Monday, July 18, 2011

Monk နှင့်ဆန့်ထွက်တွေးခြင်း။

Monk နှင့်ဆန့်ထွက်တွေးခြင်း။

(Anthony Marcus "Tony" Shalhoub) Adrian Monk ရဲ့ သရုပ်ဆောင်ပညာနဲ့ ရိုးရိုးရှင်းရှင်း စုံထောက်ဇာတ်လမ်းလေးတွေကို သဘောကျမိတယ်။ စပြီး အစဖော်ပေးလိုက်တာက အမေ။ သူ့သားအငယ် Adrian နဲ့ နာမည်တူလို့တဲ့။ နောက်တစ်ယောက်က ကျားပေါက်။ သူက အိုင်ဒီယာမှာ Monk အကြောင်း ပထမဆုံး episode ကို နှစ်လခွဲပြီးရေးတယ်။ အဲဒါနဲ့ online မှာရှာဖွေကြည့်ရာက Monk ကို သဘောကျသွားတယ်။

Monk ကို သဘောကျသွားပေမယ့် တစ်ကယ်တမ်း Season အကုန်ကြည့်ဖြစ်တာကြတော့ Meantalist နဲ့ Fringe ဖြစ်နေတာကတော့ ကျွန်တော့်ရဲ့ အလွဲများပေါ့။ Monk ကလည်း consultant ပဲ။ သူက သူ့မိန်းမ Trudy ကားဗုံးခွဲပြီး လုပ်ကြံသတ်ဖြတ်ခံလိုက်ရတော့ Nervous breakdown ဖြစ်သွားတယ်။ obsessive–compulsive disorder (OCD) ရလာတယ်။ သူ့ရဲ့အမူအကျင့်တွေကို ကြည့်ရတာ သဘောကျစရာကောင်းတယ်။ ရယ်လည်းရယ်ရတယ်။ ဥပမာ ကြက်ဥကြော်ရင် အနှစ်ကို အလယ်ခေါင်တည့်တည့်ရောက်အောင် ပေတံနဲ့တိုင်းပြီး ကြော်တာမျိုး။ ဖိနပ်ကြိုးကို မီးပူတိုက်တဲ့အခါ ဘယ်နဲ့ညာကို သေချာခွဲထားတာမျိုး၊ ဖိနပ်ကြိုးကို သုံးကြိုးထားတယ်။ ဘယ်တစ်ကြိုး၊ ညာတစ်ကြိုးနဲ့ Backup တစ်ကြိုးတဲ့။ ပြီးတော့ သူက အသန့်အပြန့်အလွန်ကြိုက်တယ်။ သူ့ကို လက်ဆွဲနှုတ်ဆက်လိုက်ရင် လက်ကို ချက်ချင်း တစ်ရှူးနဲ့ပြန်သုတ်ပစ်တယ်။ လမ်းမှာ တွေ့တာတွေကို လက်ညှိုးလေးနဲ့ လိုက်တို့ကြည့်တတ်တယ်။ စီထားတဲ့ပစ္စည်းတွေမတည့်ရင် သူနေလို့မရတော့ဘူး။ ပန်းဆိုင်မှာထိုးထားတဲ့ ပန်းတစ်ပွင့်က ရိုးတံရှည်နေတော့ ကြည့်မရတာနဲ့ ကတ်ကြေးနဲ့သွားညှပ်လိုက်တယ်။ သူညှပ်လိုက်ပြီးမှ ကျန်တာတွေထက် နည်းနည်းတိုသွားတော့ ကျန်တဲ့ပန်းတွေကိုပါ လိုက်ညှပ်ပစ်တယ်။

