါမှာ ကိုယ်တိုင်သိနိုင်တဲ့ နယ်နိမိတ်မျဉ်းက ကျဉ်းလွန်းတယ်ဆိုတာကို တွေ့မြင်ရတယ်။ ကိုယ်သိလိုက်ရတဲ့ အကြောင်းအရာအသစ်တွေဟာ ကိုယ့်ရဲ့ နယ်နိမိတ်အသစ်တွေနဲ့တူတယ်။

ဇာတ်ပေါင်းသော် ဆိုပြီး ကောက်ချက်ချလို့ မရတဲ့ လူ့လောကရဲ့ ဖြစ်ရပ်တွေ၊ ဆက်စပ်မဲ့ရွေ့လျားမှုတွေ၊ လူတစ်ယောက်ချင်းစီရဲ့ စိတ်အရွေ့တွေကို ဖြတ်မျဉ်းလေးတစ်ခုဆွဲပြီး အနီးကပ်ကြည့်မလား၊ အဝေးကနေကြည့်မလား ဆိုတာ ဆင်ခြင်စရာတစ်ခုပါပဲ။ အမှန်တရားတွေမှာ ထောင့်ပြောင်းတန်ဖိုးရှိလား။ ကိုယ့်စိတ်မှာ လာပြီးအလင်းပြန်တဲ့ အသိတရားကို ဘယ်လို ကိုင်တွယ်တပ်ဆင်ပြီး ကိုယ့်စိတ်မြင့်မြတ်သန့်ရှင်းလာဖို့ ဘယ်လိုအထောက်အကူပြုမလဲဆိုတာတွေ အထိ ဝေးဝေးလံလံ မပြောချင်တဲ့အခါ ဒီစာသားကိုပဲအကျဉ်းချုပ်ပြောမိတတ်ပါတယ်။

ဇာတ်ပေါင်းသော်

လူကောင်းက ဘုရားလောင်းဖြစ်ပြီး၊ ဗီလိန်က ပစ္စေကဗုဒ္ဓါလောင်းဖြစ်နေပါလေရော။

Regards,

The Gardener

Notes:

This is my short discussion with xanthos on that sentence.



Peace B with U.