သူ့ကို ကြည့်ရတာ သနားစရာလည်းကောင်း၊ ရယ်စရာလည်းကောင်းတယ်။ သူက သဘာဝဆန်တယ်။ သူ့မှတ်ဉာဏ်က သိပ်ကောင်းတယ်။ အဲဒါတွေနဲ့ပဲ အမှုတွေ တစ်ခုပြီးတစ်ခုဖော်ထုတ်တယ်။ Library ကအခွေများများငှားတုန်း Monk DVD နှစ်တွဲငှားလာတယ်။ တစ်တွဲမှာ ဒီဗီဒီ လေးချပ်ပါတယ်။ ဒီဗီဒီတစ်ချပ်မှာ Episode 5 ခုလောက်ပါတယ်။ စုစုပေါင်း Episode 40 လောက်ကြည့်ဖြစ်သွားမယ်ထင်တယ်။ အခုတော့ Episode 12 ခုလောက်ကြည့်ပြီးပြီ။

စကြည့်ကြည့်ချင်းတုန်းကတော့ နည်းနည်းပျင်းစရာကောင်းတယ်။ နောက်ပိုင်းကြတော့ Mr.Monk ရဲ့အပြုအမူတွေနဲ့ ရင်းနှီးအသားကျလာပြီး ကြည့်ရတာ ပိုအဆင်ပြေလာတယ်။ TV series တွေက အချိန်များများရှိရင် ကြည့်သင့်တယ်။ ဘာလို့လည်းဆိုတော့ အနုပညာလက်ရာတွေအနေနဲ့ပြောရင် တီဗီစီးရီးစ်တွေက တော်တော်လေးကိုပြည့်စုံတယ်။ ပန်းပုဆိုရင် ထုထည်ရှိတယ်။ အရောင်ရှိတယ်။ Motion မရှိဘူး။ ပန်းချီဆိုရင် စာသားမပါဘူး။ အရောင်နဲ့ပုံကပြောတာကို ဘာသာပြန်ရတယ်။ စာပေဆိုရင် ပုံဖော်ရတယ်။ စာသားပဲမြင်ရတဲ့အထဲက လူတွေ၊ မြင်ကွင်းတွေ စိတ်ထဲကဖော်ရတယ်။ စိတ်မစူးစိုက်နိုင်ရင် ပတ်ဝန်းကျင်အခင်းအကျင်းကပျောက်ပျောက်သွားတယ်။ ကဗျာကြတော့လည်း ကျဉ်းလွန်းတယ်။ ဂီတမှာကြတော့ ဖွဲ့သီတဲ့အကြောင်းနောက်ကို စိတ်ကလိုက်ရတယ်။ အမှီမလိုက်နိုင်ရင် ကျန်ခဲ့ပြန်ရော။ ရုပ်ရှင်ကတော့ ဒါတွေ အားလုံးကို ပေါင်းထားတာဆိုတော့ အနံ့မပါတာကလွဲရင် ရသတွေတော်တော်များများကို ပေါင်းစပ်နိုင်တယ်။ အခန်းဆက်ကားများများရိုက်ရင် ၀တ္ထုတစ်ပုဒ်ရဲ့ အရသာလည်းပိုရလာတယ်။ လူတစ်ယောက်ရဲ့ ပုံပန်းသဏ္ဍာန်ကိုလည်း တိတိကျကျ သရုပ်ဆောင်နိုင်တဲ့သူတွေအကူအညီနဲ့ သူ့ဘ၀ထဲဝင်ကြည့်လို့ရတယ်။ နောက်ခံ ဂီတနဲ့ ဇာတ်ကောင်ပြောစကားတွေအရလည်း စာပေကို represent လုပ်နိုင်တယ်။

နောက်ပြီး Monk မှာ phobias တွေအများကြီးရှိတယ်။ သူကြောက်တာချည်းပဲ 312 ခုရှိတယ်။ ဆရာဝန်အသစ်နဲ့ပြောင်းပြီး သူ့ရောဂါကိုပြဖို့သွားောတ့ Phobias တွေအတွက်ပေးထားတာ ငါးလိုင်းထဲမို့လို့ နောက်ထပ် အပိုစာရွက် လေးရွက်ထပ်တောင်းရတယ်။ အိမ်မှာမီးလောင်မှာကြောက်လို့ Smoke Detectors အခုတရာလောက် စမ်းခိုင်းတာလည်း တော်တော်လေးရယ်ရတယ်။ စိတ်ပူတတ်တာတွေကလည်း ကြံကြံဖန်ဖန်ပဲ။

တခါကြတော့ အ၀တ်လျှော်တဲ့ တရုတ်မက အင်္ကျီကြယ်သီးပြုတ်သွားလို့ပြန်ချုပ်လိုက်တာ ချုပ်ရိုးက direction မတူတာကို သူ့မှာ စိတ်ဆင်းရဲနေတာ။ အဲဒီလိုလူတွေ အပြင်မှာမရှိဘူးမပြောနိုင်ဘူး။ သူတို့ဘ၀ထဲဝင်ကြည့်ရင် ဘယ်လိုနေမလဲဆိုတာကို တွေးမိတယ်။ တော်တော်ခက်ခဲမှာပဲ။

Monk မျက်လုံးကန်းသွားတဲ့ဇာတ်ကားမှာဆိုရင် သူ့ရဲ့ဇီဇာကြောင်ထားတာတွေက သိပ်ကိုအသုံးဝင်တယ်။ သူက လမ်းလျှောက်ရင် အိမ်နဲ့ လမ်းထိပ်က ခြေလှမ်းဘယ်လောက်ဆိုတာတွေက တစ်သက်လုံးရေတွက်လာတာဆိုတော့ အဆင်ပြေတယ်။ နောက်ပြီး မမြင်ရတော့ သူမရွံတော့ဘူး။ ပုံမှန်ဆို သူ့မှာ သူ့ကိုထိသွားတာနဲ့ရွံလို့ကိုမပြီးဘူး။ Monk and leper ကားမှာဆိုရင် အနူကို လက်ဆွဲနှုတ်ဆက်မိလို့ လက်ကို ဓာတ်ဆီလောင်းပြီး မီးရှို့မလိုကိုလုပ်နေတာ။ အဲဒီလိုသူ ရွံနေတော့ သူ့ရဲ့ assistant, Sharona Fleming ကလူသားချင်းစာနာဖို့တွေဘာတွေပြောတယ်။ နောက်တော့ Sharonaက ချိန်းတွေ့တဲ့ ဆရာဝန်နဲ့ ဖက်ယမ်း နမ်းရှုံ့ပြီးမှ ဆရာဝန်က ငယ်တုန်းက နည်းနည်းနူဖူးတယ်ဆိုပြီးဝန်ခံတော့ အိမ်ကို ပြန်ပြေးပြီး ပလုပ်တွေကျင်းတာ တော်တော်လေးရယ်ရတယ်။ နောက်ပြီး အဲဒီလို အရည်ပြားရောဂါသည်တွေအကြောင်းလည်း အကြမ်းဖျင်းသိရတာပေါ့။ အဲဒီ episode နောက်ဆုံးအခန်းမှာဆို Monk က ချောက်ထဲကျခါနီး တွဲလောင်းဖြစ်နေတုန်း အနူဖြစ်ခဲ့ဖူးတဲ့ ဆရာဝန်က သူ့လက်ကို ဆွဲပါဆိုပြီး အော်တယ်။ အဲဒီမှာ Monk က မျက်နှာငယ်လေးနဲ့ တခြားလူမရှိဘူးလားပြန်မေးတာ တော်တော်လေးရယ်ရတယ်။ နောက်ဆုံးတော့ သူ အဲဒီ ဆရာဝန်လက်ကိုဆွဲပြီးတက်လိုက်ရတာပါပဲ။ ကျွန်တော်တို့မှာ ရှောင်လွှဲမရတဲ့ အခက်အခဲတွေရှိတယ်။

အထူးအဆန်းတွေမပါပေမယ့် Monk ဇာတ်လမ်းတွဲဟာတော်တော်လေး ပျော်ပျော်ရွှင်ရွှင်ကြည့်လို့ကောင်းပါတယ်။ တစ်ယောက်ချင်းစီကလည်းပီပြင်တယ်။ Lieutenant Randall "Randy" Disher ဆိုရင် လူများပြောတာ နောက်ကလိုက်လိုက်ပြောပြီး တလွဲတွေချည်းဖြစ်နေတာ ရယ်ရတယ်။ တစ်ကားမှာဆိုရင် သံသယရှိတဲ့ တရားခံက တရားခံမဖြစ်နိုင်ဘူးဆိုတာကိုသူပြောတာရယ်ရတယ်။ ပထမအချက်တစ်ချက်ကို ရှည်ရှည်လျားလျားပြောပြီး၊ ဒူတိယအချက်က အဲဒီ suspect ကသေတာကြာပြီ တဲ့။ အမှုမဖြစ်ခင် သေပြီးသားလူဆိုရင် သံသယရှိစရာမလိုဘူးဆိုတာကို သိရက်နဲ့ ရှေ့က တစ်ချက်ကိုပြောနေတာ တော်တော်ရယ်ရတယ်။ တကယ် အရည်အချင်းမရှိဘဲ အရည်အချင်းရှိသလိုလုပ်တဲ့သူမျိုးတွေကို ရယ်ရတယ်လို့ထင်တယ်။ ကျောင်းတက်နေတုန်းကလည်း အဲဒီလိုလူမျိုးတွေကို တွေ့ဖူးတယ်။

Captain Leland Stottlemeyer ဆိုရင်လည်း သရုပ်ဆောင်ကောင်းတယ်။ အိမ်ထောင်ကွဲနေပြီး date လုပ်ဖို့ အမြဲကြိုးစားနေတာ ရယ်စရာကောင်းတယ်။ Episode တစ်ခုမှာ အိမ်ခြံမြေ အကျိုးဆောင်သူဌေးမကြီးက သူမသိတာတစ်ခုပြောစမ်းပါဆိုတော့ ဆင်ဟာ နို့တိုက်သတ္တ၀ါတွေထဲမှာ မခုန်တတ်တဲ့အကောင်တဲ့။ သူဌေးမကြီးလည်း အာဂလူပဲဆိုပြီး နည်းနည်းကြွေသွားတယ်။ ပြီးတော့ အဲဒီ episode မှာ အိမ်ရောင်းတဲ့အခန်းလည်းရယ်ရတယ်။ ဒီအိမ်က view ပိုကောင်းတယ်ဆိုပြီး Captian ကို သူဌေးမကြီးက ပြောတယ်။ ဘာလို့လဲဆိုတော့ မျက်နှာချင်းဆိုင်က တိုက်မှာ သူနေလို့တဲ့။ လူကြီးတွေ ဉာဏ်များတာကလည်း ကလေးဆန်လိုက်တာလို့တွေးမိတယ်။

Monk TV series ကို အချိန်အားရင် ကြည့်ကြည့်ပါဦး။ Library မှာ ငှားချင်ရင်တော့ Esplanade မှာ M နဲ့စတဲ့ Video တွေထားတဲ့အတန်း ညာဘက်ထောင့်မှာရှိပါတယ်။ (စင်ကိုမျက်နှာမူပြီးကြည့်ရင် ညာဘက်ပါ။)

Monk လိုပဲ ကျွန်တော်တို့ဆီမှာ ဇီဇာကြောင်တယ်လို့ ပြောကြတဲ့အကျင့်တွေအများကြီး ရှိကြတယ်ဆိုတာ Monk ကြည့်ရင်းပြန်တွေးမိတဲ့ရသတစ်မျိုးပါပဲ။ လူဆိုတာ ကိုယ့်ဆီမှာ ရှိတဲ့အဆိုးအကောင်းတွေကို နောက်တစ်ယောက်မှာ ပြန်မြင်ရရင်တော့ ပြုံးမိတတ်တဲ့ သတ္တ၀ါတစ်မျိုးပေါ့။

Regards,

The Gardener in monday mood.


Notes:

This post is for my younger bro, another Adrian, Adrian Khit Nay.




Peace B with U.